အခန်း ၅၀
Vol. 5 Ch. 50
50
"ငါက လူလိမ်မဟုတ်ဘူးလို့ ပြောပြီးပြီပဲ၊ တစ်ယောက်ယောက်ကို လိုက်ရှာဖို့သာ မဟုတ်ရင် ငါက အလကားနေရင်း သွားချင်ပါ့မလား"
ကျင့်ရှင်း ဒေါသတကြီးဖြင့် ကျောက်ဟူကို စိုက်ကြည့်လိုက်သည်။ လူအချင်းချင်း ယုံကြည်မှု လုံးဝမရှိကြခြင်းမှာ တကယ့်ကို အဓိပ္ပာယ်မရှိလှပေ။ သူက ထိုသူကို သူငယ်ချင်းဟုပင် သတ်မှတ်ထားခဲ့သည် မဟုတ်ပါလား။
"ဘယ်သူ့ကို ရှာနေတာလဲ"
ကျောက်ဟူ ယုံကြည်ရခက်သော မျက်နှာပေးဖြင့် မေးမြန်းဆဲပင်။
"ပြောပြရင်လည်း မင်း နားလည်မှာမဟုတ်ဘူး"
ကျင့်ရှင်း ခေါင်းလွှဲလိုက်ပြီး သူ့ကို အဖက်လုပ်ကာ စကားပြောရန် ပျင်းရိနေပုံရသည်။
"ဟမ့်”
ကျောက်ဟူမှာ ကျင့်ရှင်းကို ပခုံးနှင့် တိုက်၍ ကျော်တက်သွားကာ ရှောင်ကျိုး၏ ရှေ့တွင် ရပ်ပြီး မေးလိုက်၏။
"ရွာလူကြီးလေး၊ အခု ထွက်ကြတော့မလား"
"မထွက်ခင်မှာ အရေးကြီး လုပ်စရာတစ်ခု ရှိသေးတယ်"
ရှောင်ကျိုး ပြောလိုက်သည်နှင့် အားသို့နှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရွာလူကြီး မည်သည့်အရာအား လုပ်ချင်သည်ကို ချက်ချင်း သဘောပေါက်သွားကြသည်။
‘ပြဿနာ သွားရှာကြစို့’
ရှီရှန့်နှင့် ချင်းရွှီတို့မှာမူ ဤကလေးများ ယခုတစ်ကြိမ်တွင် မည်သို့သော အရှုပ်အထွေးများ ဖန်တီးဦးမည်ကို နားမလည်နိုင်ကြတော့ပေ။ သူတို့ လုပ်နိုင်သည်မှာ နောက်မှ တိတ်တဆိတ် လိုက်ပါရုံသာ ရှိသည်။ ရှီရှန့်မှာ သူ၏ မျက်နှာဖုံးကို စမ်းကြည့်ရင်း အနည်းငယ် စိတ်သက်သာရာ ရသွားမိ၏။ ကလေးများ မည်မျှပင် သောင်းကျန်းပါစေ၊ သူ၏ မျက်နှာကို မည်သူမှ မမြင်ရသရွေ့ သူ အရှက်ရမည် မဟုတ်ပေ။
ရှောင်ကျိုးနှင့် သူမ၏ အပေါင်းအပါများမှာ ဈေးသည်များထံမှ စုံစမ်းထားပြီးဖြစ်ရာ ရှီမိသားစု စစ်တပ်ကို အပုပ်ချ စော်ကားပြောဆိုခဲ့သော ထိုသခင်လေးမှာ လက်ရှိတွင် ခရိုင်အုပ်ချုပ်ရေးရုံးတွင် ရှိနေကြောင်း သိရှိထားကြသည်။ ထိုသူတို့မှာ တောင်ပေါ်တွင် ဓားပြတိုက်ခံရသဖြင့် ယခုအခါ ဓားပြများကို နှိမ်နင်းရန် စစ်တပ်စေလွှတ်ပေးဖို့ ခရိုင်မင်းကြီးကို အတင်းအကျပ် တောင်းဆိုနေကြခြင်း ဖြစ်၏။
ရှောင်ကျိုးနှင့် သူငယ်ချင်းများမှာ ခရိုင်အုပ်ချုပ်ရေးရုံးသို့ တိတ်တဆိတ် သွားရောက်ကာ အဝေးမှ ချောင်းကြည့်နေကြသည်။ ရှောင်ကျိုး သူမ၏ စိတ်စွမ်းအားကို အသုံးပြု၍ စူးစမ်းလိုက်ရာ အုပ်ချုပ်ရေးရုံး၏ အနောက်ဘက် တံတိုင်းတွင် ခွေးတိုးပေါက်တစ်ခု ရှိနေသည်ကို ရှာဖွေတွေ့ရှိသွား၏။ အဖွဲ့သားများမှာ တံတိုင်းနားသို့ ကပ်သွားကြစဉ် ထိုနေရာတွင် လူသူကင်းမဲ့နေ၏။
ရှောင်ကျိုး မြက်ပင်များ ဖုံးအုပ်နေသော ခွေးတိုးပေါက်ကို လက်ညှိုးထိုးပြကာ ဆိုလိုက်သည်။
"ဒီမှာ အပေါက်ရှိတယ်"
ထိုစကားကို ကြားသည်နှင့် ကျောက်ဟူနှင့် အခြားသူများမှာ မည်သည်ကိုမှ မစဉ်းစားဘဲ အထဲသို့ အလုအယက် တိုးဝင်ကြ၍ ရှောင်ကျိုးလည်း နောက်မှ လိုက်သွား၏။
ကျင့်ရှင်း : ".........."
‘နေပါဦး ဒါက ခွေးတိုးပေါက်ကြီးလေ’
အနည်းဆုံးတော့ ခဏလောက် တွေဝေကြသင့်၏။ သို့သော် အခြားသူများ အထဲသို့ ရောက်သွားသည်ကို မြင်သောအခါ ကျင့်ရှင်းလည်း မနေနိုင်ဘဲ နောက်မှ အလောတကြီး လိုက်ဝင်သွားတော့သည်။ လူကြီးနှစ်ယောက်ဖြစ်သော ရှီရှန့်နှင့် ချင်းရွှီတို့မှာမူ မြေကြီးပေါ်တွင် ဝပ်တွား၍ မဝင်ချင်ကြသဖြင့် အပြင်ဘက်မှသာ အသာလေး စောင့်နေကြသည်။
ထိုအချိန်တွင် ခရိုင်အုပ်ချုပ်ရေးရုံးအတွင်း၌ ဖင်းနန်မြို့စား၏ အမွေခံ သခင်လေးမှာ အဓိကနေရာတွင် ထိုင်နေပြီး အလွန်ပင် စိတ်မရှည်သော မျက်နှာထား ဖြစ်နေ၏။
"သခင်လေး အုပ်ချုပ်ရေးရုံးက ဓားပြတွေကို မနှိမ်နင်းချင်တာ မဟုတ်ပါဘူး၊ ရုံးမှာ တကယ်ပဲ လူအင်အား ဒီလောက်မရှိလို့ပါ၊ သခင်လေး မြင်တဲ့အတိုင်းပဲ၊ ကျွန်တော်တို့ ခရိုင်က အရမ်းဆင်းရဲပါတယ်၊ ရုံးအလုပ်သမားတွေ အများကြီး ထားပြီး ဘယ်က ပိုက်ဆံနဲ့ ပေးရပါ့မလဲ"
ခရိုင်ဝန်မှာ စားပွဲ၏ အောက်ဘက်တွင် ထိုင်ကာ နှိမ့်ချသော လေသံဖြင့် ရှင်းပြနေရ၏။
"ဟင်း၊ မင်းက ဓားပြ နည်းနည်းလေးကိုတောင် မနှိမ်နင်းနိုင်ဘူးပေါ့လေ၊ ငါ့အထင်တော့ မင်း ခရိုင်ဝန် ဆက်မလုပ်ချင်တော့ဘူး ထင်တယ်”
ဖင်းနန်သခင်လေး၏ စကားများမှာ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။
ခရိုင်ဝန်၏ နဖူးပေါ်တွင် ချွေးစေးများ ပျံလာတော့၏။ မြို့တော်မှ လာသော ဤအလိုလိုက်ခံထားရသည့် သခင်လေးများမှာ ကိုင်တွယ်ရ အခက်ခဲဆုံး ဖြစ်ကြောင်း သူကောင်းစွာ သိထားသည်။ သူသည် ချွေးများကို သုတ်လိုက်ကာ အတင်းပြုံးလိုက်ပြီး ဆက်ပြော၏။
"သခင်လေး စိတ်လျှော့ပါ၊ ကျွန်တော် တကယ်ပဲ စွမ်းဆောင်နိုင်ရည် မရှိလို့ပါ၊ ဒါပေမဲ့ သခင်လေးမှာ ဘယ်လို ညွှန်ကြားချက်ပဲရှိရှိ ကျွန်တော် အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးပါ့မယ်"
"ဒါဆိုရင် အုပ်ချုပ်ရေးရုံးမှာရှိတဲ့ စစ်သည်တွေ အကုန်လုံးကို ဓားပြနှိမ်နင်းဖို့ လွှတ်လိုက်၊ အစိုးရက သူတို့ကို ပိုက်ဆံပေးမွေးထားတာ ဘာလုပ်ဖို့လဲ၊ တောင်ပေါ်က ဓားပြတွေကိုတောင် မဖမ်းနိုင်ဘူးလား"
ခရိုင်ဝန်မှာမူ သူ၏ ဆင်းရဲဒုက္ခကို မည်သို့ ပြောပြရမှန်း မသိတော့ပေ။ နန်းတော်က ဖင်းနန်ခရိုင်ကို မေ့နေသည်မှာ ကြာပြီ ဖြစ်သည်။ တစ်စုံတစ်ယောက်မှ လစာများကို အလွဲသုံးစား လုပ်နေသဖြင့် ဤခရိုင်သို့ ရောက်လာသော ငွေကြေးမှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာရာ လူအများစုမှာ ထွက်သွားကြပြီ ဖြစ်သည်။
ခရိုင်ဝန်သည် ထိတ်လန့်တုန်လှုပ်နေသည့် ပုံစံပြနေသော်လည်း စိတ်ထဲတွင်လည်း ကျိန်ဆဲနေမိ၏။
“မင်းတို့က ဓားပြတွေကို နှိမ်နင်းဖို့ ပိုက်ဆံပေးမယ့်အစား ဓားပြတွေကိုပဲ ပိုက်ဆံပေးပြီး သူတို့ဆီက လွတ်အောင် ပြေးကြပါလား”
ထို့နောက် ခရိုင်ဝန်သည် ရုံးအတွင်းရှိ အလုပ်သမားနှင့် စစ်သည်အားလုံးကို ရှေ့ခြံဝင်းအတွင်းသို့ ဆင့်ခေါ်လိုက်၏။
အုပ်ချုပ်ရေးရုံး ခြံဝင်းအတွင်း၌ လူတစ်ရာခန့် ဖရိုဖရဲ စုဝေးနေကြပြီး အားလုံးမှာ ငတ်မွတ်ခေါင်းပါးဘေးမှ ထွက်ပြေးလာကြသူများအလား ပိန်ချုံးနေကြသည်။
"အားလုံး ရောက်နေကြပြီ၊ ကြည့်ပါဦး သခင်လေး"
ခရိုင်ဝန် အကဲခတ်ရင်း စိုးရိမ်တကြီး မေးလိုက်၏။
ဖင်းနန်မြို့စား၏ အမွေခံသခင်လေးက ထိုလူအုပ်စုကို ကြည့်ရင်း နှာခေါင်းရှုံ့ကာ အထင်အမြင်သေးစွာ ဆို၏။
"ဒီလို အသုံးမကျတဲ့ကောင်တွေမှာ ဘာအရည်အချင်း ရှိမှာလဲ၊ ထားလိုက်တော့၊ မင်းတို့ဆီက ဘာမှ မျှော်လင့်မနေတော့ဘူး၊ ငါ မြို့တော်ကို စာတစ်စောင် ရေးလိုက်မယ်၊ ငါ့အဖေဆီကနေ ဒီကိစ္စကို ဖြေရှင်းဖို့ လူလွှတ်ခိုင်းလိုက်မယ်"
ထိုစကားကို ကြားသောအခါ ခရိုင်ဝန် စိတ်ထဲမှ လှောင်ရယ်မိသော်လည်း မျက်နှာပြင်တွင်မူ မည်သည့် အမူအရာမှ မဖော်ပြရဲပေ။ ရှီမိသားစု စစ်တပ်သည် လွန်ခဲ့သော နှစ်အနည်းငယ်က စစ်ရေး အောင်မြင်မှုများစွာ ရရှိခဲ့ပြီး အထူးသဖြင့် နယ်စပ်အနီးရှိ ခရိုင်များမှ ပြည်သူများ၏ ချစ်ခင်မှုကို အလွန်အမင်း ရရှိထားကြသူများ ဖြစ်သည်။ ပြည်သူတို့၏ ရင်ထဲတွင်မူ သူတို့သည် နတ်ဘုရားများသဖွယ်ပင်။ ဤအချက်ကပင် အာဏာရှိသူအချို့ကို မကျေမနပ် ဖြစ်စေခဲ့ရာ ဖင်းနန်မြို့စား၏ အမွေခံသည်လည်း တစ်ဦးအပါအဝင် ဖြစ်၏။ သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် ရှီမိသားစု၏ ဂုဏ်သိက္ခာကို တိတ်တဆိတ် ပုတ်ခတ်စော်ကားရန် ကြိုးစားခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
ပုံမှန်အားဖြင့် ဓားပြများသည် ဖြတ်သန်းသွားလာသော ကုန်သည်များနှင့် အရာရှိများကို ဓားပြတိုက်လျှင် ပိုင်ဆိုင်မှု ထက်ဝက်ကို ချန်ထားပေးလေ့ ရှိသည်။ အကယ်၍ ထိုသူမှာ အလွန်ယုတ်မာသူ ဖြစ်ပါက မည်သည်ကိုမှ ချန်မပေးဘဲ အကုန် ယူတတ်ကြ၏။ ဤလူသည် ရန်ဖျင်ခရိုင်ထဲတွင် ရှီမိသားစုကို ဗြောင်ကျကျ စော်ကားပြောဆိုခဲ့သူ ဖြစ်သည်။ ဓားပြများ မဆိုနှင့်၊ ခရိုင်ဝန် ကိုယ်တိုင်ပင်လျှင် သူ့ကို ဂုန်နီအိတ်ထဲထည့်ပြီး ရိုက်ချင်နေမိသည်။
ဖင်းနန်သခင်လေးမှာ ခရိုင်ဝန်၏ မျက်နှာရိပ် မျက်နှာကဲကို ဂရုမစိုက်ဘဲ သူ၏ လူများကို ထွက်ခွာရန် အမိန့်ပေးလိုက်သည်။ သူသည် ဓားပြများကို နှိမ်နင်းရာတွင် စစ်တပ်စေလွှတ်ပေးဖို့ နန်းတော်သို့ တင်ပြရန်အတွက် မြို့တော်သို့ ချက်ချင်းပြန်ရန် ပြင်ဆင်နေပုံရ၏။
ရှောင်ကျိုးနှင့် အပေါင်းအပါများသည် ထောင့်တစ်နေရာတွင် ဝပ်တွားရင်း ထိုစကားအားလုံးကို ကြားလိုက်ရ၏။ ဖင်းနန်သခင်လေးအပေါ် ထားရှိသော သူတို့၏ အမြင်မှာ ပို၍ ဆိုးရွားသွားတော့သည်။ ရှောင်ကျိုး သူမ၏ မှတ်စုစာအုပ်လေးထဲတွင် ထိုသူ၏ အမည်ကို တိတ်တဆိတ် မှတ်သားထားလိုက်၏။
ထိုသူ ခရိုင်အုပ်ချုပ်ရေးရုံးမှ ထွက်လာသည်ကို မြင်သောအခါ အဖွဲ့သားများမှာ ချက်ချင်းပင် နောက်မှ လိုက်ကြတော့သည်။
"လာ အပြင်ဘက်မှာ သွားစောင့်ရအောင်”
ထို့ကြောင့် ရှောင်ကျိုးနှင့် အဖွဲ့သားများသည် ခွေးတိုးပေါက်မှတစ်ဆင့် အပြင်သို့ ပြန်ထွက်လာကြပြီး ဖင်းနန်သခင်လေး ဦးဆောင်သော အဖွဲ့နောက်သို့ ဂရုတစိုက် လိုက်လံ ချောင်းမြောင်းကြ၏။ ရှီရှန့်နှင့် ချင်းရွှီတို့မှာမူ ကလေးအုပ်စု တိုးတိုးတိုးတိုးနှင့် တိုင်ပင်နေကြသည်ကို ကြည့်နေကြသည်။
ချက်ချင်းဆိုသလိုပင် တာအိုဆရာလေး ကျင့်ရှင်းသည် သူ၏ ထုပ်ပိုးထားသော အထုပ်ထဲမှ ဂုန်နီအိတ် အနည်းငယ်ကို ထုတ်လိုက်၏။ ရှောင်ကျိုးနှင့် အခြားသူများ ကျင့်ရှင်းကို ကြည့်သော အကြည့်များမှာ ထူးဆန်းသွားရ၏
‘နေပါဦး တာအိုဆရာတစ်ယောက်က ဘာလို့ ဂုန်နီအိတ်တွေ အမြဲဆောင်ထားရတာလဲ၊ ဒါ တကယ်ပဲ သိက္ခာရှိတဲ့ တာအိုဆရာ ဟုတ်ရဲ့လား’
"ဘာကြည့်နေကြတာလဲ၊ ငါက ဒါကို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ သုံးတာ"
ကျင့်ရှင်း ဆိုသည်။
"ဘယ်သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဂုန်နီအိတ် သုံးမှာလဲ၊ ရွာလူကြီးလေး ငါ ပြောသားပဲ၊ သူက လူလိမ်ပါဆို၊ ဒီဂုန်နီအိတ်တွေက မကောင်းတာလုပ်ဖို့ ဆောင်ထားတာ သေချာတယ်"
ကျောက်ဟူ ရှောင်ကျိုးကို ချက်ချင်း ပြောတော့၏။
"ငါက ကျိုးကြောင်းမဆီလျော်တဲ့သူတွေနဲ့ တွေ့ရင် တစ်ခါတလေ အိတ်နဲ့စွပ်ပြီး ပညာပေးတတ်လို့ပါ၊ အပိုလေးတွေ ဆောင်ထားတာ ဘာမှားလို့လဲ"
ကျင့်ရှင်း ဒေါသထွက်နေမိသည်။ အကယ်၍ သူသာ အမှတ်မိခံရပြီး ချင်းရှန်းကျောင်းတော်၏ ဂုဏ်သိက္ခာ ထိခိုက်မည်ကို မစိုးရိမ်လျှင် သို့မဟုတ် နောင်မှ ကလဲ့စားချေခံရမှာကို မကြောက်လျှင် သူ အိတ်စွပ်ပြီး လုပ်နေပါ့မလား။
"ငါ ပြောပြမယ်၊ ဂုန်နီအိတ်ဆိုတာ အပြင်သွားရင် မရှိမဖြစ် ဆောင်ထားရမယ့် ပစ္စည်းပဲ၊ မင်း မကြိုက်တဲ့သူနဲ့ တွေ့ရင် သူ့ကို အိတ်စွပ်ပြီး ရိုက်လို့ရတယ်၊ ပစ္စည်းတွေ ထည့်သယ်လို့ရတယ်၊ ညဘက် အပြင်မှာ အိပ်ရရင်လည်း လေကာမိုးကာအဖြစ် သုံးလို့ရတယ်."
ကျင့်ရှင်း ထိုအိတ်၏ အသုံးဝင်ပုံအား တကယ့်ကို အလေးအနက် တိုက်တွန်းပြောဆိုနေ၏။
ထိုစကားကို ကြားသောအခါ အဖွဲ့သားအားလုံးလည်း အမှန်ပဲဟု တွေးလိုက်ကြ၏။ ရှောင်ကျိုး သူမ၏ အိတ်ထဲတွင် အရက်ပုလင်း ဆယ်လုံးခန့် အသင့်ပြင်ထားလိုက်သည်။
"ခင်ဗျား ဒီအတိုင်းပဲ ကြည့်နေတော့မှာလား၊ ခင်ဗျားရဲ့ တူနဲ့ တူမတွေ လမ်းမှားရောက်ကုန်တော့မယ်"
ချင်းရွှီ ရှီရှန့်ကို ထိုသို့ပြောသည့်ပုံစံဖြင့် ကြည့်လိုက်သည်။ ရှီရှန့်မှာမူ ချင်းရွှီကို သူ၏ ညီငယ်ဖြစ်သူ ကျန်းဟယ်ဘက်သို့ ကြည့်ရန် မျက်ရိပ်ပြလိုက်၏။
ကျန်းဟယ်သည် အားလုံးထက် ပို၍ စိတ်အားထက်သန်စွာဖြင့် ဂုန်နီအိတ်များကို လိပ်နေပြီ ဖြစ်သည်။
"သူတို့က စုစုပေါင်း လေးယောက်ရှိတာ၊ ငါတို့ တစ်ယောက်တစ်အိတ်စီ တာဝန်ယူမယ်"
ရှောင်ကျိုး ကျောက်ဟူ၊ အားသို့နှင့် တနွီတို့ကို ညွှန်ကြားလိုက်သည်။
"ကျွန်တော်ကရော"
ဖက်တီးလေးလည်း ဝင်ပါချင်သဖြင့် မေးလေ၏။
"နင်တို့ကတော့ ဝိုင်းရိုက်ရမှာပေါ့"
ရှောင်ကျိုး ပြောပြီးသည်နှင့် သူမသည် စတိုးဆိုင်ထဲမှ ရယ်စရာကောင်းသော အီမိုဂျီမျက်နှာဖုံး ရှစ်ခု၊ ကိုးခုခန့်ကို ထုတ်ယူလိုက်သည်။
ဤမျက်နှာဖုံးများမှာ အွန်လိုင်းပေါ်က အဝါရောင် ယူနီဖောင်းဝတ်သည့် အစားအသောက်ပို့ဆောင်သူများ ဝတ်ဆင်လေ့ရှိသော ရယ်စရာကောင်းသည့် မျက်နှာဖုံးပုံစံမျိုးများ ဖြစ်ပြီး ထိုအရာများကို ရှောင်ကျိုး အတော်လေး သဘောကျနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ၎င်းတို့ကို လူသိရှင်ကြား ကိုယ်တိုင်ဝတ်ဆင်ရန် အခွင့်အရေး ရရှိသွားလေပြီ။
ရှောင်ကျိုး "အိုးဟို" စတိုင် မျက်နှာဖုံးဦးထုပ်ကို စွပ်လိုက်သောအခါ ကျန်ရှိနေသည့် အဖွဲ့သားများမှာ မြင်မြင်ချင်းမှာပင် မြေကြီးကို လက်သီးနှင့်ထုကာ အားရပါးရ ရယ်မောကြတော့၏။
‘ဘုရားရေ’
‘ဒီလောက် ရယ်ရတဲ့အရာမျိုး လောကမှာ ရှိနိုင်ပါ့မလား’
ရွာလူကြီးလေး ထိုမျက်နှာဖုံးကို တပ်ထားသည်မှာ အူကြောင်ကြောင်နိုင်သကဲ့သို့ ချစ်စရာလည်း အတော်ကောင်းနေသည်။
ကျန်အဖွဲသားများလည်း အလုအယက်ပင် တစ်ယောက်တစ်လက် ယူစွပ်လိုက်ကြ၏။ အားသို့က သွားဖြူဖြူကြီးများ ပေါ်နေသော မျက်နှာဖုံးကို စွပ်ထားသည့် ကျောက်ဟူအား ကြည့်ပြီး ရယ်လွန်း၍ မြေကြီးကို ထုကာ ပြောလိုက်၏။
"မင်းရုပ်က ငတုံးကြီးနဲ့ တူလိုက်တာ၊ ဟားဟားဟား တကယ်ရယ်ရတယ်”