← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

47

​ရှောင်ကျိုးမှာ မည်သူနှင့်မဆို စကားလက်ဆုံကျနိုင်သော စွမ်းရည်ရှိသူပင်။ အထူးသဖြင့် အဘိုးကုသည် ထောင်ယွမ်ရွာတွင် ထျန်းရှန်းနှင်းကြာပန်းကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည်အား အမှတ်ရမိရာ၊ ရှောင်ကျိုးမှာ ချင်းရှန်းကျောင်းတော်မှ တာအိုဆရာများက အစွမ်းထက်ကြသည်ဟု မှတ်ယူထား၏။

​ရှောင်ကျိုး စားပွဲမှ ထ၍ ထိုကောင်လေးရှိရာသို့ လျှောက်သွားလိုက်၏။ ရုပ်ရှင်ထဲမှ တာအိုဆရာများကို နှုတ်ဆက်သည့် ပုံစံအား ပြန်လည်စဉ်းစားပြီးနောက်၊ ရှောင်ကျိုး သူမ၏ လက်မကို လက်သူကြွယ်အောက်တွင် ဖိ၍ လက်သီးဆုပ်ကာ ကောင်လေးအား ရိုသေစွာ ဂါရဝပြုလိုက်သည်။

​ထို့နောက် စူးစမ်းလိုစိတ်ဖြင့် မေးမြန်း၏။

"နင်က ချင်းရှန်းကျောင်းတော်က တာအိုဆရာလားဟင်"

​ထိုကောင်လေးသည်လည်း ပထမဆုံးအကြိမ်အဖြစ် လူတစ်ယောက်၏ ကံကြမ္မာကို ထိုးဖောက်မမြင်နိုင်၍ ရှောင်ကျိုးအပေါ် အမှန်တကယ်ပင် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေ၏။ သူ ရှောင်ကျိုးကို ထိုင်ရန် ဖိတ်ခေါ်ပြီး ပြန်ဖြေသည်။

"ဟုတ်တယ်၊ ဘာလဲ မင်း ချင်းရှန်းကျောင်းတော်ကို ရောက်ဖူးလို့လား"

​ရှောင်ကျိုး ခေါင်းခါပြကာ ဆို၏။

"မရောက်ဖူးပါဘူး"

​"ဒါဆို ငါက ချင်းရှန်းကျောင်းတော်ကမှန်း မင်း ဘယ်လိုသိတာလဲ"

​"ငါက ချင်းရှန်းကျောင်းတော် နာမည်ပဲ ကြားဖူးလို့လေ"

ရှောင်ကျိုးသည် အရင်အကြိမ်က အဘိုးအို ပြောခဲ့သည်ကို သတိရသဖြင့် အမှတ်မထင် မေးလိုက်ခြင်းသာ ဖြစ်သည်။ ဤလူငယ်မှာ အမှန်တကယ်ပင် ချင်းရှန်းကျောင်းတော်မှ တာအိုဆရာတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။

​"ဒါဆို ချင်းဖုန်း တာအိုဆရာက ဘယ်သူလဲ"

ရှောင်ကျိုး ဆက်မေးလိုက်၏။

​"အဲဒါ ငါ့ရဲ့ ဆရာကြီးလေ၊ မင်းက ငါ့ဆရာကြီးကို ဘယ်လိုလုပ် သိနေတာလဲ"

လူငယ်မှာ ပို၍ပင် စိတ်ဝင်စားသွားပြီ ဖြစ်သည်။

​ရှောင်ကျိုး ခေါင်းခါယမ်းကာ ဖြေကြားလိုက်သည်။

"မသိပါဘူး၊ တခြားသူတွေ ပြောတာ ကြားဖူးလို့ပါ"

​"မင်းက တာအိုဆရာ ဟုတ်လို့လား၊ ဒီလောက် ငယ်ငယ်လေးနဲ့ လူလိမ်လား မသိဘူး၊ ဒါဆို ငါ အခု ခရီးသွားနေတုန်း စီးပွားတက်ပါ့မလားဆိုတာ ဟောပေးစမ်းပါဦး"

ဘေးစားပွဲမှ အမျိုးသမီးတစ်ဦးနှင့်အတူ ထိုင်နေသော အမျိုးသားတစ်ဦးမှ သူတို့၏ စကားဝိုင်းကို ဖြတ်၍ လှမ်းပြောလိုက်၏။

​သူ၏ စကားအဆုံးတွင် လက်ဖက်ရည်ဆိုင်အတွင်းရှိ လူအားလုံး၏ အကြည့်မှာ ထိုလူငယ်ထံသို့ ရောက်ရှိသွားကြသည်။ ဤတာအိုဆရာလေးမှာ အမှန်တကယ်ပင် အစွမ်းထက်သူလော သို့မဟုတ် လူလိမ်လော ဆိုသည်ကို အားလုံးက သိချင်နေကြလေပြီ။

​ကောင်လေး ထိုအမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။

​"ဟောခအတွက် တေးဆယ်ပြား"

ကောင်လေး လက်ဖြန့်ကာ အခကြေးငွေ တောင်းလိုက်၏။

​"ဓားပြတိုက်တာကမှ မြန်ဦးမယ်”

ထိုအမျိုးသား၏ ဘေးရှိ အမျိုးသမီးမှ အော်ဟစ်လိုက်သည်။

​"ဒီလို မျက်နှာကြည့်ပြီး ဟောတဲ့ပညာဆိုတာ ကောင်းကင်တာအိုရဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုပဲ၊ အာရုံစိုက်ရသလို နတ်ဘုရား‌တွေရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ဖော်ထုတ်ရတယ်၊ ငွေတောင်းရတဲ့ အကြောင်းရင်း နှစ်ခုရှိတယ်၊ ပထမကတော့ ကုန်ဆုံးသွားတဲ့ အာရုံစွမ်းအားအတွက် ပြန်လည် ဖြည့်ဆည်းဖို့ ဖြစ်ပြီး၊ ဒုတိယကတော့ ဟောစေချင်တဲ့သူရဲ့ စိတ်ရင်းမှန်ကို သိချင်လို့ပဲ၊ ဒီလိုမှသာ ဟောချက်က ပိုပြီး တိကျမှန်ကန်မှာ ဖြစ်တယ်"

လူငယ်မှ ရှင်းပြလိုက်၏။

​ထိုကုန်သည်မှာ စဉ်းစားကြည့်ရာ မှန်ကန်သည်ဟု ယူဆသဖြင့် တေးဆယ်ပြားကို ထုတ်ပေးလိုက်သည်။

"မင်း ဘာတွေ တတ်လဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

​လူငယ်သည် ငွေစကို လက်ခံလိုက်ပြီး ထိုသူ၏ မျက်နှာကို သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်၏။

​"ခင်ဗျားရဲ့ ဇာတာအရဆိုရင် ချမ်းသာကြွယ်ဝမယ့် ကံပါလာပြီး စီးပွားရေး လမ်းကြောင်းကလည်း ဖြောင့်ဖြူးနေရမှာ၊ ဒါပေမဲ့ ခင်ဗျားရဲ့ ဘေးနားမှာ ယုတ်မာတဲ့သူတွေ ရှိနေတာကြောင့် ကံဇာတာတွေ ယိုစိမ့်ကုန်ပြီး စည်းစိမ်ဥစ္စာတွေကို ထိန်းသိမ်းဖို့ ခက်ခဲနေလိမ့်မယ်၊ နောက်ဆုံးမှာတော့ အဲဒီလူယုတ်မာတွေရဲ့ လက်ချက်နဲ့ပဲ အသက်ဆုံးရှုံးရလိမ့်မယ်၊ ဒါက ခင်ဗျားရဲ့ ကံကြမ္မာထဲက အကြီးမားဆုံး ဘေးဒုက္ခပဲ၊ တကယ်ကို နှမြောဖို့ ကောင်းလှပါတယ်"

လူငယ်မှာ အမှန်အတိုင်းပင် ဟောလိုက်သည်။

​ထိုစကားကို ကြားသောအခါ အမျိုးသား၏ ဘေးရှိ အမျိုးသမီးမှ ကောင်လေးကို လက်ညှိုးထိုးကာ ဆဲဆိုတော့၏။

"ဒီလူလိမ်က ဘယ်ကရောက်လာတာလဲ၊ သူက လူတွေကို လိမ်စားဖို့ ကြိုးစားနေတာပဲ၊ ယောင်္ကျား၊ လာ သွားကြစို့၊ ဒီတေးဆယ်ပြားကိုတော့ အလှူလုပ်လိုက်တယ်လို့ပဲ သဘောထားလိုက်တော့”

​"ဒါဆိုရင် အဒေါ်ကော အဒေါ့်ယောင်္ကျားရဲ့ ဘေးနားက လူယုတ်မာက ဘယ်သူလဲဆိုတာ သိနေလို့လား"

လူငယ်မှ အမျိုးသမီးကို ပြုံးစစဖြင့် ကြည့်ကာ မေးလိုက်သည်။

​အမျိုးသမီးမှာ အံ့အားသင့်သွားပြီး မျက်နှာအမူအရာ အနည်းငယ် ပျက်သွားသော်လည်း ချက်ချင်းပင် ပြန်၍ အော်ဟစ်လိုက်၏။

“ငါက ဘယ်လိုလုပ် သိမှာလဲ၊ စောက်ကလေး ဘာမှမသိရင် လျှောက်မပြောနဲ့"

​ထိုသို့ပြောပြီးနောက် သူမသည် အမျိုးသားကို ဆိုင်ထဲမှ ဆွဲထုတ်ရန် ကြိုးစားတော့သည်။ လူငယ်မှာလည်း စကားကို အလျှော့ပေးမည့်သူ မဟုတ်ပေ။ ထိုအမျိုးသမီးမှ သူ့ကို အဖန်ဖန် ရန်စနေသည်ကို မြင်သောအခါ အမျိုးသားဖြစ်သူကို တိုက်ရိုက်ပင် ပြောလိုက်တော့သည်။

"ခင်ဗျားရဲ့ ကံဇာတာမှာ မကောင်းတဲ့ မိန်းမကြောင့် ပျက်စီးမယ့် ကံပါတယ်၊ ခင်ဗျားရဲ့ ဇနီးက စိတ်ထားယုတ်မာပြီး မကောင်းတဲ့လူ တစ်ယောက်နဲ့ ဖောက်ပြန်နေတယ်၊ ခင်ဗျားရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ဖို့ ပူးပေါင်းကြံစည်နေပြီး မိသားစုကို ပျက်စီးစေလို့ လူကိုလည်း သေစေလိမ့်မယ်"

​"ဘာ၊ ဘာပြောလိုက်တာလဲ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဇနီးဖြစ်သူ၏ ဆွဲခေါ်ခြင်းကို ခံနေရသော အမျိုးသားမှာ လုံးဝ မယုံကြည်နိုင်သော မျက်နှာထားဖြင့် ဖြစ်သွားတော့၏။

အမျိုးသမီးဖြစ်သူမှာ ကြောင်တစ်ကောင်၏ အမြီးကို တက်နင်းမိသကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

"နင် လျှောက်ပြောနေတာပဲ၊ စောက်ကလေး၊ နင် ငါ့ကို ဒီလိုမျိုး စွပ်စွဲရဲတယ်ပေါ့လေ၊ ယောင်္ကျား သူ့စကားကို မယုံပါနဲ့၊ သူက ငါတို့ပိုက်ဆံကို လိမ်ချင်လို့ လျှောက်ပြောနေတဲ့ လူလိမ်ပဲ”

​သူမသည် ပြောပြောဆိုဆိုနှင့်ပင် အမျိုးသား၏ အင်္ကျီလက်ကို ပို၍ တင်းတင်းဆွဲထားမိ၏။ မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ဤကောင်လေးမှ နောက်ထပ် တစ်စုံတစ်ခု ထပ်ပြောမည်ကို သူမ အလွန်ပင် ကြောက်ရွံ့နေလေပြီ။

​သို့သော် ကောင်လေးမှာမူ တုန်လှုပ်ခြင်းမရှိဘဲ ဆက်ပြောလိုက်သည်။

"ယုံတာ မယုံတာကတော့ ခင်ဗျားအပိုင်းပဲ”

​သူသည် ဟောခငွေကို လက်ခံရရှိပြီးဖြစ်သကဲ့သို့ ထိုသူ၏ မျက်နှာကိုလည်း ကြည့်ပြီးသွားပြီ ဖြစ်ရာ၊ နောက်ဆက်တွဲ မည်သည့်အရာများ ဖြစ်မည်ကို သူ ဂရုစိုက်နေတော့မည် မဟုတ်ပေ။ ယုံကြည်ခြင်း၊ မယုံကြည်ခြင်းမှာ ကာယကံရှင်၏ ဆုံးဖြတ်ချက်သာ ဖြစ်၏။

​ထိုစကားကို ကြားသောအခါ အမျိုးသားဖြစ်သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရ၏။ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ အကြည့်မှာ ဇနီးဖြစ်သူနှင့် စားပွဲပေါ်ရှိ အခြားအမျိုးသားတစ်ဦးကြားတွင် ဟိုဟိုဒီဒီ ကူးလူးနေတော့သည်။

​သူသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မိမိအိမ်တွင် ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့် အဖြစ်အပျက်များကို ပြန်လည်အမှတ်ရမိသည်။ စီးပွားရေးမှာလည်း တစ်နေ့တခြား ဆိုးရွားလာသလို၊ ဇနီးဖြစ်သူမှာလည်း အချို့သော ကိစ္စရပ်များတွင် လိုတာထက် ပို၍ တက်ကြွနေခဲ့သည်။ ဤလက္ခဏာများ အားလုံးမှာ ကောင်လေးဟောခဲ့သော စကားများနှင့် ထပ်တူကျနေသကဲ့သို့ပင်။

​သူ ဇနီးဖြစ်သူ၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး ရှုပ်ထွေးသော မျက်နှာထားဖြင့် ကောင်လေးကို ကြည့်ကာ စားပွဲပေါ်ရှိ အမျိုးသားကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

"ငါ့မိန်းမနဲ့ ဖောက်ပြန်နေတဲ့သူက ငါ့ရဲ့ ညီအစ်ကို အရင်းလို ခင်ရတဲ့ ညီအစ်ကိုကျိုးလား"

‘ဟား’

​လက်ဖက်ရည်ဆိုင်အတွင်းရှိ လူအားလုံးမှာ အံ့သြတကြား အသက်ရှူသံများ ထွက်ပေါ်လာကြသည်။ ယင်းက တကယ့်ကို စိတ်လှုပ်ရှားဖွယ် သတင်းကောင်းကြီးသာ မဟုတ်ပါလား။

​ကောင်လေး စားပွဲပေါ်ရှိ အခြားအမျိုးသားကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် လက်ကို ဖြန့်လိုက်ကာ ဆို၏။

"ဒါကတော့ နောက်ထပ် ဈေးနှုန်းတစ်ခု ဖြစ်သွားပြီ"

​အမျိုးသားမှာ အိတ်ထဲမှ နောက်ထပ် တေးဆယ်ပြားကို ထုတ်ကာ ကောင်လေးကို ပေးလိုက်ပြန်သည်။

​လူငယ်လေးမှ ကျိုးမျိုးနွယ်အမည်ရှိ ထိုသူကို တစ်ချက်ကြည့်ကာ ဆို၏။

"ခင်ဗျားရဲ့ မျက်နှာက မှောင်မှိုင်နေတယ်၊ နဖူးပြင်ကလည်း ညှိုးနွမ်းနေတယ်၊ ခင်ဗျားရဲ့ စည်းစိမ်နန်းကလည်း နက်ရှိုင်းပြီး အရောင်အဝါ ကင်းမဲ့နေတယ်၊ ခင်ဗျားက တကယ်ပဲ ကံဇာတာရော စည်းစိမ်ပါ မရှိတဲ့သူပဲ၊ ဒါတင်မကဘူး ခင်ဗျားက စိတ်ထားယုတ်မာပြီး ကိုယ့်ညီအစ်ကိုရဲ့ မိန်းမနဲ့ ပေါင်းပြီး ပိုက်ဆံအတွက် လူသတ်ဖို့အထိ ကြံစည်နေတာပဲ၊ ခင်ဗျားရဲ့ နှလုံးသားက အောက်တန်းကျလွန်းလို့ နတ်ဘုရားတွေရဲ့ အပြစ်ပေးခြင်းကို သေချာပေါက် ခံရလိမ့်မယ်"

​ထိုစကားကို ကြားသည်နှင့် ကျိုးမျိုးနွယ်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး စားပွဲကို လက်သီးဖြင့် ထုကာ ထရပ်လိုက်တော့သည်။

​သူ ဒေါသတကြီးဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။

"ညီအစ်ကိုလီနဲ့ ငါက နှစ်ပေါင်းများစွာ ခင်လာတဲ့ သူငယ်ချင်းတွေပဲ၊ မင်းလို လူလိမ်တစ်ယောက်က ဘယ်လိုတောင် ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတာလဲ၊ မင်းက ညီအစ်ကိုလီနဲ့ ငါ့ကြားမှာ သွေးခွဲဖို့ ကြိုးစားနေတာပဲ၊ ငါ လောကအနှံ့ လှည့်လည်ခဲ့တာ ကြာပြီ၊ ဒီလောက် အောက်တန်းကျတဲ့ စကားမျိုး တစ်ခါမှ မကြားဖူးဘူး၊ ညီအစ်ကိုလီနဲ့ သူ့မိန်းမကြား သွေးခွဲတာကို ထားပါဦး၊ ငါ့ကိုပါ ဒီလို စော်ကားရဲတယ်ပေါ့လေ”

​လူငယ်လေးမှာမူ မည်သည့် ခံစားချက်မျှ မပြဘဲ ခေါင်းကိုပင် မော့မကြည့်ဘဲ ပြောလိုက်သည်။

"ငါပြောတဲ့ စကားတိုင်းဟာ အမှန်တွေချည်းပဲ၊ ယုံတာ မယုံတာကတော့ ခင်ဗျားတို့ အပိုင်းပေါ့”

​ရှောင်ကျိုးနှင့် သူမ၏ သူငယ်ချင်းများမှာ ဘေးမှ ဤဇာတ်လမ်းကို အားရပါးရ ကြည့်နေကြသည်။ ဤတာအိုဆရာလေးမှာ စကားကို တိုက်ရိုက်ပြောလွန်းသဖြင့် အရိုက်ခံရမည်အား မကြောက်ဘူးလားဟုပင် သူတို့ တွေးနေမိကြ၏။

​ကျိုးမျိုးနွယ် အလွန် ဒေါသထွက်နေသည်မှာ သိသာလှ၏။ သူ နှာခေါင်းရှုံ့ရင်း ထရပ်လိုက်ကာ ဆိုသည်။

"ဟမ့်၊ ဒီလို မာန်တက်နေတဲ့ တာအိုဆရာက ဘယ်သူလဲဆိုတာ ငါ ကြည့်ချင်သေးတာပဲ"

​ပြောပြောဆိုဆိုနှင့်ပင် သူသည် ကောင်လေး၏ လည်ပင်းကို လှမ်းဖမ်းရန် လက်ကို ဆန့်ထုတ်လိုက်၏။

​[မစ်ရှင်ရောက်လာပါပြီ- လူငယ်လေးကို အကာအကွယ်ပေးပါ၊

ဆုလက်ဆောင်- အမှတ် ၁၀၀ နှင့် ကံစမ်းမဲနှိုက်ခွင့် တစ်ကြိမ်]

​ဇာတ်လမ်းကြည့်ကောင်းနေသော ရှောင်ကျိုးသည် စနစ်၏ အသံကို ကြားလိုက်ရ၏။

‘​ဘာလဲ သူမကပါ ဝင်ပါရဦးမှာလား’

​ထိုသူ၏ လက် ကောင်လေးကို ထိခါနီးမှာပင် ရှောင်ကျိုး လှမ်းဖမ်းလိုက်သည်။ ကျိုးမျိုးနွယ်မှာ လက်‌သေးသေးလေး တစ်ဖက်မှ သူ၏ လက်ကောက်ဝတ်အား တင်းတင်းကြပ်ကြပ် ဖမ်းထားသည်ကို တွေ့လိုက်ရ၏။ သူ ရုန်းထွက်ရန် ကြိုးစားသော်လည်း မရပေ။

​ဒေါသထွက်သွားသော ထိုသူမှ ကောင်မလေးအား ကန်ရန် ခြေထောက်ကို မြှောက်လိုက်သည်။ ထိုစဉ် ရှီရှန့် အမြန်ပြေးလာပြီး ကျိုးမျိုးနွယ်ကို မြေပြင်ပေါ်သို့ လဲကျသွားအောင် ကန်ချလိုက်တော့သည်။

​ထိုသူ ပြန်ထလာပြီး သူတို့အဖွဲ့ကို လက်ညှိုးထိုးကာ အော်ဟစ်တော့၏။

"ကောင်းပြီလေ၊ မင်းတို့အားလုံးက ဒီလူလိမ်တွေနဲ့ တစ်ဖွဲ့တည်း ဖြစ်နေကြတာပေါ့”

​တစ်စုံတစ်ယောက်မှ ထိုသူကို နှိမ်နင်းလိုက်သည်ကို မြင်သောအခါ ကောင်လေးမှာ ပို၍ပင် လှောင်ပြောင်သော လေသံဖြင့် ဆိုလေသည်။

"ခင်ဗျားဆီမှာ ယုတ်မာတဲ့ အငွေ့အသက်တွေ အများကြီး ရှိနေတာကို ငါ မြင်နေရတယ်၊ ခင်ဗျားရဲ့ ကံဇာတာက ကုန်ဆုံးသွားပြီ၊ ခင်ဗျားရဲ့ မျက်လုံးတွေကလည်း ယုတ်မာလွန်းတယ်၊ ခင်ဗျားက မကောင်းမှုတွေ အများကြီး လုပ်ခဲ့တဲ့သူပဲ၊ ခင်ဗျားက ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်သလို ဘေးဒုက္ခတွေနဲ့ပဲ ကြုံတွေ့နေရမှာ”

​ထိုစကားကို ကြားသောအခါ လက်ဖက်ရည်ဆိုင်ရှိ လူများမှာ ကျိုးမျိုးနွယ်ကို တစ်မျိုး ကြည့်လာကြတော့၏။ တာအိုဆရာလေး ပြောသည်မှာ အမှန်ဖြစ်၊ မဖြစ် မသေချာသော်လည်း၊ ညီအစ်ကိုလီ၏ ဇနီးနှင့် လူယုတ်မာတို့ ဖောက်ပြန်နေသည်ဟု စွပ်စွဲခံရသောအခါ ထိုသူနှစ်ဦးမှာ သိသိသာသာပင် အပြစ်ရှိသကဲ့သို့ ဒေါသတကြီး တုံ့ပြန်ခဲ့ကြသည် မဟုတ်ပါလား။

ကျိုးမျိုးနွယ်အမည်ရှိ ထိုသူကို ကြည့်လိုက်ပါက သူသည် ကောင်လေး၏ လည်ပင်းအား တိုက်ရိုက် ပစ်မှတ်ထားနေခြင်းမှာ အမှန်တကယ်ပင် နှုတ်ပိတ်သတ်ဖြတ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိသာလှ၏။

​မိမိ၏ ဇနီးနှင့် ညီအစ်ကိုကျိုးတို့၏ မျက်နှာပေါ်မှ အပြစ်မကင်းသည့် အရိပ်အယောင်များကို မြင်လိုက်ရသောအခါ၊ လီမျိုးနွယ်အမည်ရှိ ထိုအမျိုးသားသည် တာအိုဆရာလေး၏ စကားများမှာ လိမ်ညာနေခြင်းမဟုတ်ကြောင်း ကောင်းစွာ သဘောပေါက်သွားတော့သည်။

ထိုနှစ်ယောက်မှာ မိမိ၏ ပိုင်ဆိုင်မှုများကို လုယူရန်နှင့် မိမိကို သတ်ဖြတ်ရန် တိတ်တဆိတ် ပူးပေါင်းကြံစည်နေခဲ့ကြသည် မဟုတ်ပါလား။

​အမျိုးသားဖြစ်သူ လီမှာ တစ်ကိုယ်လုံး ချွေးစေးများ စီးကျလာ၏။ သူ၏ ယခုခရီးစဉ် ရည်ရွယ်ချက်အား ပြန်တွေးကြည့်လျှင် အကယ်၍ ဤကောင်လေးနှင့် မဆုံခဲ့ဘဲ ထိုလူနှစ်ယောက်၏ စကားကိုသာ ယုံကြည်ခဲ့မိပါက၊ သူသည် အမှန်တကယ်ပင် အသက်ရော စည်းစိမ်ပါ ဆုံးရှုံးရတော့မည်ပင်။

​ဤအချက်ကို သဘောပေါက်သွားသည်နှင့် တစ်ပြိုင်နက် အမျိုးသားလီသည် ထိန်းမနိုင်သိမ်းမရ ဒေါသချောင်းချောင်း ထွက်သွားတော့သည်။

​သူ ခြေထောက်ကို မြှောက်ကာ ညီအစ်ကိုကျိုးကို အားရပါးရ ကန်လိုက်၏။

​"မင်း၊ မင်းက ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ”

သူ ကန်ကျောက်ရင်း ဒေါသတကြီး အော်ဟစ်နေမိရာ သူ၏ မျက်လုံးများထဲတွင် စိတ်ပျက်အားလျော့မှုနှင့် နာကြည်းမှုများ အပြည့် ရှိနေတော့သည်။

All Chapters