အခန်း ၃၃
Vol. 4 Ch. 33
33
ရွာထိပ်တွင် ဇိမ်ခံရထားလုံးအချို့ ရောက်ရှိလာပြီး ရွာထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာရာ လမ်းသွားလမ်းလာ ရွာသားများ သိချင်စိတ်ဖြင့် လှမ်းကြည့်နေကြသည်။
ရထားလုံးများမှာ ရှောင်ကျိုး၏ ခြံဝင်းတံခါးဝတွင် ရပ်တန့်သွားပြီးနောက် ကျက်သရေရှိပြီး ခမ်းနားစွာ ဝတ်ဆင်ထားသော သခင်မများ ရထားလုံးပေါ်မှ ဆင်းလာကြ၏။
ရှန်ကျစ်ယွမ် သူမအမေကို မြင်သည်နှင့် ရှောင်ကျိုးကို အမြန်ဆွဲခေါ်သွားပြီး ဝမ်းသာအားရ မိတ်ဆက်ပေးလိုက်သည်။
"ကျေးဇူးရှင်လေး၊ ဒါက သမီးအမေလေ၊ အမေ၊ အမေ၊ ကြည့်ပါဦး၊ ဒါ သမီးကို ကယ်ခဲ့တဲ့ ကျေးဇူးရှင်လေးပဲ၊ သူက အရမ်းတော်တာ"
သခင်မရှန်မှာ နူးညံ့သိမ်မွေ့ပုံပေါက်သော ကလေးမလေးကို မေတ္တာအပြည့်ပါသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူမက တကယ်ပင် ချစ်စရာကောင်းလွန်းလှသည်။ ကလေးလေးသာ ဖြစ်သော်ငြား လက်ကို နောက်ပစ်၍ ခေါင်းမော့ထားပြီး လူကြီးပေါက်စလေးကဲ့သို့ ဟန်လုပ်နေပုံမှာ အလွန်ပင် ချစ်ဖို့ကောင်းနေသည်။
သခင်မရှန်မှ ရှောင်ကျိုး၏ လက်ကို ကြင်နာစွာ ကိုင်လိုက်ပြီး နူးနူးညံ့ညံ့လေး ပြောလိုက်သည်။
"သမီးလေး၊ အန်တီ့သမီးကို ကယ်ပေးခဲ့တဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်၊ ငါတို့ ရှန်မိသားစုက ဒီကျေးဇူးကို အမြဲတမ်း မှတ်ထားမှာပါ"
ဖက်တီးလေး၏ မိခင်နှင့် ရှန်ကျစ်ယွမ်၏ ဝမ်းကွဲအစ်မ၏ မိခင်များလည်း အမြန် ဝိုင်းအုံလာကြပြီး ရှောင်ကျိုး၏ လက်ကိုဆွဲကာ နေကောင်းကျန်းမာရဲ့လားဟု မေးမြန်းရင်း ကျေးဇူးတင်စကားများ ဆက်တိုက် ပြောဆိုနေကြသည်။
ရှောင်ကျိုးသည် ရုတ်တရက် အုံခဲလာသော ဤကဲ့သို့ စိတ်အားထက်သန်မှုများကြောင့် အနည်းငယ် နေရခက်သွားရသည်။ သူမ လက်ကို ဝှေ့ယမ်းပြီး ပွင့်လင်းစွာ ပြောလိုက်သည်။
"ဒါက သေးငယ်တဲ့ အားထုတ်မှုလေးပါ၊ ပြောနေစရာတောင် မလိုပါဘူး"
သို့သော် စိတ်ထဲတွင်မူ သူမက စနစ်အား ကျယ်လောင်စွာ အော်ခေါ်နေတော့သည်။
"စနစ်၊ စနစ်၊ သူတို့ ငါ့ကို ချီးကျူးနေတာ ကြားလား၊ ငါ့ရဲ့ ဆွဲဆောင်မှုက အရမ်းကြီးလွန်းတယ်လို့ မထင်ဘူးလား၊ ဟားဟားဟားဟားဟား"
စနစ်မှာ ရှောင်ကျိုး ခါးထောက်ပြီး စိတ်ထဲမှ ရယ်မောနေသည့် အသံကြောင့် ခေါင်းကိုက်လာပြီ ဖြစ်သည်။
‘ကယ်ကြပါဦး’
‘ငါက ဘာလို့ ဒီလို ကလေးဆိုးလေးနဲ့ သွားချိတ်ဆက်မိရတာလဲ’
‘နေ့တိုင်း ပင်ပန်းလိုက်တာ’
ဖက်တီးလေးသည် သူ့အမေ ရောက်လာသောကြောင့် ပထမဆုံး အနေဖြင့် ရထားလုံးထံသို့ ပြေးသွားခဲ့သည်။ ရှောင်ကျိုးကို ပေးချင်၍ ရွာကို လက်ဆောင်များ များစွာ ယူလာခဲ့ရန် သူ အဖေဖြစ်သူကို မှာထားခဲ့သည်ပင်။
ဖက်တီးလေးမှ အစေခံများအား ရထားလုံးပေါ်မှ ပစ္စည်းများကို ရှောင်ကျိုး၏ ခြံဝင်းထဲသို့ သေတ္တာလိုက် သယ်သွားရန် အမိန့်ပေးလိုက်သည်။
ရှန်ကျစ်ယွမ် သူမ၏ ဝမ်းကွဲအစ်မကို မြင်လိုက်ရာ မနေ့က ဖြစ်ခဲ့သည့် ကိစ္စအား သတိရသွား၏။
ချက်ချင်းဆိုသလိုပင် ဒေါသများ ထွက်လာပြီး ဝမ်းကွဲအစ်မကို ကြည့်ကာ စကားပြောချင်သော်ငြား မည်သည့်နေရာမှ စပြောရမှန်း မသိ ဖြစ်နေလေသည်။
ဟယ်ကျောင်းကျောင်း ရှန်ကျစ်ယွမ်၏ မျက်နှာကို ကြည့်ပြီး သိချင်စိတ်နှင့် မေးလိုက်သည်။
"ဝမ်းကွဲညီမလေး၊ အစ်မကို ပြောစရာ ရှိလို့လား"
သခင်မများလည်း လှမ်းကြည့်လိုက်ကြသည်။ အထူးသဖြင့် သခင်မရှန်က သူမသမီး၏ ပါးစပ်မှာ ဦးနှောက်ထက် အမြဲ ပိုမြန်သည်ကို မှတ်မိနေသည်။ သူမ စကားမပြောနိုင် ဖြစ်နေခြင်းမှာ မြင်ရခဲလှသည်။
ရှန်ကျစ်ယွမ် လီချန်၏ မနှစ်မြို့စရာကောင်းသော အပြုအမူကို တွေးမိပြီး သူမ၏ ဝမ်းကွဲအစ်မကို ဘေးသို့ အမြန်ဆွဲခေါ်သွားကာ မနေ့ညက ဖြစ်ခဲ့သည့် အကြောင်းများကို ဒေါသတကြီး ပြန်ပြောပြတော့သည်။ နောက်ဆုံး၌ သူမက ထပ်ဖြည့်ပြောရန်လည်း မမေ့ပေ။
"ဝမ်းကွဲအစ်မ၊ အစ်မ လုံးဝ အရူးမခံနဲ့နော်၊ သူ့ကို သွားမယူနဲ့၊ ငါ သိုင်းပညာ တတ်သွားရင် သူ့ကို တွေ့တိုင်း ရိုက်ပစ်မယ်"
ဟယ်ကျောင်းကျောင်းမှာ ဒေါသထွက်နေသည့် ရှန်ကျစ်ယွမ်ကို ကြည့်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။
"အစ်မအတွက် စိတ်ပူပေးလို့ ကျေးဇူးပါပဲ ညီမလေး၊ အစ်မ သေချာ စဉ်းစားပါ့မယ်"
ဟယ်ကျောင်းကျောင်းသည် သူမ ဝမ်းကွဲညီမလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။ သူမ ထိုသို့သာ ပြောလိုက်သော်ငြား စေ့စပ်ထားခြင်းကို ဖျက်သိမ်းရန်ဆိုသည်မှာ သူမ ဆုံးဖြတ်နိုင်သည့် ကိစ္စ မဟုတ်ဘူးဆိုသည်အား စိတ်ထဲ၌ သိနေလေသည်။
ရှေးခေတ်ကတည်းက လက်ထပ်ထိမ်းမြားမှု ဆိုသည်မှာ မိဘများနှင့် အောင်သွယ်များ စီစဉ်သည့်အတိုင်း ဖြစ်လာခြင်းပင်။
သူမအဖေမှ စေ့စပ်ထားမှုကို ဖျက်ရန် သဘောတူမည်ဟု သူမ မထင်ပေ။ လီမိသားစုက သူမတို့ မိသားစုထက် အဆင့်အတန်း ပိုမြင့်ပြီး သူမအဖေမှာ ဤလက်ထပ်ပွဲကို အလွန် သဘောကျနေသည်။
လီချန် သာမန်မိန်းကလေး တစ်ယောက်ကို အတင်းအဓမ္မ သိမ်းပိုက်ခဲ့သည်အား သိလျှင်ပင် သူမအဖေမှ ယင်းကို ကြီးကြီးမားမား ပြဿနာဟု ထင်မည် မဟုတ်ပေ။ ယောင်္ကျားများက အမြဲတမ်း ပွေလီတတ်သည်ဟု နာမည်ထွက်နေပြီး သူမအဖေ ကိုယ်တိုင်လည်း မယားငယ်များ၊ ကိုယ်လုပ်တော်များ များစွာ ရှိ၏။ သူမအမေ၏ နှလုံးသားနှင့် မျက်လုံးများက သူမအဖေထံ၌သာ ရှိပြီး သူပြောသမျှကို အမြဲတစေ အလျှော့ပေးကာ နားထောင်လေ့ရှိသည်။
ဟယ်ကျောင်းကျောင်းမှာ ချစ်ခင်ကြင်နာတတ်သော မိဘများရှိသည့် မိသားစုတွင် မွေးဖွားလာသော သူမ၏ ဝမ်းကွဲညီမလေးအား အနည်းငယ် အားကျမိသည်။ သူမ မှတ်မိသလောက်ဆိုလျှင် သူမ၏ ဝမ်းကွဲညီမလေးက ယုံကြည်မှုရှိရှိ၊ ရဲရဲဝံ့ဝံ့ နေထိုင်တတ်သော တက်ကြွသည့် ကောင်မလေး တစ်ယောက်ပင် ဖြစ်သည်။
သူမနှင့် မတူပေ။ အိမ်၌ များစွာသော အဖေတူအမေကွဲ မောင်နှမများ ရှိပြီး သူမအမေက သမီးတစ်ယောက်တည်းသာ မွေးထား၍ ဟယ်မိသားစုထဲတွင် သူမမှာ ယုံကြည်မှု ကင်းမဲ့နေသည်။ သူမအမေက သားတစ်ယောက် မမွေးနိုင်ခဲ့ခြင်းကို နောင်တရပြီး မကြာခဏ သက်ပြင်းချတတ်သည်ကို သူမ မှတ်မိနေသည်။
သူမအဖေမှာလည်း သူမကို လျစ်လျူရှုထားသည်။
အခြား မောင်နှမများ အဖေ့ထံ၌ ချွဲနွဲ့နေကြလျှင် သူမ အားကျမိ၏။
သူမ ငယ်ငယ်ကဆိုလျှင် တရားမျှတမှု လိုချင်သောကြောင့် အခြားမောင်နှမများနှင့် ပစ္စည်းများ လုခြင်း သို့မဟုတ် မိဘများကို ဝယ်ပေးရန် တောင်းဆိုခြင်းများ လုပ်ခဲ့ဖူးသည်။
ထိုအချိန်ဆိုလျှင် အဖေက မောင်နှမများကို မည်ကဲ့သို့ ဂရုစိုက်ရမည်အား မသိဘူးဆိုပြီး သူမကို ဆူပူတတ်၏။ အမေမှ သူမလက်ကို ကိုင်ပြီး ပြောတတ်သည်။
"သမီးက အစ်မကြီးလေ၊ မောင်နှမတွေကို အလျှော့ပေးရမယ်၊ နောင်တစ်ချိန် သမီး လက်ထပ်သွားရင်လည်း ဒီမောင်တွေ၊ အကိုတွေကိုပဲ အားကိုးရဦးမှာ"
အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း၏ တန်ဖိုးထားမှုကို မခံရသော နေ့ရက်များကို ဟယ်ကျောင်းကျောင်း လက်ခံတတ်လာပြီး လိမ္မာရေးခြားရှိရန်၊ စကားနားထောင်နိုင်ရန်သာ ကြိုးစားတော့သည်။
သူမက လူအများစုကဲ့သို့ပင် ယခုဘဝကို သည်းခံရင်း ပြဿနာမရှာရန်၊ မယှဉ်ပြိုင်ရန်၊ မလုယူရန် သတိထားပြီး ကြီးပြင်းလာခဲ့၏။
ရှန်ကျစ်ယွမ် ဝမ်းကွဲအစ်မ သဘောတူလိုက်တော့မှသာ စိတ်အေးသွားပြီး ဟယ်ကျောင်းကျောင်းကို ခြံဝင်းထဲသို့ အမြန်ဆွဲခေါ်သွားသည်။
"ဝမ်းကွဲအစ်မ၊ ငါ ပြောပြမယ်၊ အစ်မရှောင်ရှောင်ရဲ့ အစားအသောက်တွေက အရမ်းစားလို့ကောင်းတာ၊ မြန်မြန် အထဲဝင်ပြီး သွားစောင့်ရအောင်၊ မဟုတ်ရင် ဝမ်ကျယ်ချန် က ကိတ်မုန့်တွေ အကုန်စားပစ်လိမ့်မယ်၊ သူက အများကြီး စားနိုင်တာနော်"
မနေ့က အစ်မရှောင်ရှောင်မှ အားလုံးအတွက် ကိတ်မုန့် လုပ်ပေးမည်ဟု ကတိပေးထားသည်ကို ရှန်ကျစ်ယွမ် မမေ့သေးပေ။
ရှောင်ကျိုးက သခင်မများကို ခြံဝင်းထဲ၌ ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
သူတို့က သူမအတွက် လက်ဆောင်များ ယူလာပေးသောကြောင့် သူမလည်း သူတို့ကို သေချာ ဧည့်ခံရမည်ပင်။
ဖက်တီးလေးက သူ့အမေ၏ လက်ကိုကိုင်ပြီး ဤနေရာမှ အစားအသောက်များ မည်မျှ စားကောင်းကြောင်း၊ မည်မျှ ပျော်စရာကောင်းကြောင်းနှင့် သူ ဤနေရာမှာပင် အပြီးအပိုင် နေချင်ကြောင်းကို မနားတမ်း ပြောနေတော့သည်။
သခင်မဝမ် အစပိုင်း၌ သဘောမတူချင်ပေ။ သို့သော် ဤနေရာ၌ စာသင်ခြင်းနှင့် သိုင်းကျင့်ခြင်းကိုပါ လုပ်ရသည်အား ကြား၍ သူမသားမှာ မြို့ရှိ ကျောင်း၌ အာရုံမစိုက်နိုင် သော်ငြား ဤနေရာမှာတော့ အဆင်ပြေလောက်မည်ဟု တွေးလိုက်သည်။
မည်သို့သော ဆရာမျိုးပင်ဖြစ်စေ၊ သူမသား စာနည်းနည်းပါးပါး ဖတ်တတ်ပြီး နောင်တစ်ချိန် အပြင်လူများ၏ လိမ်လည်ခြင်းအား မခံရပါက လုံလောက်ပြီပင်။
‘ ဘာပဲဖြစ်ဖြစ် ဝမ်မိသားစုရဲ့ စည်းစိမ်က သူ့သား တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားဖို့ လုံလောက်ပါတယ်လေ’
နန်းတွင်းစာမေးပွဲ ဝင်ဖြေရန် ဆိုသည်ကိုတော့ ဝမ်မိသားစုက တစ်ခါမှပင် မစဉ်းစားဖူးပေ။ သူတို့၏ ဘိုးဘွားပိုင် သင်္ချိုင်းမြေမှ ဤမျှ ကံကောင်းမှုမျိုး တစ်ခါမှ မထွက်ပေါ်ဖူးချေ။
သခင်မဝမ် တွေးလိုက်သည်။
‘အိမ်ပြန်ရောက်ရင် ရွာက ကျောင်းအတွက် အလှူငွေ နည်းနည်း ထည့်ဖို့ ယောင်္ကျားဖြစ်သူကို သွားပြောရမယ်၊ ဘာပဲဖြစ်ဖြစ် သူ့သားက ဒီမှာ သူများတွေကို ဒုက္ခပေးနေမှာလေ၊ မြို့က ဆရာက သူတို့အိမ်ကို တစ်ရက်ခြားတစ်ခါ လာလာတိုင်တတ်တာကို တွေးမိတော့ သခင်မဝမ်က နည်းနည်းတော့ အားနာနေမိတုန်းပဲ၊ ရွာက ဆရာကတော့ ခံနိုင်ရည် ရှိပါစေလို့ ဆုတောင်းရမှာပဲ၊ ရွာက မြို့နဲ့ အဝေးကြီးဆိုတော့ ဝမ်အိမ်တော်ကို နေ့တိုင်း လာပြီး တိုင်မှာတော့ မဟုတ်ပါဘူးနော်’
သခင်မဝမ်မှ သူမ၏ ဝဝဖိုင့်ဖိုင့် သားလေးခေါင်းကို ပွတ်သပ်ပြီး ပြောလိုက်လေသည်။
"သား ဒီမှာ နေလို့ရပါတယ်၊ ဒါပေမယ့် မိန်းမပျိုလေး အိမ်မှာ နေတာကတော့ သိပ်မသင့်တော်ဘူးလေ၊ နောက်ကျရင် သားနေဖို့အတွက် ရွာမှာ မြေတစ်ကွက်ဝယ်ပြီး အိမ်ဆောက်ပေးဖို့ အဖေ့ကို ပြောလိုက်မယ်၊ ပြီးရင် တုန်းအာကို လာပြုစုခိုင်းမယ်၊ သား ဒီမှာ လိမ္မာအောင်နေရမယ်နော်၊ မဟုတ်ရင် သူတို့က နှင်ထုတ်လိုက်ရင် အမေ ကူပြောပေးလို့ မရဘူး"
ဖက်တီးလေးက ဘေးမှ အားသို့ကို စိတ်လှုပ်ရှားစွာ ဖက်လိုက်ပြီး ပျော်ရွှင်စွာ အော်ပြောလိုက်သည်။
"ကြားလား၊ ကြားလား၊ အမေက ငါ့ကို ဒီမှာနေဖို့ သဘောတူလိုက်ပြီ၊ ဟားဟားဟား"
ပြောပြီးသည်နှင့် တခြားသူများကို ပြောပြရန် ခြံဝင်းထဲသို့ အမြန် ပြေးဝင်သွားတော့သည်။
အားလုံး ခြံဝင်းထဲ ရောက်နေချိန်တွင် ရွှီရှောင်ရှောင်၏ ကိတ်မုန့်များ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ သူမက ကိတ်မုန့် ဒါဇင်နှင့်ချီ လုပ်ထားပြီး စာအုပ်ထဲမှ နည်းလမ်းအတိုင်း ပုလဲနို့လက်ဖက်ရည်ကိုလည်း ဖျော်ထားလေသည်။
ရှောင်ကျိုးမှ သခင်မများကို အမြန် ထိုင်ရန် ဖိတ်ခေါ်လိုက်၏။
ဤကဲ့သို့ အစားအသောက်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးကြသော သခင်မများက သိချင်စိတ်နှင့် မေးလိုက်ကြသည်။
"ဒါ ဘာတွေလဲ၊ ကြည့်ရတာ အရမ်းလှပြီး အနံ့ကလည်း အရမ်းမွှေးတာပဲ၊ ဒီခွက်တွေထဲကရော ဘာတွေလဲ"
ရွှီရှောင်ရှောင်က သခင်မများကို မြည်းစမ်းကြည့်ရန် ခူးပေးလိုက်၏။
သခင်မဝမ်က စိတ်အားထက်သန်စွာဖြင့် ဇွန်းတစ်ဇွန်း ခပ်စားလိုက်သည်။ ပါးစပ်ထဲ၌ အရည်ပျော်သွားပြီး နူးညံ့သော အထိအတွေ့နှင့်အတူ ချိုမြိန်သည့် အရသာက သူမကို လွှမ်းခြုံသွားကာ ယစ်မူးသွားစေသည်။ တစ်လုတ်စားလိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံး ချိုမြိန်သွားသကဲ့သို့ ခံစားလိုက်ရသည်။
နို့လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရာ နို့နှင့် လက်ဖက်ရည်၏ မွှေးကြိုင်မှုများက ရောယှက်သွားပြီး လည်ချောင်းထဲ၌ ပိုးသားကဲ့သို့ ချောမွေ့စွာ စီးဆင်းသွား၏။ အရသာ ချိုမြိန်ကာ နွေးထွေးသည့် အရည်က ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး ပင်ပန်းနွမ်းနယ်မှုများ၊ စိုးရိမ်ပူပန်မှုများ အားလုံးကို ချက်ချင်း ဖယ်ရှားပေးလိုက်သည့်အတိုင်းပင်။