အခန်း ၅၃
Vol. 6 Ch. 53
53
"ဒီနေ့ကစပြီး နင့်ကို အာ့ကုံးဇီလို့ ခေါ်မယ်"
ရှောင်ကျိုး အမိန့်ပေးလိုက်သည်။
ယခင်က 'ပြောင်ကော' ဟု အမည်တွင်ခဲ့သော ထိုလူမှာ ယခုအခါ 'အာ့ကုံးဇီ' အဖြစ် အရှက်တကွဲဖြင့် ခေါင်းညိတ်လက်ခံလိုက်ရ၏။
"နင် ငါ့ကို လိုက်ရှာနေတယ်ဆိုတာ ဟုတ်လား"
ရှောင်ကျိုး သေရေးရှင်ရေးတမျှ အရေးကြီးသော မေးခွန်းကို ဆက်မေးလိုက်သည်။
အာ့ကုံးဇီမှာ အသက်ဘေးမှ လွတ်ရန် အသည်းအသန် တောင်းပန်၏။
"အမကြီး ကျွန်တော် မှားသွားပါတယ်၊ အမကြီးရဲ့ ဘုန်းတန်ခိုးကို ကျွန်တော် မသိလို့ပါ"
ပြောပြောဆိုဆိုနှင့် သူသည် မိမိပါးကို မိမိ နှစ်ချက်ခန့် ပြင်းပြင်းထန်ထန် ပြန်ရိုက်ပြလေသည်။ ရှောင်ကျိုးမှာမူ မည်သည်ကိုမှမပြောဘဲ သူ့ကို အေးစက်စွာ ကြည့်နေ၏။
"ကျွန်တော် ပြောပါ့မယ်၊ အကုန်ပြောပါ့မယ်၊ ဒါက လီမိသားစုကသခင်လေး ခိုင်းတာပါ၊ သူက ကျွန်တော်တို့ကို ပိုက်ဆံပေးပြီး ထောင်ယွမ်ရွာကို လာဖမ်းခိုင်းတာပါ"
အာ့ကုံးဇီချက်ချင်း ဝန်ခံလိုက်သည်။
"လီမိသားစုက လီချန်းလား"
ရှန်ကျစ်ယွမ် ကြားဖြတ်မေးလိုက်သည်။ အာ့ကုံးဇီ အလျင်အမြန် ခေါင်းညိတ်ပြ၏။
"သူက ရှုဟောင်နဲ့ သူ့ညီမလေး ဒီရွာမှာ ရှိနေတာကို သိသွားလို့ပါ၊ သူပြောတာက မင်းတို့က သူလိုချင်တဲ့လူကို ခိုးသွားတာဆိုတော့၊ မင်းကို သူ့ညီမလေးရဲ့ နေရာမှာ အစားထိုးသိမ်းပိုက်မယ်တဲ့"
အာ့ကုံးဇီပြောပြီးသည်နှင့် သူကိုယ်သူ သေချင်စိတ်ပင် ပေါက်သွားတော့သည်။ တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ လူအားလုံး၏ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ကလေးမလေး၏ ဘေးနားရှိ ကြမ်းတမ်းလှသော လူအုပ်ကြီး၏ မျက်လုံးများထဲတွင် ဒေါသအဟုန်များ တောက်လောင်နေပြီး လက်ထဲမှ ဓားများမှာလည်း တိုက်ခိုက်ရန် အသင့်ဖြစ်နေကြလေပြီ။
"ကျွန်တော် ကျွန်တော်က ပိုက်ဆံရလို့ လုပ်တာပါ၊ ကျွန်တော်က တရားခံအစစ် မဟုတ်ပါဘူး"
အာ့ကုံးဇီ အလန့်တကြား အော်ဟစ်လိုက်၏။
"တိရစ္ဆာန်ထက်တောင် ယုတ်ညံ့တဲ့ကောင်"
ရွာအကြီးအကဲမှာ သူ၏တောင်ဝှေးကို မြေကြီးနှင့် တဗုန်းဗုန်း ထုလိုက်သည်။
သူတို့၏ ရွာလူကြီးလေးမှာ အသက် ၅ နှစ်သာ ရှိသေးသည် မဟုတ်ပါလား။ ထိုလီမိသားစုမှသခင်လေးသည် ဤကဲ့သို့ ယုတ်မာသောစကားမျိုးကို မည်သို့ ပြောထွက်ရသနည်း။
ပြန်စဉ်းစားကြည့်လျှင် ရှုဟောင်၏ညီမလေးမှာ အသက် ၁၀ နှစ်ခန့်သာ ရှိဦးမည်။
"သူတို့က တိရစ္ဆာန်တွေပဲ၊ တိရစ္ဆာန်ထက်တောင် ပိုဆိုးသေးတယ်"
ရွာအကြီးအကဲမှာ ဒေါသထွက်လွန်းသဖြင့် မျက်စိများပင် ပြာဝေကာ တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။
ဓားသွေးနေကြသော ရွာသားများမှာ ထိုမြင်ကွင်းကို မြင်သောအခါ ရွာအကြီးအကဲကို အမြန်တွဲထူကြရ၏။
"ရွာအကြီးအကဲ၊ ကျွန်တော် အခုပဲ မြို့ထဲကို သွားပြီး အဲ့ဒီကောင်ကို သတ်ပစ်မယ်"
လျှိုတာ့ကျူး အကြံပြုလိုက်သည်။ သူသည် လူပျိုကြီးဖြစ်ပြီး သားသမီးလည်း မရှိသဖြင့် သူ့အမေလည်း ဤကိစ္စအတွက် သူ့ကို ထောက်ခံမည်မှာ သေချာသည်။ သူယနေ့တွင် ထိုလီဆိုသူကို အသက်နှင့်လဲ၍ သတ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
"ရွာအကြီးအကဲ ကျွန်တော်တို့လည်း လိုက်မယ်၊ အဲ့ဒီကောင်ရဲ့ အသားကို နှစ်အောင်စလောက် လှီးမပစ်ရရင် ကျုပ်ကျောက်တာ့လန်ဆိုတဲ့ နာမည်ကို ပြောင်းပစ်မယ်”
ကျောက်တာ့လန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ သူ၏ လက်မောင်းကြွက်သားများမှာ အရေပြားကို ဖောက်ထွက်မတတ် ဖောင်းတက်လာ၏။
အခြားသူများမှာလည်း ခက်ထန်သော မျက်နှာများဖြင့် ထိုသူကို အပိုင်းပိုင်းဖြတ်ပစ်မည်ဟု အော်ဟစ်နေကြသည်။
ရှီရှန့်သည်လည်း အာ့ကုံးဇီပြောသမျှကို ကြားလိုက်ရ၏။ သူ၏မျက်နှာမှာ မည်းမှောင်သွားသည်။ သူ လီမိသားစု၏လိပ်စာကို စုံစမ်းပြီးနောက် သန်းခေါင်ယံအချိန်တွင် လီချန်း၏ အသက်ကို သွားရောက်နှုတ်ယူရန် စီစဉ်လိုက်၏။
ကလေးများမှာမူ အာ့ကုံးဇီ၏ စကားတွင်ပါသော နက်နဲသည့် ဆိုလိုရင်းကို နားမလည်ကြသော်လည်း၊ လီချန်းမှာ ရှုဟောင်၏ ညီမလေးကို ခေါ်သွားသည့်အတွက် လက်စားချေရန် ရွာလူကြီးလေးအား လာဖမ်းခြင်းဖြစ်သည်ဟုသာ ထင်မှတ်နေကြသည်။
ကျန်းဟယ် ခြေဖျားထောက်ကာ ကျင့်ရှင်း၏အထုပ်ထဲမှ ဂုန်နီအိတ်ကို ဆွဲထုတ်ရင်း အော်လိုက်၏။
"ဂုန်နီအိတ်စွပ်၊ ဂုန်နီအိတ်စွပ်ပြီး ချသာ ချ"
ကျင့်ရှင်း သူ၏ ကျောပိုးအိတ်ကို အမြန်ပြန်ဆွဲယူလိုက်ရ၏။ ဤကလေးမှာ တကယ်ကို အားသန်လှသည်။
‘ဆေးဘုရင်ချိုင့်ဝှမ်းကနေ ဒီလို ကြမ်းတမ်းတဲ့ ကလေးတစ်ယောက် ဘယ်လိုများ ထွက်လာရတာလဲ’
"အဲ့ဒီအမှိုက်ကောင်က တကယ်ပဲ လက်စားချေဖို့ ကြိုးစားရဲတာပဲ"
ရှန်ကျစ်ယွမ် သူမ၏ဖခင် ချန်ထားပေးခဲ့သော အစောင့်ရှန်းချီကို ခေါ်ကာ သူမ၏ဖခင်ထံ သတင်းသွားပို့ရန် ချက်ချင်း အမိန့်ပေးလိုက်၏။
အားသို့နှင့် ကျောက်ဟူတို့မှာ မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ တစ်စုံတစ်ခုကို စဉ်းစားနေပုံရသော ရွာလူကြီးကို ကြည့်ရင်း တိုးတိုးလေး မေးလိုက်ကြသည်။
"ရွာလူကြီးလေး ဘာလုပ်ဖို့ စီစဉ်နေတာလဲ"
ပြောပြောဆိုဆိုနှင့် သူတို့နှစ်ဦးစလုံး လည်ပင်းလှီးပြသည့် အမူအရာကို လုပ်ပြကြသည်။ မည်သည့်နေမှ သင်လာကြသည်ကိုတော့ မသိပေ။
"မဟုတ်ဘူး လူသတ်တာက ဥပဒေနဲ့ မညီဘူး"
ရှောင်ကျိုး ခေါင်းယမ်းလိုက်၏။
"ဒါဆို ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား"
ထိုသူနှစ်ဦး လုံးဝ မယုံကြည်ကြပေ။ ဤသည်မှာ ရွာလူကြီး၏ စရိုက်နှင့် လုံးဝ မကိုက်ညီလှပေ။
"ဒါပေါ့ လွှတ်မထားပါဘူး၊ လူသတ်တာက တရားမဝင်ပေမဲ့၊ ငါတို့က ဥပဒေနဲ့အညီ သေအောင် လုပ်လို့ရတာပဲ"
ရှောင်ကျိုး ပျော်ရွှင်စွာ ဆိုလိုက်သည်။
စနစ် : 'နင်လို မူလတန်းကျောင်းသူလေးက အခုခေတ် ဘယ်လို ရုပ်ရှင်တွေ၊ စာအုပ်တွေ ဖတ်နေလို့ ဒီလိုတွေ ပြောနေရတာလဲ’
ရှောင်ကျိုး စနစ်ကို ပြန်ပြောလိုက်၏။
"ငါက သူတစ်ပါးလက်ကို သုံးပြီး ကိုယ့်ရန်သူကို ရှင်းထုတ်ဖို့ စဉ်းစားနေတာ၊ ငါ့အစ်မဝမ်းကွဲက ပြောဖူးတယ်၊ တစ်စုံတစ်ယောက်ကို မကြိုက်ပေမဲ့ ကိုယ့်လက်မှာ သွေးမပေချင်ရင် သူတို့ရဲ့ အားနည်းချက်ကို ရှာပြီးတော့ တခြားသူတစ်ယောက်ကို သုံးပြီး ရှင်းပစ်ရတယ်တဲ့"
စနစ် : 'နင့်အစ်မဝမ်းကွဲက တကယ့် ဥပဒေမဲ့ လူဆိုးတစ်ယောက် မဟုတ်ဘူးဆိုတာ သေချာလား’
ရှောင်ကျိုး : "ငါ့အစ်မက အဲ့လိုလူမျိုး မဟုတ်ပါဘူး၊ သူက အရမ်းလှပြီး ကြင်နာတတ်တဲ့သူပါ"
စနစ် : "....."
"ဥပဒေနဲ့အညီ လူတစ်ယောက်ကို ဘယ်လိုသတ်မလဲ၊ ရွာလူကြီးမှာ နည်းလမ်းရှိလို့လား"
အားသို့၏ မျက်လုံးများမှာ အရောင်တောက်သွားတော့သည်။ ဥပဒေနှင့်အညီ လူသတ်သည်ကို သူပထမဆုံးကြားဖူးခြင်းဖြစ်ရာ အတော်လေး စိတ်ဝင်စားသွားပုံရ၏။
"ငါတို့က လီချန်းရဲ့ အပြစ်တစ်ခုခုကို ရှာရမယ်၊ ပြီးတော့ အဲဒါကို ခရိုင်ဝန်ဆီဖြစ်ဖြစ်၊ လီမိသားစုရဲ့ ရန်ဘက်တွေဆီဖြစ်ဖြစ် ပေးလိုက်ရင် တခြားလူတွေက လီချန်းကို ကိုင်တွယ်လိမ့်မယ်၊ ငါတို့က ဥပဒေကို လိုက်နာတဲ့ ကလေးတွေ ဖြစ်ရမယ်လေ"
ရှောင်ကျိုး ရှင်းပြလိုက်သည်။
ကျောက်ဟူမှာတော့ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရ၏။ သန်းခေါင်ယံတွင် တစ်ဖက်လူ၏အိမ်ကို ဂုန်နီအိတ်ယူပြီး သွားရိုက်လိုက်ရုံဖြင့် ပြီးနေပြီကို အဘယ်ကြောင့် ထိုမျှရှုပ်ရှုပ်ထွေးထွေး လုပ်နေရသည်အား သူ စဉ်းစားမရပေ။ "အပြစ်အနာအဆာ" ဆိုသည်ထက် လက်သီးကမှ ပိုထိရောက်သည်ဟု သူ ယုံကြည်သည်။ အားသို့ကတော့ ရှင်းပြချက်ကို နားလည်သွားပြီး ထိုနည်းလမ်းကို အပြည့်အဝ ထောက်ခံ၏။
"ဒါပေမဲ့ လီချန်းမှာ ဘာအပြစ်တွေရှိလဲဆိုတာ နင်သိလို့လား"
အားသို့ မေးလိုက်သည်။
"လီမိသားစုရဲ့ စံအိမ်ထဲမှာ အလောင်းတွေ အများကြီး ရှိတယ်၊ အဲဒီအလောင်းတွေကို အစိုးရအရာရှိတွေနဲ့ လီမိသားစုရဲ့ ရန်သူတွေ မြင်အောင် ငါတို့ တစ်နည်းနည်းနဲ့ ဖော်ထုတ်နိုင်ရင် မအောင်မြင်နိုင်ဘူးလား"
ရှောင်ကျိုး ရှုဟောင်၏ ညီမလေးကို ကယ်တင်ရန် လီစံအိမ်သို့ သွားစဉ်က ခြံထဲရှိ ပန်းများမှာ ပုံမှန်ထက် ထူးထူးခြားခြား ပွင့်လန်းနေသည်ကို သတိထားမိခဲ့သည်။ သူမ မိမိခြံထဲတွင်လည်း ထိုသို့စိုက်ချင်သဖြင့် စပ်စုချင်စိတ်ဖြင့် စိတ်စွမ်းအားသုံးကာ မည်သည့်မြေသြဇာ သုံးထားသနည်းဟု စစ်ဆေးကြည့်ရာ အလွန်အံ့သြစရာကောင်းလှ၏။ ထိုပန်းပင်များအောက်တွင် အလောင်းများကို မြှုပ်နှံထားခြင်း ဖြစ်သည်။
"လီမိသားစုက ပွဲလမ်းသဘင် တစ်ခုခု ကျင်းပတာမျိုး မဟုတ်ရင် အလောင်းတွေကို တူးထုတ်လိုက်ရင်တောင် လီမိသားစုကလူတွေကလွဲလို့ ဘယ်သူမှ မြင်နိုင်မှာ မဟုတ်ဘူး"
အားသို့ ဆို၏။
"ဒါကိုတော့ ရှန်ကျစ်ယွမ်နဲ့ ဝမ်ကျယ်ချန်ကို မေးကြည့်ရမယ်၊ လီမိသားစုက မကြာခင်မှာ ပွဲတစ်ခုခု ကျင်းပဖို့ ရှိ၊ မရှိ စုံစမ်းပြီးရင် ငါတို့ အထဲကို ခိုးဝင်ကြတာပေါ့"
ရှောင်ကျိုး ပြောပြီးနောက် ဒေါသထွက်နေသော ရွာသားများဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"အားလုံးပဲ စိတ်မလောကြပါနဲ့၊ ငါ့မှာ အဖြေရှိပြီးသားပါ"
ရွာသားများ ရှေ့တိုးလာကာ ပြော၏။
"ရွာလူကြီးလေး ဘာနည်းလမ်းလဲ၊ ကျွန်တော်တို့ ဘာကူညီပေးရမလဲ၊ ခိုင်းသာခိုင်းလိုက်ပါ၊ ကျွန်တော်တို့မှာ ခွန်အားတွေ အများကြီး ရှိပါတယ်"
"ဟုတ်ပါတယ် ရွာလူကြီး၊ စိတ်မပူပါနဲ့၊ ဒါကို ကျွန်တော်တို့ လက်ထဲသာ အပ်လိုက်ပါ"
"ဟုတ်တယ် အဲ့ဒီလီဆိုတဲ့ကောင်ရဲ့ အသားကို လှီးပြီး ခွေးအဝါကြီးကို ကျွေးပစ်မယ်"
ထိုသို့ပြောလိုက်သည်နှင့် မျိုးနွယ်စုရွာအကြီးအကဲမှ သူ၏တောင်ဝှေးဖြင့် ထိုသူကို အချက်ပေါင်းများစွာ ရိုက်နှက်တော့သည်။
"ရွာလူကြီးလေး ရှေ့မှာ ဒီလို ရိုင်းစိုင်းတဲ့စကားတွေ ပြောရဲတယ်ပေါ့၊ မင်းပါးစပ်ကို အပ်နဲ့ ချုပ်ပစ်ရမလား"
အရိုက်ခံရသူမှာလည်း မိန်းကလေးငယ်လေးဖြစ်သော ရွာလူကြီးလေးရှေ့တွင် မပြောသင့်သည်ကို ပြောမိသွားမှန်း သတိရကာ မိမိပါးကို ပြန်ရိုက်ရင်း ဆို၏။
"တောင်းပန်ပါတယ်၊ ကျွန်တော် တော်တော့်ကို ဆင်ခြင်မဲ့သွားတာပဲ၊ ပါးစပ်က လက်လွတ်စပယ် ထွက်သွားတာပါ"
အားလုံး သူတို့၏ ထင်မြင်ချက်များကို ဝိုင်းပြောနေကြပြီး ရှောင်ကျိုးသာ "သွားဖမ်းကြစို့" ဟု တစ်ခွန်းပြောလိုက်လျှင် ထိုလူအုပ်ကြီးမှာ လီစံအိမ်သို့ ချက်ချင်းပြေးသွားကြမည့် ပုံစံပင်။
ရှောင်ကျိုး အားလုံးကို တိတ်တိတ်နေရန် လက်ပြလိုက်ပြီး အာ့ကုံးဇီနှင့် သူ၏အပေါင်းအပါများကို ဘုရားကျောင်းသို့ ခေါ်သွားရန် အမိန့်ပေးလိုက်သည်။
"ရန်သူကို ရင်ဆိုင်တဲ့အခါ ပြတ်ပြတ်သားသား တိုက်ခိုက်ရမယ်၊ လီချန်းကို အခုချက်ချင်း သွားရိုက်တာက ပညာရှိတဲ့ လုပ်ရပ်မဟုတ်ဘူး၊ သူ ဘယ်တော့မှ ပြန်မထူနိုင်အောင်နဲ့ သူလုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် ထိုက်တန်တဲ့ ပေးဆပ်မှု ရစေရမယ်၊ အားလုံး ရွာထဲမှာပဲ သတင်းစောင့်နေကြပါ၊ ငါ့မှာ ကိုယ်ပိုင် အစီအစဉ် ရှိပါတယ်၊ အကူအညီလိုရင် အကြောင်းကြားပါ့မယ် အခုတော့ လူစုခွဲကြပါဦး"
ရွာသားများ ရွာလူကြီးလေး၏ စကားကို ကြားသောအခါ သူမသည် တကယ့်ကို စွမ်းဆောင်နိုင်သူဖြစ်ကြောင်းနှင့် လီချန်းကို အပြတ်ရှင်းရန် ဆုံးဖြတ်ထားသည်ကို သိလိုက်ရသဖြင့် သူတို့ သုမအား အထင်သေးမိသွားကြောင်း နားလည်သွားကြ၏။
ရွာလူကြီးလေးမှာ ခရီးကပြန်လာကာစ ပင်ပန်းနေမည်ကို စိုးရိမ်သဖြင့် အားလုံး နှုတ်ဆက်စကားဆိုကာ လူစုခွဲသွားကြသည်။
"ရွာလူကြီးလေး ပြန်ပြီး ကောင်းကောင်း အနားယူပါဦး၊ လိုအပ်တာရှိရင် ပြောပါနော်"
အဝေးသို့ ရောက်သွားသည့်တိုင် သူတို့၏ ပြောဆိုသံများကို ကြားနေရဆဲပင် ဖြစ်၏။
"ရွာလူကြီးလေးက တကယ့်ကို အမြော်အမြင် ရှိတာပဲ၊ ငါတို့တွေက ဘာလို့ သူ့လောက် မတော်ရတာလဲ မသိဘူး"