အခန်း ၃၅
Vol. 4 Ch. 35
35
တစ်ဖက်မှာတော့ ရှန်အိမ်တော်တွင် သခင်မရှန် ပြန်ရောက်ပြီး သိပ်မကြာခင်၌ သူမ၏ ခင်ပွန်းဖြစ်သူ အပြင်မှ ပြန်လာသည်ကို တွေ့လိုက်ရသည်။
ခင်ပွန်းဖြစ်သူ၏ ညှိုးနွမ်းနေသော မျက်နှာကို မြင်သောအခါ သခင်မရှန် မနေနိုင်ဘဲ မေးလိုက်သည်။
"ဘာဖြစ်လာတာလဲ"
ရှန်ကျစ်ရှင်း ဂူထဲရှိ မြင်ကွင်းများကို ပြန်လည်တွေးတောမိပြီး ရင်ထဲတွင် နာကျင်သွားရသည်။
သူ၏ သမီးအရွယ် ကလေးတစ်စုနှင့် အခြား ပိုငယ်သော ကလေးအများအပြားသည် ဝတ်ရုံနက်လူများ၏ ဆေးဝါးများဖြင့် ထိန်းချုပ်ခံထားရပြီး ကြာပွတ်များနှင့် အရိုက်ခံကာ လူသတ်စက်များကဲ့သို့ လေ့ကျင့်ခံနေရလေသည်။ ထိုလူများသည် တိရစ္ဆာန်ထက်ပင် ဆိုးရွားလှသည်။
ရှန်ကျစ်ရှင်း သခင်မရှန်၏ လက်ကိုဆုပ်ကိုင်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
"ငါအုပ်ချုပ်တဲ့ ခရိုင်ထဲမှာ ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး၊ ဒါ ငါ့ရဲ့ တာဝန်ပျက်ကွက်မှုပဲ"
ရှန်ကျစ်ရှင်း ဂူထဲရှိ အခြေအနေများကို သူ၏ ဇနီးဖြစ်သူအား အသေးစိတ် ပြန်လည်ပြောပြလိုက်သည်။
ယွိဟွာသာ လမ်းမပြပေးခဲ့လျှင်၊ ထောင်ချောက်များကို ရှောင်ကွင်းပြီး ဝတ်ရုံနက်လူများကို တစ်ယောက်ပြီးတစ်ယောက် ခြုံခိုတိုက်ခိုက်ခြင်း မပြုခဲ့လျှင် သူခေါ်သွားသော စစ်သားများပင် ပြန်လာနိုင်မည် မဟုတ်ပေ။
"ဝတ်ရုံနက်လူတွေက အာဏာပိုင်တွေ ဖမ်းမိတာနဲ့ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြတယ်၊ အဲ့ဒီကလေးတွေကိုတော့ အရာရှိတွေက အသက်အန္တရာယ် မပေးရဲကြဘူး၊ ဒါပေမယ့် သူတို့ကို လွှတ်ပေးလိုက်ရင် သာမန်ပြည်သူတွေကို အန္တရာယ်ပြုမှာ စိုးရိမ်ရတယ်၊ အခုတော့ ဂူထဲမှာပဲ ထားပြီး အပြင်ကနေ စစ်သားတွေနဲ့ စောင့်ခိုင်းထားရတယ်"
ရှန်ကျစ်ရှင်းမှာ ယခု ခေါင်းကိုက်လွန်း၍ ကွဲထွက်မတတ် ဖြစ်နေပြီ ဖြစ်သည်။
ထိုကလေးများအတွက် မည်ကဲ့သို့ စီစဉ်ပေးရမည်ကို သူ မသိတော့ပေ။
သခင်မရှန်မှ ပက်လက်ကုလားထိုင်ကို ယူလာပြီး ရှန်ကျစ်ရှင်းကို လှဲလျောင်းအနားယူရန် ဆွဲခေါ်လိုက်သည်။
"ထိုင်ပြီး ခဏလောက် အနားယူလိုက်ပါဦး၊ တကယ်လို့ မဖြစ်နိုင်ရင်လည်း သူတို့ကို ဂူထဲမှာပဲ အချိန်တစ်ခုလောက် ပေးနေပြီး နေ့တိုင်း အစားအသောက်တွေ ပို့ပေးလိုက်ပါ၊ သူတို့ သဘောဆန္ဒအရ အပြင်ထွက်ချင်တဲ့အချိန်ရောက်မှ နေရာချထားပေးဖို့ စီစဉ်ရင်လည်း မနောက်ကျပါဘူး"
သခင်မရှန်မှ ရှန်ကျစ်ရှင်း၏ နားထင်ကို ပွတ်သပ်ပေးရင်း ပြောလိုက်၏။
"ဒီလိုပဲ လုပ်ရမှာပေါ့၊ ဒီကုလားထိုင်က ကောင်းသားပဲ၊ လှဲရတာ သက်တောင့်သက်သာ ရှိတယ်"
ရှန်ကျစ်ရှင်း မျက်လုံးများကိုမှိတ်ကာ အနားယူလိုက်လေသည်။
"ဒါက ကျွန်မတို့သမီးကို ကယ်ပေးခဲ့တဲ့ ထောင်ယွမ်ရွာက ကလေးမလေး ဆီကလေ၊ ဒီကလေးမလေးက ဒီလောက်ငယ်ငယ်လေးနဲ့ ရွာလူကြီးဖြစ်နေတာ၊ ပြီးတော့ တစ်ရွာလုံးကလည်း သူ့စကားကို နားထောင်ကြတယ်၊ သူက တော်တော်လေး ထူးခြားတာပဲ"
သခင်မရှန် ချီးကျူးလိုက်သည်။
ထိုအကြောင်းပြောလိုက်မှ ရှန်ကျစ်ရှင်းသည် ထောင်ယွမ်ရွာက ကလေးမလေးကို ပြန်သတိရသွားသည်။
"သခင်မ၊ ဒီကလေးမလေးရဲ့ မျက်နှာက ရင်းနှီးနေသလို မခံစားရဘူးလား၊ ငါတို့ တစ်နေရာရာမှာ တွေ့ဖူးသလိုမျိုးလေ"
"ကျွန်မတော့ မမှတ်မိဘူး၊ အဲ့ဒီကလေးမလေးက မိဘမရှိဘဲ ရွာသားတွေ မွေးစားထားတာလို့ ကြားတယ်၊ ရှင် သူ့မိဘတွေကို တွေ့ဖူးတာများလား"
သခင်မရှန် ခန့်မှန်းကြည့်လိုက်သည်။
"ဖြစ်နိုင်တယ်"
ရှန်ကျစ်ရှင်းက ဆို၏။
"ပြောစမ်းပါဦး၊ ဘယ်လို အသည်းနှလုံးမရှိတဲ့ မိဘတွေကများ မိန်းကလေးတစ်ယောက်ကို တောင်ပေါ်မှာ စွန့်ပစ်ရက်တာလဲ၊ ငါးနှစ်တောင် ရှိပြီ၊ ဘယ်သူမှ လာမရှာကြဘူး"
သခင်မရှန်မှာ သူမ၏ ကိုယ်ပိုင်သမီးကို တွေးမိပြီး ထိုကလေးမလေး၏ မိဘများသည် တကယ်ကို လူမဆန်ဘူးဟု ခံစားလိုက်ရသည်။
"နေဦး၊ သူ ဘယ်သူနဲ့ တူလဲဆိုတာ ငါ အခု သိပြီ"
ရှန်ကျစ်ရှင်းသည် ကုလားထိုင်ပေါ်မှ ချက်ချင်း မတ်မတ်ထိုင်လိုက်ပြီး သူ၏ လက်များက ကုလားထိုင်လက်ရန်းများကို တုန်ရီစွာ ဆုပ်ကိုင်ထား၏။
"ဘယ်သူလဲ"
သခင်မရှန်က ခင်ပွန်းဖြစ်သူ၏ နားထင်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း မေးလိုက်သည်။
ရှန်ကျစ်ရှင်းမှာ သူ၏ ဇနီးဖြစ်သူကို ကြည့်ကာ အသံတိုးတိုးဖြင့် ခက်ခဲစွာ ပြောလိုက်သည်။
"မိဖုရားခေါင်ကြီး၊ မိဖုရားခေါင်ကြီး"
'ဘုတ်' ခနဲ အသံနှင့်အတူ သခင်မရှန် အကြီးအကျယ် လန့်သွားရသည်။ ရှန်ကျစ်ရှင်း၏ ခေါင်းပေါ် ဖိထားသော သူမ၏ လက်မှ အားကို မထိန်းချုပ်နိုင်တော့ဘဲ ရှန်ကျစ်ရှင်းကို ကုလားထိုင်ပေါ်သို့ ပြန်လန်ကျသွားစေ၏။
"အား၊ သခင်မ၊ ဖြည်းဖြည်း လုပ်ပါဟ"
ရှန်ကျစ်ရှင်းသည် သူ၏ ဇနီးဖြစ်သူက သူ့ကို ထပ်ရိုက်မည်ကို ကြောက်သွားသည်။
"ရှောင်ကျိုးက မင်းသမီးလေးလား၊ ဧကရာဇ်မင်းမြတ်ရဲ့ သမီးတော်လား၊ ဘယ်လိုလုပ် တောင်ပေါ်ကို ပစ်ချခံရတာလဲ၊ မိဖုရားခေါင်ကြီးကရော ဘာဖြစ်သွားလို့လဲ"
သခင်မရှန်တွင် မေးခွန်းများ တစ်ပုံတစ်ပင် ဖြစ်သွားပြီ ဖြစ်သည်။
"အသံတိုးတိုး၊ နံရံတွေမှာ နားရှိတယ်၊ ငါ ခန့်မှန်းကြည့်ရုံပါ၊ အရင်က မြို့တော်မှာတုန်းက ရှီမိသားစုရဲ့ ဒုတိယသခင်လေးက သူ့ညီမလေး ငယ်ငယ်တုန်းက ပုံတူပန်းချီကားကို ငါ့ကို ပြဖူးတယ်၊ ဒီကလေးမလေးက မိဖုရားခေါင်ကြီး ငယ်ငယ်တုန်းက ပုံစံနဲ့ အရမ်းတူနေတယ်"
ရှန်ကျစ်ရှင်းက တိုးတိုးလေး ပြောလိုက်သည်။
ရှီမိသားစုအကြောင်း ပြောလိုက်သည်နှင့် သူတို့နှစ်ဦးလုံး၏ ရင်ထဲတွင် လေးလံသွားကြ၏။
ရှီမိသားစု၏ သခင်ကြီးသည် တစ်ချိန်က နယ်စပ်ဂိတ်ကို စောင့်ကြပ်ခဲ့သော နာမည်ကျော် ကျိန့်ပေ မြို့စားကြီး ဖြစ်သည်။
တုန်းရှားနိုင်ငံမှာ နိုင်ငံလေးနိုင်ငံအနက် အားအနည်းဆုံးဖြစ်ကြောင်း အားလုံးသိကြသည်။ ထိုစဉ်က အခြားနိုင်ငံသုံးခုသည် တုန်းရှားနိုင်ငံကို ခွဲဝေယူရန် ကြိုးစားခဲ့ကြပြီး သုံးဖက်သုံးတန်မှ တိုက်ခိုက်ခဲ့ကြ၏။ ရှီမိသားစု တပ်မတော်မှာ တုန်းရှားနိုင်ငံ၏ ပိုင်နက်နယ်မြေကို ကာကွယ်ရန် သေသည်အထိ တိုက်ပွဲဝင်ခဲ့ကြသည်။
ထိုအချိန်မှစ၍ ရှီမိသားစု တပ်မတော်၏ ဂုဏ်သတင်းသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့ပြီး တုန်းရှားနိုင်ငံမှ သာမန်ပြည်သူများ၏ နှလုံးသားထဲတွင် အစောင့်အရှောက် နတ်ဘုရားများ ဖြစ်လာခဲ့ကြသည်။
ရှီမိသားစု တပ်မတော် ရှိနေသောကြောင့် အခြားနိုင်ငံသုံးခုမှာ အလွယ်တကူ ကျူးကျော်ရန် မရဲကြတော့ဘဲ နိုင်ငံလေးနိုင်ငံကြားတွင် ထူးခြားသော အင်အားချိန်ခွင်လျှာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့သော် လွန်ခဲ့သော ငါးနှစ်ခန့်က နယ်စပ်တွင် အနည်းငယ် ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ရာ ရှီမိသားစု၏ သခင်ကြီးနှင့် ရှီမိသားစုမှ အရွယ်ရောက်ပြီးသော အမျိုးသားအားလုံး နယ်စပ်ဂိတ် တိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြ၏။ ရှီမိသားစု တပ်မတော် ရှုံးနိမ့်ခဲ့ပြီး မြို့အများအပြား ဆုံးရှုံးခဲ့ရလေသည်။
သတင်းက မြို့တော်သို့ ရောက်ရှိလာပြီး နန်းတော်ထဲမှလည်း သတင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအချိန်က ကိုယ်ဝန်ရင့်မာနေသော မိဖုရားခေါင်ကြီးမှ ထိုသတင်းဆိုးကို မခံစားနိုင်သဖြင့် ရှီမိသားစုအတွက် ဆုတောင်းပေးရန် မဟာဗုဒ္ဓကျောင်းတော်သို့ သွားရောက်ခဲ့ကြောင်း ဆိုသည်။ လမ်းခရီးတွင် ဓားပြများနှင့် ကြုံတွေ့ရပြီး လိုက်လံတိုက်ခိုက်ခံရရာ ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျ၍ ကွယ်လွန်သွားခဲ့သည်ဟု ဆိုကြသည်။
ထိုအချိန်က အသက် ၇ နှစ်သာ ရှိသေးသော ရှီမိသားစု၏ တစ်ဦးတည်းသော မြေးဖြစ်သူ ရှီမိသားစု တလန်၏ သားသည်လည်း သူ၏ ကိုယ်ပိုင်ခြံဝင်းအတွင်း၌ ထူးဆန်းစွာ ရေနစ်သေဆုံးသွားခဲ့သည်။
ထိုစဉ် ရှီမိသားစုတစ်ခုလုံးတွင် အဘွားရှီနှင့် အမျိုးသမီး ဆွေမျိုးတစ်စုသာ ကျန်ရစ်ခဲ့တော့၏။ ကံကောင်းထောက်မစွာဖြင့် ရှီမိသားစု၏ တတိယချွေးမသည် ဆွေမျိုးများထံ အလည်အပတ်သွားရန် သူမ၏ မိဘအိမ်သို့ ပြန်သွားခဲ့သည်။ သတင်းများကို ကြားသိရပြီး အခြေအနေ ဆိုးရွားနေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ သူမသည် သူမကိုယ်ဝန်ရှိနေကြောင်းကို မည်သူ့ကိုမျှ မပြောရဲတော့ပေ။
သူမသည် မိဘအိမ်တွင် တိတ်တဆိတ် ပုန်းအောင်းနေခဲ့ပြီး လအနည်းငယ်အကြာတွင် ယောင်္ကျားလေးတစ်ဦး ဖွားမြင်ခဲ့ရာ ရှီမိသားစု၏ မျိုးဆက် ပြတ်တောက်သွားခြင်းမှ ကာကွယ်နိုင်ခဲ့သည်။
သို့သော် မကြာသေးမီကပင် မြို့တော်မှ သတင်းတစ်ခု ရောက်လာခဲ့၏။ ရှီမိသားစု၏ အငယ်ဆုံးမြေးလေး ပြန်ပေးဆွဲခံလိုက်ရပြီး ယခုထက်တိုင် ရှာမတွေ့သေးသဖြင့် အဘွားရှီမှာလည်း ဖျားနာနေသည်ဟု ဆိုလေသည်။
သာမန်ပြည်သူများသည် အရူးများ မဟုတ်ကြပေ။ ဤသည်မှာ ရန်သူများက ရှီမိသားစု၏ ယောင်္ကျားလေး မျိုးဆက်အားလုံးကို သေဆုံးသွားစေချင်ကြောင်း ရှင်းလင်းနေ၏။
သို့မဟုတ်ပါက နိုင်ငံသုံးနိုင်ငံ ဝိုင်းဝန်းတိုက်ခိုက်စဉ်က ရှီမိသားစုမှ အမျိုးသားတစ်ဦးမျှ မသေဆုံးခဲ့ဘဲ အောင်ပွဲခံကာ ပြန်လာနိုင်ခဲ့ကြသည် မဟုတ်ပါလော။
သာမန် နယ်စပ်ဆူပူမှုလေး တစ်ခုက ရှီမိသားစု တပ်မတော်ကို မည်ကဲ့သို့ အကြီးအကျယ် ရှုံးနိမ့်စေပြီး ရှီမိသားစုမှ ယောင်္ကျားလေး မျိုးဆက် တစ်ယောက်မှ အသက်မရှင်နိုင်ဘဲ နေမည်နည်း။
‘အဲ့ဒီနောက်မှာ ရှီမိသားစုရဲ့ မြေးလေးကလည်း ဘယ်လိုလုပ် အသက်မရှင်နိုင်ရတာလဲ’
အသိဉာဏ် နည်းနည်းရှိသူတိုင်း ဤသည်က ရှီမိသားစု၏ မျိုးဆက်ကို ဖြတ်တောက်ရန် ကြိုးစားခြင်းဆိုသည်အား မြင်နိုင်သည်။
ထိုနှစ်က အဖြစ်အပျက်များကို ယခုထက်တိုင် စုံစမ်းစစ်ဆေးခြင်း မရှိသေးပေ။ လက်ရှိ ဧကရာဇ်မင်းမြတ်က စုံစမ်းရန် ဆန္ဒမရှိခြင်းလား သို့မဟုတ် လူများက မပြောရဲကြခြင်းလား ဆိုသည်ကို မသေချာပေ။ မည်သို့ပင် ဖြစ်စေကာမူ ထိုအချိန်က ရှီမိသားစုဘက်မှ ရပ်တည်ပြောဆိုပေးခဲ့သူများမှာ ရာထူးချခံရခြင်း သို့မဟုတ် သေဆုံးခြင်းများနှင့် ရင်ဆိုင်ခဲ့ရလေသည်။
‘ဥပမာ သူ့လိုပဲပေါ့’
ရှန်ကျစ်ရှင်းသည် ကုလားထိုင်လက်ရန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ ရင်ထဲတွင် ပြောပြ၍မရသော ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသများ ပြည့်နှက်နေ၏။
တစ်သက်လုံး တိုက်ပွဲဝင်ခဲ့သော စစ်သူကြီးဟောင်း ရှီ၏ မိသားစု တစ်ခုလုံး နောက်ဆုံးတွင် အိုမင်းမစွမ်းသူများ၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးများသာ ကျန်ရစ်တော့သည်။
‘ဘယ်လောက် ရယ်စရာကောင်းပြီး ဘယ်လောက် အဖြစ်ဆိုးလိုက်လဲ’
သခင်မရှန်က ဝမ်းနည်းစွာဖြင့် ပြောလေသည်။
"မိဖုရားခေါင်ကြီးက ကျွန်မတို့အပေါ် ကျေးဇူးရှိခဲ့ပါတယ်၊ ရှောင်ကျိုးက မိဖုရားခေါင်ကြီးရဲ့ သမီး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ရှင့်ရဲ့ အုပ်ချုပ်မှုအောက်က ခရိုင်ထဲမှာ ပေါ်လာတယ်ဆိုကတည်းက ကျွန်မတို့နဲ့ ရေစက်ရှိလို့ပဲ၊ ကျွန်မတို့ သူ့ကို သေချာ ကာကွယ်ပေးရမယ်"
ရှန်ကျစ်ရှင်း မျက်ရည်များကို အတင်း ထိန်းချုပ်လိုက်ပြီး ပြန်ဖြေ၏။
"စိတ်မပူပါနဲ့ သခင်မ၊ မြို့တော်က လူတွေ ဒီနေရာကို သတိထားမိမှာ မဟုတ်ပါဘူး"
"ငါ အခု အဖေ့ကို စာရေးပြီး ရှီမိသားစုဆီ သွားလည်ဖို့နဲ့ အဘွားရှီကို ဒီအကြောင်း ပြောပြပေးဖို့ အကူအညီ တောင်းလိုက်မယ်၊ အမှန်ပဲဖြစ်ဖြစ် အမှားပဲဖြစ်ဖြစ် အနည်းဆုံးတော့ အဘွားကြီး အသက်ရှင်ဖို့ အကြောင်းပြချက် တစ်ခု ရသွားတာပေါ့"
ရှန်ကျစ်ရှင်း မတ်တတ်ရပ်၍ စာကြည့်ခန်းဆီသို့ ထွက်သွားလေသည်။
သခင်မရှန်သည် ထွက်ခွာသွားသော ခင်ပွန်းဖြစ်သူကို ကြည့်ကာ ပက်လက်ကုလားထိုင်ပေါ်၌ ထိုင်ရင်း အတိတ်က အဖြစ်အပျက်များကို ပြန်လည်တွေးတောနေမိ၏။
သူမနှင့် ရှန်ကျစ်ရှင်းတို့သည် ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး သူတို့၏ မိသားစုများက စေ့စပ်မှုကို အစောကြီးကတည်းက စီစဉ်ထားခဲ့ကြသည်။ ရှန်ကျစ်ရှင်း နန်းတွင်းစာမေးပွဲ ဖြေဆိုပြီးရန်သာ စောင့်ဆိုင်းနေပြီး ထို့နောက် မင်္ဂလာပွဲ ကျင်းပရန် ဖြစ်သည်။
သို့သော် မထင်မှတ်ထားဘဲ နန်းတွင်းစာမေးပွဲတွင် ပထမရရှိကာ လမ်းတစ်လျှောက် လှည့်လည်အောင်ပွဲခံနေသော ရှန်ကျစ်ရှင်းကို သက်တော်ရှည်မင်းသမီးက မျက်စိကျသွားခဲ့သည်။ ရှန်ကျစ်ရှင်းတွင် စေ့စပ်ထားသူ ရှိမှန်း သိပါလျက်နှင့် သူမက သူ့ကို သူမ၏ ကြင်ယာတော်အဖြစ် အတင်းအဓမ္မ သိမ်းပိုက်ရန် ကြိုးစားခဲ့လေသည်။
ရှန်ကျစ်ရှင်းက ငြင်းဆန်သည်ကို မြင်သောအခါ သူမက စေ့စပ်မှုကို ဖျက်သိမ်းစေရန် ဖိအားပေးသည့်အနေဖြင့် သူ၏ စေ့စပ်ထားသူ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့၏။
ထိုအချိန်က အခြေအနေကို တွေးမိတိုင်း သခင်မရှန်၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ကျန်ရစ်နေဆဲ ဖြစ်သည်။
အကယ်၍ မိဖုရားခေါင်ကြီးဘေးမှ အထိန်းတော်သာ အချိန်မီ ပေါ်လာပြီး သူမကို နန်းတော်အပြင်သို့ မပို့ဆောင်ပေးခဲ့ပါက သက်တော်ရှည်မင်းသမီး ရှာထားသော အစောင့်များ၏ စော်ကားမှုကို သူမ ခံခဲ့ရနိုင်သည်။ သူမ၏ ကိုယ်ပိုင် ဂုဏ်သိက္ခာ ပျက်စီးရုံသာမက သူမ၏ မိသားစုကိုပါ ထိခိုက်စေနိုင်သည်။ မယ်တော်ကြီး၏ မွေးနေ့ပွဲတွင် ထိုကဲ့သို့သော မဖွယ်မရာ အပြုအမူမျိုး ကျူးလွန်ခြင်းမှာ မိသားစု တစ်ခုလုံး ပြည်နှင်ဒဏ် ခံရမည့် အပြစ်မျိုး ဖြစ်သည်။
ထိုနေ့အပြီးတွင် မိဖုရားခေါင်ကြီးသည် မယ်တော်ကြီးရှေ့မှောက်သို့ သွားရောက်၍ သူတို့နှစ်ဦးအတွက် တောင်းပန်ပေးခဲ့ပြီး သူမနှင့် ရှန်ကျစ်ရှင်းကို လက်ထပ်ပေးခဲ့ရာ ပြဿနာများစွာကို ရှောင်လွှဲနိုင်ခဲ့သည်။