အခန်း ၅၄
Vol. 6 Ch. 54
54
"ဒါပေါ့ နင်တို့က မသိဘူးလား၊ ငါတို့ရွာလူကြီးလေးက ဘယ်သူလဲ၊ သာမန်လူတွေနဲ့ နှိုင်းယှဉ်လို့ရတဲ့သူ မဟုတ်ဘူးဟဲ့"
"ဟုတ်တယ်၊ အဲဒါကြောင့်လည်း ရွာလူကြီးဟောင်း ဆုံးပြီးတာတောင် မျိုးနွယ်စုခေါင်းဆောင်ကြီးတွေရဲ့ အိမ်မက်ထဲမှာ လာလာပြီး ပေါ်တာပေါ့"
"မနက်ဖြန်ကျရင် ဘိုးဘွားတွေကို အမွှေးတိုင် သွားထွန်းဦးမှပဲ၊ ငါတို့ရွာမှာ ဒီလိုရွာလူကြီးမျိုး ရှိတာ တကယ့်ကို ဘိုးဘွားတွေရဲ့ စောင်မမှုပဲ"
"......"
ကျင့်ရှင်း ရှောင်ကျိုးကို အားကျသလို ကြည့်ရင်းဆိုသည်။
"ဟေး နင်က ကလေးလေးပဲ ရှိသေးတာကို၊ ရွာထဲမှာ ဘယ်လိုလုပ် ဒီလောက် သြဇာတိက္ကမ ကြီးမားနေရတာလဲ၊ ငါကတော့ တကယ့် တာအိုဆရာအစစ်ပါဆိုတာတောင် ဘာလို့ လူတွေက ငါ့ကို လူလိမ်လို့ပဲ ပြောနေကြတာလဲ မသိဘူး"
ကျင့်ရှင်းမှာ အားကျလွန်းသဖြင့် သွားပင် နာကျင်လာသကဲ့သို့ ခံစားရ၏။ အကယ်၍ သူ့ကို ယုံကြည်သည့်သူ ဤမျှအများကြီးသာ ရှိလျှင် ထမင်းငတ်မည့်ဘေးကို စိုးရိမ်နေရမည်မဟုတ်ပေ။
ရှောင်ကျိုး သူ့ကို တစ်ချက်ကြည့်ကာ ခဏစဉ်းစားပြီး ပြောလိုက်၏။
"နောင်ဆိုရင် ဗေဒင်ဟောတဲ့အခါ မုတ်ဆိတ်တုလေး ဘာလေး တပ်ကြည့်ပါလား၊ နည်းနည်း အသက်ကြီးတဲ့ပုံ ပေါက်သွားအောင်ပေါ့"
"အဲဒါတော့ မဖြစ်ဘူး၊ ငါက ဒီလောက် ချောတာကို လူတွေ မြင်အောင် ပြရမှာပေါ့၊ ဖုံးကွယ်ထားလို့ မဖြစ်ပါဘူး"
ကျင့်ရှင်း။သူ၏ မျက်နှာကို ပြန်ကိုင်ရင်း သူ့ရုပ်သူ အတော်လေး သဘောကျနေပုံရသည်။
ရှောင်ကျိုး ထိုသူကို မျက်စောင်တစ်ချက် ထိုးလိုက်ပြီး မည်သည်ကိုမှ ဆက်မပြောတော့ပေ။ ဤလူမှာ သူမထက်ပင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ ဖြစ်၏။
စနစ် : ‘Host နောက်ဆုံးတော့ Hostသတိဝင်လာပြီပေါ့'
အားလုံးမှာ ပင်ပန်းနေကြပြီဖြစ်သဖြင့် အနားယူရန် အိမ်သို့ အသီးသီး အလျင်အမြန် ပြန်ကြ၏။ ရှီရှန့်တို့အုပ်စုကမူ ခြံဝင်းလေးထဲတွင် ခေတ္တ နားနေကြရာ ဆရာကြီးရှု နှင့် ဆရာကြီးယန် တို့ ပြန်လာချိန်နှင့် ကွက်တိ တိုးတော့သည်။
ရှုရှောင်ရှောင် ရွာလူကြီးလေးကို အမြန်ပွေ့ချီလိုက်ပြီး မေး၏။
"ဗိုက်ဆာနေပြီလား ဘာစားချင်လဲ၊ အစ်မ အခုချက်ချင်း လုပ်ပေးမယ်လေ"
"ရွာလူကြီးလေး ဟော့ပေါ့ စားကြရအောင်၊ ဟော့ပေါ့ စားကြရအောင်"
ဖက်တီးလေးမှာ စိတ်လှုပ်ရှားစွာဖြင့် ဟိုခုန်ဒီခုန် လုပ်နေတော့သည်။ တစ်နေ့တာလုံး ပင်ပန်းခဲ့သမျှမှာလည်း အသားစားရတော့မည်ဟူသော အသိဖြင့် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားချေပြီ။
"စားမယ် အခုချက်ချင်း စီစဉ်ကြစို့"
ရှောင်ကျိုး လက်ဝေ့ယမ်းကာ သဘောတူလိုက်သည်။
သူမကိုယ်တိုင်လည်း ဟော့ပေါ့ကို တောင့်တနေသည်မှာ ကြာပြီဖြစ်ရာ ဗိုက်ထဲမှလည်း တဂူးဂူးနှင့် ထိန်းမနိုင်သိမ်းမရ မြည်နေချေပြီ။ ကျောက်ဟူနှင့် သူငယ်ချင်းများမှာ အိမ်ပြန်မည့် အစီအစဉ်ကို ချက်ချင်း ဖျက်သိမ်းလိုက်ကြပြီး မျက်လုံးများ တောက်ပလျက် နောက်မှ လိုက်လာကြ၏။
"ဟော့ပေါ့ဆိုတာ ဘာလဲ"
ကျင့်ရှင်း စပ်စုလိုက်သည်။
ဤကလေးများ စိတ်လှုပ်ရှားနေပုံကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ ဒေသထွက် အထူးဟင်းလျာတစ်ခု ဖြစ်ရမည်ဟု သူတွေးမိသည်။ သို့သော် ကျင့်ရှင်းသည် အစားကောင်း အသောက်ကောင်း အကုန်မြည်းစမ်းဖူးသူ ခရီးသွားတစ်ဦးဖြစ်ရာ မျှော်လင့်ချက်ကို အလွန်အမင်း မထားထားပေ။ ရွာငယ်လေးက အစားအစာမှာ မြို့တော်မှ အစားအစာများကို ယှဥ်နိုင်မည်မဟုတ်ပေ။
မျိုးနွယ်စုခေါင်းဆောင်ကြီး၏ မြေးဖြစ်သူ ရှီထုံသည် နောက်ဆုံးတွင် သူနှင့် အသက်တူရွယ်တူ ကလေးတစ်ယောက်ကို တွေ့လိုက်ရပြီ ဖြစ်၏။ သူအိမ်သို့ မပြန်တော့ဘဲ ကျန်းဟယ်ထံသို့ ပြေးသွားကာ လက်ကို လှမ်းဆွဲပြီး သူငယ်ချင်းဖွဲ့ရန် ကြိုးစားတော့သည်။
အရင်က ရွာလူကြီးလေးနှင့် အခြားသူများမှာ သူက ငယ်လွန်းသည်ဟုဆိုကာ အတူမကစားပေးခဲ့ကြပေ။ သူနောက်က လိုက်ချင်သော်လည်း ထိုလူများမှာ ပုံမှန်လမ်းမလျှောက်ဘဲ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတတ်ကြသဖြင့် ရွာထဲတွင် ရှီထုံ၏ ငိုယိုသံများကို မကြာခဏ ကြားရတတ်၏။
ယခုအခါတွင်မူ သူနှင့် အရွယ်တူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ရှီထုံမှာ အတိုင်းမသိ ဝမ်းသာနေတော့သည်။
ကျန်းဟယ်သည်လည်း သူနှင့် အရပ်တူသော ရှီထုံကို မြင်ရသဖြင့် စိတ်လှုပ်ရှားနေမိ၏။ ဆေးဘုရင်ချိုင့်ဝှမ်းတွင် သူနှင့် ရွယ်တူ မရှိပေ။ ရှောင်ကျိုးတို့နောက်က လိုက်သော်လည်း သူတို့ပြောသည်ကို သူ နားမလည်သည့်အပြင် သူတို့အားလုံးမှာ ပျံသန်းနိုင်ကြသဖြင့် သူကမူ စီနီယာအစ်ကိုကြီး၏ပွေ့ချီမှုကို ခံယူမှသာ သူတို့ကို မှီအောင် လိုက်နိုင်ခြင်း ဖြစ်၏။
ဝဝတုတ်တုတ် လုံးလုံးကစ်ကစ် ကလေးငယ်နှစ်ဦး လက်ချင်းချိတ်လျက် အားလုံး၏ နောက်မှ လိုက်ပါလာကြသည်မှာ ချစ်စရာကောင်းသော ပင်ဂွင်းလေးနှစ်ကောင်နှင့် တူနေသည်။
သို့သော်လည်း ရှေ့မှ အဖွဲ့သားများမှာ ဟော့ပေါ့အကြောင်း ဆွေးနွေးရင်း အာရုံများနေကြသဖြင့် ခြေတိုတိုနှင့် ကလေးငယ်နှစ်ဦးကို လုံးဝ မေ့လျော့နေကြသည်။ ကလေးနှစ်ယောက်မှာ အစွမ်းကုန် ပြေးလိုက်သော်လည်း ရှေ့ကလူများကို မမီနိုင်တော့ပေ။ ရှီထုံမှာ စိတ်တိုလာပြီး မြေကြီးပေါ်တွင် ထိုင်ချကာ ဟန်ဆောင်ပန်ဆောင်နှင့် အော်ဟစ်ငိုယိုတော့၏။
သူ ငိုယိုရင်း အားလုံးကို အပြစ်တင်တော့သည်။ ရှောင်ကျိုးနှင့် အခြားသူများ လှည့်ကြည့်လိုက်မှ ထိုနှစ်ယောက်ကို သတိထားမိသည်။
အထူးသဖြင့် ချင်းရွှီမှာ သူ့ဂျူနီယာညီလေး၏ အားငယ်နေသော မျက်လုံးများကို မြင်လိုက်ရသောအခါ သူ အပြစ်မကင်းသလို ခံစားလိုက်ရ၏။ ဆရာကြီး ထွက်မသွားခင်က ဂျူနီယာညီလေးကို သေချာစောင့်ရှောက်ရန် ထပ်ခါတလဲလဲ မှာကြားသွားခဲ့သည်ပင် ဖြစ်သည်။
ဟော့ပေါ့အကြောင်းကို သူ အဘယ်ကြောင့် ဤမျှအထိ အာရုံရောက်သွားရသနည်း။ ယင်းက ဖက်တီးလေးမှ ဟော့ပေါ့ကို မည်မျှအရသာရှိကြောင်း တတွတ်တွတ် ဖော်ပြနေသောကြောင့်သာ ဖြစ်ရမည်။ ထိုအရာမှာ သူ့ကို အစားအစာအကြောင်းသာ တွေးမိစေပြီး ဂျူနီယာညီလေးကို လုံးဝမေ့သွားစေခဲ့၏။
ချင်းရွှီ အလျင်အမြန် ပြေးသွားပြီး ကျန်းဟယ်ကို ပွေ့ချီလိုက်၏။ ကျောက်ဟူလည်း ခပ်သွက်သွက် ပြေးသွားကာ ရှီထုံကို ကျောပိုးလိုက်သည်။ အားလုံး ရှီထုံငိုမည်ကို တကယ် ကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ငိုသံမှာ နားစည်ကွဲမတတ် ကျယ်လောင်လွန်းသောကြောင့် ဖြစ်သည်။
ကျောက်ဟူ၏ ကျောပေါ်ရောက်သွားသော ရှီထုံမှာ ချက်ချင်းပင် ငိုသံတိတ်သွားပြီး ပြောလေ၏။
"ကိုကြီးကျောက်ဟူက အကောင်းဆုံးပဲ"
"ငါက တကယ်ပဲ ကောင်းလို့လား"
ကျောက်ဟူ စနောက်လိုက်သည်။ ရှီထုံ ခေါင်းကို တရစပ် ညိတ်ပြရင်း ပြန်ဖြေသည်။
"ရွာလူကြီးလေးပြီးရင် ကိုကြီးက ကျွန်တော့်အကြိုက်ဆုံးပဲ"
"ငါက အဲဒီလောက်တောင် ကောင်းတယ်ဆိုရင် မင်းအိတ်ကပ်ထဲက သကြားလုံးတစ်လုံး ပေးပါလား"
ကျောက်ဟူ သူ့ကို ပို၍စချင်သဖြင့် ထိုသို့ဆိုလိုက်ရာ ရှီထုံမှာ သူ၏ အိတ်ကပ်လေးကို ချက်ချင်းပင် အတင်းဖိပိတ်ထားလိုက်၏။
"ကုန်ပြီ ကုန်သွားပြီ စားလို့ ကုန်သွားပြီ"
ထိုပုံစံမှာ တစ်ခုခုကို အတင်းဖုံးကွယ်နေသည့်အလား။ ကျောက်ဟူ သူ၏ နောက်ကျောဘက်မှ ရှီထုံ၏လုံးကစ်နေသော တင်ပါးလေးကို ခပ်ဖွဖွ ပုတ်လိုက်ပြီး ဆိုသည်။
"ဒီလူလိမ်လေး မကောင်းတာတွေပဲ တတ်နေတယ်"
ထို့နောက် ရှီထုံကို ကျောပိုးလျက် ရွာလူကြီးလေး၏ ခြံဝင်းထဲသို့ ပျံသန်းဝင်ရောက်သွားတော့သည်။ ရှီထုံ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများကို အဝေးမှပင် ကြားနိုင်၏။
အားလုံးသည် ရွာလူကြီးလေး၏ ခြံဝင်းထဲသို့ အမြန်ပြန်ရောက်လာကြသည်။ ရှုရှောင်ရှောင် မီးဖိုချောင်ထဲသို့ အပြေးဝင်သွားကာ အလုပ်ရှုပ်နေတော့၏။ ရှုဟောင်၏ညီမလေးရှုထုံလည်း ထုံးစံအတိုင်း နောက်မှ တကောက်ကောက် လိုက်နေသည်။ ရှုထုံမှာ ရှောင်ရှောင်၏ အရိပ်လေးပမာဖြစ်ပြီး မီးဖိုချောင်ထဲတွင် နေရသည်ကို အလွန်နှစ်သက်သူ ဖြစ်၏။ သူမသည် ရှုရှောင်ရှောင်၏ တပည့်အဖြစ် ခံယူရန်လည်း အသည်းအသန် ဆန္ဒရှိနေသည်။
မကြာမီမှာပင် အငွေ့တထောင်းထောင်း ထနေသော ဟော့ပေါ့အိုးကြီး ထွက်လာ၏။ အားလုံး ဟင်းပွဲများကို အမြန်ပြင်ဆင်ကြပြီး စားရန် အသင့်ပြင်လိုက်ကြသည်။ ကလေးများ၏ တူကိုင်လှုပ်ရှားမှုမှာ အလွန်ပင် မြန်ဆန်လှသဖြင့် ဧည့်ဝတ်ကျေပွန်မှု မရှိခြင်းကို အပြစ်တင်ချင်စရာပင်။ သို့သော် ကျင့်ရှင်းသည် သူ့အနေဖြင့် စကားအနည်းငယ် ထပ်ပြောနေပါက စားပွဲပေါ်ရှိ အစားအစာများ အကုန်ပြောင်သွားနိုင်သည်ဟု ခံစားလိုက်ရ၏။
သူသည် စိတ်ကို အေးအေးထားကာ အင်္ကျီလက်ကို လိပ်တင်ပြီး စားပွဲဝိုင်းထဲသို့ ဝင်လိုက်သည်။ အခြားကလေးများ၏ ပုံစံကို အတုယူကာ အသားတစ်ဖတ်ကို ကျက်အောင်ချက်ပြီး ပါးစပ်ထဲသို့ အားရပါးရ ထည့်လိုက်၏။ တစ်ခဏအတွင်းမှာပင် နူးညံ့သောအသားမှာ လျှာဖျားနှင့် ထိတွေ့သွားတော့သည်။ ဟော့ပေါ့၏ စပ်ရှိန်ရှိန် မွှေးရနံ့မှာ ပါးစပ်ထဲတွင် ချက်ချင်း ပြည့်နှက်သွားပြီး အရသာခံအာရုံ အားလုံးကို နှိုးဆွပေးလိုက်ရာ မရပ်နိုင်မနားနိုင် ဖြစ်သွားရသည်။
ကျင့်ရှင်း သူ့ဆရာ ပြောခဲ့ဖူးသည်ကို သတိရသွားသည်။ သူ၏ စားဝတ်နေရေးအတွက် အပူအပင်မရှိအောင် လုပ်ပေးမည့်သူမှာ ထောင်ယွမ်ရွာတွင် ရှိသည်ဟူသော စကားပင် ဖြစ်၏။ ထိုသူမှာ ဤကလေးမလေးဖြစ်မည်ဟု သူတွက်ဆလိုက်ပြီး ဤကလေးမလေးကိုသာ အပိုင်တွယ်ထားရမည်ဟု ဆုံးဖြတ်လိုက်၏။
ပြောနေရန်ပင် မလိုတော့ဘဲ ရှီရှန့် နှင့် ချင်းရွှီ တို့မှာလည်း အံ့သြစရာကောင်းလောက်အောင် အစားအသောက် ဝါသနာပါကြသူများ ဖြစ်ကြ၏။ အားလုံး စားသောက်ခြင်းအပေါ်မှာသာ အာရုံအပြည့်ထားကြသဖြင့် တစ်ခွန်းမှပင် စကားမပြောနိုင်ကြချေ။ စကားပြောနေပါက အသားတစ်ဖတ် လွတ်သွားမည်ကို စိုးရိမ်နေကြပုံရသည်။
ကျင့်ရှင်း အသားစားနေသည်ကို မြင်သောအခါ ကျောက်ဟူ မနေနိုင်ဘဲ မေးလိုက်၏။
"မင်းက တာအိုဆရာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် အသားစားနေတာလဲ"
ကျင့်ရှင်း သူ့ကို မျက်စောင်ထိုးကာ ရှင်းပြလိုက်သည်။
"ငါက တာအိုဆရာဆိုပေမဲ့ သက်သတ်လွတ်ပဲ စားရမယ်လို့ ကန့်သတ်ချက်မရှိဘူး၊ အသားစားတာ သဘာဝရဲ့ လိုအပ်ချက်အရ စားတာပဲ၊ ဒါက တာအိုတရားကို နားလည်ကျင့်ကြံတဲ့နေရာမှာ ဘာမှ မထိခိုက်ဘူး"
ကျောက်ဟူမှာမူ ပညာတတ်ပုံစံနှင့် ဤလူမှာ တာအိုဆရာအစစ်မဟုတ်ဘဲ အစားအသောက်အတွက် လိမ်လည်စားသောက်နေသည့် လူလိမ်သာ ဖြစ်လိမ့်မည်ဟု အမြဲပင် ခံစားနေမိ၏။
စားပွဲပေါ်ရှိ အစားအစာများကို အားလုံးက အငမ်းမရ စားသောက်လိုက်ကြရာ တစ်ခုမှပင် မကျန်တော့ပေ။ အချိန်မှာလည်း တဖြည်းဖြည်း နောက်ကျလာပြီဖြစ်သဖြင့် နောက်တစ်ကြိမ်မှသာ ထပ်စားရန် တောင့်တရင်း အားလုံး အိမ်ပြန်ကာ အနားယူကြတော့သည်။
ကိုယ်လက်သန့်စင်ပြီးနောက် အားလုံး ကောင်းမွန်သော ညတစ်ညကို အိပ်စက်ဖြတ်သန်းနိုင်ခဲ့ကြ၏။ အရုဏ်တက်ချိန်တွင် ပြတင်းပေါက်အပြင်ဘက်မှ ငှက်သံလေးများက အားလုံးကို နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ နှိုးလိုက်ကြ၏။
ရှောင်ကျိုး မျက်လုံးဖွင့်လိုက်သည်နှင့် ယွိဟွာမှာ သူမအား စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။ ထိတ်လန့်သွားမှုကြောင့် ရှောင်ကျိုးမှာ ချက်ချင်းပင် အိပ်ချင်ပြေသွားတော့သည်။
"ဘာလုပ်နေတာလဲ၊ ငါ့ကို လန့်သေအောင် လုပ်နေတာလား"
ရှောင်ကျိုး ယွိဟွာအား အမြန်ပွေ့ဖက်လိုက်ပြီး ကျောကို ပုတ်ပေးလိုက်သည် ။
"ယွိဟွာ နင့်ကို အရမ်းသတိရနေတာ"
ယွိဟွာသည် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ဝမ်းသာသွားတော့၏။
"သခင် ကျွန်မလည်း သခင့်ကို သိပ်သတိရတာပဲ၊ ဒါနဲ့ သခင် ကျွန်မအတွက် ဗီလာကြီးကို ဘယ်တော့ ဆောက်ပေးမှာလဲ"
ရှောင်ကျိုး ပြန်မဖြေရသေးမီမှာပင် အပြင်ဘက်မှ ရှန်းချီ၏ အသံနှင့်အတူ ရှန်ကျစ်ယွမ်၏ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
ရှန်ကျစ်ယွမ် ဒေါသအကြီးအကျယ် ထွက်နေသည်မှာ သိသာလှသည်။ သူမ မြို့ထဲသို့ လွှတ်လိုက်သောအစောင့်များမှ မကောင်းသတင်းတစ်ခုခု ယူဆောင်လာခဲ့ကြသည်မှာ သေချာ၏။
ရှောင်ကျိုး အိပ်ရာမှ အသည်းအသန်ထကာ အပြင်သို့ ထွက်လာခဲ့သည်။
"ဘာဖြစ်လို့ ဒီလောက်တောင် အော်နေရတာလဲ"
ရှောင်ကျိုး မျက်လုံးကို ပွတ်ရင်း မေးလိုက်၏။
ရှန်ကျစ်ယွမ်မှာ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ပြောသည်။
"ရွာလူကြီးလေး ဟိုလီချန်းဆိုတဲ့ အကောင်က တကယ်ကို လူယုတ်မာပဲ၊ သူက အခု မြို့ထဲမှာ သတင်းတွေ လွှင့်နေတာ၊ ထောင်ယွမ်ရွာက လူတွေက ဓားပြတွေပါဆိုပြီးတော့လေ၊ သူက ခရိုင်ဝန်ဆီကိုတောင် သွားတိုင်ထားတယ်လို့ ရှန်းချီက သတင်းရလာတယ်"
ရှန်းချီ ရှေ့သို့တိုးလာကာ အခြေအနေကို အသေးစိတ် ရှင်းပြလိုက်၏။
"ဟုတ်ပါတယ် ရွာလူကြီးလေး၊ လီချန်းက သူ အရိုက်ခံရတာကို အခွင့်ကောင်းယူပြီး ခရိုင်ဝန်ကို လာဘ်ထိုးထားပုံရတယ်၊ အခု ခရိုင်ဝန်က ထောင်ယွမ်ရွာကို စစ်ဆေးဖို့ စစ်သည်တွေ လွှတ်တော့မယ်လို့ သတင်းထွက်နေတယ်"
ထိုစကားကို ကြားသောအခါ ရှောင်ကျိုး၏ မျက်လုံးများမှာ အေးစက်သွားတော့၏။ သူမမှာ အေးအေးဆေးဆေး နေချင်သော်လည်း ရန်သူများကမူ သူမ၏ အိမ်တံခါးဝအထိ ရောက်အောင် လာနေချေပြီ။
"သူက ငါတို့ကို ဓားပြလို့ စွပ်စွဲရဲတယ်ပေါ့လေ"
ရှောင်ကျိုး ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
"ကောင်းပြီလေ၊ သူက ဥပဒေကို အသုံးချချင်တယ်ဆိုရင်လည်း ငါက ဥပဒေနဲ့ပဲ သူ့ကို ပြန်တုံ့ပြန်ရတာပေါ့"
ရှောင်ကျိုး ဘေးနားတွင် ရှိနေသော ယွိဟွာကို ကြည့်ကာ ပြောလိုက်၏။
"ယွိဟွာ နင့်ရဲ့ ဗီလာကြီးအတွက် မြေနေရာကို ငါ အခုပဲ ရွေးလိုက်ပြီ၊ လီမိသားစုရဲ့ စံအိမ်နေရာက တော်တော်လေး ကျယ်ပြီး သာယာတယ်လို့ ငါ ထင်တယ်"
ယွိဟွာ၏မျက်လုံးများ တောက်ပသွားရသည်။
"တကယ်လား သခင် အဲဒီနေရာက ပန်းတွေလည်း အများကြီး ရှိတာပဲနော်"
"ဟုတ်တယ် ဒါပေမဲ့ အဲဒီ ပန်းပင်အောက်က အမှိုက်တွေကို အရင် ရှင်းထုတ်ရဦးမှာပေါ့"
ရှောင်ကျိုး အဓိပ္ပာယ်ပါပါ ပြောလိုက်၏။
ထိုစဉ် ကျင့်ရှင်းမှာ အခန်းထဲမှ ထွက်လာကာ သူ၏ အင်္ကျီလက်ကို သပ်ရပ်အောင် လုပ်ရင်း ဆိုသည်။
"ကဲ အလုပ်လုပ်ရမယ့် အချိန် ရောက်ပြီပေါ့၊ ငါ့ရဲ့ ဗေဒင်ဟောတဲ့ ပညာရပ်က လီမိသားစုရဲ့ ကံကြမ္မာ ကုန်ဆုံးတော့မယ်လို့ ပြနေတယ်"
"ကျစ်ယွမ် ဝမ်ကျယ်ချန်ကို သွားခေါ်လိုက်၊ ငါတို့ လီအိမ်တော်ကို သွားဖို့ အစီအစဉ်ဆွဲရမယ်၊ ဒီတစ်ခါတော့ ငါတို့က ဧည့်သည်အဖြစ် မဟုတ်ဘဲ တရားသူကြီးအဖြစ် သွားမှာ"
ရှောင်ကျိုးသည် ရှန်ကျစ်ယွမ်ကို လှည့်ကြည့်ကာ ပြောလိုက်၏။