အခန်း ၃၄
Vol. 4 Ch. 34
34
ရှောင်ကျိုးနှင့် အခြားသူများမှာ သူတို့၏ နို့လက်ဖက်ရည် ခွက်များကို ဖက်ပြီး ပက်လက်ကုလားထိုင်ပေါ်၌ လှဲလျောင်း၍ အရသာရှိရှိ သုံးဆောင်နေကြပြီ ဖြစ်သည်။
’အချိုပွဲတွေက လူတစ်ယောက်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်တာပဲ’
ပက်လက်ကုလားထိုင်များနှင့် ပတ်သက်၍မူ ရှောင်ကျိုးက မှတ်ဉာဏ်ထဲမှတစ်ဆင့် သူမလိုချင်သည့် ပုံစံကို ရွာထိပ်က လောင်ကျန်းအား ပြောပြပြီး လုပ်ခိုင်းထားခြင်း ဖြစ်သည်။ ကျောက်ဟူနှင့် အခြားကလေးများက ယင်းအား မြင်သောကြောင့် လောင်ကျန်းကို ပုံစံတူများ ထပ်လုပ်ခိုင်းကြသည်။
ယခုဆိုလျှင် ရှောင်ကျိုး၏ ခြံဝင်းထဲက ကလေးတိုင်းတွင် ကိုယ်ပိုင် ပက်လက်ကုလားထိုင် တစ်လုံးစီ ရှိနေကြပြီ ဖြစ်သည်။
အပန်းဖြေ အနားယူနေကြသော လူအုပ်လေးကို ကြည့်ပြီး သခင်မများမှာ သူတို့၏ ကလေးစုတ်များ နေ့တိုင်း ရွာ၌ အဘယ်ကြောင့် ဤမျှ ဇွတ်နေချင်နေကြသည်ကို ရုတ်တရက် နားလည်သွားကြသည်။ သူတို့ကိုယ်တိုင်ပင် ပြောင်းလာနေချင်စိတ် ပေါက်သွားကြသည်။ သခင်မဝမ်က သူ့သားကို ဆွဲထူလိုက်ပြီး တခဏ လှဲလျောင်းရန် ဝင်ထိုင်လိုက်၏။
သခင်မရှန်ကလည်း ဣန္ဒြေများကို ဘေးချိတ်ထားခဲ့ပြီး သူမသမီးအား ဆွဲထူကာ ပြောလိုက်သည်။
"အမေ စမ်းထိုင်ကြည့်မယ်"
‘ရှီး’
‘အရမ်း သက်တောင့်သက်သာ ရှိတာပဲ’
ဤပက်လက်ကုလားထိုင်၏ သက်တောင့်သက်သာရှိမှုက စိတ်ကူးယဉ်ထားတာထက်ပင် ကျော်လွန်နေ၏။ ခန္ဓာကိုယ်ရဲ့ လက်မတိုင်းကို အပြည့်အဝ ထောက်မပေးခံထားရပြီး ပြေလျော့သွားသကဲ့သို့ ခံစားရသည်။
သခင်မများမှာ အမြဲတမ်း ကျင့်ဝတ်စည်းကမ်းများကို ဂရုစိုက်ရ၍ မတ်မတ်ထိုင်၊ မတ်မတ်ရပ်ရပြီး မည်သည့်အချိန်ကမှ လျော့တိလျော့ရဲ မနေရဲကြပေ။
‘ ဒီပက်လက်ကုလားထိုင်က သူတို့ရဲ့ အိပ်မက်ထဲက ကုလားထိုင်ပဲ’
ယနေ့ကျွေးသော ကိတ်မုန့်နှင့် နို့လက်ဖက်ရည်ကို သခင်မများ အလွန်သဘောကျနေသည်အား မြင်ရ၍ ရှောင်ကျိုး ရုတ်တရက် အကြံတစ်ခု ရသွားသည်။
သူမက ဖက်တီးလေးနှင့် ရှန်ကျစ်ယွမ်ကို သွားရှာပြီး မေးလိုက်၏။
"မြို့မှာ အချိုပွဲဆိုင် တစ်ဆိုင် ဖွင့်ရင် ဘယ်လိုလဲ"
နှစ်ယောက်လုံး စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြကြသည်။
"နင်တို့ စဉ်းစားဦးမှာ မဟုတ်ဘူးလား"
ရှောင်ကျိုး မေးလိုက်သည်။
"ဘာကို စဉ်းစားရမှာလဲ၊ ဒါတွေက အရမ်းစားကောင်းတာပဲ၊ သေချာပေါက် ပိုက်ဆံရမှာပေါ့"
ရှန်ကျစ်ယွမ်မှာ မြို့မှာတင် မကပေ။ မြို့တော်၌ သွားရောင်းလျှင်ပင် ရောင်းရမည်ဟု ယုံကြည်နေသည်။
‘ဘာပဲဖြစ်ဖြစ်၊ တုန်းရှားနိုင်ငံ တစ်ခုလုံးမှာ ဒီအရာနှစ်ခုအကြောင်းကို ဘယ်သူမှ မကြားဖူးကြသေးဘူးလေ’
ဖက်တီးလေး သဘောတူသည်မှာ အမြတ်အစွန်းအတွက် မဟုတ်ပေ။
‘သူက ပိုက်ဆံမှ မလိုတာ၊ ပျော်စရာကောင်းလို့ သက်သက်ပဲ’
ဤသို့ဖြင့် ဆုံးဖြတ်လိုက်ကြ၏။ သခင်မဝမ်လည်း ဝမ်းသာနေသည်။ သူမတို့ မိသားစုက ကုန်သည်များ ဖြစ်၍ သားဖြစ်သူကို လက်တွေ့ လေ့ကျင့်ခွင့်ရစေခြင်းမှာ အကောင်းဆုံးပင်။
"သားတို့သုံးယောက် ဘယ်လို ရင်းနှီးမြှုပ်နှံမလဲဆိုတာ စဉ်းစားပြီးပြီလား"
သခင်မဝမ် မေးလိုက်သည်။
ရှောင်ကျိုး ကျန်နှစ်ယောက်ကို လှမ်းကြည့်လိုက်၏။
သူမက မည်သည့်အရာကိုမှ မသိပေမယ့် မသိဘူးဆိုသည်ကိုတော့ အသိခံ၍ မဖြစ်ပေ။
ဖက်တီးလေးက သူ ငွေကြေး ထုတ်ပေးနိုင်သည်ဟု ပြောသည်။
ရှန်ကျစ်ယွမ်မှာ သူမအိမ်မှ လူအင်အား ထောက်ပံ့ပေးနိုင်သည်ဟု ပြော၏။
"ဒါဆို ငါက ဟင်းချက်နည်းတွေ ထုတ်ပေးမယ်"
ရှောင်ကျိုး ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဘယ်တော့ စကြမလဲ"
ရှန်ကျစ်ယွမ် စိတ်အားထက်သန်နေသည်။ သူမ၏ ကိုယ်ပိုင်ပိုက်ဆံကို ရှာရမည်ဆိုသည့် အသိက သူမကို စိတ်လှုပ်ရှားစေသည်။
"မနက်ဖြန်"
ရှောင်ကျိုးမှ ပြောလိုက်သည်။
သူမ မနက်ဖြန် မြို့ကို သွားပြီး အခြေအနေ သွားကြည့်ရမည်။
သခင်မရှန်နှင့် သခင်မဝမ်တို့က ပက်လက်ကုလားထိုင်ပေါ်တွင် ပျင်းရိပျင်းတွဲ လှဲလျောင်းရင်း ကလေးများကို ကြည့်နေကြသည်။
‘သူတို့က တကယ့်အမြတ်အစွန်းကြီး ရဖို့ မမျှော်လင့်ထားပေ၊ စီးပွား ရေးလုပ်တာကပဲ သူတို့အတွက် အဓိပ္ပါယ်ရှိ နေပြီလေ၊ ဒီအတွေ့အကြုံလေး ရတာကတင် တန်နေပါပြီ’
မိုးချုပ်တော့မည် ဖြစ်၍ သခင်မများ ပြန်ရန် ပြင်ဆင်ကြသည်။
ရှောင်ကျိုးမှ အစ်မရှောင်ရှောင်ကို ကိတ်မုန့်နှင့် နို့လက်ဖက်ရည် အထုပ်ပေါင်းများစွာ၊ အနောက်ဘက်ခြံထဲမှ ဟင်းသီးဟင်းရွက်များကို သူတို့ ယူသွားရန် ထုပ်ပိုးခိုင်းလိုက်၏။
သူတို့ပေးသော လက်ဆောင်များလောက် တန်ဖိုးမကြီးသော်ငြား အပြန်အလှန် ပေးကမ်းရသည့် ယဉ်ကျေးမှုကိုတော့ သူမ မမေ့ချေ။
မပြန်ခင်၌ သခင်မဝမ်နှင့် သခင်မရှန်တို့က သူတို့ကလေးများ၏ ပက်လက်ကုလားထိုင်များကိုပါ မ,သွားကြသည်။
’မမေးနဲ့’
မေးရင် ကလေးများက သူတို့အမေကို ရိုသေကျိုးနွံမှု ပြသည်ဟုသာ ပြောရပေမည်။
အိမ်ပြန်ရောက်သောအခါ သခင်မဝမ်က သူမယောင်္ကျားသည် အဘွားအို၏ ခြံဝင်းထဲ၌ ရှိနေသည်ဟု ကြားလိုက်ရသည်။
သူမ ထိုနေရာသို့ ခြေလှမ်း လှည့်လိုက်၏။
အဘွားအို၏ ပထမဆုံး စကားမှာ ထို့သို့ပင် ဖြစ်သည်။
"ချန်အာရော ဘယ်မှာလဲ၊ သူ ဘာလို့ ပြန်ပါမလာတာလဲ"
သခင်မဝမ်က သားဖြစ်သူ ပြန်မလိုက်ဘူးဟု ငြင်းဆန်ခဲ့သည်ကို တွေးမိပြီး ရယ်ချင်သွားသည်။
"သူက အဲ့ဒီမှာ သိုင်းကျင့်ပြီး စာသင်ချင်လို့တဲ့၊ အဲ့ဒီမှာပဲ နေဖို့ စီစဉ်ထားတယ်"
သူမက ပြန်ဖြေလိုက်သည်။
"ဘာ၊ သူက စာသင်ဖို့ ဆန္ဒရှိတယ် ဟုတ်လား"
ဝမ်ဖူကွေ မယုံနိုင်အောင် ဖြစ်သွားလေသည်။
‘စာအုပ်ဆိုတာ အဆိပ်လိုမျိုး ပြုမူတတ်တဲ့ ကောင်စုတ်လေးက အခု ကိုယ့်သဘောနဲ့ကိုယ် စာသင်မယ်တဲ့လား’
"ချန်အာက သူ့ဘာသာ ပြောတာလား"
အဘွားအိုလည်း အံ့ဩသွား၏။
"ဟုတ်တယ်၊ ဒီမနက် ကလေးတွေ တောင်ကြီးကို ပတ်ပြေးကြတာ၊ ချန်အာက တတိယ ရပြီး ဆုတောင် ရသေးတယ်"
သခင်မဝမ်မှာ အလွန် ဝမ်းသာနေသည်။
"တကယ်လား၊ ငါသိသားပဲ၊ မြို့က ဆရာက အသုံးမကျတာ၊ တို့ချန်အာက စာသင်ဖို့ ပါရမီမပါဘူး၊ တုံးတယ်ဆိုပြီး အမြဲ လာလာပြောနေတာ"
အဘွားအိုက ညည်းတွားလိုက်၏။
ဝမ်ဖူကွေမှ ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်သည်။
‘ဟုတ်တာပေါ့၊ ဝမ်ဖူကွေရဲ့သားက ဘယ်လိုလုပ် အရူးဖြစ်နိုင်မှာလဲ’
သခင်မဝမ်က အဘွားအို၏ စားပွဲပေါ်မှ မသောက်ရသေးသော ဟင်းရည်ကို ကြည့်လိုက်သည်။
"အမေ၊ ထမင်းမစားရသေးဘူးလား"
"အင်း၊ အသက်ကြီးလာတော့ ခံတွင်းပျက်လာတယ်"
အဘွားအိုမှ သက်ပြင်းချလိုက်သည်။ သခင်မဝမ်က အစေခံမလေးကို ရှောင်ကျိုးထံမှ ပါလာသည့် ကိတ်မုန့်နှင့် နို့လက်ဖက်ရည်ကို အမြန် ယူခိုင်းလိုက်သည်။
"အမေ၊ ဒါလေးတွေ မြည်းကြည့်ပါဦး"
သူမ ကိတ်မုန့်နှင့် နို့လက်ဖက်ရည်ကို ပြင်ဆင်ပေးပြီး မည်သို့စားရသည်အား ရှင်းပြလိုက်၏။
တစ်လုပ်စားလိုက်သည်နှင့် အဘွားအို သဘောကျသွားတော့သည်။
‘ သူမ အချိုကြိုက်မှန်း သိတဲ့လူ ရှားတယ်၊ ဒါပေမယ့် သွားတွေက မကောင်းတော့ အချိုရည်တွေလောက်ပဲ သောက်နိုင်တာ’
ယနေ့ ကိတ်မုန့်နှင့် နို့လက်ဖက်ရည်က သူမကို ပြုစားသွားတော့သည်။
"ဒီ ကိတ်မုန့်နဲ့ နို့လက်ဖက်ရည်က နတ်သုဒ္ဓါတွေပဲ"
သူမ တီးတိုးရေရွတ်လိုက်သည်။
ဝမ်ဖူကွေလည်း အနည်းငယ် မြည်းကြည့်၏။ နို့လက်ဖက်ရည် တစ်ငုံသောက်ပြီးနောက် ပြောလိုက်သည်။
"သောက်လို့ကောင်းလိုက်တာ"
ချီးကျူးလိုက်ပြီး ခွက်တစ်ဝက်ခန့် မော့သောက်လိုက်သည်။
သူက ကိတ်မုန့်ရော အရည်ပါ ပြောင်သလင်းခါအောင် စားသောက်ပြီးနောက် အဘွားအို၏ ဝေစုကို မျက်စိကျနေ၏။
"မိန်းမတွေ ဘာလို့ အချိုကြိုက်လဲဆိုတာ ငါ တစ်ခါမှ နားမလည်ခဲ့ဘူး၊ ဒါပေမဲ့ ဒီကိတ်မုန့်နဲ့ လက်ဖက်ရည်က ဒီလောက် အရသာရှိမယ်လို့ ငါ မထင်ထားဘူး၊ အရမ်းကောင်းတာပဲ"
အဘွားအိုမှ သူမ၏ ကိတ်မုန့်ကို လာမမက်မောရန် သတိပေးသည့်အနေဖြင့် သားဖြစ်သူကို မျက်စောင်းထိုးလိုက်သည်။
“ဘာလဲ၊ မင်း ဒီအဘွားကြီးဆီကနေ ကိတ်မုန့်ကို လာယူချင်နေသေးတာလား”
အဘွားအို အလွန် ပျော်နေသောကြောင့် သခင်မဝမ်က သူမ သိမ်းယူလာခဲ့သည့် ပက်လက်ကုလားထိုင်ကို ခြံဝင်းထဲသို့ ရွှေ့ပေးလိုက်ပြီး အဘွားအိုအား လှဲလျောင်းရန် ကူညီပေးလိုက်သည်။
"အမေ၊ ဘယ်လိုနေလဲ၊ ရွာက ကလေးမလေး လုပ်ထားတာ"
"အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်၊ သိပ်ကောင်းတာပဲ"
ဗိုက်လည်းဝပြီး ခန္ဓာကိုယ်လည်း အနားရသွား၍ အဘွားအို၏ မျက်နှာမှာ ဝင်းလက်တောက်ပနေသည်။
သူ့အမေ အရမ်းပျော်နေသည်ကို မြင်၍ ဝမ်ဖူကွေ့ တကယ်ပင် သူမအား ဆွဲထူပြီး လှဲအိပ်ကာ ထိုမျှ သက်တောင့်သက်သာရှိရဲ့လားဟု စမ်းကြည့်ချင်လာသည်။
ထို့နောက် ဝမ်ဖူကွေ့ သူ့ဇနီးကို အကြည့်တစ်ချက် ပို့လိုက်၏။
‘အဘွားအိုရဲ့ ခြံဝင်းထဲကို မယူသွားခင် ဘာလို့ ငါ့ကို အရင် စမ်းမထိုင်ခိုင်းတာလဲ’
သခင်မဝမ်မှာ မမြင်ယောင်ဆောင်နေလိုက်သည်။
သခင်ကြီးမှ အဘွားအို၏ ပက်လက်ကုလားထိုင်ကို မျက်စိကျနေပြန်ပြီ ဖြစ်သည်။
နှစ်တွေကြာလာသည်နှင့်အမျှ အဘွားအို၏ ခြံဝင်းထဲမှ ပစ္စည်းကောင်း အများကြီးကို သူ မ,သွားခဲ့ပြီးပြီပင်။
သူမ၏ လက်ဆောင် လုယူခံရမည်ကို ကြောက်၍ အဘွားအိုက အထိန်းတော်ကြီးကို ခေါ်ပြီး သူ့ကို အမြန် နှင်ထုတ်ခိုင်းလိုက်၏။
ဝမ်ဖူကွေ ခြံဝင်းထဲက ထွက်လာပြီး သူ့ဇနီးကို သနားကမားနှင့် စိုက်ကြည့်နေသည်။
သဘောကျသွားသည့် သခင်မဝမ်မှ အစေခံတစ်ယောက်ကို ခေါ်လိုက်သည်။
"ထောင်ယွမ်ရွာကို သွားပြီး ပက်လက်ကုလားထိုင် ၁၀ လုံး သွားမှာချေ"
အမိန်းရသွားသည့် အစေခံမှ ချက်ချင်း အလုပ် ပြီးမြောက်အောင် လုပိဆောင်ရန် အပြေးထွက်သွားသည်။
ထိုမှသာ ဝမ်ဖူကွေ ကျေနပ်သွားတော့၏။
‘သူ့မိန်းမက သူ့ကို ဂရုစိုက်တုန်းပဲကိုး’
သခင်မဝမ်က ဤသည်ကို အခွင့်အရေးယူ၍ သူတို့သားလေးမှာ ရှန်ကျစ်ယွမ်၊ ရှောင်ကျိုးတို့နှင့် ပေါင်းပြီး စီးပွားရေးလုပ်မည့် အကြောင်းကိုပါ ပြောပြလိုက်သည်။
ဝမ်ဖူကွေ သူ့သား နောက်ဆုံးတော့ အသုံးဝင်သည့်လူ ဖြစ်လာပြီဟု ခံစားလိုက်ရသည်။ ထောင်ယွမ်ရွာ၏ ဖုန်းရွှေက သူ့သားနှင့် ကိုက်ညီခြင်း ဖြစ်ရမည်။
သူ အမြန် ပြောလိုက်သည်။
"လိုသလောက် ငွေတွေကို စာရင်းထဲကနေ ထုတ်သုံးလိုက်"
"သူလည်း နောက်ဆုံးတော့ ကြိုးစားချင်စိတ် ပေါက်လာပြီ၊ အကျိုးရှိတဲ့ တစ်ခုခုကို လုပ်ဖို့ အသိဝင်လာပြီပဲ၊ လမ်းပေါ်မှာ ခွေးလိုက် ကြောင်လိုက်နဲ့ အချိန်ဖြုန်းမနေတော့ဘူးပေါ့"