အခန်း ၄၀
Vol. 4 Ch. 40
40
ကောင်လေး ဝမ်းသာအားရ ပြောလိုက်၏။
"ဒါက တောင်စောင့်နတ်ပူဇော်ပွဲလေ”
သို့သော် ရှောင်ကျိုးနှင့် သူမ၏ အဖော်များမှာမူ မည်သည်ကို ဆိုလိုမှန်း မသိကြသေးဘဲ ကြောင်တောင်တောင် ဖြစ်နေကြဆဲပင်။
ထိုအခါ ဆိုင်ရှင်ဖြစ်သူမှ အနားသို့ လျှောက်လာပြီး ရှင်းပြလေသည်။
"ကျွန်တော်တို့ မြို့လေးက တောင်တန်းတွေ ဝိုင်းရံထားပြီး ဒီတောင်တန်းတွေကပဲ ကျွန်တော်တို့ ဘဝအတွက် အကာအရံတွေ ဖြစ်သလို အသက်မွေးဝမ်းကျောင်းပြုရာ ရင်းမြစ်တွေလည်း ဖြစ်တယ်"
"နှစ်တိုင်း စက်တင်ဘာ ၁၅ ရက်နေ့ရောက်ရင် တောင်စောင့်နတ်မင်းက ကျွန်တော်တို့အပေါ် ကြွယ်ဝတဲ့ သယံဇာတတွေနဲ့ အေးချမ်းတဲ့ဘဝကို ပေးသနားတဲ့အတွက် ကျေးဇူးတော် ချီးမွမ်းပွဲကို ခမ်းခမ်းနားနား ကျင်းပကြတယ်”
"အဲဒါကြောင့် အခုလို အချိန်မျိုးဆိုရင် မြို့လေးက ထူးထူးခြားခြား စည်ကားနေတတ်ပြီး အိမ်တိုင်းကလည်း တောင်စောင့်နတ်မင်းကို ကြိုဆိုတဲ့အနေနဲ့ အနီရောင် မီးအိမ်တွေကို ချိတ်ဆွဲထားကြတယ်လေ"
"မြို့ထဲမှာ ပျော်ပွဲရွှင်ပွဲ အမျိုးမျိုး ကျင်းပပြီး အထူးသဖြင့် ငယ်ရွယ်တဲ့ လူပျို၊ အပျိုတွေအတွက် ပိုထူးခြားတယ်၊ အဲ့ဒီနေ့တွေမှာ ဖွင့်ဟဝန်ခံ ကြတာတို့၊ စေ့စပ်ကြတာတို့ဆိုရင် တောင်စောင့်နတ်မင်းရဲ့ ကောင်းချီးပေးခြင်းခံရတဲ့ စုံတွဲတွေလို့ အယူရှိကြတာကိုး၊ ဒါကြောင့် အပျိုလေးတွေက သူတို့ရဲ့ အလှဆုံး အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေကို ဝတ်ဆင်ပြီး ဖူးစာရှင်နဲ့ ဆုံတွေ့ဖို့ မျှော်လင့်ချက်နဲ့ အပြင်ထွက်ကြတာပေါ့ဗျာ"
ထိုစကားကို ကြားရသည့်အခါ ရှောင်ကျိုးနှင့် အဖွဲ့သားများမှာ အလွန် စိတ်ဝင်စားသွားကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ လည်ပတ်ရန် မအောင့်နိုင်အောင်ပင် ဖြစ်နေကြတော့၏။
"သွားကြလေ၊ ငါကတော့ တည်းခိုခန်းမှာပဲ စောင့်နေမယ်"
ကလေးများ သွားကစားချင်နေသည်ကို မြင်သောအခါ အဘိုးကု လက်ကာပြရင်း ပြောလိုက်သည်။ ကလေးများ၌ အင်အားအပြည့် ရှိနေကြ၍ သူကဲ့သို့ အဘိုးကြီးမှာတော့ ထိုပွဲလမ်းသဘင်များတွင် သွားမရှုပ်သင့်ဟု သူ တွေးမိသည်။
"သွားကြစို့၊ သွားကြစို့”
အပြင်သို့ မထွက်မီ ၎င်းတို့အဖွဲ့သည် ဟိုတယ်မှ ကောင်ငယ်လေးကိုပါ တစ်ပါတည်း ခေါ်သွားကြ၏။
"နင်က ငါတို့ကို ဘယ်နေရာတွေက ပျော်စရာကောင်းလဲဆိုတာ လိုက်ပြပေး၊ ဒါက နင့်အတွက် ဆုလာဘ်ပဲ"
ရှောင်ကျိုး ငွေစအချို့ကို ထုတ်ပေးပြီး လမ်းပြခိုင်းလိုက်သည်။
"ဟုတ်ကဲ့”
ကောင်လေးမှာ သူတို့ထက်ပင် ပို၍ စိတ်လှုပ်ရှားနေပုံရ၏။ သူကိုယ်တိုင်လည်း အပြင်ထွက်လည်ချင်နေသည်မှာ ကြာပြီ မဟုတ်ပါလား။
ကောင်လေးသည် ရှောင်ကျိုးနှင့် အဖွဲ့သားများကို စည်ကားလှသော လမ်းမများအတိုင်း ခေါ်ဆောင်သွားလိုက်သည်။ မြင့်မားစွာ ချိတ်ဆွဲထားသော မီးအိမ်နီများက ညအမှောင်ကို နွေးထွေးမှုနှင့် လျှို့ဝှက်ဆန်းပြားသည့် အလှတရားတို့ဖြင့် ခြယ်သထား၏။
လမ်းဘေးတစ်လျှောက်တွင် ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများ ဆူညံနေ၏။ အချို့က သကြားအရုပ်များ၊ အချို့မှာ ဂျုံအရုပ်များ ရောင်းကြသကဲ့သို့ လက်မှုအလှဆင်ပစ္စည်းများနှင့် တောင်ထွက်ပစ္စည်းများ ရောင်းချနေကြသဖြင့် အလွန်ပင် စည်ကားသိုက်မြိုက်လှပေသည်။
လေထုထဲတွင်လည်း အစားအသောက်များ၏ မွှေးရနံ့များ ပျံ့လွင့်နေရာ သွားရည်ကျစရာပင် ကောင်းနေတော့၏။
"မြစ်ထဲမှာ ဆီမီးမျှောတာ သွားကြည့်ရအောင်”
ကောင်လေးမှာ မျက်လုံးလေးများ တောက်ပလျက် အကြံပြုသည်။
"သွားမယ်လေ၊ ဘယ်နားမှာလဲ"
လမ်းမပေါ်မှ အလှအပများစွာသည် အဖွဲ့သားအားလုံးကို မိန်းမောသွားစေ၏။
မကြာမီ ၎င်းတို့အဖွဲ့ မြို့လေးရှိ မြစ်ငယ်အနားသို့ ရောက်ရှိလာကြသည်။
ထိုအချိန်တွင် မြစ်ပြင်ပေါ်၌ ဆီမီးခွက်ပေါင်းများစွာ မျောပါနေကြပြီး တစ်ခွက်ချင်းစီတွင် လူတို့၏ လှပသော ဆုတောင်းချက်များ ပါဝင်နေသည်။ လေအဝေ့တွင် ငြိမ့်ငြိမ့်လေး လှုပ်ခတ်နေသော ဆီမီးခွက်လေးများမှာ ရေပြင်ပေါ်သို့ ကြယ်များ ကြွေကျနေသည့်အလား ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။
"ငါလည်း ဆီမီးမျှောချင်တယ်"
သူတို့အားလုံး ဆီမီးခွက်လေးများကိုယ်စီ ဝယ်လိုက်ကြပြီး ရှောင်ကျိုး ကောင်လေးငယ်အတွက်ပါ တစ်ခွက် ဝယ်ပေးလိုက်သည်။
"နင် ဘာတွေ ရေးနေတာလဲ"
ကျောက်ဟူ အနားသို့ တိုးကပ်ကာ ချောင်းကြည့်ရင်း မေး၏။
"အသံထွက်ပြောလိုက်ရင် ဆုတောင်းက မပြည့်တော့ဘူးလေ"
ရှောင်ကျိုး သူမရေးထားသည်ကို အမြန်ပင် ဖုံးကွယ်လိုက်ရသည်။
ထိုစကားကို ကြားသောအခါ ကျောက်ဟူနှင့် အခြားသူများလည်း သူတို့ရေးထားသည်များကို အလုအယက် ဖုံးကြတော့၏။
သူတို့ ဆုတောင်းချက်များကို တိတ်တဆိတ် ရေးသားပြီးနောက် ဆီမီးခွက်လေးများအား မြစ်ထဲသို့ မျှောလိုက်ကြသည်။
"နောက်ထပ် ဘယ်သွားကြမလဲ"
"ဟိုဘက်မှာ စကားထာဝှက်တမ်း ကစားတာတွေ၊ ခြင်္သေ့အက ဖျော်ဖြေပွဲတွေနဲ့ မျက်လှည့်ပြပွဲတွေ ရှိတယ်”
ဒေသခံပီပီ နေရာအနှံ့ သိနေသော ကောင်လေးသည် လူအုပ်ကြားထဲ တိုးဝှေ့လျက် ဈေး၏ အလယ်ဗဟိုသို့ ခေါ်ဆောင်သွားပြန်၏။
ထိုနေရာသည် အမှန်တကယ်ပင် ဆူညံစည်ကားလျက် ရှိနေ၏။
စကားထာဝှက်သည့် ဆိုင်များတွင် လူများ ပြည့်နှက်နေပြီး အဖြေရအောင် စဉ်းစားနေကြသည်။
မလှမ်းမကမ်းရှိ မြေကွက်လပ်တွင်မူ ရောင်စုံဝတ်စုံများ ဝတ်ဆင်ထားသော ခြင်္သေ့အကအဖွဲ့မှာ ဗုံစည်းချက်နှင့်အညီ ကပြနေကြသည်။ သူတို့၏ လှုပ်ရှားမှုများသည် သွက်လက် ထက်မြက်လှသဖြင့် လူအုပ်ကြီးထံမှ လက်ခုပ်သံများ ဟိန်းထွက်နေ၏။
ဘေးနားရှိ မျက်လှည့်နှင့် ကာယဗလပြပွဲများမှာလည်း ရင်ဖိုစိတ်လှုပ်ရှားဖွယ် ကောင်းလှသဖြင့် ကြည့်ရှုသူများ အသက်ရှူမှားလောက်အောင်ပင် ဖြစ်ရသည်။
ထို့ကြောင့်ပင် ရှောင်ကျိုးနှင့် အဖွဲ့သားများသည် လူအုပ်ကြီးနှင့်အတူ ပွဲတော်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားကြတော့၏။
ညဉ့်နက်လာသော်လည်း မြို့လေး၏ စည်ကားမှုမှာ လျော့ပါးမသွားပေ။
ရှောင်ကျိုးနှင့် အဖွဲ့သားများ မပြန်ချင်ပြန်ချင်ဖြင် လူအုပ်ထဲမှ ထွက်ခွာလာပြီး တည်းခိုခန်းသို့ ပြန်လာခဲ့ကြသည်။
"ငါတော့ ဒီနေရာကို အရမ်း သဘောကျတာပဲ"
ရှောင်ကျိုးနှင့် အခြားသူများသည် ယခင်က ကစားခဲ့သည့် ပျော်ပွဲရွှင်ပွဲများအကြောင်းကို အားရပါးရ ဆွေးနွေးနေကြဆဲပင်။
ဤနေရာလေးမှာ အမှန်တကယ်ပင် ပျော်စရာကောင်းလှသည်။ ရှောင်ကျိုး နောက်ထပ် ညအနည်းငယ်လောက်ပင် ထပ်နေချင်မိသေး၏။ သူမသည် တောင်စောင့်နတ်ပူဇော်သည့် အခမ်းအနားကိုလည်း ကိုယ်တိုင် ကိုယ်ကျ ကြည့်ရှုချင်နေ၏။
ညဉ့်နက်လာသည်နဲ့အမျှ မြို့လေးမှာ တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ လေထဲတွင် တရိပ်ရိပ် လွင့်နေသည့် မီးအိမ်နီလေးများက တောင်စောင့်နတ်မင်းနှင့် လူသားတို့ကြားရှိ နွေးထွေးသည့် ပုံပြင်များကို ပြောပြနေသယောင် ရှိနေသည်။
နောက်တစ်နေ့ မနက်တွင် သူတို့အားလုံး ခရီးဆက်ရန် ပြင်ဆင်ကြ၏။ ရှောင်ကျိုးသည် မနေ့ကတည်းက မြို့ထဲမှ မြင်းလှည်း နှစ်စီး ဝယ်ထားပြီး ဖြစ်၍ ယနေ့မှာတော့ အားလုံး မြင်းလှည်းဖြင့် သက်သောင့်သက်သာ သွားနိုင်ကြပြီ ဖြစ်သည်။
တည်းခိုခန်းတံခါးဝမှ ကောင်လေးမှာ သူတို့ ထွက်ခွာတော့မည်ကို မြင်သောအခါ သူ ယူဆောင်လာသည့် ခြင်းတောင်းလေးအား ရှောင်ကျိုးတို့ထံ အမြန် ကမ်းပေးလိုက်၏။
"ဒါတွေက ဒီမနက်တင် တောင်ပေါ်ကနေ သွားခူးလာတဲ့ ပိုးစာသီးတွေပါ၊ လမ်းခရီးမှာ စားဖို့ လက်ဆောင်ပေးတာပါ"
ရှောင်ကျိုး ဝမ်းသာအားရ လှမ်းယူလိုက်ပြီး ပြောလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်"
ထို့နောက် သူမသည် ကျောပိုးအိတ်ထဲမှ သကြားလုံးမျိုးစုံပါသည့် အိတ်ကြီးတစ်အိတ်ကို ထုတ်ပေးလိုက်၏။
"ရော့ ဒါလေး ယူထားလိုက်၊ ငါ နင့်နာမည်တောင် မသိရသေးဘူးနော်"
ရှောင်ကျိုး သကြားလုံးအိတ်ကို ကမ်းပေးရင်း မေးလိုက်၏။
"ငါ့နာမည်က မန်ချန်းပါ၊ အဖေကတော့ မန်ချန်း ဆိုတာ ရိတ်သိမ်းမှုတွေနဲ့ ပြည့်စုံကြွယ်ဝတာလို့ အဓိပ္ပာယ်ရတယ်၊ အကောင်းဆုံး ကောင်းချီးမင်္ဂလာပဲတဲ့"
ကောင်လေး သူ့နာမည်ကို ဂုဏ်ယူစွာဖြင့် ပြောပြလိုက်သည်။
"ကောင်းပြီ ငါ နင့်ကို မှတ်ထားပါ့မယ်၊ ငါ့နာမည်က ရှောင်ကျိုး၊ ထောင်ယွမ်ရွာရဲ့ ရွာလူကြီးပေါ့၊ နောက်ကျရင် နင်နဲ့ နင့်အဖေ ငါတို့ရွာကို လာလည်ကြလေ"
မန်ချန်း ရှောင်ကျိုးနှင့် အဖွဲ့သားများကို ပျော်ပျော်ပါးပါး လက်ပြနှုတ်ဆက်ရင်း ကတိပေးလိုက်၏။
"ငါ မှတ်ထားလိုက်မယ်၊ နောက်တစ်ခါ သေချာပေါက် လာလည်ပါ့မယ်"
ခွဲခွာရမည်ကို တွန့်ဆုတ်နေကြသော်လည်း ရှောင်ကျိုးတို့အဖွဲ့မှာ အဘိုးကု၏ အိမ်ရှိရာသို့ ခရီးဆက်ခဲ့ကြ၏။
နာရီအနည်းငယ်ကြာပြီးနောက် အဘိုးအိုမှ ရှေ့က ချိုင့်ဝှမ်းတစ်ခုအား ညွှန်ပြရင်း ပြောလိုက်သည်။
"ဒီနေရာပဲ၊ ရောက်ပြီ"
ကလေးများအားလုံး အဘိုးကု၏ နောက်မှ ချိုင့်ဝှမ်းထဲသို့ လိုက်ဝင်သွားကြသည်။ ထိုနေရာမှာ တိမ်မြူများ ဝိုင်းရံနေပြီး နတ်သမီးပုံပြင်ထဲမှ နတ်ဘုံနတ်နန်း တစ်ခုကဲ့သို့ အလွန် လှပလွန်းလှသည်။
လမ်းတစ်လျှောက်တွင် လူအများအပြားနှင့် ဆုံခဲ့ပြီး သူတို့အားလုံး အဘိုးကုကို မြင်သည့်အခါ အလွန်လေးစားသော မျက်ဝန်းများဖြင့် ကြည့်ကြ၏။
"ဆရာကြီး၊ ပြန်ရောက်လာပြီလား"
"ဆရာကြီး ပြန်လာတာကို ကြိုဆိုပါတယ်”
အဘိုးကု၏ နောက်မှ လိုက်လာသည့် ကလေးများကို မြင်သောအခါ အားလုံး စူးစမ်းသည့် အကြည့်များဖြင့် ကြည့်နေကြ၏။
‘ဆရာကြီးက တပည့်အသစ်တွေ လက်ခံလိုက်တာလား၊ ဒါပေမဲ့ တစ်ခါတည်းနဲ့ တပည့်တွေ ဒီလောက်အများကြီး လက်ခံတာမျိုး တစ်ခါမှ မမြင်ဖူးပါဘူး’
အဘိုးကု သူတို့အားလုံးကို ဝါးအိမ်လေးတစ်လုံးထံ ခေါ်သွားလိုက်သည်။ ထိုနေရာမှာ သူနေထိုင်သည့် နေရာဖြစ်ပြီး အလွန် ရိုးရှင်းကာ အေးချမ်း၏။ ဝါးအိမ်လေး၏ အပြင်ဘက်တွင် ဆေးဖက်ဝင်အပင်များအား နေလှန်းထားသည်ကို ကြည့်ခြင်းအားဖြင့် တစ်ယောက်ယောက်မှ အမြဲ လာရောက် ဂရုစိုက်ပေးနေသည်မှာ သိသာလှသည်။
အဘိုးကု ဝါးအိမ်တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်သွားရာ၊ ဝါးခုတင်ပေါ်တွင် လူတစ်ယောက် လှဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။
ရှောင်ကျိုးနှင့် ကျန်လူများ စပ်စုချင်စိတ်ဖြင့် အနားကို တိုးသွားပီး မေးလိုက်ကြသည်။
"ဒါ အဘိုး ကယ်ချင်တဲ့လူလား"
အဘိုးကု တျန်းရှန်းနှင်းကြာပန်းကို ဂရုတစိုက် သယ်သွားရင်း ပြန်ဖြေ၏။
"ဟုတ်တယ်၊ အခု ဒီနှင်းကြာပန်း ရပြီဆိုတော့ ဆေးဖော်ဖို့ ပြည့်စုံသွားပြီ"
ရှောင်ကျိုး ခုတင်ပေါ်မှ လူကို စူးစမ်းကြည့်လိုက်သည်။
’ထူးဆန်းလိုက်တာ’
‘ဘာလို့ ဒီလူကို မြင်ရတာ ရင်းနှီးနေသလို ခံစားရတာလဲ၊ ဒါပေမဲ့ သူမ တစ်ခါမှ မမြင်ဖူးပါဘူး’
ရှောင်ကျိုး အကြိမ်ကြိမ် စူးစိုက်ကြည့်သော်လည်း မည်သူမှန်း စဉ်းစား၍ မရသေးပေ။
"ရွာလူကြီးလေး ဘာကို စိုက်ကြည့်နေတာလဲ”
အားသို့ ရှောင်ကျိုး ခုတင်ပေါ်မှ လူကို ငေးကြည့်နေသည်အား မြင်၍ နားမလည်နိုင်ဘဲ မေးလိုက်၏။
ရှောင်ကျိုး ခေါင်းခါပြပြီး ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး”
"လူလည်း ပို့ပေးပြီးပြီဆိုတော့ ငါတို့ ဘာဆက်လုပ်ကြမလဲ”
ဖက်တီးလေး ဝါးအိမ်မှ ဝါးတိုင်များကို ဆွဲဖဲ့ရင်း ပျင်းရိစွာဖြင့် မေးလိုက်သည်။
"ဒီနေရာက ဘယ်နေရာလဲ နတ်ပြည်လိုပဲ၊ ဒီက ဆေးနံ့လေးကို ငါ သဘောကျလိုက်တာ"
တာ့ယာမှာ ဟိုနမ်းဒီနမ်းဖြင့် ပျော်ရွှင်နေ၏။
အဘိုးကု အပ်စိုက်ရန်အတွက် အပ်ထည့်ထားသော အိတ်ကို ကိုင်ပြီး အခန်းထဲမှ ထွက်လာရင်း တာ့ယာ၏ စကားကို ကြားသွား၏။ သူ ပြုံးပြီး ပြောလိုက်သည်။
"ဒီနေရာက ဆေးဘုရင်ချိုင့်ဝှမ်းလို့ ခေါ်တယ်၊ ဒီမှာ ဆေးဖက်ဝင်အပင်တွေ အပြည့်ရှိနေတော့ ဆေးနံ့က နည်းနည်းပြင်းတာပေါ့၊ မင်းတို့ သဘောကိလို့ ဝမ်းသာပါတယ်"
"ဆေးဘုရင်ချိုင့်ဝှမ်း ဟုတ်လား"
အားလုံး နားမလည်သလို ကြည့်နေကြသော်လည်း ရှန်ကျစ်ယွမ်မှာတော့ သူမအမေထံမှ ကြားဖူး၍ ရှင်းပြလိုက်သည်။
"ဆေးဘုရင်ချိုင့်ဝှမ်းက တိုင်းပြည်လေးခုလုံးမှာ အဆင့်အတန်း အရမ်းမြင့်မားတဲ့ နေရာတစ်ခုပဲ၊ အဲ့ဒီမှာရှိတဲ့သူတွေ အားလုံးက ဆေးပညာမှာ အရမ်း ကျွမ်းကျင်ကြတယ်၊ တိုင်းပြည်လေးခုက အာဏာအရှိဆုံး လူတွေတောင် ဆေးဘုရင်ချိုင့်ဝှမ်းကိုဆိုရင် ကြောက်ရွံ့ရိုသေကြရပြီး အလွယ်တကူ မပြစ်မှားရဲကြဘူး၊ ဘယ်သူပဲဖြစ်ဖြစ် သမားတော် တစ်ယောက်ကိုတော့ မပြစ်မှားသင့်ဘူးလေ"
ဆေးဘုရင်ချိုင့်ဝှမ်း၏ ကျော်ကြားမှုက ထူးချွန်သည့် ဆေးပညာကြောင့်သာမက လူနာများကို ကုသပေးပြီး အသက်ကယ်ရန်အတွက် ခိုင်မာသည့် စိတ်ဓာတ်ရှိသောကြောင့်လည်း ဖြစ်သည်။
ထိုချိုင့်ဝှမ်းတွင် နေထိုင်သောသူများသည် အရှုပ်အထွေးများကို စိတ်မဝင်စားကြဘဲ ၎င်းတို့၏ ပညာရပ်များဖြင့် ပြည်သူများ၏ ဆင်းရဲဒုက္ခများကို သက်သာစေရန်သာ ဆန္ဒရှိကြ၏။
ကပ်ရောဂါဘေး၊ စစ်မက်ဘေး သို့မဟုတ် သဘာဝနှင့် လူများကြောင့်ဖြစ်သော ဘေးအန္တရာယ်များ ဆိုက်ရောက်လာသည့် အခါတိုင်းတွင် ဆေးဘုရင်ချိုင့်ဝှမ်းသည် သူတို့၏ တပည့်များကို အချိန်မီ စေလွှတ်လေ့ရှိ၏။ ထိုတပည့်များသည် အဖိုးတန်လှသော ဆေးဝါးများကို သယ်ဆောင်ကာ ဘေးဒုက္ခရောက်ရာ ဒေသများသို့ ဝင်ရောက်၍ မရေမတွက်နိုင်သော အသက်ပေါင်းများစွာကို ကယ်တင်ကြသဖြင့် ပြည်သူလူထု၏ ရင်ထဲတွင် သက်ရှိထင်ရှားရှိသောနတ်ဘုရားများကဲ့သို့ပင် အားကိုးရာဖြစ်လာခဲ့တော့သည်။