← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

49

ရန်ဖျင်ခရိုင်သည် ချင်းရှန်းခရိုင်နှင့် ကပ်လျက် တည်ရှိသော်လည်း စည်ကားမှုအပိုင်းတွင်မူ ချင်းရှန်းခရိုင်ကို မမှီနိုင်ချေ။ မမှောင်သေးမီ အချိန်မှာပင် လမ်းမများပေါ်၌ လူသူကင်းမဲ့နေပြီ ဖြစ်သည်။

​"ဒီနေရာက ဘာလို့ ဒီလောက်တောင် ခြောက်ကပ်နေရတာလဲ"

ရှောင်ကျိုး နားမလည်နိုင်စွာ မေးလိုက်၏။

​"ဒီနေရာက နယ်စပ်နဲ့ နီးတော့ တောထဲက ဓားပြတွေ ခဏခဏ လာတတ်တယ်လေ၊ သာမန်လူတွေဆိုရင် မနက်စောစောကတည်းက တံခါးတွေ၊ ပြတင်းပေါက်တွေ ပိတ်ထားကြတာ၊ ညဘက် လျှောက်သွားဖို့ဆိုတာ ဘယ်သူမှ မရဲကြဘူး"

ကျင့်ရှင်း ရှင်းပြလိုက်၏။

​ထိုစကားကို ကြားသောအခါ ကလေးများမှာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်မိကြသည်။ လမ်းမပေါ်တွင် လေတိုး၍ လှုပ်ခတ်နေသော မီးရောင် အချို့သာ ရှိပြီး၊ ရံဖန်ရံခါ ကြားရသည့် အဝေးမှ ခွေးဟောင်သံများက ပို၍ ခြောက်ခြားဖွယ်ကောင်းသော အငွေ့အသက်ကို ဆောင်ကြဉ်းပေးနေသည်။

​ရှောင်ကျိုး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"အစိုးရက ဒီဓားပြတွေကို မနှိမ်နင်းဘူးလား"

​"အရင်က နှစ်တွေမှာ နယ်စပ်စစ်ပွဲတွေက အဆက်မပြတ် ဖြစ်နေတော့ အစိုးရရဲ့ စစ်အင်အားကလည်း နည်းပါးနေတာလေ၊ အဲဒီတော့ ဓားပြတွေကို နှိမ်နင်းဖို့ ခက်ခဲနေတာပေါ့၊ ဒီအခွင့်အရေးကို သုံးပြီး ဓားပြတွေကလည်း အင်အားတောင့်တင်းလာကြတယ်၊ ဒါပေမဲ့ သူတို့က ဖြတ်သန်းသွားလာတဲ့ ကုန်သည်တွေနဲ့ သူဌေးတွေကိုပဲ ဓားပြတိုက်တာ၊ ပတ်ဝန်းကျင်က လူတွေကိုတော့ ဒုက္ခမပေးကြပါဘူး"

ကျင့်ရှင်းမှာ ဤဓားပြများအပေါ် ကောင်းမွန်သော အမြင်ရှိနေပုံရ၏။

​"ရန်ဖျင်ခရိုင်နားမှာ အရင်က ဓားပြတွေ မရှိခဲ့ဖူးဘူးလို့ ငါ မှတ်မိနေပါတယ်"

ရှီရှန့် မျက်မှောင်ကြုတ်လိုက်သည်။ လွန်ခဲ့သော ငါးနှစ်ခန့်က သူ နယ်စပ်တွင် တပ်စွဲထားစဉ် ဤနေရာမှာ နေ့ညမပြတ် အလွန် စည်ကားခဲ့ပြီး ယခုကဲ့သို့ ခြောက်ကပ်မနေခဲ့ပေ။

​"အဲဒါက အရင်တုန်းကလေ၊ ရှီမိသားစု ရှိနေတုန်းကပေါ့၊ အဲဒီတုန်းကတော့ ဘယ်သူမှ နယ်စပ်ကို မကျူးကျော်ရဲကြဘူး၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်က ရှီမိသားစု တိုက်ပွဲမှာ ကျဆုံးသွားပြီး ရှီမိသားစု စစ်တပ်လည်း ပျောက်ကွယ်သွားတဲ့နောက် နယ်စပ်ကို ကြည့်လိုက်ပါဦး၊ လူနေတဲ့နေရာနဲ့တောင် မတူတော့ဘူး"

ကျင့်ရှင်း မကျေမနပ် ဆိုလိုက်သည်။

​"မင်းက နယ်စပ်အကြောင်း တော်တော် သိပုံရသားပဲ"

ရှီရှန့် စူးစမ်းလိုက်၏။ တာအိုဆရာတစ်ဦးမှာ နယ်စပ်အကြောင်းကို အဘယ်ကြောင့် ဤမျှအထိ သိနေရသည်အား သူ စဥ်းစားမရပေ။

​"ချင်းရှန်းကျောင်းတော်က နယ်စပ်နဲ့ သိပ်မဝေးဘူးလေ၊ ပြီးတော့ တပည့်တွေကလည်း တောင်အောက်ကို ခဏခဏ ဆင်းပြီး လေ့ကျင့်ကြတာကိုး"

ကျင့်ရှင်း စကားပြောရင်း အနည်းငယ် အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။ အမှန်စင်စစ် တာအိုကျောင်းမှာ အလွန် ဆင်းရဲလွန်းသဖြင့် အစားကောင်းကောင်း စားနိုင်ရန်အတွက် တောင်အောက်သို့ တိတ်တဆိတ် ဆင်းကာ ကံကြမ္မာဟောပေးခြင်း၊ ငွေရှာခြင်းတို့ဖြင့် ဗိုက်ဖြည့်နေကြခြင်းသာ ဖြစ်၏။

ခန့်ညားထည်ဝါသော ဤတာအိုကျောင်းတော်ကြီးမှာ နောက်ထပ် ထမင်းတစ်နပ်စာအတွက်ပင် ပူပန်နေရလောက်အောင် ဆင်းရဲနေလိမ့်မည်ဟု မည်သူကမှ ထင်ကြမည် မဟုတ်ပေ။ ဆရာကြီးကလည်း သူ အစားအသောက် အလွန် စားသည်ဟု ထင်ပုံရကာ လိမ်ညာပြောဆိုခဲ့သေးသည်။

"မင်း တစ်သက်လုံး အစားအသောက်၊ အဝတ်အထည်အတွက် မပူပန်ရအောင် လုပ်ပေးနိုင်မယ့်သူက ချင်းရှန်းခရိုင်၊ ထောင်ယွမ်ရွာမှာ ရှိတယ်"

သူသည် တော်ဝင်မိသားစုဝင်လည်း မဟုတ်၊ ရာထူးကြီးသူ သို့မဟုတ် သူဌေးကြီးလည်း မဟုတ်ဘဲ သာမန်ရွာသားလေး တစ်ယောက်အနေနှင့် အေးအေးဆေးဆေး နေနိုင်ရုံပင် ဖြစ်၍ မည်သို့မှ ယုံကြည်နိုင်ဖွယ် မရှိပေ။ ဆရာကြီးမှာ အဘယ်ကြောင့် ထိုထက်ကောင်းသည့် ဆင်ခြေကို မရှာရသနည်း။

​မကြာမီမှာပင် သူတို့အဖွဲ့သည် မီးရောင်လင်းနေသေးသော တည်းခိုခန်းတစ်ခုကို ရှာတွေ့ကာ တစ်ညတာ တည်းခိုကြ၏။ တစ်နေ့လုံး ခရီးပန်းလာကြသဖြင့် အားလုံး လျင်မြန်စွာပင် အိပ်ပျော်သွားကြသည်။ စိတ်ဒဏ်ရာ အနည်းငယ် ရထားသော မန်ချန်းပင်လျှင် ဝမ်းနည်းစရာများကို စဉ်းစားရန် အင်အားမရှိတော့ဘဲ အိပ်မောကျသွား၏။

​နောက်တစ်နေ့ မနက်တွင် မိုးလင်းစပြုလာသည်နှင့်အမျှ မြို့လေးမှာလည်း တဖြည်းဖြည်း သက်ဝင် လှုပ်ရှားလာလေပြီ။ ရှောင်ကျိုး ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ရာ မြေကြီးရနံ့နှင့် ရောယှက်နေသော လတ်ဆတ်သည့် လေပြေများ တိုးဝင်လာသည်။ ၎င်းမှာ ညဘက်မှ ခြောက်ကပ်မှုနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။ စောစောထသော ဈေးသည်များမှာ လမ်းပေါ်တွင် ဆိုင်ခန်းများ စတင် ခင်းကျင်းနေကြပြီ ဖြစ်ရာ လူသိပ်မများသေးသော်လည်း ဘဝ၏ အငွေ့အသက်များကို ခံစားရစေသည်။

​ရှောင်ကျိုး အောက်ထပ်သို့ ဆင်းလာသောအခါ ချင်းရွှီ နှင့် အခြားသူများသည် စားပွဲတွင် ထိုင်နေကြပြီ ဖြစ်၏။

"နေ့ဘက်ဆိုရင်တော့ ပိုစည်ကားတာပဲ"

ချင်းရွှီ ဆိုလိုက်သည်။

​ကျင့်ရှင်းလည်း အိပ်ရာနိုး၍ မျက်လုံးများကို ပွတ်ရင်း အောက်ထပ်သို့ ဆင်းလာ၏။

"ဟုတ်တယ်၊ နေ့ဘက်ကတော့ အမြဲတမ်း ဘေးကင်းတယ်၊ လူတွေကလည်း အလင်းရောင်ကို အမှီပြုပြီး အလုပ်အကိုင် ရှာနိုင်ကြတာပေါ့"

​လမ်းမကို ကြည့်ရင်း ရှီရှန့်၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေမိ၏။ လွန်ခဲ့သော ငါးနှစ်က စည်ကားခဲ့သော မြို့လေးနှင့် ယခု ခြောက်ကပ်နေမှုကို နှိုင်းယှဉ်ကာ စိတ်မကောင်း ဖြစ်သွားမိသည်။

​မနက်စာ အမြန်စားပြီးနောက် အဖွဲ့သားများမှာ ခရီးဆက်ရန် ပြင်ဆင်ကြသကဲ့သို့၊ ကျင့်ရှင်း သူ၏ ဒေါသများကို မည်သို့ ဖြေဖျောက်မည်ကိုလည်း ကြည့်ချင်နေကြ၏။ အားလုံး ကျင့်ရှင်း၏ နောက်မှ လိုက်လာကြရာ အရင်တစ်ခေါက်က ဆန်သည်နှင့် အခြေအတင် ဖြစ်ခဲ့သော နေရာသို့ ရောက်ရှိလာကြ၏။

သို့သော် ကျင့်ရှင်း တည်တည်ငြိမ်ငြိမ်နှင့် ထိုလူကို ရှာဖွေပြီး ပညာပေးရန် ပြင်ဆင်နေစဉ်မှာပင် ဆန်သည်မှာ တစ်ကိုယ်လုံး ဖူးရောင်ပိန်ချိုင့်နေသည်ကို တွေ့လိုက်ရသည်။

​ကျင့်ရှင်း ထိုသူအား အထက်အောက် အကဲခတ်ကြည့်ပြီးနောက် မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောမိတော့သည်။ သူသည် မြေပြင်ပေါ်တွင် ဖူးရောင်နေသော မျက်နှာနှင့် လဲလျောင်းနေသည့် ဆန်သည်အား လက်ညှိုးနှင့် တို့ကြည့်ရင်း အားရပါးရ လှောင်ပြောင်လိုက်၏။

“ဟားဟားဟား၊ နောက်ဆုံးတော့ မင်းလည်း မင်းနဲ့ ထိုက်တန်တဲ့သူနဲ့ တွေ့ပြီပေါ့လေ”

​ရှောင်ကျိုးနှင့် အခြားကလေးများမှာလည်း ဝိုင်းအုံကြည့်ကာ ရယ်မောကြပြန်သည်။ သူတို့အဖွဲ့သားများ အုပ်စုလိုက် ရယ်မောနေပုံကို ကြည့်ရသည်မှာ အမှန်တကယ်ပင် ဗီလိန်အဖွဲ့အစည်း တစ်ခုအလား။

​ရှီရှန့်နှင့် ချင်းရွှီတို့မှာမူ ဤကလေးအုပ်စုနှင့် မသိသလို ဟန်ဆောင်ကာ အသာလေး နောက်ဆုတ်သွားကြ၏။ ချင်းရွှီ ရှီရှန့် ဝတ်ထားသော မျက်နှာဖုံးကို ကြည့်ကာ အလွန်ပင် မနာလိုဖြစ်နေမိသည်။ သူလည်း မျက်နှာဖုံးစွပ်လာခဲ့လျှင် ကောင်းသားဟု တွေးနေမိ၏။ ရှီရှန့်မှာ စိတ်ထဲတွင် ညည်းတွားနေသည်။

"ငါက ငါ သေရာက ပြန်ရှင်လာတာကို လူမသိစေချင်လို့ တပ်ထားတာပါ၊ ဒီမျက်နှာဖုံးက ဒီလို အရှက်ရစရာ ကိစ္စတွေမှာ သုံးရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"

​"ဘာဖြစ်တာလဲ၊ ဆန်ခိုးရောင်းရင်း ပြန်အရိုက်ခံရတာလား၊ ညလမ်းကို အလျှောက်များရင် သရဲနဲ့ တွေ့တတ်တယ်ဆိုတာ ဒါမျိုးပေါ့"

ကျင့်ရှင်းမှာ ထိုလူ၏ သနားစဖွယ် အခြေအနေကို မြင်ရသောအခါ ရင်ထဲတွင် အတိုင်းမသိ လန်းဆန်းသွားရသည်။ မိမိကိုယ်တိုင် မရိုက်လိုက်ရသော်လည်း ဤမြင်ကွင်းကပင် သူ၏ ဒေါသကို ပြေပျောက်စေခဲ့ပြီ ဖြစ်သည်။

​ရှောင်ကျိုး ဘေးဆိုင်မှ ဈေးသည်အား မေးကြည့်လိုက်၏။

"သူ့ကို ဘယ်သူ ရိုက်သွားတာလဲဟင်"

​ဈေးသည်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ တိုးတိုးလေး ပြောပြ‌လေသည်။

"မြို့တော်က လာတဲ့သူတွေလို့ ကြားတာပဲ"

​"ဟင်"

ရှောင်ကျိုး အံ့သြသွားသည်။ ဤသာမန် ဆန်သည်က မြို့တော်မှ လူကြီးလူကောင်းများကို မည်သို့ စော်ကားလိုက်သည်အား သူမ သိချင်နေမိ၏။

​"ထပ်ပြောပါဦး"

ရှောင်ကျိုး အိတ်ထဲမှ ဖရုံစေ့တစ်ဆုပ်ကို ဈေးသည်လက်ထဲ ထည့်ပေးလိုက်ကာ ဆက်ပြောရန် အချက်ပြလိုက်၏။ ဈေးသည်လည်း အလိုက်သင့်ပင် ဖရုံစေ့များကို ခွာစားရင်း ပြောပြတော့သည်။

"မြို့တော်က လာတဲ့ သူဌေးသားတစ်ယောက်က ငါ့ဆိုင်မှာ ပစ္စည်းဝယ်ချင်လို့တဲ့၊ အဲဒီမှာ ဟိုလူက ဆန်တစ်ကျင်းကို ပြား ၃၀ နဲ့ ရောင်းတာ၊ ဆယ်ကျင်း ဝယ်တာကို ခုနစ်ကျင်းလောက်ပဲ ပေးတယ်လေ၊ အဲဒီသူဌေးသားရဲ့ အခြွေအရံက ချက်ချင်း ရိပ်မိသွားပြီး ဘာမှမပြောဘဲ ဝိုင်းရိုက်တော့တာပဲ"

​ရှောင်ကျိုး မြေပြင်ပေါ်မှ လူအား ခြေထောက်နှင့် တို့ကြည့်ရင်း ကျင့်ရှင်းကို ပြောလိုက်၏။

"ဒါဆို သူက ရှင့်ကိုတော့ တော်တော်လေး ညှာတာ ပေးခဲ့တာပဲနော်"

​ဤဆန်သည်၏ ငွေအပေါ် မက်မောမှုနှင့် သတ္တိမှာ အံ့သြစရာပင်။ မြေပြင်ပေါ်မှ ဆန်သည်မှာ မကျေမနပ် ညည်းတွားလိုက်သည်။

"သူ့ကို လိမ်လိုက်တာက ဘာမှမဟုတ်သေးဘူး၊ ငါက အဲဒီအသုံးမကျတဲ့ မင်းသားကိုပါ ရိုက်ချင်နေတာ၊ ဘာမင်းသားလဲ၊ စစ်မြေပြင်ကို ခြေတစ်ဖက်တောင် မချဖူးဘဲနဲ့ ရှီမိသားစုကို သူရဲကောင်းတွေပါလို့ ပါးစပ်က ပြောပြီး၊ တကယ်တမ်းကျတော့ တိုက်ပွဲရှုံးတဲ့သူတွေပါ ဆိုပြီး လျှော့တွက်နေတာ၊ ရှီမိသားစု စစ်တပ်က ကံကောင်းလို့ နိုင်ခဲ့တာတဲ့၊ တောက်၊ မြို့တော်မှာ သုခခံစားနေတဲ့ အချောင်သမားက ဘာသိမှာလဲ၊ ထွီး"

​" အရင်က ရှီမိသားစု စစ်တပ်သာ မရှိခဲ့ရင် အဲဒီကောင် အခုလို အေးအေးဆေးဆေး နေနိုင်ပါ့မလား"

ဆန်သည်မှာ နာကျင်နေသည်ကိုပင် မေ့သွားကာ ပို၍ ဒေါသထွက်လာတော့၏။

​ရှောင်ကျိုးသည် ထိုသူမှာ လူကျင့်ဝတ် အနည်းငယ် ချို့ယွင်းသော်လည်း သူ၏ စိတ်ဓာတ်နှင့် တန်ဖိုးထားမှုမှာ တော်တော်လေး မှန်ကန်သည်ဟု ခံစားလိုက်ရ၏။ ကျင့်ရှင်းလည်း ထိုသူကို အထင်ကြီးသွားကာ ဆိုသည်။

"မင်းရဲ့ ပါးစပ်က မသန့်ပေမဲ့ မင်းရဲ့ နှလုံးသားကတော့ တော်တော်လေး သန့်ရှင်းတာပဲ"

ဆန်သည်ကို ထူပေးရင်း ပြောလိုက်၏။

“လာ ငါ မင်းကို ဆေးခန်း လိုက်ပို့ပေးမယ်"

​ထို့နောက် သူတို့အဖွဲ့သားများ ဝန်းရံကာ ထိုသူကို ဆေးခန်းသို့ လိုက်ပို့ပေးကြတော့သည်။ မထွက်ခွာမီတွင် ရှောင်ကျိုးမှ ထိုသူ့အတွက် တေးဆယ်ပြား ချန်ထားပေးခဲ့သေး၏။ ဆေးခန်းမှ ထွက်လာသောအခါ ရှောင်ကျိုး ကျင့်ရှင်းကို မေးလိုက်သည်။

"ငါတို့ကတော့ အိမ်ပြန်ကြတော့မယ်၊ နင်ကရော ဘယ်သွားမှာလဲ"

​ကျင့်ရှင်း သူ၏ ဆရာပြောခဲ့သည်ကို ပြန်စဉ်းစားကာ ဆို၏။

"ငါက ချင်းရှန်းခရိုင်၊ ထောင်ယွမ်ရွာကို သွားမှာလေ၊ နောက်မှ ပြန်တွေ့ကြတာပေါ့"

ထို့‌နောက် လက်ပြ၍ ထွက်ခွာရန် ပြင်သည်။

​"နေဦး၊ နင့်ကို ကြည့်ရတာ တစ်ခုခု မှားနေသလိုပဲ၊ ငါတို့ရွာကို ဘာလာလုပ်မှာလဲ"

ရှောင်ကျိုး၏ မှတ်ဉာဏ်အရ ရွာတွင် တာအိုဆရာဆို၍ မည်သူမှ မရှိပေ။ ဤသူက ရွာထဲသွားပြီး ကံကြမ္မာများ လိုက်ဟောနေလျှင် ရွာသားများ စိတ်မရှည်ဘဲ ဝိုင်းရိုက်ကြမည်ကို ရှောင်ကျိုး စိုးရိမ်မိ၏။

​"မင်းက ထောင်ယွမ်ရွာမှာ နေတာလား"

ကျင့်ရှင်း အံ့သြသွားသည်။ ဤမျှ တိုက်ဆိုင်စရာ အကြောင်းမရှိပေ။

‘​ဟား’

‘​ငါ့ဆရာကြီး ငါ့ကို လိမ်ပြောခဲ့တာ မဟုတ်ဘူးပဲ’

​"မင်းတို့ရွာမှာ အထူးသဖြင့် ချမ်းသာတဲ့သူ ဘယ်သူရှိလဲ"

ကျင့်ရှင်း ရှောင်ကျိုးကို စိတ်လှုပ်ရှားစွာ မေးလိုက်တော့သည်။

"နင်က ငါတို့ရွာအထိ လာပြီး ပိုက်ဆံလိမ်ချင်တာလား”

ကျောက်ဟူ သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။

​ကျောက်ဟူမှာ မိမိအား အသက်တိုမည့်သူဟု ဟောကိန်းထုတ်ခံရကတည်းက ဤတာအိုဆရာလေးကို အမြင်မကြည်တော့ခြင်း ဖြစ်သည်။

‘ငါ့ရုပ်က လူလိမ်နဲ့ တူနေလို့လား’​

ကျင့်ရှင်း ကြောင်အမ်းအမ်း ဖြစ်သွားရ၏။

​"တူတာပေါ့"

ကလေးများအားလုံး တစ်သံတည်း ထွက်ပေါ်လာပြီး ခေါင်းကို တပြိုင်နက်တည်း ညိတ်ပြလိုက်ကြတော့သည်။

All Chapters