အခန်း ၄၄
Vol. 5 Ch. 44
44
ရွာလူကြီးလေးမှ သူတို့ကို စွန့်ပစ်မည် မဟုတ်ကြောင်း သိလိုက်ရသဖြင့် အားလုံး၏ အာရုံမှာ ရှီရှန့် ထံသို့ ပြန်လည်ရောက်ရှိသွားကြသည်။
"ရွာလူကြီးလေး၊ ရွာလူကြီးလေးရဲ့ ဦးလေးက စစ်ဗိုလ်ချုပ် အငယ်စားလေးလား"
ထျဲနျို စိတ်လှုပ်ရှားစွာ မေးလေ၏။
"ရွာလူကြီးလေး ၊ကျွန်တော် ဦးလေးဆီကနေ ဗိုလ်ချုပ်တစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ချင်တယ်၊ ဗိုလ်ချုပ်ကြီးရှီက သဘောတူမယ် ထင်လား"
ကျောက်ဟူလည်း သူ၏လက်များကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားစွာ မေးမြန်းနေသည်။
ဘုရားသခင်!
သူတို့သည် လမ်းလျှောက်တတ်ရုံသာ ရှိသေးသော်လည်း ပျံသန်းချင်နေကြပြီ ဖြစ်သည်။ သူတို့သည် မည်သည့် အကွေ့အကောက် လမ်းကိုမျှ မသွားချင်ကြပေ။
"နင်တို့ကို နောက်ကျရင် ဖုတ်ကောင်ဖြစ်သွားအောင် ငါ ရိုက်နှက်ပစ်မယ်ဆိုတာ ယုံလား"
ရှောင်ကျိုးသည် သူတို့၏ အိပ်မက်ကို ရက်ရက်စက်စက် ရိုက်ချိုးလိုက်၏။ အခြေခံပညာကိုပင် ကျွမ်းကျင်အောင် မသင်ရသေးဘဲ ဗိုလ်ချုပ်ဖြစ်ချင်နေကြသည် မဟုတ်ပါလား။
တနွီမှာ စိတ်ကူးယဉ်နေသော ထိုနှစ်ယောက်ကို ဘေးသို့ တွန်းဖယ်ကာ ရှောင်ကျိုး၏ ရှေ့သို့ တိုးလာသည်။
"ရွာလူကြီးလေး၊ ရွာလူကြီးလေးရဲ့ ဦးလေးက ဖခင်အကြောင်းကို လုံးဝ ထုတ်မပြောဘူးနော်၊ ရွာလူကြီးလးရဲ့ အဖေက လူဆိုးကြီးများ ဖြစ်နေမလား"
ရှောင်ကျိုး ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"ဖြစ်နိုင်တယ်၊ နောက်ကျရင် ငါ့အဖေက ဘယ်သူလဲဆိုတာ သူ့ကို သွားမေးဦးမယ်၊ တကယ်လို့ သူက လူဆိုးဆိုရင်တော့ သူ့ခေါင်းကို အိတ်နဲ့စွပ်ပြီး နေ့တိုင်း ရိုက်ပစ်မယ်"
"ဟုတ်တယ်၊ ကျွန်တော်တို့လည်း အိတ်စွပ်ပေးဖို့ ကူညီမယ်၊ လူများလေ အလုပ်ပြီးလေပေါ့"
တနွီ အားတက်သရော ခေါင်းညိတ်ထောက်ခံသည်။
ထိုစကားကို ကြားသောအခါ အဘိုးကု၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားမိ၏။ ဤကလေးများသည် တကယ်ပင် အပြစ်ကင်းစင်ပြီး မည်သည်ကိုမျှ မကြောက်မရွံ့ ဖြစ်နေကြ၏။ သမိုင်းတစ်လျှောက်တွင် ဧကရာဇ်မင်းမြတ်၏ ဦးခေါင်းကို အိတ်စွပ်၍ ရိုက်နှက်ရဲသူ တစ်ဦးမျှ မရှိခဲ့ဖူးပေ။
သူသည် ကလေးများ၏ ပို၍ ဆိုးရွားလာသော စကားများကို ရပ်တန့်ရန် အသာအယာ ချောင်းဟန့်လိုက်၏။ သို့သော် သူ၏ ရှေ့တွင် ရှန်ကျစ်ယွမ်က စကားဦးစပြုလိုက်သည်။
"ရွာလူကြီးလေးရဲ့ အဖေက ဘယ်သူလဲဆိုတာ ငါ သိတယ်"
ရှန်ကျစ်ယွမ်သည် တုန်လှုပ်ခြောက်ခြားနေသော မျက်လုံးများဖြင့် ရှောင်ကျိုးကို ကြည့်လိုက်၏။
ရှောင်ကျိုး၏ မိခင်မှာ ဗိုလ်ချုပ်ကြီးရှီ၏ ပဉ္စမမြောက်ညီမလေး ဖြစ်ကြောင်း စတင်ကြားရစဉ်က ရှီမိသားစု၏ အငယ်ဆုံးသမီးမှာ လက်ရှိ မိဖုရားခေါင်ကြီး ဖြစ်သည်ကို သူမ လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ တနွီမှ ရှောင်ကျိုး၏ ဖခင်အကြောင်း ပြောပြသည်ကို ကြားမှသာ ရှီမိသားစု၏ ပဉ္စမမြောက်သခင်မလေးမှာ မိဖုရားခေါင်ကြီး ဖြစ်သဖြင့် ရှောင်ကျိုး၏ ဖခင်မှာ ဧကရာဇ်မင်းမြတ် ဖြစ်ရမည်ကို သူမ ရုတ်တရက် သတိရသွားသည်။
ဧကရာဇ်၏ သမီးတော်ဆိုလျှင် သူမက မင်းသမီးလေးပင်။ ရှန်းကျစ်ယွမ်၏ ရင်ထဲတွင် အော်ဟစ်နေမိ၏။
‘မေမေ သမီး ကျေးဇူးရှင်ရဲ့ သမီးတော်ကို ရှာတွေ့ပြီ၊ အာ၊ သူမက သမီးရဲ့ ကျေးဇူးရှင်လည်း ဖြစ်နေတာပဲ၊ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ’
သူမ၏ မိခင်သည် မိဖုရားခေါင်ကြီး မည်မျှ မွန်မြတ်ကြောင်းကို သူမအား အမြဲ ပြောပြခဲ့ဖူးသည်။ မိဖုရားခေါင်ကြီးသာ မရှိလျှင် သူမ၏ မိဘနှစ်ပါး ပေါင်းဖက်နိုင်မည် မဟုတ်သကဲ့သို့ သူမလည်း ဤလောကထဲသို့ ရောက်လာမည် မဟုတ်ပေ။ ကံဆိုးသည်မှာ သူမ၏ မိခင်မှ မိဖုရားခေါင်ကြီး၏ ကျေးဇူးကို မဆပ်ရသေးမီ မိဖုရားခေါင်ကြီးမှာ ချောက်ထဲကျကာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
ရှန်ကျစ်ယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ရှောင်ကျိုးကို လှမ်းဖက်ကာ ပါးနှစ်ဖက်ကို အကြိမ်ကြိမ် နမ်းတော့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ တာ့ယာမှ သူမကို အမြန်ပင် လှမ်းဆွဲလိုက်ရ၏။
"နင် ဘာလုပ်တာလဲ၊ ဘာလုပ်နေတာလဲလို့"
ရုတ်တရက် တိုက်ခိုက်ခံရသကဲ့သို့ ဖြစ်သွားသဖြင့် တာ့ယာ တားဆီးခြင်း ဖြစ်သည်။
ရှန်ကျစ်ယွမ် စိတ်တည်ငြိမ်သွားသောအခါ ရှောင်ကျိုးကို ဘေးသို့ ဆွဲခေါ်ကာ ပြောလိုက်၏။
"ရွာလူကြီးလေး၊ ရွာလူကြီးလေးရဲ့ မိခင်က မိဖုရားခေါင်ကြီးပါ၊ ဖခင်ကတော့ ဧကရာဇ်မင်းမြတ် ဖြစ်ပြီး ရွာလူကြီးလေးကတော့ ကျွန်မတို့ အရှေ့ပိုင်းရှနိုင်ငံရဲ့ မင်းသမီးလေး တစ်ပါးပါပဲ"
"ဒါဆိုရင် ငှက်တွေကုန်ရင် လေးကိုသိမ်း၊ ဝံပုလွေသေရင် အမဲလိုက်ခွေးကို ချက်စား ဆိုတာက အမှန်ပဲပေါ့၊ ဧကရာဇ်က ငါ့မေမေနဲ့ ငါ့အဘိုးတို့ကို သတ်ခဲ့တာလား၊ ဒါကြောင့်မို့လို့ ဦးလေးက ငါ့အဖေ ဘယ်သူလဲဆိုတာ မပြောချင်တာပဲ"
‘ဂျောက် ဂျောက် ဂျောက်’
ရှောင်ကျိုး၏ စကားအဆုံးတွင် သူမသည် ကျောက်ဟူ ဆောင့်ကြောင့်ထိုင်နေသော ဘေးက ကျောက်တုံးကြီးကို လက်ဖြင့် ဖိခြေပစ်လိုက်သည်။ တစ်ခဏအတွင်းမှာပင် ကျောက်မှုန့်များမှာ နေရာအနှံ့သို့ လွင့်စင်သွားပြီး မီးရှူးမီးပန်းများ ပေါက်ကွဲသကဲ့သို့ လွင့်စင်ထွက်သွား၏။
ကျောက်ဟူမှာ ကြောက်လန့်သွားသဖြင့် ဝါးအိမ်အပြင်ဘက်သို့ လွင့်ထွက်သွားတော့သည်။ ရွာလူကြီးလေးမှာ အလွန်ပင် ဒေါသထွက်နေသည် ဖြစ်၍ အလွန် ကြောက်စရာ ကောင်းလှ၏။ သူ၏ တင်ပါးမှာ ကျောက်တုံးနှင့်အတူ ကြေမွသွားလုနီးပါး ဖြစ်သွားခဲ့ရသည်။
ဖက်တီးလေးမှာလည်း တံတွေးကို အားတင်းကာ မျိုချလိုက်ပြီး ရှောင်ကျိုး၏ အနားမှ တိတ်တဆိတ် ဖယ်ခွာသွားလိုက်သည်။ ဒေါသထွက်နေသော ရွာလူကြီးလေး သူ့ကိုပါ မှားပြီး ဖိခြေပစ်မည်ကို စိုးရိမ်နေခြင်းပင်။
ဝါးအိမ်ထဲမှ ထွက်လာသော ရှီရှန့်သည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရ၏။ သူသည် သူ၏ မျက်လုံးများကို အမြန်ပင် ပွတ်သပ်ကြည့်လိုက်မိသည်။ သူ၏ တူမလေး လက်ကို လွှတ်လိုက်သောအခါ သူမ၏ လက်ဖဝါးထဲမှ ကျောက်မှုန့်များသည် လေထဲတွင် လွင့်စင်သွားပြီး သူမဘေးရှိ အလွန် မာကျောလှသော ကျောက်တုံးကြီးမှာမူ မြေပြင်ပေါ်၌ အပိုင်းပိုင်းအစစ ကြေမွပျက်စီးနေသည်ကို မြင်လိုက်ရ၏။
‘ဒါက စိတ်ချောက်ခြားမှု ဖြစ်ရမယ်’
‘ဟုတ်တယ်၊ ဒါက စိတ်ချောက်ခြားမှုပဲ ဖြစ်ရမယ်’
‘ငါ နိုးလာတာ ပုံစံမှားနေလို့ ဖြစ်ရမယ်’
ရှီရှန့်သည် ဝါးအိမ်ထဲသို့ တိတ်တဆိတ်ပင် ပြန်ဝင်သွားသည်။ ထို့နောက် ဝါးအိမ်တံခါးကို အသာအယာ ပြန်ပိတ်လိုက်၏။
ဝါးကုတင်ပေါ်တွင် အသာအယာ ပြန်လည်လဲလျောင်းကာ၊ စောင်ကိုလည်း အသာအယာ ပြန်ခြုံလိုက်သည်။
သို့သော် ရှီရှန့်၏ ရင်ထဲတွင်မူ အော်ဟစ်နေမိ၏။
‘ဖေဖေတို့၊ အစ်ကိုတို့ရေ’
‘ကျွန်တော်တို့ မိသားစုမှာ ကိုယ်ခံပညာအတွက် ပါရမီထူးကဲတဲ့ ခွန်အားပိုင်ရှင် ပါရမီရှင်လေး တစ်ယောက် ထွက်ပေါ်လာပြီဗျ’
ရှီရှန့် စိတ်လှုပ်ရှားလွန်းသဖြင့် ကုတင်ပေါ်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်နေမိသည်။
သူ၏ တူလေးကို ပြန်ရှာတွေ့ခဲ့ပြီ၊ ခြေလက်အင်္ဂါလည်း အကောင်းပကတိ ရှိနေ၏။
သူ၏ တူမလေးကိုလည်း ပြန်ရှာတွေ့ခဲ့လေပြီ။ သူမသည် အလွန်အမင်း သန်မာရုံသာမက ကိုယ်ခံပညာတွင်လည်း ဆရာတစ်ဆူ ဖြစ်နေပြီး တကယ့်ကို ချစ်စရာကောင်းလှသည်။
‘ဟုတ်ပြီ’
‘ငါ မြို့တော်ကို အမြန်ဆုံးပြန်ပြီး အမေ့ကို ဒီသတင်း သွားပြောရမယ်’
ရှီရှန့် ကုတင်ပေါ်မှ ဆင်းကာ ဝါးအိမ်တံခါးကို ဖွင့်လိုက်ပြီး ရှောင်ကျိုး၏ အနားသို့ လာခဲ့၏။ သူ ဆောင့်ကြောင့်ထိုင်လိုက်ပြီး မေးလိုက်သည်။
"ဦးလေးနဲ့အတူ မြို့တော်ကိုလိုက်ပြီး အဘွားကို သွားတွေ့ချင်လား၊ မင်းရှိနေတယ်ဆိုတာ သိရင် အဘွားက အရမ်းဝမ်းသာမှာပါ"
ရှောင်ကျိုး ခေါင်းညိတ်ပြသည်။
"ဒါပေမဲ့ ဒီသတင်းကို ရွာက အကြီးအကဲတွေကို ပြောဖို့အတွက် အရင်ဆုံး ထောင်ယွမ်ရွာကို ပြန်ရမယ်"
ရှောင်ကျိုး ရွာသားများကို ပြန်တွေ့ချင်နေ၏။ သူမသည် အိမ်နှင့် ဝေးကွာနေသည်မှာ ရက်အတော်ကြာပြီ ဖြစ်သဖြင့် ထောင်ယွမ်ရွာရှိ သူမ၏ မိသားစုများကို အလွန်ပင် လွမ်းဆည်းနေမိသည်။
ရှီရှန့်သည်လည်း ထောင်ယွမ်ရွာမှ ရွာသားများကို ကျေးဇူးတင်စကား ပြောချင်နေ၏။
"ရတာပေါ့၊ ဦးလေးလည်း ထောင်ယွမ်ရွာကို လိုက်ခဲ့ပြီး မင်းကို ဒီလောက်အထိ ကောင်းအောင် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ရွာသားတွေကို ကျေးဇူးတင်စကား ပြောချင်တယ်"
သူ၏ တူမလေးမှာ အလွန်ပင် ကောင်းမွန်စွာ ကြီးပြင်းလာခဲ့ပြီး အပြစ်ကင်းစင်ကာ လွတ်လပ်ပြီး မိမိကိုယ်ကိုယ် အားကိုးတတ်သူတစ်ဦး ဖြစ်နေသည်မှာ ထင်ရှားလှသည်။
နောက်တစ်နေ့တွင် သူတို့အဖွဲ့သည် အဘိုးကုကို နှုတ်ဆက်ကာ ထောင်ယွမ်ရွာသို့ ပြန်ရန် ခရီးစတင်ခဲ့ကြ၏။
မထွက်ခွာမီ အဘိုးကုသည် သူ၏ တပည့်အကြီးဆုံး ချင်းရွှီ နှင့် အငယ်ဆုံးတပည့် ကျန်းဟယ် တို့ကို ပြင်ဆင်ပေးကာ ရှောင်ကျိုးတို့အဖွဲ့နှင့် ထည့်ပေးလိုက်၏။ အပြင်လောကကြီးမှာ မအေးချမ်းသဖြင့် အရည်အချင်းရှိသော ဆေးဆရာတစ်ဦး အနားတွင် အမြဲရှိနေရန် လိုအပ်သည်ဟု အကြောင်းပြချက် ပေးခဲ့သည်။
အမှန်စင်စစ် အဘိုးကုသည် ချင်းရွှီအတွက် အပြင်လောကသို့ထွက်ကာ အတွေ့အကြုံ ရှာဖွေရမည့်အချိန် ရောက်ပြီဟု ယူဆထားခြင်း ဖြစ်၏။ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို ဝါသနာပါသော ရှောင်ကျိုးတို့ အဖွဲ့နောက်သို့ လိုက်ပါသွားခြင်းက သူ၏ ဆေးပညာကို ပိုမိုတိုးတက်စေမည်ဟု ယုံကြည်နေသည်။ အငယ်ဆုံးတပည့် ကျန်းဟယ်မှာမူ ဂျီကျကာ လိုက်ချင်သည်ဟု ဇွတ်အတင်း ပြောနေသဖြင့် စီနီယာအစ်ကိုနှင့်အတူ အမြင်ကျယ်အောင် လိုက်သွားရန် ခွင့်ပြုလိုက်ရခြင်း ဖြစ်၏။
မြင်းလှည်းမှာ ဆေးဘုရင်ချိုင့်ဝှမ်းမှ တဖြည်းဖြည်း ထွက်ခွာလာပြီး တောင်အောက်သို့ ဦးတည်မောင်းနှင်လာခဲ့သည်။
အားနည်းနေသေးသော ရှီရှန့်သည် မြင်းလှည်းအတွင်း၌ လဲလျောင်းရင်း အပြင်ဘက်တွင် ခုန်ပေါက်ဆော့ကစားနေသော ကလေးများကို ကြည့်ကာ စိတ်နှလုံး ပျော်ရွှင်နေလေ၏။ မြင်းလှည်းသည် အရှိန်ဖြင့် ခုတ်မောင်းလာခဲ့ပြီး ကလေးတစ်သိုက်၏ ထောင်ယွမ်ရွာသို့ ပြန်ချင်စိတ်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေတော့သည်။
ဖက်တီးလေး ရှောင်ကျိုးအား ပြော၏။
"ရွာလူကြီးလေး၊ ငါ မမရှောင်ရှောင်ကို အရမ်းလွမ်းတာပဲ၊ ဟော့ပေါ့လည်း အရမ်းစားချင်ပြီ"
အရင်ရက်ပိုင်းအတွင်း အလွန် ဗိုက်ဆာခဲ့သဖြင့် သူ၏ ဝမ်းဗိုက်မှာ ပိန်သွားပြီဟု သူ ခံစားနေရသည်။
ထောင်ယွမ်ရွာတွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် အပြင်လောကမှ အစားအသောက်များသည် ကျေးရွာရှိ အစားအသောက်များကို မမီကြောင်း သူ သိလိုက်ရ၏။ အထူးသဖြင့် ဆေးဘုရင်ချိုင့်ဝှမ်းမှ အစားအသောက်များအကြောင်းကိုမူ သူ လုံးဝ ထည့်မပြောချင်တော့ပေ။
"ပြန်ရောက်ရင် အဝစားနိုင်အောင် စီစဉ်ပေးမယ်"
ရှောင်ကျိုး ဖက်တီးလေးကို ပြောလိုက်သည်။ သူမကိုယ်တိုင်လည်း အလွန်ပင် ဆာလောင်နေပြီ ဖြစ်၏။
"ရွာလူကြီးလေး၊ ကျွန်တော်တို့ ပြန်ရောက်တဲ့အခါ ဆရာရွှီနဲ့ ဆရာယန်တို့ရော ပြန်ရောက်နေပြီ ထင်လား"
တနွီ ဖက်တီးလေးကို တွန်းဖယ်ကာ ရှောင်ကျိုးအနားသို့ ပြေးလာပြီး မေးလိုက်သည်။
ရှောင်ကျိုးမှာမူ နှုတ်ဆိတ်နေ၏။
"ငါက ဒီရက်ပိုင်း နင်တို့နဲ့အတူ အပြင်ရောက်နေတာလေ၊ ဘယ်လိုလုပ် သိမှာလဲ"
"တုံးလိုက်တာ"
ရှီအန်း တိုးတိုးလေး ရေရွတ်လိုက်သည်။
တနွီ ချက်ချင်းပင် လှည့်ကြည့်ကာ သူ့ကို ဖမ်းလိုက်၏။ ထိုနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် လိုက်တမ်းပြေးတမ်း ဆော့ကစားကြတော့သည်။
ကျောက်ဟူလည်း ဘေးမှ မြှောက်ပင့်ပေးလိုက်၏။
"တနွီ နင်က မစွမ်းပါဘူးကွာ၊ ရှီအန်းကိုတောင် မမီဘူး၊ ဟဲဟဲ"
"နင် ဘာတွေ လာကြွားနေတာလဲ၊ နောက်ရက်အနည်းငယ်ကြာရင် သူ့ရဲ့ ကိုယ်ခံပညာက နင့်ကိုတောင် ကျော်သွားဦးမှာ ပြီးတော့ ငါက ဘယ်သူနဲ့မှ ပြိုင်ချင်တာ မဟုတ်ဘူး၊ နောင်ကျရင် ငါ့ရဲ့ ဉာဏ်ကိုသုံးပြီး အလုပ်လုပ်မှာ၊ နင်တို့နှစ်ယောက်လို ဉာဏ်မရှိဘဲ အားပဲရှိတဲ့သူမျိုး မဖြစ်ချင်ဘူး"
ခုနလေးတင်မှ ပါးစပ်ကြီးဖြဲကာ ရယ်နေသော ကျောက်ဟူမှာ ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ရယ်သံတိတ်သွားသည်။ သူသည် ကိုယ်ခံပညာကို သေချာပေါက် လေ့ကျင့်ရမည် ဖြစ်ပြီး ရှီအန်း၏ အသာစီးရခြင်းကို မခံနိုင်ပေ။
ရှီအန်းမှာ သူ၏ မိသားစုမျိုးရိုးနှင့် ထိုက်တန်စွာပင် ကိုယ်ခံပညာတွင် ပင်ကိုယ်ပါရမီ ပါလာခဲ့သည်။ အချိန်တိုအတွင်းမှာပင် သူ၏ ကိုယ်ခံပညာ တိုးတက်မှုနှုန်းမှာ တနွီကို ကျော်လွန်သွားခဲ့ပြီပင်။