အခန်း ၃၈
Vol. 4 Ch. 38
38
မြင်းစီးလာသူများသည် ကွင်းပြင်ကျယ်ဆီသို့ လျင်မြန်စွာ ရောက်ရှိလာကြ၏။ ရှေ့ဆုံးမှ ဦးဆောင်လာသူ၏ မျက်လုံးများမှာ ဝံပုလွေတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်လှပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပုံမှာ လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေသည်။
သူ မီးဖိုပေါ်တွင် ကင်ထားဆဲဖြစ်သော တောယုန်သားကို ကြည့်ကာ လှမ်းယူကိုက်စားရင်း ကျယ်လောင်စွာ ရယ်မောလိုက်၏။
“သွားကြစမ်း၊ ဒီ ‘တုန်းရှား’ လူမျိုးတွေကို ရှာလာခဲ့၊ သူတို့က သူရဲဘောကြောင်တဲ့ အုပ်စုပဲ၊ သူတို့ကို ရှာတွေ့ရင် မြင်းနောက်မှာသာ ချည်ထားလိုက်၊ ငါကတော့ သူတို့တွေ မသေမရှင်နဲ့ ဝေဒနာခံစားနေရတာကို ကြည့်ရတာ အကြိုက်ဆုံးပဲ”
သူ၏ ရယ်သံနှင့်အတူ ကျန်သော လူများကလည်း မြင်းများကို ပို၍ အရှိန်မြှင့်ကာ ပတ်ဝန်းကျင်အား ပတ်မောင်းရင်း လိုက်ပါအော်ဟစ်ကြသည်။ သူတို့ ကြာပွတ်များကို ဝှေ့ယမ်းကာ အားနည်းသူများအား ခြောက်လှန့်ရသည့် အရသာကို အလွန် သဘောကျနေကြပြီး မြင်းနောက်တွင် တရွတ်တိုက်ပါလာ သူများမှာမူ နာကျင်လွန်းသဖြင့် အသံကုန် အော်ဟစ်နေကြရရှာ၏။
ထိုအချိန်မှာပင် ရှောင်ကျိုး သစ်ပင်ပေါ်မှ ဝုန်းခနဲ ခုန်ဆင်းလာပြီး ကြာပွတ်ကို အကြမ်းဆုံး ရိုက်နေသည့် လူထံသို့ ဦးတည်သွားသည်။ သူမ ထိုလူ၏ လက်မောင်းကို ဖမ်းချုပ်ကာ မြေပြင်ပေါ်သို့ အားကုန် လွှဲရိုက်ချလိုက်ရာ မြေပြင်တွင် လူတစ်ကိုယ်စာ ကျင်းကြီးတစ်ခု ဖြစ်သွားပြီး ကျင်းထဲမှ လူမှာလည်း မလှုပ်မယှက် ငြိမ်သက်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် ကျောက်ဟူ ၏ မြားတစ်စင်းမှာ ကြာပွတ်ကိုင်ထားသော လူအုပ်ထံသို့ ဝဲပျံသွားသည်။
ပထမတစ်ချက်- လေထဲသို့ လွဲသွား၏။
ဒုတိယတစ်ချက်- ရန်သူ့ပေါင်ကို မှန်သွားသည်။
‘တိုးတက်လာပြီပဲ’
တတိယတစ်ချက်- ရန်သူ့တင်ပါးကို စိုက်ဝင်သွား၏။
‘ဒီအတိုင်းသာ ဆက်လုပ်စမ်း’
တစ်ဖက်တွင်လည်း ထျဲနျို နှင့် ရှောင်လျို တို့သည် ရှောင်ကျိုးနှင့်အတူ တိုက်ပွဲထဲသို့ ဝင်ရောက်လာကြ၏။ ရှောင်လျို ရှေ့မှ ရင်ဆိုင်တိုက်ခိုက်နေစဉ် ထျဲနျိုမှာမူ သူ၏ သေးငယ်သည့် ခန္ဓာကိုယ်ကို အသုံးချကာ ဟိုပြေးဒီလွှားဖြင့် ရန်သူများအား နေရာအနှံ့ လိုက်လံထိုးနှက်နေသည်။ ရန်သူများမှာ နာကျင်လွန်းသဖြင့် ရှောင်လျိုကို ပြန်မတိုက်နိုင်တော့ဘဲ မည်သည့်နေရာမှ ပေါ်လာမှန်းမသိသည့် ထိုကလေးကိုသာ သတ်ပစ်ရန် အာရုံရောက်နေကြ၏။
တနွီ သစ်ပင်ပေါ်သို့ လျင်မြန်စွာ တက်သွားပြီး လေးခွဖြင့် ရန်သူများ၏ မျက်လုံးကို ချိန်ကာ ပစ်ခတ်တော့သည်။ မကြာမီမှာပင် ကျောက်ဟူနှင့် တနွီတို့ ပုန်းကွယ်နေသည့် နေရာကို ရန်သူများ ရိပ်မိသွားကြ၏။ သို့သော်လည်း ဤကလေးများသည် အခြားနေရာတွင်သာ ကျွမ်းကျင်မှု အားနည်းချင် အားနည်းမည် ဖြစ်သော်လည်း သူတို့၏ ကိုယ်ဖော့ပညာမှာတော့ ထိပ်တန်းအဆင့် ဖြစ်သည်။
အထူးသဖြင့် လေးနှင့်မြားကို ကိုင်ထားသော ကျောက်ဟူနှင့် လေးခွကိုင်ထားသော တနွီတို့သည် သစ်ပင်များကြားတွင် ပုန်းကွယ်နေရုံသာမက သစ်ပင်တစ်ပင်မှ တစ်ပင်သို့ လျင်မြန်စွာ ကူးနေသဖြင့် ရန်သူများကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေ၏။
တောင်ကုန်းပေါ်တွင် ဝပ်နေသော ရှန်ကျစ်ယွမ် နှင့် သူမ၏ အဖော်များသည်လည်း ရန်သူ့အုပ်စု၏ တွေ့ရှိခြင်းကို ခံလိုက်ရသည်။ ဓားကိုင်ထားသော လူတစ်စု တောင်ကုန်းပေါ်သို့ တက်လာပြီး ထိုနေရာတွင် ပုန်းနေသူများမှာ ကိုယ်ခံပညာမတတ်သော ကလေးများသာ ဖြစ်လိမ့်မည်ဟု တွေးတောနေကြသည်။
ထိုရန်သူများမှာ ကလေးများအပေါ် ဒေါသပုံချရန် ကြံစည်နေကြသော်လည်း တစ်ခါတစ်ရံတွင် ခေတ်မီနည်းပညာက ကိုယ်ခံပညာထက် ပို၍ ကြောက်စရာကောင်းသည်ကို သူတို့ မသိခဲ့ကြပေ။
ရှောင်ကျိုးတို့အဖွဲ့မှ လူသိနည်းကာ စကားမပြော၍ ဆွံ့အနားမကြားဟုပင် ထင်မှတ်ထားရသည့် ဝမ်ကျယ်ချန်လေးသည် သူ၏ လက်ထဲရှိ လျှပ်စစ်ရှော့တိုက်တုတ်ကို တိတ်တဆိတ် ထုတ်ယူလိုက်၏။ သူ ခလုတ်ကို နှိပ်ကာ သူ့ရှေ့မှ အရပ်ရှည်ရှည် ဗလကောင်းကောင်း လူကြီး၏ ခြေဖမိုးပေါ်သို့ ဖိကပ်လိုက်ပြီး အပြစ်ကင်းစင်သော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။
ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သကဲ့သို့ ဓားကိုင်ထားသော ထိုလူကြီးမှာ လေထဲတွင်ပင် တွန့်လိမ်တက်သွားပြီး ခဏအကြာတွင် မြေပြင်ပေါ်သို့ အသက်မဲ့စွာ ပြိုလဲကျသွား၏။
ကျန်သောကလေးများမှာလည်း ထိုနည်းအတိုင်း လိုက်လုပ်ကြ၏။ အစပိုင်းတွင် စမ်းတဝါးဝါးဖြင့် ရင်ဆိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင်မူ ကလေးတစ်သိုက်မှ ရန်သူများကို လိုက်လံတိုက်ခိုက်သည့် အဆင့်သို့ ရောက်ရှိလာသည်။
အဝေးမှ လှမ်းကြည့်နေသော ရှောင်ကျိုးသည် တောင်ကုန်းပေါ်ရှိ ဓားကိုင်ထားသော လူတစ်စုမှာ သရဲမြင်သည့်နှယ် ကစဉ့်ကလျား ထွက်ပြေးနေကြပြီး သူတို့နောက်မှ ကလေးတစ်သိုက် လိုက်လံဖမ်းဆီးနေသည်ကို မြင်လိုက်ရ၏။ ကလေးများ၏ လက်ချက်မိသွားသူတိုင်းမှာ မြေပြင်ပေါ်တွင် ‘ဘရိတ်ဒန့်စ်’ ကသကဲ့သို့ တုန်တုန်ယင်ယင် ဖြစ်သွားပြီး လဲကျသွားကြသည်။
ကျောက်ဟူနှင့် သူ့လူများလည်း ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ သူတို့၏ ဓားနှင့်လှံများမှာ ဆွဲဆောင်မှု မရှိတော့သကဲ့သို့ ခံစားလိုက်ရပြီး ထိုရှော့တိုက်တုတ်များဖြင့် ဝင်ကစားချင်စိတ်ပင် ပေါက်သွားကြ၏။
ထိုအချိန်တွင် ရှောင်ကျိုး ရန်သူတစ်ဦးမှ မြေပြင်ပေါ်တွင် တရွတ်တိုက်ပါလာပြီး သေလုမြောပါးဖြစ်နေသော လူတစ်ဦးကို ဓားဖြင့် ပိုင်းရန် ပြင်နေသည်ကို မြင်လိုက်ရ၏။ သူမ ချက်ချင်းပင် အလွန် ဒေါသ ထွက်သွားတော့သည်။
“ကျောက်ဟူ၊ တနွီ သူ့ကို အမြန်ကယ်လိုက်ကြစမ်း”
ရန်သူကို နှိမ်နင်းလိုလျှင် ခေါင်းဆောင်ကို ဦးစွာ ဖမ်းရမည် ဖြစ်သဖြင့် ရှောင်ကျိုး ရန်သူ့ခေါင်းဆောင်ထံသို့ ဦးတည်ကာ ခုန်ဝင်လိုက်သည်။ မြင်းပေါ်မှ လူသည် သူ့ထံသို့ တန်းတန်းမတ်မတ် လာနေသော မိန်းကလေးငယ်ကို ကြည့်ကာ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်များ ပေါ်လာ၏။
ထိုလူမှာ သူ၏ကျောမှ ဓားကြီးကို ဆွဲထုတ်ကာ လေထဲသို့ ခုန်တက်ပြီး ရှောင်ကျိုး၏ ဦးခေါင်းကို အားကုန် လွှဲရိုက်လိုက်သည်။ သို့သော် ရှောင်ကျိုးက သူ့ထက် ပို၍ လျင်မြန်နေခဲ့၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမသည် ထိုလူ၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ထိုလူ၏ ဝမ်းဗိုက်ဆီသို့ အားကုန် ထိုးနှက်လိုက်တော့သည်။
သူ့ပေါင်မျှသာ အရပ်ရှိသည့် ထိုမိန်းကလေးငယ်လေးမှာ ဤမျှ မြန်ဆန်ပြီး အားပါလှသည့် အစွမ်းရှိလိမ့်မည်ဟု ထိုလူ လုံးဝ ထင်မထားခဲ့ပေ။ သူ၏ဝမ်းဗိုက်အား အားပြင်းပြင်း အထိုးခံလိုက်ရသဖြင့် လေထဲသို့ လွင့်စင်သွားကာ မြေပြင်ပေါ် ဘုတ်ခနဲ ပြုတ်ကျသွားသည်။ သူ၏ လက်ထဲမှ ဓားကြီးမှာလည်း မြေပေါ်သို့ လွတ်ကျသွားပြီး သူ၏ ကိုယ်တွင်းအင်္ဂါများမှာလည်း ပြင်းထန်စွာ နာကျင်နေတော့၏။
“ငါတို့ ဗိုလ်ချုပ်ကို လွှတ်လိုက်စမ်း၊ မင်းတို့ တုန်းရှားနိုင်ငံက စစ်ဖြစ်ချင်နေတာလား”
သူတို့ဗိုလ်ချုပ် ရှောင်ကျိုး၏ ခြေဖဝါးအောက်တွင် နင်းခြေခံထားရသည်ကို မြင်သောအခါ ကျန်တဲ့သူများ ဒေါသတကြီးဖြင့် ဓားများကို မြှောက်ကာ ရှောင်ကျိုးအား အပိုင်းပိုင်း ဖြတ်ပစ်ရန် ပြင်ကြသည်။
ရှောင်ကျိုး၏ လေသံမှာ ရေခဲကဲ့သို့ အေးစက်နေ၏။
“နင်တို့ကိုယ်နင်တို့ ဗိုလ်ချုပ်လို့ ခေါ်နေကြတာလား၊ နင်တို့က အမှိုက်တွေပဲ၊ လူ့အသက်တွေကို ဒီလိုမျိုး ကစားစရာလို့ ထင်နေကြတာလား၊ နင်တို့အားလုံးကို ငါ သတ်ပစ်မယ်”
သူမ ထိုဗိုလ်ချုပ်၏ ဓားကြီးကို ကောက်ကိုင်လိုက်ပြီး မြင်သမျှ လူတိုင်းအား မုန်လာဥ လှီးသကဲ့သို့ ပိုင်းဖြတ်တော့၏။ သာမန်ဓားကြီးတစ်စင်းမှာ ရှောင်ကျိုး၏ လက်ထဲတွင် အနန္တတန်ခိုးများ ပြည့်နှက်နေသကဲ့သို့ အလွန်တရာ ထက်မြက်လာခဲ့သည်။
ရှောင်လျို နှင့် ထျဲနျို တို့လည်း အပေးအယူမျှမျှဖြင့် ဝိုင်းဝန်းကူညီကြ၏။ တိုက်ပွဲက ခဏချင်းမှာပင် ပြီးဆုံးသွားခဲ့သည်။ ရှောင်လျိုတွင် ဒဏ်ရာအနည်းငယ် ရသွားသည် မှလွဲ၍ ကျန်သူများမှာ မည်သို့မှ မဖြစ်ကြပေ။ အထူးသဖြင့် တောင်ကုန်းပေါ်မှ ကိုယ်ခံပညာမတတ်သည့် ကလေးတစ်သိုက်မှာမူ သူတို့၏ အစွမ်းကို အားမရသေးဘဲ ရန်သူ့စစ်တပ် အင်အားတစ်သိန်းကိုပင် ရင်ဆိုင်နိုင်တော့မည့်အလား စိတ်ဓာတ်တွေ တက်ကြွနေကြ၏။
ထိုလူများ၏ အလောင်းများကို ကြည့်ကာ အဘိုးကု သတိပေးလိုက်သည်။
“ငါတို့ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားကြရအောင်၊ ဒီလူတွေက ငါတို့ တုန်းရှားနိုင်ငံက လူတွေမဟုတ်ဘူး၊ သူတို့ရဲ့ စစ်ကူတွေ ထပ်ရောက်လာမှာကို ငါတို့ အာမမခံနိုင်ဘူး”
ရှောင်ကျိုး ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမနှင့် ကျောက်ဟူ တို့အဖွဲ့သည် ရန်သူ့အလောင်းများထံမှ တန်ဖိုးရှိသည့် ပစ္စည်းများကို စတင်ရှာဖွေ သိမ်းဆည်းကြတော့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ အခြားသူများလည်း ချက်ချင်းပင် လိုက်လုပ်ကြ၏။
နောက်ဆုံးတွင် မြေပြင်ပေါ်တွင် တရွတ်တိုက် ဆွဲခေါ်ခံထားရသဖြင့် သေလုမြောပါး ဖြစ်နေသည့် လူတစ်စုကို ကြည့်ကာ မည်သို့ လုပ်ရမှန်းမသိ ဖြစ်နေကြသည်။ ရှောင်ကျိုး အဘိုးကုကို လှမ်းကြည့်ပြီး မေးလိုက်သည်။
“သူတို့က ဘယ်သူတွေလဲ၊ ဘယ်မှာ နေကြတာလဲ”
ထို့နောက် သူမ သွေးအလိမ်းလိမ်း ဖြစ်နေသည့် ကျောက်ဟူ၏ အဖေအရွယ်ခန့် လူတစ်ယောက်၏ အနားတွင် ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်၏။
“ဦးလေးတို့က ဘယ်သူတွေလဲ၊ ဘာလို့ အဖမ်းခံထားရတာလဲ”
ထိုလူမှာ သူ့ကို ကယ်တင်သူက စကားပြောလာသည်ကို ကြားသောအခါ လက်အုပ်ချီကာ ဒူးထောက်လိုက်ပြီး ဆိုသည်။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးရှင်တို့ရယ် ဦးလေးတို့က မြို့ထဲက ပန်းပဲဆရာတွေပါ၊ လွန်ခဲ့တဲ့ နာရီအနည်းငယ်က လူတစ်စု ရောက်လာပြီး သူတို့အတွက် လက်နက်တွေ ထုလုပ်ပေးဖို့ ခိုင်းကြတယ်၊ သူတို့က တုန်းရှားလူမျိုးတွေ မဟုတ်မှန်း သိလိုက်ရတော့ ဦးလေးတို့က ငြင်းလိုက်တာပေါ့၊ အဲဒါကို အဲဒီတိရစ္ဆာန်တွေက ဦးလေးတို့ ပန်းပဲဆရာ အားလုံးနဲ့ မိသားစုဝင်တွေကိုပါ ဖမ်းသွားကြတာပါပဲ”
ထိုသို့ပြောရင်း ထိုလူမှာ သူ၏ ဇနီးနှင့် သမီးဖြစ်သူတို့ ထိုတိရစ္ဆာန်များ၏ နှိပ်စက်မှုကို ခံခဲ့ရသည်ကို တွေးမိကာ အလွန်အမင်း ဒေါသထွက်နေတော့၏။ အခြားသူများမှာလည်း ကြေကွဲစွာ သေဆုံးသွားခဲ့ရသည့် သူတို့၏ သမီးနှင့် ဇနီးများအတွက် ငိုကြွေးနေကြသည်။
သူတို့ ဒေါသကို မထိန်းနိုင်တော့ဘဲ မြေပေါ်ရှိ ဓားများကို ကောက်ကိုင်ကာ ရန်သူ့အလောင်းများကို ရူးသွပ်စွာ ပိုင်းဖြတ်ကြတော့၏။
“တိရစ္ဆာန်တွေ”
“ငါ့သမီးကို ပြန်ပေးစမ်း”
“ငါ့မိန်းမကို ပြန်ပေး”
“ငရဲသွားကြစမ်း”
လူတိုင်း ဒေါသထွက်ပြီး အားရပါးရ လုပ်ဆောင်ပြီးသောအခါ ရှောင်ကျိုး အမြန် မေးလိုက်သည်။
“ဦးလေးတို့ အခု ခရီးဆက် သွားနိုင်သေးရဲ့လား”
“ကျွန်မရဲ့ မြင်းလှည်းနှစ်စီးကို ဦးလေးတို့နဲ့ ထားခဲ့ပေးမယ်၊ သွားစရာ နေရာတစ်ခုကိုလည်း ကျွန်မ သိတယ်၊ ကျွန်မကို ယုံလိုက်၊ ကျွန်မရဲ့ ယွိဟွာနောက်ကိုသာ လိုက်သွားကြ၊ သူမက ဘယ်ကို သွားရမလဲဆိုတာ သိတယ်”
အားလုံး ခေါင်းညိတ်လိုက်ကြ၏။ မည်သို့ပင်ဖြစ်စေ သူတို့မှာ အိမ်ပြန်စရာ မရှိတော့၍ မည်သည့်နေရာအား သွားရသွားရ အရေးမကြီးတော့ပေ။
ယွိဟွာ ခေါင်းလေးကို စောင်းကာ ရှောင်ကျိုးကို ကြည့်လိုက်၏။
(ငါ သိတာလား)
ရှောင်ကျိုး ယွိဟွာ၏ ခေါင်းကို ပုတ်ပေးရင်း ဆိုသည်။
“ဟိုဂူလေ၊ နင်မေ့သွားပြီလား၊ ဒီလူတွေကို အဲဒီကို ခေါ်သွားပေးပါ၊ အဲဒီထဲက ကလေးတွေကလည်း နင်နဲ့ ရင်းနှီးနေကြပြီ မဟုတ်ဘူးလား၊ ငါတို့ မစ်ရှင်ပြီးလို့ ပြန်လာရင် နင့်အတွက် ဗီလာလေးတစ်လုံး ဆောက်ပေးမယ်”
အရင်တစ်ကြိမ်က ကလေးမျကို ဂူထဲမှ ကယ်တင်ပြီးနောက် ရှောင်ကျိုး ထိုဂူသို့ ထပ်သွားခဲ့၏။ ဝတ်စုံနက်ဝတ်ထားသည့် လူများက သက်သေဖျောက်ရန် ကလေးများကို သတ်ဖို့ ကြံစည်နေချိန်တွင် ရှောင်ကျိုး သူတို့အား ကယ်ထုတ်ပြီး ဂူ၏ အဝင်အထွက် နေရာတိုင်း၌ ခေတ်မီထောင်ချောက်များကို တပ်ဆင်ထားခဲ့၍ သာမန်လူများ လုံးဝ ဝင်လို့မရတော့ချေ။
ရှောင်ကျိုး ကန်စွန်းဥပျိုးပင်များနှင့် ငရုတ်သီးမျိုးစေ့များကိုပါ ယူဆောင်လာပြီး လင်းချီနှင့် တခြားလူများကိုလည်း မည်သို့ စိုက်ပျိုးရမည်အား သင်ပေးရန် ခိုင်းစေခဲ့သည်။
ထိုဂူထဲ၌ ရှိသည့် ကောင်လေးများမှာ အခုဆိုလျှင် တကယ့်ကို သက်သောင့်သက်သာဖြင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြသည်။ ယခင်က ခရိုင်ဝန်ရှန်မှ သူတို့အတွက် နေရာစီစဉ်ပေးရန် ကြိုးစားခဲ့သော်ငြား ထိုကလေးများက မည်သည့်နည်းလမ်းကို သုံးစေကာမူ ဂူထဲမှ မထွက်ချင်ကြသည်မှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။
သူမအတွက် ဗီလာလေးတစ်လုံး ဆောက်ပေးမည်ဟု ကြားလိုက်ရသောအခါ ယွိဟွာ ခေါင်းကို အဆက်မပြတ် ငြိတ်ပြလေတော့သည်။
ကွပ် ကွပ်
(စိတ်မပူပါနဲ့၊ ကျွန်မ ဒီတာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ခဲ့ပါ့မယ်)
အဘိုးကုလည်း သူ့ထံ၌ ပါလာသည့် ဆေးအချို့ကို အမြန်ထုတ်ယူပြီး ပန်းပဲဆရာကြီးကို ပေးလိုက်၏။
"ဒါတွေကို ခန္ဓာကိုယ်မှာ လိမ်းထားလိုက်ပါ၊ ဒဏ်ရာတွေ ပိုးမဝင်အောင် ကာကွယ်ပေးလိမ့်မယ်”
ရှောင်ကျိုးနှင့် သူမ၏ သူငယ်ချင်းလေးများမှာ ရန်သူ့အလောင်းများမှ သိမ်းဆည်းမိသည့် ငွေများအား ထုတ်ပေးလိုက်ပြီး မှာလိုက်သည်။
"ဒီငွေတွေကို ယူထားကြပါ၊ ဟိုကို ရောက်တဲ့အခါ တစ်ခုခု လိုအပ်တာရှိရင် လင်းချီ ဆိုတဲ့လူကို ရှာပြီး ပြောလိုက်လို့ ရပါတယ်"