အခန်း ၃၇
Vol. 4 Ch. 37
37
မကြာမီမှာပင် ရှောင်ကျိုးနှင့် အခြားသူများ ပြန်ရောက်လာကြသည်။
မျိုးနွယ်စုခေါင်းဆောင်ကြီးသည် ယခုအခါ သူ၏ ရွာလူကြီးလေး အပြင်ထွက်လျှင် အနိုင်ကျင့်ခံရမည်ကို မစိုးရိမ်တော့ပေ။ သူမ အခြားတစ်ယောက်ကို ပြန်၍ အနိုင်မကျင့်လျှင်ပင် တော်လှပြီဟု သူ တွေးနေမိ၏။
အခြားကလေးများ၏ မိဘများမှာလည်း ရွာလူကြီးလေးနှင့်အတူ သွားမည်ကို ကြားသောအခါ ပို၍ပင် စိတ်အေးသွားကြ၏။ ဤသည်မှာ သူတို့ကလေးများအတွက် အပြင်လောကကို မြင်ဖူးစေမည့် အခွင့်အရေးကောင်းတစ်ခု မဟုတ်ပါလား။
ဤသို့ဖြင့် မြင်းလှည်းနှစ်စီးမှာ အဘိုးကု ပြောပြသော လမ်းကြောင်းအတိုင်း ဦးတည်ထွက်ခွာလာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ကောင်လေးများမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြ၏။ တစ်ခါတစ်ရံ မြင်းလှည်းပေါ်မှ ခုန်ဆင်းကာ မြင်းများနှင့် အပြိုင်ပြေးကြသကဲ့သို့၊ တစ်ခါတစ်ရံ တောထဲသို့ ပြေးဝင်ကာ ယုန်ဖမ်းကြရင်း ဆူညံပွက်လော ရိုက်နေကြသည်။
အဘိုးကုမှာမူ သူ့စိတ်ထဲတွင် တွေးနေမိ၏။
“ဒီလှည်းတွေက တကယ်ကို မလိုအပ်တာတွေပဲ၊ ဒီကလေးတွေ ဖင်မှာ သံစူးနေသလား မှတ်ရတယ်၊ ခဏလေးတောင် ငြိမ်ငြိမ် မနေနိုင်ကြဘူး”
ရှောင်ကျိုးနှင့် သူငယ်ချင်းများ ပျော်ပွဲစားထွက်ရန် သင့်တော်သော နေရာတစ်ခုကို ရှာတွေ့သောအခါ မြင်းလှည်းပေါ်မှ ပစ္စည်းကိရိယာများကို အမြန်ချ၍ ပြင်ဆင်ကြတော့သည်။
ထိုပစ္စည်းများကိုမြင်သော် ဖက်တီးလေး ဆို၏။
“ကံကောင်းလို့ ငါ ရှောင်လျိုကိုပါ ခေါ်လာခဲ့တာ”
ရှောင်လျို၏ အသားကင်လက်ရာမှာ ပြိုင်ဘက်ကင်းသည် မဟုတ်ပါလား။
ကလေးတစ်သိုက် ဖမ်းမိလာသော သားကောင်များကို ရှောင်လျိုထံသို့ အမြန် ပစ်ပေးလိုက်ကြပြီး ရှောင်ကျိုးမှ ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်ပေးလိုက်သည်။ ရှန်ကျစ်ယွမ်၏ အစေခံမလေးလည်း အမြန်ပင် ဝိုင်းကူလေ၏။
သူတို့အဖွဲ့ မြင်းလှည်းမောင်းရန် ပြင်ဆင်ရင်း ရယ်မောနောက်ပြောင်နေစဉ်မှာပင် သူတို့ နောက်ဘက်မှ ကျယ်လောင်သော ကြက်တွန်သံအား ကြားလိုက်ရသည်။
ကွပ် ကွပ်၊ ကွပ် ကွပ်၊ ကွပ် ကွပ်
(မကောင်းတဲ့သူတွေ၊ လူလိမ်တွေ )
ကွပ် ကွပ်၊ ကွပ် ကွပ်၊ ကွပ် ကွပ်
(ငါ့ကိုတောင် မခေါ်သွားဘဲ ထားခဲ့ကြတယ်၊ ငါမပါဘဲ နင်တို့ဘာသာ ပျော်နေကြတာလား)
သူတို့အားလုံး လှည့်ကြည့်လိုက်သောအခါ ‘ယွိဟွာ’မှာ သူမ၏ အတောင်ပံနှစ်ဖက်တွင် အထုပ်အပိုးကြီးငယ်များကို ချည်နှောင်ကာ မြင်းလှည်းနောက်မှ တကောက်ကောက် လိုက်လာသည်ကို တွေ့လိုက်ရသည်။ သူမ လမ်းတစ်လျှောက်လုံး သူတို့ကို ကောင်းကောင်းကြီး ဆဲဆိုကြိမ်းမောင်းရင်း လိုက်လာခဲ့ခြင်း ဖြစ်၏။
ရှောင်ကျိုး ယွိဟွာကို မြင်သောအခါ အပြစ်ရှိသကဲ့သို့ ခံစားရသဖြင့် နှာခေါင်းကို အသာအယာ ပွတ်လိုက်မိ၏။ အမှန်အတိုင်း ပြောရလျှင် အရင်ရက်ပိုင်းအတွင်း သူမ ယွိဟွာ အကြောင်းကို စိုးစဉ်းမျှပင် မတွေးမိခဲ့ပေ။
ရှောင်ကျိုး ယွိဟွာထံသို့ သွားကာ သူမကို ပွေ့ချီလိုက်ရင်း ဆိုသည်။
“ငါ နင့်ကို မခေါ်ချင်လို့ မဟုတ်ပါဘူး၊ နင်က ကောင်စီရုံးမှာ အလုပ်ကိစ္စတွေ လုပ်နေရမှာဆိုတော့ မနှောင့်ယှက်ချင်လို့ပါ”
ကွပ် ကွပ်
(တကယ်လား)
ယွိဟွာ သူရရှိထားသည့် လက်ဆောင်များကို ကြွားချင်လွန်း၍ အိမ်သို့ အပြေးအလွှား ပြန်လာခဲ့သော်လည်း အိမ်တွင် လူတစ်ယောက်မှ မရှိတော့သည်အား တွေ့လိုက်ရသောအခါ ကမ္ဘာပျက်သလို ခံစားသွားရ၏။ ထို့ကြောင့် သူမ အိမ်ရှေ့မှာတင် အားရပါးရ ဆဲဆိုနေစဉ် ‘ရွှီရှောင်ရှောင်’မှ ရွာလူကြီးလေး မည်သည့်နေရာသို့ သွားသည်ကို လာပြောပြခြင်း ဖြစ်သည်။
“တကယ်ပေါ့ ဒါနဲ့ မင်းကျောပေါ်မှာ ဘာတွေ သယ်လာတာလဲ”
ရှောင်ကျိုး အမြန်ပင် စကားလမ်းကြောင်း လွှဲလိုက်၏။
ယွိဟွာ၏ ကျောပေါ်မှ အထုပ်ကို ဖြည်ကြည့်လိုက်သောအခါ ငွေစက္ကူအချို့၊ ပုလင်းများနှင့် အိုးငယ်အချို့၊ ထို့နောက် ကောင်စီရုံးမှ လူများပေးလိုက်သည့် မုန့်ပဲသရေစာများကို တွေ့ရသည်။
“ဒါက ဘာတွေလဲ”
ရှောင်ကျိုး မေးလိုက်၏။
ကွပ် ကွပ်
(ဂူထဲက လူမည်းကြီးဆီက ရလာတာ)
ရှောင်ကျိုး စပ်စုချင်စိတ်ဖြင့် ပုလင်းငယ်တစ်ခုကို ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ တုတ်တုတ်ခိုင်ခိုင် ပိုးကောင်လေးများကို တွေ့လိုက်ရသည်။
“အီး၊ ရွံစရာကြီး၊ နင် ဘာလို့ ဒီပိုးကောင်တွေ အများကြီးကို ထည့်လာတာလဲ”
ရှောင်ကျိုး မျက်စိမျက်နှာပျက်စွာဖြင့် အမြန်ပင် အဖုံးပြန်ပိတ်လိုက်၏။
ကွပ် ကွပ်
(ဒါ ငါ့အတွက် ရိက္ခာလေ)
‘ဪ၊ ဟုတ်သားပဲ၊ ယွိဟွာက ကြက်တစ်ကောင်ပဲလေ၊ ကြက်ဆိုတဲ့ သဘာဝအတိုင်း ပိုးကောင်စားတာပေါ့’
အဘိုးကု အဖွင့်ခံထားရသော ပုလင်းကို အမြန် လှမ်းယူကာ အတွင်းအား ကြည့်လိုက်သည်။ သူ အံ့ဩတကြီးဖြင့် ဆိုသည်။
“ကူပိုးကောင်တွေလား၊ ဒါတွေက ဘယ်ကနေ ရလာတာလဲ”
သူ ကျန်သည့် ပုလင်းအဖုံးများကိုပါ လှန်ကြည့်လိုက်ရာ အားလုံးမှာ ကူပိုးကောင်တွေသာ ဖြစ်နေ၏။ အဘိုးကု ပိုးကောင်များ ထွက်ပြေးမည် စိုးသဖြင့် အဖုံးများအား အမြန်ပြန်ပိတ်လိုက်သည်။
“ကူပိုး ဆိုတာ ဘာလဲ”
တခြားကလေးများလည်း စပ်စုချင်စိတ်ဖြင့် ဝိုင်းလာကြ၏။
အဘိုးကု မနှစ်မြို့သော လေသံဖြင့် ရှင်းပြသည်။
“ကူပိုးဆိုတာ အထူးနည်းလမ်းတွေနဲ့ မွေးမြူထားတဲ့ အဆိပ်ရှိတဲ့ ပိုးမွှားတွေပဲ၊ များသောအားဖြင့် သူတစ်ပါးကို ဒုက္ခပေးဖို့ ဒါမှမဟုတ် ထိန်းချုပ်ဖို့အတွက် သုံးကြတဲ့ ‘မိစ္ဆာပစ္စည်း’ တွေပေါ့”
ထိုစကားကို ကြားသောအခါ ကလေးများ အားလုံး ပုလင်းများနှင့် အိုးများအနားမှ ခပ်ခွာခွာသို့ ဆုတ်ခွာသွားကြ၏။ ရှောင်ကျိုး ယွိဟွာကို အမြန်မေးလိုက်သည်။
“မင်း အဲဒါတွေကို စားမိသေးလား”
ယွိဟွာ ခေါင်းညိတ်ပြရင်း ဆို၏။
ကွပ် ကွပ်
(အဝဆုံး တစ်ကောင်ကို စားလိုက်တယ်)
ရှောင်ကျိုး အဘိုးအိုကို အမြန်မေးလိုက်၏။
“သူ စားလိုက်တာတောင် ဘာလို့ ဘာမှမဖြစ်တာလဲ”
အဘိုးကု ခေါင်းခါလိုက်ပြီး ပြောလေသည်။
“ငါလည်း ကူပိုးတွေအကြောင်း အများကြီး မသိဘူး၊ ဒါပေမဲ့ ကူပိုးတွေဆိုတာ တန်ဖိုးကြီးပြီး များသောအားဖြင့် လူတွေအပေါ်မှာပဲ သုံးကြတာ၊ တိရစ္ဆာန်တွေအပေါ် သုံးတယ်ဆိုတာတော့ ငါတစ်ခါမှ မကြားဖူးဘူး”
ရှောင်ကျိုး ယွိဟွာ၏ ခေါင်းကို ပုတ်ပေးရင်း ဆို၏။
“အခု နင့် ဗိုက်ထဲမှာ ဘယ်လိုနေလဲ၊ နောက်ခါကျရင် တွေ့သမျှအကုန် ဗိုက်ထဲ လျှောက်မထည့်နဲ့”
ယွိဟွာ ခေါင်းကို စောင်းလိုက်သည်။
ကွပ် ကွပ် ကွပ် ကွပ်
(ကျွန်မ ဗိုက်ထဲမှာတော့ ဘာမှ မဖြစ်ပါဘူး၊ ဒါပေမဲ့ ဒီပိုးကောင်တွေက ကျွန်မစကား နားထောင်နေတာကရော တစ်ခုခု ဖြစ်နေတာလို့ ဆိုလိုတာလား)
“ဘာ”
ရှောင်ကျိုး သူမမည်မျှ အစွမ်းထက်နေပြီအား ပြသရန် ယွိဟွာကို ချက်ချင်း ခိုင်းလိုက်၏။
ယွိဟွာ ပုလင်းအဖုံး အတော်များများကို ဖွင့်လိုက်သည်။
ကွပ် ကွပ်
(ထွက်လာခဲ့စမ်း)
ကွပ် ကွပ်
(တန်းစီလိုက်)
ကွပ် ကွပ်
(မတ်တပ်ရပ်စမ်း)
တုတ်တုတ်ခိုင်ခိုင် ပိုးကောင်လေးများ ပုလင်းထဲမှ တစ်ကောင်ပြီးတစ်ကောင် ဖြည်းဖြည်းချင်း တွားထွက်လာကြ၏။ ထို့နောက် ဘေးတစ်ဖက်သို့ ရွှေ့သွားကာ တန်းစီပြီး မတ်တပ်ရပ်ပြကြသည်။
“ဝါး ယွိဟွာရေ၊ ဒီကူပိုးကောင်တွေက မင်းစကား နားထောင်တာပဲ”
ကလေးများ ထိုမြင်ကွင်းကို အံ့ဩစရာအဖြစ် မြင်သွားကြပြီး ပျော်စရာကောင်းနေသောကြောင့် ပိုးကောင်များကို ရွံစရာဟု မထင်ကြတော့ပေ။
အဘိုးအိုမှာတော့ နားမလည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
“ဒီကြက်မ စားလိုက်တဲ့ကောင်က ကူဘုရင် ဖြစ်နေလိမ့်မယ် ထင်တယ်”
အဝေးမှ အသားကင်နံ့လေးများ သင်းပျံ့လာ၏။ ကလေးများမှာ ကူပိုးဖြစ်ဖြစ်၊ ကူဘုရင်ဖြစ်ဖြစ် ဂရုမစိုက်တော့ဘဲ ‘ရှောင်လျှို’ ထံသို့ အပြေးအလွှား သွားကြတော့သည်။
ရှောင်ကျိုး ကင်ထားသော ယုန်ခြေထောက်တစ်ဖက်ကို ယူကာ အားပါးတရ ကိုက်စားလိုက်၏။ ထို့နောက် သူမ၏ စျေးဝယ်စင်တာထဲမှ လဲလှယ်ထားသော ‘ကိုကာကိုလာ’ ကို တစ်ငုံ သောက်လိုက်သည်။ ဤအခိုက်အတန့်မှာ အလွန်ပင် စိတ်လှုပ်ရှားကြည်နူးဖွယ် ကောင်းလှ၏။
အထူးသဖြင့် ဖက်တီးလေးမှာ လက်တစ်ဖက်က အသားကင်၊ ကျန်လက်တစ်ဖက်မှ အချိုရည်ပုလင်းကို ကိုင်ကာ အလွန်အမင်း အရသာတွေ့နေ၏။ ရှောင်ကျိုးနှင့် အတူနေသည့် အချိန်အတွင်း သူ သိသိသာသာကို ပိုပြီး လုံးတုတ်လာခဲ့သည်။
“လူတွေ လာနေပြီ”
ရှောင်ကျိုး သူမ၏ စိတ်စွမ်းအားကို သုံးပြီး ပတ်ဝန်းကျင်အား အာရုံခံလိုက်သည်။ အကယ်၍ သာမန်လူများသာဆိုလျှင် ရှောင်ကျိုး ဤမျှ အလောတကြီး သတိပေးမည် မဟုတ်ပေ။ သို့သော် သူမ အာရုံခံမိသည်မှာ မြင်းများကို စီးနင်းပြီး မိမိတို့ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးလွှားလာသော လူတစ်စုဖြစ်ကာ စက်ဆုပ်ရွံရှာဖွယ် ရယ်မောသံများကိုပါ သဲ့သဲ့ကြားနေရ၏။
’သူတို့တွေက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာနေကြတာပဲ’
“ဘယ်သူလဲ၊ ဘယ်သူတွေ လာတာလဲ”
ဖက်တီးလေးနှင့် သူငယ်ချင်းများမှာ မည်သည်ကိုမှ နားမလည်သေးဘဲ ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။ သို့သော် မည်သူ့ကိုမှ မတွေ့ရသေးပေ။
ကျောက်ဟူနဲ့ သူ့လူများမှာတော့ မြင်းလှည်းထံ အပြေးသွားပြီး လက်နက်များကို ချက်ချင်း ယူလိုက်ကြ၏။ ဓားများ၊ လေးနှင့်မြှားများ၊ ကြိမ်လုံးများ ဤအရာများက သူတို့ အပြင်ထွက်သည့်အခါ ယူဆောင်လာလေ့ရှိသော ကိုယ်လုံခြုံရေး လက်နက်များပင်။
“ရော့ ဒါတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့”
ရှောင်ကျိုး ကိုယ်ခံပညာ မတတ်သူများကို ‘လျှပ်စစ်ရှော့တိုက်တုတ်’ တစ်ခုစီ ပေးလိုက်သည်။
“ဘယ်သူမဆို နင်တို့အနား ကပ်လာရင် ဒီခလုတ်ကို နှိပ်လိုက်၊ သူတို့နဲ့ ထိလိုက်တာနဲ့ မင်းတို့ ဘေးကင်းသွားလိမ့်မယ်”
ရှောင်ကျိုး အဖွဲ့ထဲကို ပစ္စည်းများ ပစ်ပေးလိုက်၏။
မောက်မာရိုင်းစိုင်းသော ရယ်မောသံများ ပို၍ ပို၍ နီးကပ်လာသည်။ ထိုအချိန်တွင် ရှောင်ကျိုးတစ်ယောက်တည်း မဟုတ်ဘဲ လူတိုင်း ကြားနေရပြီ ဖြစ်၏။
မြင်းခွာသံများမှာ မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်လာပြီး ဖုန်မှုန့်များ တလူလူ ထလာ၏။ ထိုအသံများနှင့်အတူ ရိုင်းစိုင်းသော ရယ်သံများလည်း ပါလာ၏။ မြင်းနောက်တွင် လူတစ်စုကို ကြိုးဖြင့် တရွတ်တိုက် ဆွဲလာကြသည်။ မြင်းစီးသမားများက ထိုလူစုကို အရှိန်ပြင်းပြင်းဖြင့် တရွတ်တိုက်ဆွဲရင်း တစ်ခါတစ်ရံ ကြာပွတ်ဖြင့် ရိုက်နှက်ကာ ပြက်ရယ်ပြုနေကြ၏။ သူတို့၏ ရယ်သံများတွင် အားနည်းသူများအပေါ် အထင်အမြင်သေးမှုနှင့် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
တရွတ်တိုက် ဆွဲခေါ်ခံနေရသူများ၏ အော်ဟစ်ငိုယိုသံများနှင့် အသနားခံသံများက ရောထွေးနေပြီး တကယ့်ကို ဝမ်းနည်းကြေကွဲစရာ မြင်ကွင်းတစ်ခု ဖြစ်နေ၏။
“ဒါ၊ ဒါက ဘာကြီးလဲ”
ရှန်ကျစ်ယွမ် မျက်လုံးများ ပြူးကျယ်သွားကာ အသံများ တုန်ယင်နေသည်။ ဤမျှ ရက်စက်လှသော မြင်ကွင်းမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူမ၏ နှလုံးသားထဲတွင် ဖော်ပြမတတ်နိုင်သော ဒေါသနှင့် ကြောက်ရွံ့မှုများ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသည်။
“မြန်မြန် အားလုံး တောအုပ်ထဲမှာ အရင်ပုန်းနေကြ”
ရှောင်ကျိုး အခြေအနေကို ချက်ချင်း ဆန်းစစ်လိုက်ပြီး ဘေးဘက်မှ ထူထပ်သော တောအုပ်ထဲကို ဆုတ်ခွာရန် လက်ဝှေ့ယမ်း ပြလိုက်၏။
ကျောက်ဟူ သစ်ပင်တစ်ပင်ပေါ် ခုန်တက်ကာ မြင်းစီးလာသော လူတစ်စုထံသို့ အချိန်ကောင်းကို စောင့်၍ လေးနှင့်မြှားကို အသင့်ပြင်ထား၏။ အခြားသူများမှာတော့ တောင်ကုန်းငယ်လေး တစ်ခု၌ ဝပ်နေကြပြီး အောက်က အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။
ဖက်တီးလေး သူ၏ ‘လေးခွ’ ကို ထုတ်ပြီး ရှေ့သို့ ချိန်ထားသည်။ စကားတစ်လုံးမှ မပြောသော ကောင်လေးမှာလည်း ရှောင်ကျိုးပေးထားသော ရှော့တိုက်တုတ်ကို ကိုင်ကာ တောင်ကုန်းပေါ်မှာ ဝပ်နေ၏။ ရှောင်ကျိုးမှာတော့ ကျောက်ဟူကဲ့သို့ပင် သစ်ပင်တစ်ပင်ပေါ်တွင် ပုန်းကွယ်ရင်း ထိုလူတစ်စုကို အာရုံစိုက် ကြည့်နေလေ၏။