အခန်း ၃၉
Vol. 4 Ch. 39
39
ရှောင်ကျိုး မြင်းများကို ကြည့်ပြီး တခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် ယွိဟွာကို ခေါ်ကာ မြင်းတစ်ကောင်ချင်းစီအား ကူပိုးတစ်ကောင်စီ ကျွေးခိုင်းလိုက်၏။ ပြီးနောက် ထိုမြင်းများကို ဂူထဲသို့ ပြန်ခေါ်သွားရန် ယွိဟွာအား တာဝန်ပေးလိုက်ပြန်သည်။
‘မြင်းဆိုတာ တန်ဖိုးရှိတဲ့ အရာတွေပဲ၊ ငါတို့မှာ ရှိထားမှဖြစ်မယ်’
လူအုပ်ကြီး ထွက်ခွာသွားသည်ကို ကြည့်ရင်း ဖက်တီးလေး မေးလိုက်၏။
“ငါတို့က ဟိုရောက်တဲ့အထိ လမ်းလျှောက်သွားကြမှာလား”
ရှောင်ကျိုး လှည့်ပင်မကြည့်ဘဲ ဖြေလိုက်သည်။
“ဟုတ်တယ်၊ နင်က အရမ်းဝနေပြီ၊ ဝိတ်ချဖို့ လိုတယ်”
သူတို့ ဒဏ်ရာရထားသည့် အဘိုးကုအတွက် မြင်းတစ်ကောင် ချန်ထားပေးခဲ့သည်။ အဘိုးအိုမှ ထိုတောင်ကို ကျော်လိုက်သည်နှင့် သူတို့ သွားမည့် နေရာအား ရောက်ပြီဟု ပြောရာ ကျန်သူများမှာ ရှောင်ကျိုးနောက်မှ စစ်ရေးလေ့ကျင့်သကဲ့သို့ လမ်းလျှောက်လျက် လိုက်ပါလာကြသည်။
ကျောက်ဟူနှင့် သူ့သူငယ်ချင်းများသည် ယနေ့သာ ရွာလူကြီးလေး မပါခဲ့လျှင် မြင်းနောက်၌ တရွတ်တိုက် ဆွဲခေါ်ခံရမယ့်သူများမှာ သူတို့ကိုယ်တိုင် ဖြစ်နေမည်ကို သိနေကြ၏။ ယနေ့ ရွာလူကြီးမှ လူအတော်များများကို ကူညီခဲ့သည်။ သူတို့က အားနည်းလွန်းသေး၍ ရှောင်ကျိုး၏ အကူအညီကို အမြဲတမ်း လိုအပ်နေရဆဲပင်။
ထို့အပြင် အပြင်လောကကြီးသည် အလွန် အန္တရာယ်များပြီး အကယ်၍ သူတို့သာ အရည်အချင်းမရှိလျှင် သူတို့မိသားစုများမှာလည်း ပန်းပဲဆရာများ၏ မိသားစုကဲ့သို့ ကြမ္မာဆိုးနှင့် ရင်ဆိုင်ရမည်ကို ကောင်းကောင်း နားလည်သွားကြသည်။ လူတိုင်းကိုယ်စီ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြ၏။
ရှောင်ကျိုး အဘိုးကုကို မေးလိုက်သည်။
“အဘိုး ဒီလူတွေက ဘယ်နိုင်ငံကလဲဆိုတာ သိလား”
အဘိုးအို မသေချာသည့် လေသံဖြင့် ဆို၏။
“သူတို့ရဲ့ လေယူလေသိမ်းအရဆိုရင်တော့ ‘တောင်ပိုင်းလင်’ နိုင်ငံက ဖြစ်ပုံရတယ်၊ ဒါပေမဲ့ နန်းတော်က တောင်ပိုင်းလင်နိုင်ငံနဲ့ စစ်ဖြစ်နေတယ်လို့တော့ ငါမကြားမိပါဘူး၊ တကယ်ဆိုရင် သူတို့တွေက ငါတို့ ‘အရှေ့ပိုင်းရှား’ နိုင်ငံသားတွေကို ဒီလိုမျိုး ဗြောင်ကျကျ ဖမ်းဆီးဖို့ မဝံ့ရဲသင့်ဘူး၊ ဒီနေရာက နယ်စပ်နဲ့လည်း နီးတော့ မြို့ထဲမှာ အခြေအနေ ဘယ်လိုရှိမလဲဆိုတာ ငါ မသိတော့ဘူး”
ခရိုင်ဝန်ရှန်၏ သမီးဖြစ်သူ ရှန်ကျစ်ယွမ်လည်း သူမအဖေ နယ်စပ်ဒေသအကြောင်း ပြောပြသည်ကို ကြားဖူးထားသည်။
“နယ်စပ်မှာ အခုတလော မအေးချမ်းဘူးလို့ ဖေဖေပြောတာ ကြားဖူးတယ်၊ တောင်ပိုင်းလင်နိုင်ငံက နယ်စပ်ကို ခဏခဏ လာနှောင့်ယှက်ပြီး စစ်မီးမွှေးချင်နေတာတဲ့၊ ဒါပေမဲ့ ကံဆိုးတာက နန်းတော်ထဲက အသုံးမကျတဲ့သူတွေက ဘယ်သူမှ ထွက်မတိုက်ချင်ကြဘူးလေ”
“နန်းတော်က အဲဒီလောက်တောင် အားနည်းတာလား၊ အရှေ့ပိုင်းရှားနိုင်ငံ တစ်နိုင်ငံလုံးမှာ အရည်အချင်းရှိတဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်မှ မရှိတော့ဘူးလား”
ရှောင်ကျိုး နားမလည်နိုင်စွာ မေးလိုက်၏။
“ဟက်”
အဘိုးအို လှောင်ပြုံးပြုံးလိုက်သည်။
“ကျိန့်ပေမြို့စားနဲ့ ရှီမိသားစု စစ်တပ်သာ ရှိနေသေးရင် ရန်သူတွေက ဒီလိုမျိုး ဘယ်ရဲပါ့မလဲ နှမြောဖို့ ကောင်းလိုက်တာ”
အဘိုးအို သူ့မျက်လုံးထဲမှ ဝမ်းနည်းရိပ်များကို ဖုံးကွယ်ရင်း သက်ပြင်းအရှည်ကြီး ချလိုက်၏။
“နောင်တစ်ချိန်ကျရင် ကျွန်တော် ဗိုလ်ချုပ်ကြီး ဖြစ်အောင် လုပ်မယ်”
ကျောက်ဟူ တည်ကြည်စွာ ပြောလိုက်သည်။
ကျောက်ဟူ ဗိုလ်ချုပ်ကြီး ဖြစ်ချင်သည်ဟု ပြောခြင်းက ပထမဆုံးအကြိမ် မဟုတ်သော်ငြား ယခုတစ်ခါမှာတော့ နောက်ပြောင်နေခြင်း မဟုတ်ဘဲ တကယ်ကို အလေးအနက်ထား ပြောနေသည်အား လူတိုင်း ခံစားလိုက်ရ၏။
“ဒါဆိုရင် ငါက နောင်ကျရင် စစ်သေနင်္ဂဗျူဟာရှင် ဖြစ်လာမှာပေါ့၊ ဟားဟား မင်းက အရမ်းတုံးတာပဲ၊ ငါကပဲ မင်းအတွက် အကြံထုတ်ပေးရမှာ”
တနွီ က ကျောက်ဟူ၏ ပုခုံးကို ပုတ်ရင်း နောက်ပြောင်လိုက်သည်။
“ဘယ်သူ့ကို တုံးတယ်ပြောတာလဲ၊ နောက်တစ်ခါ ပြောကြည့်စမ်း”
ကျောက်ဟူ လက်သီးနှင့် ပြန်ထိုးရန် ပြင်လိုက်၏။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လိုက်တမ်းပြေးတမ်း ကစားရင်း အရှေ့မှ ထွက်သွားကြသည်။
တာ့ယာက ရွာလူကြီးလေး၏ လက်ကို ကိုင်ပြီး မေးလိုက်၏။
“ရွာလူကြီးလေး၊ ရွာလူကြီးလေးကကော ကြီးလာရင် ဘာဖြစ်ချင်လဲ”
ရှောင်ကျိုး ခေါင်းခါပြလိုက်သည်။ သူမ နောင်တစ်ချိန်မှာ မည်သည့်အရာအား လုပ်ရမည်ကို တကယ်မသိသေးပေ။ သို့သော် ယခုလောလောဆယ် သူမ၏ ရည်မှန်းချက်ကတော့ ထောင်ယွမ်ရွာ၏ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ရန်နှင့် ရွာသားများ ဝဝလင်လင် စားသောက်ဝတ်ဆင်နိုင်ပြီး သူတပါး အနိုင်ကျင့်သည်ကို မခံရဖို့ပင်။
သို့သော်လည်း ကမ္ဘာပျက်ကပ်က စွမ်းအားရှင်များမှာ သူတို့ကိုယ်ပိုင် အခြေစိုက်စခန်းများ တည်ထောင်ရန် စိတ်အားထက်သန်ခဲ့ကြသည်ကို သူမ သတိရသွားသည်။ သူမလည်း နောင်တစ်ချိန်မှာ မည်သူ့စကားမှ နားထောင်စရာမလိုဘဲ ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်မည့် ကိုယ်ပိုင် အခြေစိုက်စခန်းတစ်ခု တည်ထောင်မည်ဟု တွေးလိုက်မိ၏။
‘ဒါပေမဲ့ အခုက ရှေးခေတ်ဖြစ်ပြီး တစ်နိုင်ငံလုံးက ဧကရာဇ်မင်းရဲ့ စကားကို နားထောင်ရမှာဆိုတော့ ဒီအတွေးကို ထုတ်မပြောတာ အကောင်းဆုံးပါပဲ’
“တာ့ယာ နင်ကော ဘာဖြစ်ချင်လဲ”
“ငါသာ ဖြစ်နိုင်ရင် အရည်အချင်းရှိတဲ့ အမျိုးသမီး သမားတော် ဖြစ်ချင်တယ်”
သူမ ငယ်ငယ်ကတည်းက သမားတော်ဟွမ်နောက်ကို လိုက်ပြီး ဆေးပင်များအကြောင်း လေ့လာရသည်ကို ဝါသနာပါခဲ့၏။
ရှောင်ကျိုး ရှေ့မှ မြင်းစီးသွားနေသည့် အဘိုးအိုကို ကြည့်ပြီး ပြောလိုက်သည်။
“နင် သေချာပေါက် တော်တဲ့ အမျိုးသမီးသမားတော် ဖြစ်လာမှာပါ”
ရွာလူကြီးထံမှ အားပေးစကား ကြားရသည့်အတွက် တာ့ယာတစ်ယောက် အလွန် ဝမ်းသာသွား၏။ ဖြစ်နိုင်မဖြစ်နိုင်ထက် ရွာလူကြီးမှ သူမကို ထောက်ခံ အားပေးနေသည်ကပင် သူမအတွက် အင်အားတစ်ခု ဖြစ်စေသည်။
ဆက်လက်ပြီး တာ့ယာ သူမ၏ ရည်မှန်းချက်ကို ပြောပြလေတော့၏။
“နောင်ကျရင် စစ်မြေပြင်ကိုသွားပြီး ဒဏ်ရာရတဲ့ စစ်သည်တွေကို ကုသပေးချင်တယ်”
တာ့ယာ၏ စကားကို ကြားလိုက်ရသည့်အခါ ထျဲနျိုလည်း ရွာလူကြီးလေးကို အပြေးအလွှား ပြောတော့သည်။
“ကျွန်တော်လည်း နောင်ကျရင် ဗိုလ်ချုပ်ကြီး ဖြစ်ချင်တာ၊ ကျောက်ဟူထက်တောင် ပိုပြီး စွမ်းအားကြီးမှာ သေချာတယ်”
ဖက်တီးလေးလည်း ထုံးစံအတိုင်း ဝင်ရောက်စပ်စုပြန်၏။
“ငါကတော့ နောင်ကျရင် အရှေ့ပိုင်းရှားနိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးကြီး ဖြစ်အောင်လုပ်ပြီး မင်းတို့အားလုံးကို ထောက်ပံ့ပေးမယ်”
…
ကလေးတစ်သိုက် သူတို့၏ အနာဂတ်ကိုယ်စီကို စိတ်ကူးယဉ်ရင်း တက်ကြွစွာ စကားဖောင်ဖွဲ့နေကြ၏။
ယခုအချိန်တွင် သူတို့၏ စိတ်အားထက်သန်မှုမှာ နွေလယ်ည၏ လွင်ပြင်ကျယ်ကြီးကဲ့သို့ အချိန်နှင့် လေပြေများကိုပင် ဂရုမစိုက်နိုင်လောက်အောင် ပြင်းထန်နေတော့သည်။
…
နေဝင်ရီတရော အချိန်ရောက်သည့်အခါ နေမင်း၏ နောက်ဆုံးအလင်းတန်းများ တိမ်တိုက်များအား ခွဲထွက်ပြီး ကောင်းကင်ယံတစ်ခုလုံးကို ရွှေရောင်၊ အနီရောင်များ ခြယ်သလိုက်သည်။ ကြည့်ရသည်မှာ ဆေးရောင်စုံများ ဖျန်းပက်ထားသည့် ဆီဆေးပန်းချီကားတစ်ချပ်ကဲ့သို့ပင် လှပလွန်းလှ၏။
သို့သော် ခရီးသွားနေသူများမှာတော့ ထိုအလှအပကို ခံစားရန် စိတ်မပါနိုင်ကြတော့ပေ။ အားလုံး ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်၍ နားခိုရန် တည်းခိုခန်းတစ်ခုကိုသာ အမြန်ဆုံး ရှာတွေ့ချင်နေကြသည်။
“ဒီည ဘယ်မှာ တည်းကြမှာလဲ”
ဖက်တီးလေး မောဟိုက်နေသည့် လေသံဖြင့် အဘိုးအိုကို မေးလိုက်သည်။
“ရှေ့နားက မြို့လေးမှာ တည်းခိုခန်းတစ်ခု ရှိတယ်”
အဘိုးအို ရှေ့ကို ညွှန်ပြရင်း ပြောလိုက်၏။
ရှေ့၌ တည်းခိုခန်းရှိသည်ဆိုသော သတင်းကို ကြားလိုက်ရ၍ ကောင်လေးများ၏ ပင်ပန်းမှုများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး ကြက်သွေးထိုးထားသကဲ့သို့ အားအင်များ ပြန်ပြည့်လာကြသည်။
“တက်ကြဟေ့”
“ငါ အသားစားချင်ပြီ”
“ငါ ထမင်းမွှေးမွှေးလေး စားချင်ပြီ”
“ငါ အိပ်ချင်ပြီ”
“....”
ရှောင်ကျိုးကတော့ အားလုံး၏ ရှေ့ဆုံးမှ ဦးဆောင်နေ၏။ မကြာခင်မှာပင် အဝေးက အိမ်ခေါင်မိုးများမှ မီးခိုးများ ထွက်နေသည်ကို မြင်လိုက်ရ၏။ သူမ၏ နှာခေါင်းထဲမှာ ဟင်းနံ့များ ရနေသကဲ့သို့ ခံစားရပြီး ဗိုက်ထဲမှလည်း တဂွီဂွီ မြည်နေလေပြီ။
‘တကယ်ကို ဆာနေပြီ’
သူတို့အဖွဲ့ အရှိန်မြှင့်၍ လျှောက်လှမ်းလာကြရင်း နောက်ဆုံးမှာတော့ မြို့လေးကို ရောက်ရှိလာခဲ့သည်။ မြို့က သေးငယ်သော်လည်း တကယ့်ကို စည်ကားလှ၏။ အိမ်တိုင်း၏ ရှေ့တွင် မီးအိမ်များကို ချိတ်ဆွဲထားပြီး လူအုပ်ကြီးမှာလည်း လှုပ်လှုပ်ရှားရှား ရှိနေသည်။ ဟိုပြေးဒီပြေး ကစားနေသည့် ကလေးများ၊ ပေါက်တူးများကို ထမ်းလာသည့် လယ်သမားကြီးများနှင့် ဈေးသည်များ၏ အော်သံများကြောင့် တကယ့်ကို သက်ဝင်နေ၏။
“ဟိုမှာကြည့်၊ အဲဒါ တည်းခိုခန်းပဲ”
အဘိုးအို ရှေ့က နှစ်ထပ်အဆောက်အအုံကို ညွှန်ပြလိုက်သည်။ ထိုနေရာတွင် “မင်္ဂလာတည်းခိုခန်း”ဟု ရေးထားသည့် ဆိုင်းဘုတ်ကြီးကို တွေ့လိုက်ရ၏။
အားလုံး လှမ်းကြည့်လိုက်သည့်အခါ တည်းခိုခန်းရှေ့တွင် မြင်းလှည်းအတော်များများ ရပ်ထားသည်ကို တွေ့ရ၏။ ပွဲတော်ရက်ဖြစ်၍ လာတည်းသူ များနေပုံရသည်။
ဖက်တီးလေးကတော့ အရင်ဆုံး ပြေးဝင်သွားလိုက်တာ တံခါးဝမှ စားပွဲထိုးလေးကိုပင် တိုက်မိမလို ဖြစ်သွားသည်။ စားပွဲထိုးလေး စိတ်မဆိုးဘဲ ပြုံးပြုံးရွှင်ရွှင်ဖြင့် ကြိုဆိုလိုက်သည်။
“ကြွပါ ခင်ဗျာ၊ အစားအသောက် စားမှာလား၊ တည်းခိုဖို့လား ခင်ဗျာ”
“နှစ်မျိုးလုံး နှစ်မျိုးလုံးပဲ”
ဖက်တီးလေး အလောတကြီး ဖြေလိုက်ပြီး သူ့မျက်လုံးများမှာတော့ စားပွဲဝိုင်း အလွတ်တစ်ခုအား အမြန်ရှာနေ၏။
“အချိန်ကိုက် ရောက်လာတာပဲ၊ ကျွန်တော်တို့ရဲ့ အထူးဟင်းလျာက အခုလေးတင် အိုးထဲက ချထားတာ၊ စိတ်ကျေနပ်စေရမယ်လို့ အာမခံပါတယ်”
စားပွဲထိုးလေး သူတို့ကို အားနေသည့် စားပွဲဝိုင်းတစ်ခုထံသို့ ခေါ်သွားလိုက်၏။
မကြာခင်မှာပင် အငွေ့တထောင်းထောင်းနှင့် မွှေးကြိုင်လှသည့် ဟင်းလျာများ ရောက်လာသည်။ ဖြူဖွေးနေသော ထမင်းပူပူလေးနှင့် အရသာရှိသည့် ဟင်းပွဲများက လူတိုင်း၏ ဆာလောင်မှုကို နှိုးဆွပေးလိုက်သကဲ့သို့ပင်။ ဆာလောင်နေသော ကလေးတစ်သိုက်မှာ သူတို့၏ ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အသားနှင့် ထမင်းအား အားပါးတရ စားသောက်ကြတော့သည်။
ဗိုက်ဝသွားမှသာ သူတို့ တည်းခိုခန်း ပတ်ဝန်းကျင်ကို သေချာ ကြည့်နိုင်ကြတော့သည်။ တည်းခိုခန်း အတွင်းပိုင်းအား ရိုးရှင်းသော်လည်း သပ်သပ်ရပ်ရပ် ပြင်ဆင်ထား၏။ နံရံများ၌ ရှုခင်းပုံများနှင့် ကျေးလက်အလှ ပန်းချီကားအချို့ကို ချိတ်ဆွဲထားသောကြောင့် သေးငယ်သည့် နေရာလေးမှာ ကဗျာဆန်လှ၏။
တည်းခိုခန်းပိုင်ရှင်သည် ကြင်နာတတ်မည့် ပုံရှိသော လူကြီးတစ်ယောက်ပင်။ ဆိုင်ထဲ၌ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက်လည်း ရှိနေပြီး ရှောင်ကျိုးတို့အဖွဲ့အား စပ်စုသည့် မျက်လုံးလေးများဖြင့် ကြည့်နေ၏။ သူသည် ဆိုင်ရှင်၏ သားဖြစ်ပုံရသည်။ ကလေးအများကြီးအား တစ်ပြိုင်နက်တည်း မြင်ဖူးသည်မှာ ပထမဆုံးဖြစ်၍ သူလည်း ထူးဆန်းကာ အတူ ကစားချင်နေခြင်း ဖြစ်သည်။
ရှောင်ကျိုး သူ့ကို လှမ်းခေါ်လိုက်၍ ကောင်လေးလည်း ဝမ်းသာအားရ အနားသို့ ရောက်လာ၏။
ရှောင်ကျိုး မေးလိုက်သည်။
“ဒီမှာ ဘာလို့ ဒီလောက်တောင် စည်ကားနေတာလဲ၊ ဘာလို့ အိမ်တိုင်းရဲ့ တံခါးဝမှာ မီးအိမ်အနီရောင်တွေ ချိတ်ထားတာလဲ၊ ထူးခြားတဲ့ ပျော်ပွဲရွှင်ပွဲ တစ်ခုခု ရှိလို့လား”
အခြားကလေးများလည်း စပ်စုချင်နေကြ၏။ ထိုနေရာမှာ သူတို့နေသည့် ‘ချင်းရှန်းခရိုင်’ ထက် ပိုစည်ကားနေသကဲ့သို့ပင်၊ အထူးသဖြင့် ညဘက်၌ ဖြစ်သည်။ လမ်းမပေါ်တွင်လည်း လူများ ပြည့်နှက်နေသကဲ့သို့ တည်းခိုခန်းရှေ့၌လည်း မြင်းလှည်းများ များစွာ ရပ်ထားကြ၏။
ကောင်လေး စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။
“ဘာလို့လဲဆိုတော့ နောက်ရက်အနည်းငယ်ကြာရင် ကျွန်တော်တို့ ‘ရှန်းယွန်း’ မြို့ရဲ့ ယဇ်ပူဇော်ပွဲတော် ရှိလို့လေ”
“ယဇ်ပူဇော်ပွဲတော် ဆိုတာ ဘာလဲ”
ရှောင်ကျိုး ဤကဲ့သို့သော ပူဇော်ပွဲမျိုးကို တစ်ခါမှ မကျင်းပဖူးသောကြောင့် အလွန် စိတ်ဝင်စားသွားတော့သည်။