အခန်း ၅၁
Vol. 6 Ch. 51
51
ကျောက်ဟူမှာ အားသို့ခေါင်းပေါ်တွင် လည်ထွက်နေသော မျက်လုံးပုံစံ မျက်နှာဖုံးကိုကြည့်ပြီး ပို၍ပင်ကျယ်လောင်စွာ ရယ်မောတော့သည်။
"နင်က ငါ့ကို ပြန်ရယ်နေသေးတယ်လား၊ နင့်ရုပ်ကမှ ပိုပြီး ငတုံးရုပ်ပေါက်နေတာ မျက်လုံးတောင် မရှိဘူး၊ တကယ် ရယ်ရတယ်”
သူမဘေးကို ဝေ့ကြည့်လိုက်ရာ ဖက်တီးလေးမှာလည်း ရယ်ချင်စိတ်အား အောင့်ထားရင်း ထူးဆန်းသည့်မျက်နှာဖုံးတစ်ခု စွပ်ထားသည်ကို အမှတ်မထင် မြင်လိုက်ရ၏။ ကျန်းဟယ်နှင့် ရှီအန်းတို့ စွပ်ထားသော နွားခေါင်းနှင့် မြင်းမျက်နှာပုံစံ မျက်နှာဖုံးများကို ကြည့်ရင်း အဖွဲ့သားအားလုံးမှာ မြေကြီးပေါ်တွင် လူးလိမ့်ကာ ရယ်မောကြ၏။
’ကယ်ကြပါဦး’
‘တစ်ယောက်ယောက် လာကယ်ကြပါဦး’
‘ဒါကြီးက တကယ်ကို ရယ်လွန်းလို့ပါ’
"ဦးလေး ဦးလေးတို့ရော ဝတ်ဦးမလား"
ရှောင်ကျိုး မေးလိုက်၏။
ကလေးအားလုံး လှည့်ကြည့်လိုက်ရာ ရယ်စရာကောင်းသော အရာများကို ခေါင်းတွင် စွပ်ထားသည့် ကလေးခုနစ်ယောက်၊ ရှစ်ယောက်ခန့်က သူတို့အား ဝိုင်းကြည့်နေကြခြင်း ဖြစ်သည်။ ထိုမြင်ကွင်းကြောင့် ရှီရှန့်နှင့်ချင်းရွှီတို့မှာ ရယ်ချင်စိတ်ကို အောင့်ထားနိုင်ရန် မိမိတို့၏ ပေါင်ကို အတင်းဆိတ်ထားလိုက်ရသည်။
‘မရယ်ရဘူး ငါတို့က လူကြီးတွေပဲ’
‘တည်တည်ငြိမ်ငြိမ် နေရမယ်’
‘ဒါပေမဲ့ မရတော့ဘူး၊ တကယ်ကို ရယ်ရလွန်းလို့ သေတော့မယ်’
ရှီရှန့်နှင့်ချင်းရွှီတို့မှာ မျက်စိကိုမှိတ်ကာ ခေါင်းကို တခြားဘက်သို့ လွှဲလိုက်ကြပြီး စိတ်လျှော့မှဖြစ်မည်ဟု တွေးနေကြသည်။ ကလေးများမှာမူ သူတို့နှစ်ဦး ကျောခိုင်းရပ်နေရင်း တစ်ကိုယ်လုံး တုန်ခါနေသည်ကို မြင်နေရ၏။
"ယူဦးမလားလို့"
ရှောင်ကျိုး သူတို့မကြားဘူးဟု ထင်ကာ ထပ်မေးပြန်၏။ ရှီရှန့်နှင့်ချင်းရွှီတို့မှာ လက်ကိုသာ အသည်းအသန် ယမ်းပြလိုက်ပြီး မလိုကြောင်း ပြလိုက်ရသည်။
ထိုသူနှစ်ဦး မလိုချင်မှန်းသိလိုက်ရသဖြင့် ရှောင်ကျိုး သူတို့အား ထားခဲ့ကာ ဂုန်နီအိတ်ကို ကောက်ကိုင်လိုက်သည်။ အားသို့၊ ကျောက်ဟူနှင့် တျဲနျိုတို့လည်း နောက်မှ ကပ်လိုက်လာကြ၏။ အဖွဲ့သားအားလုံး ရှေ့မှသွားနေသော လူအုပ်စုကို အမှီလိုက်ကာ အခွင့်ကောင်းယူ၍ ဂုန်နီအိတ်များကို ကိုင်လျက် ကောင်းကင်မှ ကျလာသည့်နှယ် ခုန်အုပ်လိုက်ကြသည်။
ဖင်းနန်မြို့စား၏ အမွေခံသခင်လေးနှင့် အခြွေအရံများမှာ မော့ကြည့်လိုက်ကြသော်လည်း၊ ထိုထူးဆန်းပြီး အရုပ်ဆိုးလှသောအရာကြီးများမှာ မည်သည့်အရာများလောဟု အံ့သြမဆုံးသေးမီမှာပင် အရာအားလုံး မှောင်အတိ ကျသွားတော့၏။
ထို့နောက်တွင်မူ လက်သီးချက်များမှာ မိုးသီးမိုးပေါက်အလား ကျရောက်လာသည်။ ဖက်တီးလေးနှင့် သူငယ်ချင်းများ ချက်ချင်း ရှေ့တိုးလာပြီး အားကြိုးမာန်တက် ဝိုင်းရိုက်ကြရာ လက်သီးချက်တိုင်းမှာ ပြင်းထန်လှပြီး ညှာတာမှု အလျဉ်းမရှိပေ။ ဂုန်နီအိတ်အတွင်း ရောက်နေသူများမှာ ရုန်းကန်နေရသော်လည်း ခုခံရန် သို့မဟုတ် ထွက်ပြေးရန် လုံးဝ မဖြစ်နိုင်တော့ပေ။
"နင်တို့က ဘယ်က ရုပ်ဆိုးတဲ့ကောင်တွေလဲ၊ ငါက ဘယ်သူလဲဆိုတာရော သိရဲ့လား"
ဖင်းနန်သခင်လေး အော်ဟစ်လိုက်သည်။
"နင်ကမှ ရုပ်ဆိုးတာ၊ နင့်မိသားစုတစ်စုလုံးကမှ ရုပ်ဆိုးတာဟဲ့"
ရှန်ကျစ်ယွမ် နှာခေါင်းကိုအုပ်ထားသော မျက်နှာဖုံး စွပ်ထားသဖြင့် သူမကိုယ်သူမ အရုပ်ဆိုးသည်ဟု လုံးဝ မထင်ပေ။
"ငါက မင်းကို ပညာပေးမယ့်သူပဲ ကောင်လေး"
ကျင့်ရှင်း ပြန်ပြောလိုက်သည်။
"ငါ့မှာ နာမည်အရင်းရှိပေမဲ့ ပြောင်းမပြောဘူး၊ လူတွေက ငါ့ကို ပြောင်ကောလို့ ခေါ်ကြတယ်"
ရှောင်ကျိုး ဆော့ကစားရင်း ပြောလိုက်၏။ ဤလူများမှာ အလွန်ပင် မာနကြီးလွန်းလှသည် မဟုတ်ပါလား။
ကြားနေရသည်မှာ ဂုန်နီအိတ်အတွင်းမှ ထွက်ပေါ်လာသော ထူးထူးခြားခြား ထုရိုက်သံများနှင့် နာကျင်စွာ ညည်းညူသံများသာ ဖြစ်သည်။ အိတ်အတွင်းမှ လူမှာ အသည်းအသန် ရုန်းကန်နေသော်လည်း နောက်ဆုံးတွင်မူ ရွှံ့စိုင်တစ်ခုကဲ့သို့ မြေပြင်ပေါ်တွင် ပျော့ခွေလဲကျသွားတော့၏။
ထိုသူများ မေ့လဲသွားသည်ကို မြင်မှသာ ရှောင်ကျိုးနှင့် အခြားသူများ ဂုန်နီအိတ်ကို ဖယ်ရှားလိုက်ကြသည်။ ထို့နောက် ဖင်းနန်သခင်လေးနှင့် အခြွေအရံများထံမှ တန်ဖိုးရှိသမျှ အရာအားလုံးကို လုယူကာ ဂုန်နီအိတ်ထဲ ထည့်၍ ယူဆောင်သွားကြသည်။
အမှန်ပင် ဂုန်နီအိတ်ဆိုသည်မှာ လုယက်တိုက်ခိုက်ရာတွင် လူတိုင်းဆောင်ထားရမည့် မရှိမဖြစ် ပစ္စည်းတစ်ခုပင် ဖြစ်၏။
ရှီအန်း ဖင်းနန်သခင်လေး ဝတ်ထားသော ခမ်းနားထည်ဝါသည့် အဝတ်အစားများကို ကြည့်ကာ မေးလိုက်သည်။
"အင်္ကျီတွေကိုရော ချွတ်မယူဘူးလား၊ ပိုက်ဆံနဲ့ ပြန်ရောင်းလို့ ရတာပဲကို"
"မင်းက တကယ့်ကို ရက်စက်တာပဲ ကောင်လေး"
ကျင့်ရှင်း ဆိုလိုက်၏။ ဤအဖွဲ့ထဲတွင် ရိုးသားသူဟူ၍ တစ်ယောက်မှ မရှိသည်ကို သူ သိလိုက်ရပြီပင်။
ထိုစကားကို ကြားသည်နှင့် ကျောက်ဟူမှာ ချက်ချင်းပင် ရှေ့တိုးသွားကာ အကောင်းဆုံးအဝတ်အစားများ ဝတ်ထားသည့် ဖင်းနန်သခင်လေး၏ အပေါ်ဝတ်ရုံကို ချွတ်ယူ၍ လက်ထဲမှ ဂုန်နီအိတ်ထဲသို့ ထိုးထည့်လိုက်သည်။ အခြားလူများ၏ အဝတ်အစားများမှာမူ ဖုန်တောထဲတွင် ပေကျံနေသဖြင့် ကျောက်ဟူ ချွတ်ယူရန် စိတ်မဝင်စားတော့ပေ။
ကြီးမားသော အောင်ပွဲကြီးနှင့်အတူ အဖွဲ့သားများသည် ဂုန်နီအိတ်များကို ပခုံးပေါ်ထမ်းကာ ပြေးထွက်လာကြ၏။
"အိမ်ပြန်ကြစို့"
အလုပ်ကိစ္စများ ပြီးစီးသွားသဖြင့် အားလုံး ပျော်ရွှင်နေကြသည်။
"ဒီမျက်နှာဖုံးက တော်တော်ကောင်းတာပဲ၊ ငါ့ရဲ့ ပင်ကိုယ်စရိုက်နဲ့လည်း ကွက်တိပဲ၊ နောက်ဆိုရင် မကောင်းတာလုပ်ဖို့ အပြင်ထွက်ရင် ဒါပဲ ဝတ်တော့မယ်"
ကျင့်ရှင်း မြင်းလှည်းပေါ်တွင် ထိုင်ရင်း သူ၏ မျက်နှာဖုံးကို အားရကျေနပ်စွာ ကိုင်ထားမိ၏။
ရှောင်ကျိုး သူရွေးထားသော မျက်နှာဖုံးပုံကို ကြည့်လိုက်၏။ ၎င်းမှာ နေကာမျက်မှန် တပ်ထားပြီး ပါးစပ်ထဲတွင် တစ်ခုခု ခဲထားသော အီမိုဂျီပုံစံ ဖြစ်သည်။
မထင်မှတ်ထားရသည်မှာ တာအိုဆရာတစ်ယောက်ဟု ထင်ရသော ဤသူသည်လည်း ရင်ထဲတွင်မူ တက်ကြွလွန်းလှသော လူငယ်တစ်ဦးသာ ဖြစ်နေ၏။
"ရွာလူကြီးလေး 'ပြောင်ကော' ဆိုတာ ဘယ်သူလဲဟင်"
ကျောက်ဟူ စပ်စုချင်ဇောဖြင့် မေးလိုက်သည်။ ခုနက လူရိုက်စဉ် ရွာလူကြီး ပြောသွားသော ထိုနာမည်မှာ တကယ့်ကို အထင်ကြီးစရာ ကောင်းလှသည် မဟုတ်ပါလား။
"ဒါက ငါ့ရဲ့သိုင်းလောကက ဘွဲ့နာမည်ပေါ့"
ရှောင်ကျိုး ယခင်ဘဝက သူမ၏ မောင်ဝမ်းကွဲနှင့်အတူ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ကြည့်ခဲ့ဖူးသည်။ ထိုဇာတ်လမ်းထဲတွင် ငါးရောင်းသော 'ချန်ကော'ဆိုသည့် လူတစ်ယောက်ရှိရာ သူမ ထိုသူကို အတော်လေး သဘောကျခဲ့၏။ မူလက သူမကိုယ်သူမ 'ချန်ကော'ဟု အမည်ပေးချင်သော်လည်း နောက်ဆုံးတွင် 'ပြောင်ကော' ဆိုသည့် နာမည်ကမှ ပိုပြီး အရှိန်အဝါရှိသည်ဟု ခံစားရသဖြင့် ထိုနာမည်ကိုသာ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
"မင်းက ဘယ်တုန်းက သိုင်းလောကကို ခြေချလိုက်တာလဲ"
ကျင့်ရှင်း ကလေးမလေးကို အံ့သြတကြီး မေးလိုက်၏။ ဤကလေးမှာ ငယ်ငယ်လေးနှင့် ဤမျှ မာနကြီးနေလိမ့်မည်ဟု သူ မထင်ထားမိပေ။
"ဒီနေ့ကစပြီး ငါ့နာမည်ကို တစ်လောကလုံး သိစေရမယ်"
ရှောင်ကျိုး ခါးထောက်ကာ အားရပါးရ ရယ်မောရင်း စိတ်ထဲမှစနစ်ကို အသည်းအသန် ခေါ်နေ၏။
"စနစ် ငါ့ရဲ့အခုပုံစံနဲ့ လိုက်ဖက်မယ့် နောက်ခံတေးဂီတတစ်ခုလောက် မြန်မြန်ရှာပေးအုံး"
စနစ်မှာ မည်သည်ကိုမှပြန်မပြောနိုင်လောက်အောင် ဖြစ်သွားရသော်လည်း သူမ၏ စရိုက်နှင့် လိုက်ဖက်မည့် ယူနန်ကျေးလက် အကသီချင်းတစ်ပုဒ်ကို ဖွင့်ပေးလိုက်သည်။
'မင်းကတတ်ရင် က၊ မကတတ်ရင် သင်ယူလိုက်ပါ၊ အကိုကြီး လုပ်သလို လိုက်လုပ်လိုက်၊ မြစ်ကြီးတွေ ပင်လယ်ကြီးတွေ မြစ်ကြီးတွေ’
ဂီတသံ စတင်ထွက်ပေါ်လာသည်နှင့် ရှောင်ကျိုး၏မျက်နှာမှာ စိမ်းဖန့်သွားတော့သည်။ သို့သော်လည်း အကြောင်းရင်းမရှိဘဲ သူမ၏ ခန္ဓာကိုယ်မှာ ထိုတေးသံနှင့်အတူ ထိန်းမနိုင်သိမ်းမရ လှုပ်ရှားလာ၏။
"ရပ်လိုက်တော့ အခုချက်ချင်း ရပ်"
ရှောင်ကျိုး အလျင်အမြန် တားမြစ်လိုက်ရသည်။
"ငါလိုချင်တာက လောကကို လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနိုင်တဲ့ အာဏာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ပုံစံမျိုးလေ"
စနစ်မှာလည်း မည်သည်ကိုမှဆက်မပြောတော့ဘဲ လိုင်းအောက်သွားတော့၏။ အရက်သမားမလေး ရှောင်ကျိုးမှာမူ စိတ်ထဲတွင် စနစ်ကို အကြီးအကျယ် ကျိန်ဆဲနေ၏။
သူမ စိတ်ပြန်ငြိမ်သွားသောအခါ ကျန်ရှိနေသူများ မြင်လိုက်ရသည်မှာ ခုနက ခါးထောက်ကာ တဟားဟား ရယ်နေသော ကလေးမလေးသည် ကိုယ်ကို နှစ်ချက်၊ သုံးချက်ခန့် လှုပ်ယမ်းလိုက်ပြီးနောက် အကြောင်းရင်းမရှိဘဲ ထိုင်ကာ စိတ်ကောက်နေသည့်ပုံစံပင်။
ကျင့်ရှင်း နားမလည်နိုင်အောင် ဖြစ်သွားရသည်။
‘အခုခေတ် ကလေးတွေက ဒီလောက်တောင် ထူးဆန်းကြတာလား’
အခြားတစ်ဖက်တွင်မူ မြေပြင်ပေါ်တွင် ဖူးရောင်ပိန်ချိုင့်ကာ လဲလျောင်းနေသော လူတစ်စုမှာ တဖြည်းဖြည်း သတိပြန်ရလာကြ၏။
ဖင်းနန်မြို့စား၏ အမွေခံသည် သူ၏ဖူးရောင်နေသော မျက်လုံးများကို အသည်းအသန် ဖွင့်ကြည့်လိုက်၏။ ခေါင်းမှာ မူးနောက်နေပြီး ခန္ဓာကိုယ်အနှံ့နာကျင်မှုများသည် လျှပ်စစ်စီးနေသည့်အလား ပျံ့နှံ့နေ၏။ အေးစက်သောလေညင်း တိုက်ခတ်လာသောအခါ အရိုးထဲအထိ ချမ်းစိမ့်သွားရသည်။
ငုံ့ကြည့်လိုက်သောအခါမှ မိမိ၏ အပေါ်ဝတ်ရုံမှာ ပျောက်ကွယ်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။
"သခင်လေး သခင်လေး အဆင်ပြေရဲ့လား"
အစေအပါးနှင့် အစောင့်အချို့မှာ အဝေးမှအားနည်းစွာ တွားသွားလာကြသည်။
အဝတ်အစားအပြည့်အစုံနှင့် ရောက်လာသော ထိုလူအုပ်ကို မြင်သောအခါ ဖင်းနန်သခင်လေးမှာ ပို၍ဒေါသထွက်သွားပြီး အစေအပါးကို ကန်ထုတ်လိုက်၏။
"သွားစမ်း ငါ့အတွက် အဝတ်အစားတစ်စုံ သွားရှာချေ"
အစေအပါးမှာ သူ၏ငွေအိတ်ကို စမ်းကြည့်လိုက်ပြီး တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။
"သခင်လေး ပိုက်ဆံတွေ ပိုက်ဆံတွေ အကုန်လုံး အလုခံလိုက်ရပါပြီ"
အခြားသူများကို ကြည့်လိုက်လျှင်လည်း သူတို့အားလုံးမှာ အနှိုက်ခံထားရပြီး မည်သည်မှ မကျန်တော့ပေ။
"အသုံးမကျတဲ့ အမှိုက်တွေ၊ မြန်မြန် မင်းတို့ အဝတ်တွေကို ချွတ်စမ်း၊ ငါ့ကို အေးခဲပြီးသေအောင် လုပ်နေတာလား"
အစေအပါးမှ အလျင်အမြန် အဝတ်များကို ချွတ်၍ သခင်လေးထံ ကမ်းပေးလိုက်၏။ ဖင်းနန်သခင်လေး ယူလိုက်သော်လည်း နှာခေါင်းနားသို့ ရောက်သည်နှင့် ချွေးနံ့နှင့် ပုပ်စော်အနံ့များကြောင့် ချက်ချင်း ပြန်ပစ်ထုတ်လိုက်သည်။
"ဒါ ဘာအနံ့ကြီးလဲ၊ မင်း ရေမချိုးတာ ဘယ်လောက်တောင် ကြာပြီလဲ"
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် အတော်လေး သန့်ရှင်းပုံရသော အစောင့်တစ်ယောက်ကို တွေ့သဖြင့် သူ၏ အပေါ်ဝတ်ရုံကို ချွတ်ခိုင်းလိုက်၏။
အစောင့် : ငါ ရေခဏခဏ မချိုးခဲ့သင့်ဘူး၊ တစ်ခါတလေ အရမ်းသန့်နေတာကလည်း မကောင်းပါလား။
"သခင်လေး ခုနက လူတွေက ဘယ်သူတွေလဲဟင်၊ ကျွန်တော်တို့ တစ်ခုခုနဲ့ တိုးတာလား"
အစေအပါး ထိတ်လန့်တုန်လှုပ်စွာ မေးသည်။
"မင်းက ငါ့ကို ပြန်မေးနေတာလား၊ ငါက ဘယ်လိုသိမှာလဲ"
ဖင်းနန်သခင်လေးမှာ ဒေါသပေါက်ကွဲနေတော့၏။ ဂုဏ်သရေရှိလှသော အမွေခံသခင်လေးတစ်ဦးဖြစ်သည့် သူသည် ရန်ဖျင်ခရိုင်သို့ ရောက်လာပြီးနောက် နှစ်ကြိမ်ဆက်တိုက် ဓားပြတိုက်ခံရသည်ကို တွေးမိတိုင်း ရင်နာနေမိ၏။
"ဒီလူလိမ် တစ်သိုက်ကို ငါ တစ်နေ့ကျရင် အပြတ်နှိမ်နင်းပြမယ်"
ဖင်းနန်သခင်လေးမှာ ခုနက အဖွဲ့ကို ပတ်ဝန်းကျင်က ဓားပြများဟုသာ ထင်နေဆဲပင်။
ထိုလူစုသည် ပစ္စည်းများကို သိမ်းဆည်းကာ မြို့တော်သို့ အပြင်းအထန် ခရီးဆက်ကြတော့သည်။ သို့သော်လည်း မြင်းလှည်းထဲတွင် လဲလျောင်းနေသော ဖင်းနန်သခင်လေးမှာမူ ဗိုက်ဆာလွန်းသဖြင့် မူးနောက်ကာ တစ်ကိုယ်လုံးမှနာကျင်မှုကို အလူးအလဲ ခံစားနေရသည်။ သူ၏ တစ်ကိုယ်လုံးတွင် ငွေစတစ်ပြားမှ မရှိတော့ပေ။
သူ့တစ်သက်တာတွင် ဤကဲ့သို့ ဆင်းရဲဒုက္ခမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။ သို့သော်လည်း ဤအခြေအနေကို အသုံးချကာ သူ၏ ဖခင်ဖြစ်သူသည် ဧကရာဇ်မင်းမြတ်ထံ ဓားပြနှိမ်နင်းရန် စစ်တပ်တောင်းခံဖို့ အခွင့်အရေး ရသွားလေပြီ။ ထိုအချိန်ရောက်လျှင်မူ ဤအောင်မြင်မှုအားလုံးမှာ ဖင်းနန်မြို့စားနန်းတော်၏ ဂုဏ်သိက္ခာ ဖြစ်လာမည်မှာ အသေအချာပင်။