အခန်း ၃၆
Vol. 4 Ch. 36
36
(T/N - ဒီအပိုင်းကစပြီး Etranမှာ ဆရာယန်အစား ဆရာဟွမ်နဲ့ ရေးထားလို့ နောက်ပိုင်းမှာလည်း ဆရာဟွမ်ပဲ ဆက်သုံးပါ့မယ်)
ထောင်ယွမ်ရွာ၏ အနောက်ဘက် တောင်ကုန်းပေါ်တွင် တွင်းထဲ၌ ကိုယ်တစ်ပိုင်း သေလုနီးပါး လဲလျောင်းနေသော အဘိုးအိုကို ကြည့်ပြီး ရှောင်ကျိုး ဆွံ့အသွားရသည်။
‘ဒီတွင်းက တကယ်ပဲ ကျိန်စာသင့်နေတာလား’
‘သားကောင်တစ်ကောင်တောင် မိတာ မတွေ့ဖူးဘဲ၊ အဘိုးအိုတွေကို ဖမ်းဖို့ သက်သက် ရည်ရွယ်ထားသလိုပါပဲလား’
တခဏအကြာတွင် သူမ၏ စိတ်ထဲ၌ အသံတစ်သံ ကြားလိုက်ရသည်။
‘မစ်ရှင်ရောက်လာပါပြီ- နတ်ဆေးသမားတော်ကို ကယ်တင်ပါ၊
ဆုလက်ဆောင် - အမှတ် (၁၀၀) + ကံစမ်းမဲ တစ်ကြိမ် နှိုက်ခွင့်’
အသံဆုံးသွားသည်နှင့် ရှောင်ကျိုး ခပ်စူးစူး ပြောလိုက်၏။
“ပြီးခဲ့တဲ့ အခေါက်က ဆုလက်ဆောင်ကိုလည်း အခုထိ မပေးရသေးဘူးနော်”
စနစ် ပြန်ဖြေသည်။
‘ဒီမစ်ရှင်ပြီးရင် အားလုံးပေါင်းပြီး တစ်ခါတည်း ပေးပါ့မယ်’
ရှောင်ကျိုး သူမကိုယ်သူမ ဂုဏ်ယူဝင့်ကြွားစွာ တွေးလိုက်၏။
“နင် အခုတလော အလုပ်မှာ ခိုးနားပြီး မေ့သွားတာ သေချာတယ်၊ ငါ သတိပေးလို့ တော်သေးတာပေါ့”
“နောက်ဆုံးတော့ နင့်ကို လက်ပူးလက်ကြပ် မိပြီ”
စနစ်မှ အပြစ်သိသည့် လေသံဖြင့် အကြောင်းအရာကို အမြန်လွှဲလိုက်ရသည်။
‘မဟုတ်ပါဘူး၊ Host အခု သူ့ကို အမြန်မကယ်ရင် သူ သွေးထွက်လွန်ပြီး သေတော့မှာနော်’
‘ဒီကလေးမ သူ အလုပ်ပျက်နေတာကို ဘယ်လိုများ သိသွားတာပါလိမ့်’
တကယ်တော့ ယခုတလော ဒရမ်မာကား အသစ်များ များစွာ ထွက်နေသောကြောင့် သူ စွဲစွဲလန်းလန်း ကြည့်မိရင်း မစ်ရှင်များကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့၏။
ရှောင်ကျိုး တွင်းထဲမှ လူကို တစ်ချက်ကြည့်လိုက်၏။ သူက အဘိုးအိုရွှီထက် ပို၍ သန့်ပြန့်လေသည်။ ထောင်ချောက်ကို ဖယ်၍ သူ့ကို မချီလိုက်ပြီး အရင်အကြိမ်က တောဝက်ကို ထမ်းလာသကဲ့သို့ပင် တောင်အောက်ကို ထမ်းကာ ဆင်းလာခဲ့သည်။
သူမ ဆရာဟွမ်၏ ခြံဝင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။
“ဆရာဟွမ်၊ ဆရာဟွမ် လူတစ်ယောက် ခေါ်လာတယ်၊ အမြန်ကြည့်ပေးပါဦး”
ရှောင်ကျိုး ထိုအဘိုးအိုကို အခန်းထဲရှိ သစ်သားခုတင်ပေါ်သို့ တင်လိုက်သည်။
“ဒါက ဘယ်သူလဲ”
ဆရာဟွမ် အဘိုးအို၏ ခြေထောက်မှ ဒဏ်ရာကို ကြည့်ပြီး မေးလိုက်၏။
“ထောင်ချောက်ထဲ ထပ်မိနေတာလား”
“ဟုတ်တယ်”
ရှောင်ကျိုး ချက်ချင်း ပြန်ဖြေလိုက်သည်။
ထိုအခါ ဆရာဟွမ် ရှောင်ကျိုးအား နောက်ပြောင်လိုက်၏။
“တကယ် ဖမ်းရမယ့် သားကောင်ဆို တစ်ကောင်မှ မမိဘဲ၊ အဘိုးကြီးတွေကျ အမြဲတမ်း ဖမ်းမိနေတာပဲ”
ဆရာဟွမ် ကျွမ်းကျင်စွာဖြင့် ဒဏ်ရာကို ကုသပေးနေစဉ် နာကျင်မှုကြောင့် အဘိုးအို နိုးလာသည်။ သူ ဒဏ်ရာကို ကုသပေးနေသည့် သမားတော်ကို ကျေးဇူးတင်စကား ဆိုလေ၏။
ဆရာဟွမ် လက်ကာပြရင်း တံခါးဝတွင် ခွေးလေးနှင့် ဆော့နေသော ရှောင်ကျိုးကို ညွှန်ပြကာ ပြောလိုက်သည်။
“ကျေးဇူးတင်ချင်ရင် ငါတို့ရဲ့ ရွာသူကြီးလေးကို ကျေးဇူးတင်လိုက်ပါ၊ သူပဲ မင်းကို တောင်ပေါ်ကနေ ထမ်းခေါ်လာတာ”
ထိုအခါ အဘိုးအိုမှ ရှောင်ကျိုးကို ထပ်မံ ကျေးဇူးတင်ပြန်၏။
ရှောင်ကျိုး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“အဘိုးက ဘယ်သူလဲ၊ ဘာလို့ ကျွန်မတို့ အနောက်တောင်ပေါ်ကို ရောက်နေတာလဲ”
အဘိုးအို သက်ပြင်းတစ်ချက်ချရင်း ဆို၏။
“ငါ့နာမည်က ကု ပါ၊ အဘိုးကုလို့ ခေါ်လို့ ရပါတယ်၊ ချင်းယွမ်ဘုရားကျောင်းက တာအိုဆရာတစ်ပါး ဒီဘက်ကို လာရင် ‘တျန်းရှန်း နှင်းကြာပန်း’ ကို တွေ့နိုင်တယ်လို့ ပြောလိုက်လို့ပါ၊ ဒါပေမဲ့ တောင်ပေါ်မှာ လမ်းမှားပြီး ထောင်ချောက်ထဲ ကျသွားလိမ့်မယ်လို့ မထင်ထားမိဘူး၊ ကံကောင်းလို့ ကလေးမ ကယ်လိုက်လို့ပေါ့ကွယ်”
အဘိုးကု စကားကိုကြားလျှင် ရှောင်ကျိုး ထပ်မံမေးလိုက်သည်။
“အဲဒီ နှင်းကြာပန်းက ဘာလုပ်ဖို့လဲ၊ ဆေးဖော်ဖို့လား”
ရှောင်ကျိုးစကားကြောင့် အဘိုးကု ပျာပျာသလဲ မေးရှာ၏။
“ဟုတ်တယ်၊ လူတစ်ယောက်ကို ကယ်ဖို့ အဲဒီဆေး လိုအပ်နေလို့ပါ၊ အဲဒါ ဘယ်မှာရှိနိုင်လဲဆိုတာ မင်းတို့ သိလား”
ရှောင်ကျိုးနှင့် ဆရာဟွမ်တို့ နှစ်ဦးစလုံးက ခေါင်းခါပြကြသည်။ ဆရာဟွမ်လည်း ဤရွာတွင် နေလာသည်မှာ ကြာပြီဖြစ်သော်ငြား အနီးအနားတွင် ထိုပန်းရှိကြောင်း တစ်ခါမျှ မကြားဖူးပေ။ ရှောင်ကျိုးမှာမူ ထိုအရာက မည်သည့်အရာ ဆိုသည်ကိုပင် မသိပေ။
အဘိုးကု မျှော်လင့်ချက်မဲ့စွာ မျက်လုံးများကို မှိတ်လိုက်သည်။
‘အချိန်က မရှိတော့ဘူး’
အကယ်၍ နှင်းကြာပန်းကိုသာ ရှာမတွေ့ပါက ရှီမိသားစု၏ စတုတ္ထသားမှာ ယခုလကို ကျော်ဖြတ်နိုင်တော့မည် မဟုတ်ပေ။
“ကောင်းကင်ကြီးက ရှီမိသားစုကို ဖျက်ဆီးဖို့ ကြံစည်နေတာပဲ”
“ရွာလူကြီးရှီ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် သေရင် ခင်ဗျားဆီလာပြီး အပြစ်ဝန်ခံပါ့မယ်”
ရှောင်ကျိုး အဘိုးအိုကယ်ချင်သည့် သူမှာ အလွန် အရေးကြီးသောသူ ဖြစ်ရမည်ဟု တွေးနေမိသည်။
‘မဟုတ်ရင် သူ အခုလို ဝမ်းနည်းနေမှာ မဟုတ်ဘူးလေ’
“အဘိုး ကျိန်းသေပေါက် ရှာတွေ့မှာပါ”
ရှောင်ကျိုး အဘိုးကုကို အားပေးစကားဆိုကာ အိမ်ပြန်လာခဲ့၏။
အိမ်ရောက်ရောက်ချင်း ရှောင်ကျိုး စနစ်ကို ဆုလက်ဆောင်ပေးရန် အတင်းပူဆာတော့၏။ သူမ မဲမနှိုက်ရသည်မှာ အတော်ကြာပြီ မဟုတ်ပါလား။
‘မစ်ရှင်ရောက်လာပါပြီ- ရွာသားတွေရဲ့ ကိုယ်ခံပညာ လေ့ကျင့်လိုစိတ်ကို လှုံ့ဆော်ပါ၊
ဆုလက်ဆောင်- ရမှတ် (၂၀) + ကံစမ်းမဲ တစ်ကြိမ်’
‘မစ်ရှင်ရောက်လာပါပြီ- နတ်ဆေးသမားတော်ကို ကယ်တင်ပါ၊
ဆုလက်ဆောင်- ရမှတ် (၁၀၀) + ကံစမ်းမဲတစ်ကြိမ်’
ရှောင်ကျန်း ကံစမ်းမဲ နှိုက်လိုက်သည်။
ဆုလက်ဆောင် (၁) : အဆိပ်ဖြေဆေး တစ်လုံး။
ဆုလက်ဆောင် (၂) : တျန်းရှန်း နှင်းကြာပန်း တစ်ပွင့်။
ရှောင်ကျိုး အသက်ကယ်နိုင်သည်ဆိုသော နှင်းကြာပန်းကို ကြည့်ကာ မျက်လုံးအပြူးသား ဖြစ်သွားတော့၏။
“ဟားဟား၊ ချင်းယွမ်ဘုရားကျောင်းက တာအိုဆရာက အဲဒီလောက်တောင် မှန်တာလား၊ တကယ်ပဲ ရှိနေတာပဲ”
’ဒီပစ္စည်းကို ဒီအတိုင်း အလကားတော့ ပေးလိုက်လို့ မဖြစ်ဘူး၊ စနစ်က အဘိုးကို "နတ်ဆေးသမားတော်" လို့ ပြောခဲ့တယ် မဟုတ်လား၊ ဒါဆို ရွာက ကလေးတွေကို ဆေးပညာသင်ပေးမယ့် "ဆရာ”အဖြစ် ချော့မော့ပြီး သိမ်းသွင်းရုံပဲပေါ့’
ရှောင်ကျိုး တည်ထောင်ထားသည့် ကျောင်းတော်မှာ မည်သည့်အရာမဆို စုံလင်စွာ သင်ယူနိုင်သော သင်ရိုးညွှန်းတမ်းများ ရှိရမည်ဖြစ်ပြီး၊ ဝါသနာပါလျှင် မည်သည့်အရာကို မဆို သင်ခွင့်ရှိရမည်ဟု သူမ ရည်မှန်းထား၏။ နောင်တစ်ချိန် အရည်အချင်းရှိသူ မှန်သမျှကို သူမ၏ကျောင်း၌ စာသင်ပေးရန် စုဆောင်းရမည်ကို တွေးမိရုံဖြင့် ရှောင်ကျိုး ပျော်ရွှင်နေတော့သည်။
နောင်အနာဂတ် ရွာမှ ကလေးများ အသက်ကြီးလာသောအခါ ဆရာဝန်များ၊ စစ်ဗိုလ်ချုပ်များ ဖြစ်လာနိုင်သကဲ့သို့၊ စာမေးပွဲများ အောင်မြင်ကာ အရာရှိများ၊ လုပ်ငန်းရှင်များ၊ လယ်သမားများ သို့မဟုတ် နာမည်ကျော် သူရဲကောင်းကြီးများပင် ဖြစ်လာနိုင်သေး၏။
‘ရွေးချယ်စရာတွေ အများကြီးပဲပေါ့’
ရှောင်ကျိုး ‘တျန်းရှန်း နှင်းကြာပန်း’ ကို ယူပြီး ဆရာဟွမ်၏ ခြံဝင်းထံသို့ အပြေး ပြန်သွားလိုက်သည်။
ရှောင်ကျိုး အဘိုးကုကို ပစ္စည်းထုတ်ပြကာ မေးလိုက်၏။
“အဘိုးရှာနေတာ ဒါလား”
အဘိုးကုမှာ ခြေထောက်က နာကျင်မှုကိုပင် မေ့သွားပြီး ကုတင်ပေါ်မှ ဝုန်းခနဲ ခုန်ဆင်းလာကာ ရှောင်ကျိုး လက်ထဲရှိ နှင်းကြာပန်းကို စူးစူးစိုက်စိုက် ကြည့်နေတော့သည်။
သူ အလွန် စိတ်လှုပ်ရှားလွန်း၍ အသံများပင် တုန်ယင်နေပြီး စကားများပါ ထစ်နေရှာ၏။
“ဒါ၊ ဒါပဲ၊ ဒါလေးပဲ၊ မင်း၊ မင်း ဒါကို”
အဘိုးကု အားနာပြီး တုန်လှုပ်စွာဖြင့် ရှောင်ကျိုးကို မေးလိုက်သည်။
“ဒီပန်းကို ငွေတေးဘယ်လောက်နဲ့ ရောင်းမလဲဆိုတာ မေးပါရစေ မိန်းကလေး”
ထိုအမေးကို ကြားလျှင် ရှောင်ကျိုး ပြောလိုက်၏။
“သမီး ပိုက်ဆံမလိုချင်ဘူး၊ အလကားပေးနိုင်တယ်၊ ဒါပေမဲ့ အဘိုးက သမီးရဲ့ အခြေအနေ တစ်ခုကိုတော့ သဘောတူရမယ်”
အဘိုးကုလည်း တွန့်ဆုတ်မနေဘဲ ချက်ချင်းပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ၊ အဘိုး သဘောတူတယ်”
“သမီး ဘာခိုင်းမယ်ဆိုတာတောင် မပြောရသေးဘူးလေ”
“ဘာပဲဖြစ်ဖြစ်၊ ဘာအခြေအနေပဲဖြစ်ဖြစ် အဘိုး သဘောတူတယ်”
“အင်း၊ ဒါဆိုလည်း ပြီးတာပဲ”
ရှောင်ကျိုး စိတ်ပျက်သွားမိသည်။
‘အပေးအယူလုပ်ရတာ ဘာအောင်မြင်မှု အထိအတွေ့ကိုမှ မခံစားရသလိုပဲ’
အဘိုးကု ပစ္စည်းရသည်နှင့် ချက်ချင်း ထွက်သွားချင်နေသော်ငြား ရှောင်ကျိုး တားလိုက်၏။
“မနက်ဖြန်ကျမှ အဘိုးကို သမီး လိုက်ပို့ပေးမယ်၊ ပစ္စည်းကိုလည်း မနက်ဖြန်မှ ပေးမယ်”
ရှောင်ကျိုး သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်ရမည်ဟု ဆုံးဖြတ်ထား၏။
‘ပစ္စည်းယူပြီး ထွက်ပြေးသွားရင် ခက်ရချည်ရဲ့’
“ကျေးဇူးတင်ပါတယ် မိန်းကလေးရယ်”
အဘိုးကု ကောင်းကင်ကို ကြည့်လိုက်ရာ တကယ်ပင် မှောင်နေပြီ ဖြစ်သည်။
သူ တကယ်ပဲ ချက်ချင်း ထွက်မသွားဘူး ဆိုသည်အား သေချာမှ ရှောင်ကျိုး အိမ်ပြန်လာခဲ့၏။
နောက်တစ်နေ့မနက်တွင် တိမ်တိုက်ကြားမှ အဝါရောင်ဖျော့ဖျော့ အလင်းတန်းလေးများ ဖြာကျလာပြီး လေထုထဲတွင် ပဲနို့နံ့နှင့် အီကြာကွေးနံ့များ သင်းပျံ့နေသည်။
ရှောင်ကျိုး အိမ်ထဲမှ ထွက်လာသည်နှင့် အဘိုးကု သူမ၏ ခြံဝင်းထဲ၌ ထိုင်နေသည်ကို တွေ့လိုက်ရ၏ ဖက်တီးလေး နဲ့ တခြားကလေးများလည်း နိုးနေကြပြီ ဖြစ်ပြီး ထိုအဘိုးအိုကို စပ်စုသည့် မျက်လုံးများဖြင့် ကြည့်နေကြ၏။
“ရွာလူကြီးလေး ဒါ ဘယ်သူလဲ”
ယခုဆိုရင် ဖက်တီးလေး နဲ့ ရှန်ကျစ်ယွမ်တို့ပါ ထောင်ယွမ်ရွာ၏ ထုံးစံအတိုင်း ရှောင်ကျိုးကို ‘ရွာလူကြီးလေး’ဟုသာ ခေါ်နေကြပြီ ဖြစ်သည်။
ရှောင်ကျိုး ဖြေလိုက်သည်။
“မနေ့က ငါ ကယ်လာတဲ့သူလေ”
“ဪ”
ကလေးများ သိပ်စိတ်မဝင်စားကြတော့ဘဲ အနံ့မွှေးနေသော မနက်စာကိုသာ အာရုံစိုက်လိုက်ကြသည်။
ရှောင်ကျိုး အဘိုးကုကို သူတို့နှင့်အတူ မနက်စာစားရန် ဖိတ်ခေါ်လိုက်၏။
ရှောင်ကျိုး အဘိုးအိုကို ပြောလိုက်၏။
“မနက်စာစားပြီးရင် ချက်ချင်း ထွက်ကြမယ်”
“ဘယ်ကို သွားကြမှာလဲ”
ထမင်းဝိုင်းမှ အခြားသူများမှာ စိုးရိမ်တကြီး မေးကြ၏။
‘ဒီနေ့ မြို့ကို သွားကြမှာ မဟုတ်ဘူးလား’
‘ရွာလူကြီးလေးက ဘာလုပ်မလို့လဲ’
“ဒီနေ့ မြို့ကို မသွားဘူး၊ အဘိုးကို အိမ်ပြန်ပို့ပေးမလို့”
ရှောင်ကျိုး မနက်စာကို အရသာခံစားနေသည့် အဘိုးအိုကို လက်ညှိုးထိုးပြလိုက်၏။
‘အခု ကြည့်ရတာ သူက စောစောကလို ပျာယာခတ်မနေတော့ဘူး’
“ကျွန်တော်တို့လည်း လိုက်ချင်တယ်”
ကလေးများ တညီတညွတ်တည်း အော်လိုက်ကြသည်။
ရှောင်ကျိုး တွေးကြည့်လိုက်၏။
‘ဒါလည်း မဆိုးပါဘူး၊ အပျော်ခရီးထွက်သလိုမျိုးပေါ့’
“ဘယ်သွားကြမလို့လဲ ငါတို့လည်း လိုက်မယ်လေ”
ကျောက်ဟူနဲ့ တခြားသူများလည်း တံခါးဝမှ ဝင်လာရင်း ကလေးများ လိုက်မည်ဟု ပြောနေသံကို ကြားသွားကြသည်။
“ရတာပေါ့”
ဖက်တီးလေးနှင့် ရှန်ကျစ်ယွမ်တို့တွင် မြင်းလှည်းနှစ်စီး ရှိနေ၍ တော်သေး၏။
စားသောက်ပြင်ဆင်ပြီး သောအခါ သူတို့ ခရီးစတင်ရန် အဆင်သင့် ဖြစ်နေကြလေပြီ။ အဘိုးကု အချိန်မရွေး ထွက်ခွာရန် အသင့်ဖြစ်နေသော ထိုကလေးတစ်သိုက်ကို ကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။
“မင်းတို့ မိဘတွေကိုရော သွားမပြောကြဘူးလား”
အမှန်စင်စစ် သူသည် မိဘများမှ မိမိတို့ သားသမီးများကို ရှာမတွေ့၍ ရုံးတော်အား တိုင်တန်းပြီး သူ့ကို လူပြန်ပေးဆွဲသူဟု စွပ်စွဲမည်အား စိုးရိမ်နေခြင်းပင်။
ရှောင်ကျိုး မေးလိုက်၏။
“အဝေးကြီး သွားကြမှာလား”
‘သူမက နာရီပိုင်းလောက်ဆို ရောက်မယ်လို့ ထင်ထားတာ’
“နည်းနည်းတော့ ဝေးတယ်ကွယ့်၊ မြင်းလှည်းနဲ့ဆိုရင် တစ်ရက်နဲ့ တစ်ညလောက် မောင်းရလိမ့်မယ်”
အဘိုးကု ကလေးမိဘများမှ သူတို့ကလေးများအား မိမိနောက်သို့ လိုက်ခွင့်ပြုပါ့မလားကို အတော်လေး စိုးရိမ်နေမိသည်။
’တကယ်တော့ ဘယ်လိုပဲကြည့်ကြည့် အဘိုးအိုတစ်ယောက်က ကလေးတစ်သိုက်ကို ခေါ်သွားတယ်ဆိုတာ သံသယဖြစ်စရာ ကောင်းနေတာ အမှန်ပဲ’
“ကောင်းပြီလေ၊ ဒါဆို ငါ သွားပြီး အဖေ့ကို ပြောလိုက်ဦးမယ်”
တခြားကလေးများလည်း သူတို့၏ မိဘများကို သွားပြောမည် ဆိုကာ ပြေး၍ အိမ်ကိုယ်စီ ပြန်သွားကြ၏။
‘ဖက်တီးလေးနဲ့ ရှန်ကျစ်ယွမ်တို့ကတော့ ဘာမှ ပြောစရာမရှိဘူး၊ သူတို့မိဘတွေက သူတို့ ထောင်ယွမ်ကျေးရွာမှာ နေနေမှန်း သိထားကြပြီးသားလေ၊ ပြီးတော့ သူတို့ ဘယ်နှစ်ရက်ကြာအောင် ခရီးသွားနေမလဲ ဆိုတာကိုလည်း မိဘတွေက သိနိုင်မှာ မဟုတ်ဘူး၊ တကယ်လို့ မိဘတွေက လာရှာရင်တောင် ရွာသားတွေကို မေးကြည့်လို့ရတာပဲ၊ ဒါကြောင့် သူတို့အိမ်က လူတွေကို အထူးတလည် အကြောင်းကြားနေဖို့ မလိုတော့ဘူးပေါ့’
ကလေးများ အပြေးအလွှား ထွက်သွားကြသည်ကို ကြည့်ရင်း အဘိုးကု ခြံဝင်းထဲ၌ အငြိမ်မနေနိုင်ဘဲ စိုးရိမ်တကြီး စောင့်နေရရှာသည်။