အခန်း ၄၈
Vol. 5 Ch. 48
48
ကျိုးမျိုးနွယ်မှာ မြေပြင်ပေါ်တွင် လူးလိမ့်ရင်း ညီအစ်ကိုလီ၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန် ကြိုးစားနေသော်လည်း သူသည် သိသိသာသာပင် အရေးနိမ့်နေပြီ ဖြစ်၏။ လက်ဖက်ရည်ဆိုင် အတွင်းရှိ လူများမှာလည်း ကျိုးမျိုးနွယ်အား အစွမ်းပြခွင့်ပေးသည့်အနေဖြင့် နောက်သို့ ဆုတ်ပေးလိုက်ကြသည်။
စိတ်အလှုပ်ရှားဆုံးသူများမှာ ရှောင်ကျိုး နှင့် သူမ၏ သူငယ်ချင်းများပင် ဖြစ်၏။ သူတို့သည် လက်ခုပ်တီးကာ အားပေးနေကြပြီး ကျိုးမျိုးနွယ်ကို မည်သည့်နေရာအား ထိုးနှက်တိုက်ခိုက်ရမည်ကိုပါ လှမ်း၍ ညွှန်ကြားနေကြရာ အခြေအနေကို ပို၍ ဆူပူအောင် လုပ်နေကြသည့်နှယ်။
"ယောင်္ကျား၊ ရှင် ကျွန်မ ပြောတာကို နားထောင်ပါဦး၊ ရှင်ထင်သလို မဟုတ်ပါဘူး”
အခြေအနေ ဆိုးရွားလာသည်ကို မြင်သောအခါ အမျိုးသမီးဖြစ်သူမှာ အပြေးအလွှား ရှေ့သို့ တိုးလာပြီး သူမ၏ ခင်ပွန်းလက်ကို ဆွဲကာ အသနားခံသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
သို့သော် အမျိုးသားမှာမူ မည်သည့် ရှင်းပြချက်ကိုမျှ နားမဝင်တော့ပေ။ သူ၏ ရင်ထဲတွင် သစ္စာဖောက်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ဒေါသနှင့် စိတ်ပျက်မှုများသာ ပြည့်နှက်နေတော့သည်။
"တော်တော့"
အမျိုးသားမှ အမျိုးသမီး၏ လက်ကို ခါထုတ်လိုက်ပြီး ဒေါသတကြီး စိုက်ကြည့်ကာ ဆိုသည်။
"မင်းမှာ ဘာပြောစရာ ကျန်သေးလို့လဲ၊ မင်းက ဒီလူယုတ်မာနဲ့ ပေါင်းပြီး ငါ့ကို လုပ်ကြံဖို့ ကြံစည်ခဲ့တာပဲ၊ ငါက မင်းကိုလည်း ဒီအတိုင်း လွှတ်ထားမယ် ထင်နေလား”
ထိုသို့ပြောပြီးနောက် သူသည် ဆိုင်ရှင်ထံမှ ကြိုးနှစ်ချောင်း တောင်းယူကာ ဇနီးဖြစ်သူနှင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ညီအစ်ကိုကျိုးကို တုပ်နှောင်၍ မြင်းလှည်းပေါ်သို့ ဆွဲတင်သွားတော့သည်။ အားလုံး ပြီးစီးသွားသောအခါ ထိုအမျိုးသားသည် အသက်ကို ပြင်းပြင်းရှူ၍ စိတ် တည်ငြိမ်အောင် ကြိုးစားလိုက်၏။
ထို့နောက် လူငယ်လေးအား ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်ကာ ဆိုသည်။
"ဆရာကြီး၊ စောစောက ကျွန်တော် တော်တော် ရိုင်းစိုင်းမိပါတယ်၊ ဒီနေ့ ဆရာကြီးရဲ့ သတိပေးချက်ကြောင့်သာ မဟုတ်ရင် ကျွန်တော် လီတော့ ဘဝပျက်ရတော့မှာပါ၊ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး၊ အခွင့်သာရင် ဒီကျေးဇူးကို အဆပေါင်းများစွာ ပြန်ဆပ်ပါ့မယ်"
နှုတ်ဆက်စကား ဆိုပြီးနောက် သူသည် ကျန်ရှိသော ကိစ္စရပ်များကို ဖြေရှင်းရန် အိမ်သို့ အမြန်မောင်းနှင်ကာ ထွက်ခွာသွားတော့၏။
[စနစ်၏ သတိပေးချက်- တာဝန်ပြီးဆုံးပါပြီ၊
ဆုလက်ဆောင်- အမှတ် ၁၀၀ နှင့် ကံစမ်းမဲနှိုက်ခွင့် တစ်ကြိမ် ရရှိသည်]
စနစ်၏ အသံကြောင့် ရှောင်ကျိုးမှာ ဖရဲသီးစားနေရာမှ သတိပြန်ဝင်လာ၏။ သူမ ချက်ချင်းပင် ကံစမ်းမဲနှိုက်ရန် နှိပ်လိုက်သည်။
(ဖရဲသီးစား_အတင်းအဖျင်းကြည့်၊ ပွဲကြည့်)
သူမ ရရှိလိုက်သည်မှာ "လေလည်စေသော ဆေးလုံး" တစ်လုံး ဖြစ်၏။
‘ဒါက ဘာကြီးလဲ’
ရှောင်ကျိုး စနစ်ကို စိတ်ထဲမှ မေးလိုက်၏။
"ဒီဆေးလုံးက လေအောင့်နေတာတွေကို ချောချောမွေ့မွေ့ လေလည်ထွက်သွားအောင် ကူညီပေးနိုင်ပါတယ်"
စနစ်မှ တည်တည်ငြိမ်ငြိမ်ပင် ရှင်းပြလိုက်သည်။
‘ရွံစရာကြီး’
‘ဒီစနစ်က ပေးတဲ့ ဆုလာဘ်တွေက တစ်ခုထက်တစ်ခု ပိုပြီး ထူးဆန်းလာတာပဲ’
ထိုလူသုံးဦး ထွက်ခွာသွားပြီးနောက် လက်ဖက်ရည်ဆိုင်မှာ ပြန်လည် တိတ်ဆိတ်သွားသော်လည်း အားလုံးက ထိုလူငယ်လေးကို ပို၍ ရိုသေလေးစားစွာ ကြည့်နေကြတော့သည်။ သူသည် အမှန်တကယ်ပင် အစွမ်းထက်သူဖြစ်ကြောင်း သိသွားကြပြီ ဖြစ်၏။
ကျောက်ဟူ လူငယ်လေးကို စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်းက တကယ်ပဲ တာအိုဆရာလား၊ ဒါဆို ငါ ဘယ်တော့ စစ်ဗိုလ်ချုပ် ဖြစ်မလဲဆိုတာ တွက်ပေးလို့ ရမလား"
ကောင်လေး ကျောက်ဟူကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် နှမြောတသမှုများ ပြည့်နှက်သွား၏။ ဤသူသည် စစ်ဗိုလ်ချုပ်ဖြစ်မည့် ပါရမီပါလာသူ ဖြစ်သော်လည်း သူ၏ ကံကြမ္မာမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ စစ်မြေပြင်တွင် ရာထူးကြီးကြီး ရနိုင်သော်လည်း အသက်တိုမည့် ကံပါနေ၏။
စောစောက ကူညီခဲ့သည်ကို ထောက်ထား၍ လူငယ်လေးမှ လိမ္မာပါးနပ်စွာ ဆိုလိုက်၏။
"ခင်ဗျားရဲ့ ကံဇာတာက ထူးခြားတယ်၊ စစ်ဗိုလ်ချုပ်ဖြစ်မယ့် အလားအလာလည်း ရှိတယ်၊ ဒါပေမဲ့ ဗိုလ်ချုပ်ရာထူးအထိ တက်လှမ်းနိုင်ပေမဲ့ ဘေးဒုက္ခတစ်ခုနဲ့ ကြုံပြီး အသက်တိုမယ့် ကံပါနေတယ်"
ကျောက်ဟူသာမက ရောက်ရှိနေသူ အားလုံး ထိုစကား၏ အဓိပ္ပာယ်ကို နားလည်လိုက်ကြသည်။ ကျောက်ဟူမှာ ဒေါသထွက်သွားပြီး မိမိအား အသက်တိုသူဟု ပြောသည်ကို ကျိန်ဆဲလိုက်တော့သည်။
"ဒီကောင်စုတ်၊ ငါတို့က ခုနတင် မင်းကို ကူညီထားတာလေ၊ မင်းက ကျေးဇူးကို ရန်လိုမှုနဲ့ တုံ့ပြန်ပြီး လူကို ကျိန်ဆဲရလား"
အားသို့မှာ ကျောက်ဟူနှင့် အမြဲတမ်း ရန်ဖြစ်နေတတ်သူ ဖြစ်သော်လည်း၊ ကျောက်ဟူအား အသက်တိုလိမ့်မည်ဟု ကြားလိုက်ရသောအခါ ထိုလူငယ်လေးကို ရိုက်သတ်ချင်စိတ်ပင် ပေါက်သွား၏။
"သူက ကိုယ့်ဘာသာ ဟောခိုင်းတာလေ၊ ပြီးတော့မှ ဟောချက်ကို မကြိုက်ဘူးဆိုပြီး ငါ့ကို အပြစ်တင်လို့ ရမလား"
လူငယ်လေးမှာ စိတ်ပျက်သွားသည်။ သူက စေတနာနှင့် မျက်နှာကြည့် ဟောပေးခဲ့ခြင်း ဖြစ်ပြီး ဟောခပင် တောင်းခဲ့ခြင်း မရှိပေ။
"ဘယ်လို ဘေးဒုက္ခလဲ၊ အဲဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရော ရှိလား"
ရှောင်ကျိုး မေးလိုက်၏။
"ရွာလူကြီးလေး၊ နင်က တကယ်ပဲ အဲဒါကို ယုံနေတာလား"
ကျောက်ဟူ အံ့အားသင့်သွားရသည်။
‘ဘာလဲ ငါက တကယ်ပဲ အသက်တိုမယ့်သူလား’
ကျောက်ဟူ စိတ်ဓာတ်အကြီးအကျယ် ကျဆင်းသွားတော့၏။
လူငယ်လေးမှာ ကျောက်ဟူ၏ မျက်နှာကို ထပ်မံ၍ သေသေချာချာ စစ်ဆေးကြည့်ပြန်သည်။
"ထူးဆန်းတယ်၊ အချိန်မတိုင်ခင် သေဆုံးမယ့် လက္ခဏာက ရှင်းရှင်းလင်းလင်း ရှိနေပေမဲ့၊ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစု တစ်ခုခုက သူ့ကို ဆွဲခေါ်နေသလိုပဲ၊ ဒါက သူ့ရဲ့ ကံကြမ္မာကို ခန့်မှန်းရခက်စေပြီး မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို ပေးထားသလို ဖြစ်နေတယ်၊ ဒါက တကယ့်ကို တွေ့ရခဲတဲ့ အဖြစ်အပျက်ပဲ”
ကောင်လေးမှာ တစ်နေ့တည်းတွင် ထူးဆန်းသော မျက်နှာသွင်ပြင် နှစ်ခုနှင့် ဆုံတွေ့ခဲ့ရသဖြင့် မိမိ၏ အစွမ်းအစအပေါ် မိမိကိုယ်တိုင်ပင် သံသယ ဝင်လာတော့၏။ ထို့ကြောင့် သူ အကြံပြု ပြောဆိုလိုက်၏။
"နောက်တစ်ခါ ငါ့ဆရာနဲ့ တွေ့ရင်တော့ သူ့ကို တစ်ချက်ကြည့်ပေးဖို့ မင်းတို့ မေးကြည့်လို့ ရတယ်"
ကျောက်ဟူတွင် မျှော်လင့်ချက်ရောင်ခြည် ရှိနေသေးသည်ဟု ကြားလိုက်ရသဖြင့် အားလုံး စိတ်သက်သာရာ ရသွားကြသည်။
"တာအိုဆရာလေး တစ်ယောက်ယောက်နောက်ကို လိုက်နေတာလား"
ရှောင်ကျိုး မေးလိုက်၏။
ဆိုင်ထဲဝင်လာစဉ်က သူ၏ပုံစံမှာ တစ်စုံတစ်ဦးကို အသည်းအသန် လိုက်လံရှာဖွေနေသည့်ပုံ ပေါက်နေသောကြောင့် ဖြစ်သည်။
"ငါ့ကို ကျင့်ရှင်း လို့ပဲ ခေါ်ပါ"
ကောင်လေး ဆိုသည်။
"ဘယ်သူ့နောက်ကို လိုက်နေတာလဲဆိုတာကတော့"
ထိုအကြောင်းကို စဉ်းစားမိရုံနှင့် ကျင့်ရှင်းမှာ ဒေါသထွက်လာပုံရ၏။ သူ ချက်ချင်းပင် ထိုင်ချလိုက်ကာ မျက်စိမှိတ်၍ တရားမှတ်တော့သည်။ ဒေါသများ ပြေပျောက်ပြီး စိတ်တည်ငြိမ်မှု ပြန်ရလာမှသာ တရားမှတ်နေရာမှ ဖြည်းဖြည်းချင်း ထလာ၏။
သူ့ဆရာမှ သူ့ကို ကျင့်ရှင်းဟု အဘယ်ကြောင့် အမည်ပေးခဲ့သည်ကို ရှောင်ကျိုး ရုတ်တရက် နားလည်သွားတော့သည်။ ၎င်းမှာ သူ၏ ဒေါသနှင့် စိတ်တိုတတ်သော အကျင့်ကို ထိန်းချုပ်နိုင်ရန် မျှော်လင့်ချက်ဖြင့် ပေးထားခြင်း ဖြစ်ပေလိမ့်မည်။
"အရင်လဝက်လောက်က ဆရာနဲ့အတူ ဆန်ဝယ်ဖို့ တောင်အောက်ဆင်းခဲ့တယ်၊ ဆန်သည်တစ်ယောက်က ငါတို့ကို ဆန်ဆယ်ကျင်း ရောင်းတယ်ဆိုပြီး တစ်ကျင်း လျှော့ပေးလိုက်တယ်၊ ငါ မဟုတ်ဘူး၊ တာအိုဆရာဖြစ်တဲ့ ငါက သူနဲ့ အခြေအတင် ဖြစ်ခဲ့တာပေါ့၊ သူက 'သရဲချိန်ခွင်' (လူလိမ်ချိန်ခွင်)ကို သုံးထားတာ၊ အဲဒီဆန်သည်က သူ့အမှားသူ မသိတဲ့အပြင် ငါနဲ့ ငါ့ဆရာကို 'ငွေမရှိတဲ့ သရဲစုတ်တွေ' လို့ ဆဲသေးတယ်၊ ပြီးတော့ ငါတို့က အစားအသောက်တွေကို လိမ်ညာတောင်းစားနေတာပါ ဆိုပြီး စွပ်စွဲသေးတာ"
"ဒါနဲ့ ရှင်က သူ့ကို ပြန်မပြောဘူးလား၊ ပြန်မအော်ဘူးလား"
ရှောင်ကျိုး မေးလိုက်၏။
"ဒီကောင်က အလေးခိုးတာတင် မဟုတ်ဘူး၊ လူကျင့်ဝတ်ပါ ခိုးနေတာပဲ”
ကျောက်ဟူလည်း ဝင်၍ ကျိန်ဆဲလိုက်သည်။
"ဒါပေါ့၊ အခြေအတင် ပြောတာဆိုတာကတော့ ပညာသားပါရတယ်၊ ဒါပေမဲ့ အဲဒီတုန်းက ငါက ကောင်းကောင်း မပြောနိုင်လိုက်လို့ ရှုံးသွားတာ"
ထိုသို့ပြောရင်း ကျင့်ရှင်း မိမိကိုယ်ကို တည်ငြိမ်စေရန် 'စိတ်အေးချမ်းစေသော မန္တန်'ကို အကြိမ်အနည်းငယ် ပြန်ရွတ်နေမိ၏။
"ဆရာကတော့ 'အရှုံးပေးခြင်းက ကောင်းချီးတစ်ခုပဲ၊ တစ်လှမ်းဆုတ်ပေးလိုက်ရင် လောကကြီးက ပိုကျယ်ပြန့်သွားလိမ့်မယ်' လို့ ပြောခဲ့ပေမဲ့"
"ဒါပေမဲ့ အဲဒီအကြောင်း ပြန်စဉ်းစားမိတိုင်း ငါ ပိုပြီး ဒေါသထွက်လာတယ်၊ ပြန်တွေးကြည့်လေ ငါပဲ အရှုံးခံလိုက်ရသလို ခံစားရလေပဲ"
"ဒါဆို တောင်အောက်ဆင်းလာတဲ့ ရည်ရွယ်ချက်က အဲဒီဆန်သည်ကို ပြန်ရှာဖို့ပေါ့ ဟုတ်လား"
ရှောင်ကျိုး မေးလေသည်။
"ဒါပေါ့ ပြဿနာကြီးတာကို သေးအောင်လုပ်၊ သေးတာကို ပပျောက်အောင်လုပ်ရမယ်ဆိုတာကို ငါ မယုံဘူး၊ ငါ သူ့ကို ပြန်ဆဲရမယ်၊ မဟုတ်ရင် ငါ့ရဲ့ တာအိုကျင့်စဉ်စိတ်ဟာ တစ်သက်လုံး မတည်မငြိမ် ဖြစ်နေတော့မှာ"
"ငါ နင့်ကို ထောက်ခံတယ်"
ရှောင်ကျိုး ဤကောင်လေး၏ စိတ်ဓာတ်ကို အလွန် သဘောကျသွား၏။
"လူတိုင်းက ဘဝကို ပထမဆုံးအကြိမ်ပဲ ဖြတ်သန်းနေကြတာပဲ၊ ဘာလို့ တခြားသူကို အမြဲ အလျှော့ပေးနေရမှာလဲ"
"ဟုတ်တယ်၊ ငါတို့လည်း မင်းနဲ့အတူ လိုက်ခဲ့မယ်"
ကျောက်ဟူနှင့် အခြားကလေးများလည်း သဘောတူညီကြသည်။
ထိုစကားကို ကြားသောအခါ ကျင့်ရှင်းမှာ မိမိ၏ ညီအစ်ကို မောင်နှမအရင်းများကို တွေ့လိုက်ရသကဲ့သို့ ခံစားသွားရပြီး သူတို့အဖွဲ့ကို အလွန်ပင် နွေးထွေးသော အကြည့်ဖြင့် ကြည့်လေ၏။
"မင်းတို့ တကယ် အဲဒီလို တကယ်ထင်တာလား"
"ဒါပေါ့"
ရှောင်ကျိုးနှင့် သူမ၏ အဖွဲ့သားများမှာ အမှားလုပ်မိလျှင်လည်း အလျှော့မပေးတတ်သကဲ့သို့ အမှန်ဘက်က ဖြစ်နေရင်လည်း တခြားသူကို လွယ်လွယ်နှင့် ခွင့်မလွှတ်တတ်သော လူစားမျိုးများ ဖြစ်ကြသည်။
"အခုချက်ချင်းပဲ သွားကြစို့"
ကောင်လေးမှာ သူ၏ ပစ္စည်းများကို ချက်ချင်း သိမ်းဆည်းတော့၏။ သူ ထိုဆန်သည်နှင့် စာရင်းဟောင်းကို ယခုပင် ရှင်းပစ်ချင်နေပြီး တစ်စက္ကန့်မှပင် ထပ်မစောင့်နိုင်တော့ပေ။
ရှောင်ကျိုးတို့ အဖွဲ့မှာလည်း စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါရန် ပြင်ကြသည်။ ဤကလေးများက တကယ်ပဲ ကူညီချင်ကြခြင်း မဟုတ်ဘဲ သူတို့က ဇာတ်လမ်းကြည့်ချင်နေကြခြင်းသာ ဖြစ်သည်။
ရှီရှန့်နှင့် ချင်းရွှီတို့မှာမူ စောစောလေးတင်မှ သိကျွမ်းခဲ့သော ဤလူစိမ်းနှစ်ဖွဲ့မှာ နှစ်ပေါင်းများစွာ ခင်မင်လာသည့်နှယ် ဖြစ်နေကြပြီး သွေးသောက်ညီအစ်ကို တိုင်တည်ရန်သာ လိုတော့သည်ကို ကြည့်ကာ အံ့သြနေကြ၏။
ရှီရှန့် မနေနိုင်ဘဲ ကြားဖြတ်ပြောလိုက်သည်။
"အခုက အရမ်းနောက်ကျနေပြီ၊ ဆန်သည်တွေ အကုန်လုံးလည်း သိမ်းပြီး အိမ်ပြန်ကုန်ကြလောက်ပြီ၊ မြို့ထဲဝင်ပြီး တည်းခိုခန်းတစ်ခုမှာ အရင်နားကြတာပေါ့"
သို့သော် ကျင့်ရှင်းမှာမူ မဖြစ်နိုင်ပေ။ သူ၏ ရင်ထဲမှ ဒေါသများကို မထုတ်ရသေးသရွေ့ ညဘက် အိပ်ပျော်မည် မဟုတ်ချေ။
"အဲဒီလူ ဘယ်မှာနေလဲ သိလား"
ရှောင်ကျိုး မေးလိုက်သည်။
ကျင့်ရှင်း ခေါင်းခါပြ၏။
"အဲဒီလူ နာမည်က ဘာလဲရော သိလား"
ကျင့်ရှင်း ထပ်မံ ခေါင်းခါပြပြန်သည်။
"ဒါဆို နင် ဘာသိသေးလဲ"
ရှောင်ကျိုးမှာ ဆွံ့အသွားတော့၏။
ဤကောင်လေးမှာ မိမိ၏ မာန်မာနကို မချနိုင်သဖြင့် အရင်တစ်ခေါက်က အရှုံးပေးခဲ့ရသော နေရာသို့ တိုက်ရိုက် ပြေးဆင်းလာခြင်းသာ ဖြစ်ပုံရသည်။ သို့သော် ထိုနေရာတွင် မည်သူမှ စောင့်နေမည် မဟုတ်ပေ။
ရှောင်ကျိုး သူမ၏ နဖူးကို ပွတ်ရင်း ဆိုလိုက်သည်။
"ရှင်က ကံကြမ္မာ ဟောတဲ့နေရာမှာ တော်တယ် မဟုတ်လား ၊အဲဒီလူ ဘယ်မှာလဲဆိုတာ တွက်ကြည့်လိုက်လေ"
"ဟုတ်သားပဲ"
ကောင်လေး တွက်ချက်ရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို သတိရသွားတော့၏။
"မဟုတ်ဘူး၊ အဲဒါက ကိုယ်ကျိုးအတွက် ကလဲ့စားချေတာမျိုး ဖြစ်သွားလိမ့်မယ်၊ အဲဒီလိုလုပ်ရင် ငါ့ရဲ့ ကျင့်ကြံအားထုတ်မှု ကုသိုလ်တွေ လျော့နည်းသွားလိမ့်မယ်"
လူငယ်လေး လက်ယမ်းကာ ငြင်းဆိုလိုက်သည်။
"ပုံမှန်အားဖြင့်တော့ ဆန်သည်တွေက နေရာခဏခဏ မပြောင်းတတ်ကြပါဘူး၊ မနက်ဖြန် အဲဒီနေရာကို ပြန်သွားရင်တော့ အဲဒီလူကို သေချာပေါက် ရှာတွေ့မှာပါ"
ထို့ကြောင့်ပင် သူတို့အဖွဲ့သားအားလုံးသည် ခန့်ညားထည်ဝါသော စီတန်းလှည့်လည်မှုကြီး တစ်ခုအလား ရန်ဖျင်ခရိုင်သို့ ဦးတည်ကာ ထွက်ခွာလာကြ၏။