← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

55

​"ဘယ်သူက သူ့ကို စိတ်ဆိုးအောင် လုပ်လိုက်တာလဲ"

‌ရှောင်ကျိုး အိမ်ပြင်သို့ အပြေးအလွှား ထွက်လာ၏။

​"ဘာဖြစ်လို့လဲ"

ရှောင်ကျိုး သူမကို မေးလိုက်သည်။

​"ဟိုအမှိုက်ကောင်လေ၊ တကယ့်ကို ဒေါသထွက်ဖို့ကောင်းလိုက်တာ၊ ငါ့အစ်မဝမ်းကွဲက မနက်ဖြန်ကျရင် လီချန်းနဲ့ လက်ထပ်ရတော့မယ်တဲ့ သူက ဒီစေ့စပ်ပွဲကို ဖျက်သိမ်းမယ်လို့ ငါ့ကို ကတိပေးထားတာလေ၊ ငါ့ဦးလေးနဲ့ အဒေါ်တို့က သဘောမတူလို့ သူ ဒီအခြေအနေကို ရောက်သွားရတာ ဖြစ်မယ်၊ ရွာလူကြီးလေး ဘာလုပ်ရင် ကောင်းမလဲ၊ ငါ့အစ်မကို အဲ့ဒီလူနဲ့ မညားစေချင်ဘူး၊ ဒါပေမဲ့ မနက်ဖြန်ကျရင် သူတို့ မင်္ဂလာဆောင်တော့မှာ"

​ရှန်ကျစ်ယွမ် မျက်ရည်များ တားမရဆီးမရ စီးကျလာတော့သည်။ သူမနှင့် အစ်မဝမ်းကွဲမှာ ငယ်စဉ်ကတည်းက သံယောဇဉ်ကြီးကြသူများဖြစ်ရာ ဤသတင်းကို ကြားလိုက်ရခြင်းက သူမကို ဒေါသရော ဝမ်းနည်းမှုကိုပါ တစ်ပြိုင်နက် ခံစားရစေ၏။

​"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ"

မနက်စောစောကတည်းက မနက်စာ လာစားတတ်ကြသော ကျောက်ဟူ နှင့် အားသို့တို့ ဝင်းထဲမှ အခြေအနေကို မြင်သည်နှင့် အပြေးအလွှား မေးကြတော့၏။ ဘေးနားရှိ ဖက်တီးလေးက ဖြစ်ပျက်သမျှကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

​"လီအိမ်တော်က မင်္ဂလာပွဲကို လူတွေအများကြီး လာကြမှာလား"

ရှောင်ကျိုး ရှန်ကျစ်ယွမ်ကို မေး၏။

​ရှန်ကျစ်ယွမ် ခေါင်းညိတ်ပြလိုက်သည်။

"လီမိသားစုက မြို့တော်မှာ သြဇာအသင့်အတင့်ရှိတဲ့ မိသားစုဆိုတော့ လူအတော်များများက ဒီအဆက်အသွယ်ကြောင့် လာကြမှာပဲ"

သူမ ဖက်တီးလေးကို တစ်ချက်ကြည့်ပြီး ဆက်ပြော၏။

"နင့်ရဲ့ ဦးလေးနဲ့ အဒေါ်တို့လည်း လာကြလိမ့်မယ်"

​ဖက်တီးလေး၏ အဒေါ်မှာ မြို့တော်ရှိ တရားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၏ သားအငယ်ဆုံးနှင့် အိမ်ထောင်ကျထားခြင်း ဖြစ်၏။ ထို့ကြောင့်ပင် လီမိသားစုသည် အဘွားအိုဝမ်၏ မိသားစုကိုသာမက အိမ်ထောင်ကျပြီးသားဖြစ်သော ဝမ်၏ သမီးအငယ်ဆုံးကိုပါ အထူးဖိတ်ကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်ရမည်။ သိသာသည်မှာ သူတို့သည် ဤအခွင့်အရေးကို အသုံးပြု၍ စန်း မိသားစုနှင့် ရင်းနှီးအောင် ကြိုးစားလိုကြခြင်းပင်။

​ရှောင်ကျိုးနှင့် အားသို့တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ချက်ချင်းပင် အကြံတစ်ခု ရသွားကြ၏။ ရှောင်ကျိုး ဆိုသည်။

"နင့်အစ်မကို သူနဲ့ လက်မထပ်ရအောင် တားဖို့ ငါ့မှာ နည်းလမ်းရှိတယ်၊ ဒါပေမဲ့ နင့်အစ်မရဲ့ သဘောထားကို အရင်မေးရမယ်"

​ရှောင်ကျိုးအနေဖြင့် ဤကိစ္စကို ရှင်းရှင်းလင်းလင်း သိထားရန် လိုအပ်သည်ဟု ခံစားရ၏။ အကယ်၍ သူမ၏အစ်မမှာ ထိုမီးပုံထဲသို့ အတင်းခုန်ဆင်းချင်နေပါက အလကား ဖြစ်သွားမည်ပင် ဖြစ်သည်။ ထို့ကြောင့် ကာယကံရှင်၏ ဆန္ဒကို အရင်သိရန် လိုအပ်၏။

​ထိုစကားကို ကြားရသောအခါ ရှန်းကျစ်ယွမ်မှာ အကြောင်းမရှိဘဲ ဝမ်းနည်းနေမှုများ ရပ်တန့်သွားသည်။ ရွာလူကြီးပြောလျှင် ဤကိစ္စမှာ သေချာပေါက် ပြေလည်သွားမည်ဟု သူမ ယုံကြည်သွားခြင်းပင်ဖြစ်၏။ ရွာလူကြီးမှာ ငယ်ရွယ်သော်လည်း အံ့သြစရာကောင်းလောက်အောင် လူကို ယုံကြည်မှု ပေးနိုင်စွမ်း ရှိသည်။

​ရှန်ကျစ်ယွမ် အားလုံးကို နှုတ်ဆက်ကာ သူမ၏ အစ်မဝမ်းကွဲအိမ်သို့ အမြန်ဦးတည်သွားတော့၏။ သူမကိုယ်တိုင် အမှန်တရားကို စုံစမ်းရမည်ဖြစ်ပြီး ရွာလူကြီးမှ ကူညီရန် အသင့်ရှိနေချိန်တွင် သူမ၏အစ်မက လက်တွန့်မနေသင့်ပေ။

​ရှန်ကျစ်ယွမ် ထွက်သွားပြီးနောက် ဖက်တီးလေးက ရွာလူကြီးကို လှောင်ပြုံးလေးဖြင့် မေးလိုက်သည်။

"ရွာလူကြီး ငါတို့ မနက်ဖြန် သတို့သမီးကို သွားပြန်ပေးဆွဲကြမှာလား"

​"နင် ဘာတွေ တွေးနေတာလဲ၊ ဒါက ကောင်းတဲ့အကြံ မဟုတ်ဘူး"

အားသို့ သူ့ကို မျက်စောင်ထိုးလိုက်သည်။ ဤကောင်၏ ဦးနှောက်မှာ ကျောက်ဟူနှင့် တစ်ပုံစံတည်းပင်။

​"ဒါဆို ဘာလုပ်မှာလဲ"

ဖက်တီးလေးမှာ မျက်စောင်အထိုးခံရသော်လည်း စိတ်မဆိုးပေ။ ၎င်းမှာ သူ၏အဖေထံမှ အမွေရခဲ့သည့် အချက်ဖြစ်ပြီး သူ၏ဆရာကပင် သူ့ကို ငတုံးလေးဟု ပြောဖူးသည် မဟုတ်ပါလား။

​"ရှန်ကျစ်ယွမ်ဆီက သတင်းရအောင် အရင်စောင့်ရမယ်၊ ပြီးမှ အစီအစဉ်ဆွဲမယ်"

​ရှောင်ကျိုး ပြောပြီးနောက် ယွိဟွာကို ပွေ့ချီကာ လမ်းလျှောက်ရန် အပြင်သို့ ထွက်လာခဲ့သည်။ ကလေးတစ်အုပ်မှာလည်း နောက်က တကောက်ကောက် လိုက်ပါလာကြ၏။

​သူတို့အားလုံး ကျောင်းသို့ သွားရာလမ်းတစ်လျှောက် လမ်းလျှောက်လာကြသည်။ ကျောင်းဆောင်အတွင်းမှ ကလေးများ၏ စာဖတ်သံများကို ကြည်လင်ပြတ်သားစွာ ကြားနေရပြီး ဆရာဖြစ်သူ၏ သင်ကြားပြသသံများလည်း ပါဝင်နေသည်။

​"ဟေး ဆရာကြီး ပြန်မရောက်သေးဘူး မဟုတ်လား၊ ဘယ်သူ သင်နေတာလဲ"

အချို့က အထဲသို့ ချောင်းကြည့်ကြသည်။ သူတို့မသိသော လူငယ်လေးတစ်ဦး ဖြစ်နေ၏။

​ဝမ်ကျန့်ယီလည်း ထိုအဖွဲ့ကို လက်လှမ်းပြလိုက်သည်။ ထို့နောက် လမ်းသလားရန် ကြံစည်ထားသော အလေလိုက်နေသည့် ကလေးများအားလုံးမှာ ကျောင်းဆောင်အတွင်းသို့ အတင်းဝင်ခိုင်းခြင်း ခံလိုက်ရကာ တစ်မနက်ခင်းလုံး စာသင်ခန်းထဲတွင် အချိန်ကုန်လိုက်ရသည်။

​ယွိဟွာမှာ အကြိမ်ပေါင်းများစွာ ခိုးထွက်ရန် ကြိုးစားသော်လည်း ရှောင်ကျိုးမှ အမြဲပင် ပြန်ဖမ်းထား၏။

"‌မိတ်ဆွေကောင်းဆိုတာ အတူတူ ခံစားရမယ်” ဟူသော ရှောင်ကျိုး၏ ရိုက်သွင်းမှုကို ခံရပြီးနောက်၊ ယွိဟွာသည် ကြက်မျက်လုံးလေးများ ပြူးလျက် စာသင်ခန်းထဲတွင် စာသင်ကြားခြင်းကို စတင်တော့၏။ ကြက်တစ်ကောင်အတွက် ပညာရေးမှာ အဘယ်ကြောင့် လိုအပ်သည်ကို သူမ နားမလည်သော်လည်း သူမ၏သခင်က သူမကို မည်သည့်အချိန်တွင်မှ လိမ်မည်မဟုတ်ဟု သူမ ခံစားမိသည်။

​ဆရာဖြစ်သူ စာသင်ပြီးသောအခါ ဝမ်ကျန့် ထိုလူငယ်လေးကို ရွာလူကြီးနှင့် မိတ်ဆက်ပေးလိုက်၏။

"ဒီလူက ဆရာကြီးရှု မိတ်ဆက်ပေးလိုက်တဲ့သူပါ"

"ဆရာကြီးရှုက သူ့မှာ မိသားစုကိစ္စလေးတွေ ရှိနေလို့ ကလေးတွေရဲ့ ပညာရေး မနှောင့်နှေးအောင် ဒီမှာစာသင်ဖို့ လူတစ်ယောက် မိတ်ဆက်ပေးလိုက်တာပါ"

​ထိုလူငယ်မှ ရှောင်ကျိုးကို အရိုအသေပေးကာ ဆိုသည်။

"ကျွန်တော့်နာမည် ဖေရှားပါ၊ မြို့တော်ကပါ၊ ကျွန်တော့်မိသားစုက ပျက်စီးသွားပေမဲ့ ကံကောင်းထောက်မစွာနဲ့ ကျွန်တော့်ဆရာရဲ့ လမ်းညွှန်မှုကြောင့် ဒီမှာ စာသင်ခွင့်ရတာပါ"

​ထို့နောက် သူ၏ ပေါင်လောက်သာရှိသော ကောင်မလေးကို ငုံ့ကြည့်ရင်း ဆက်ပြော၏။

"စိတ်မပူပါနဲ့ ရွာလူကြီး၊ ဆရာ့ရဲ့ မျှော်လင့်ချက်တွေကို ပြည့်မှီအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"

"ဆရာဖေ ရောက်လာတာက ငါတို့ရွာအတွက် တကယ့်ကို ကံကောင်းခြင်းပါပဲ"

​ရှောင်ကျိုး မျိုးနွယ်စုခေါင်းဆောင်ကြီး လုပ်သကဲ့သို့ သူမ၏ မုတ်ဆိတ်ကို ပွတ်သပ်ကာ ပညာရှိဟန်ဖြင့် ပြောချင်လှသည်။ သို့သော် မုတ်ဆိတ်မရှိသော ရှောင်ကျိုးမှာ ဆရာသစ်ကို အားရပါးရကြိုဆိုကြောင်း အရိုးရှင်းဆုံး စကားလုံးများဖြင့်သာ ဖော်ပြနိုင်တော့၏။

​ရှောင်ကျိုး ဖေရှား၏လက်ကို တည်တည်ကြည်ကြည် ပုတ်ကာ ဆိုလိုက်သည်။

"ကောင်းကောင်းလုပ်ပါ၊ ငါ နင့်ကို ယုံကြည်တယ်"

​ပြောပြီးသည်နှင့် သူမသည် ယွိဟွာကို ပွေ့ကာ ချက်ချင်း ထွက်ပြေးတော့၏။ ဆရာသစ်က သူမကို ဖမ်းပြီး နေ့လယ်ဘက် စာပြန်သင်ခိုင်းမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ အဝေးသို့ ရောက်မှ ရင်ဘတ်ကို ဖိကာ သက်ပြင်းချနိုင်တော့၏။

‘တော်သေးတယ်’

‘ကျောင်းပြန်တက်ရတော့မလို့’

​သို့သော် သူမ၏ ဦးနှောက်ထဲတွင် 'စနစ်' ရှိနေသည်ကို သူမ မေ့သွားခဲ့သည်။

​စနစ် : ‘Host အရည်အချင်းရှိတဲ့ ရွာလူကြီးတစ်ယောက်အနေနဲ့ ဗဟုသုတစုံလင်ပြီး ပညာတတ်ရမယ်လေ’

​စနစ်၏ ရှည်လျားလှသော ညွှန်ကြားချက်များအပြီးတွင် ရှောင်ကျိုး၏ အသိစိတ်ထဲ၌ နာမည်ကြီးဆရာကြီးများ၏ ဟောပြောချက်များ ပေါ်လာ၏။ သမိုင်းမှတ်တမ်းများမှသည် ကွန်ဖြူးရှပ်ကျမ်းစာများ၊ ထို့နောက် နက္ခတ္တဗေဒ၊ ပထဝီဝင်၊ စီးပွားရေးနှင့် ကုန်သွယ်ရေး အစရှိသည်ဖြင့် စုံလုံလှသည်။

​စနစ် : 'Hostက စာသင်ကျောင်းကို မသွားချင်ဘူးဆိုတာ အဲ့ဒီက ပတ်ဝန်းကျင်ကို မကြိုက်လို့ ဖြစ်ရမယ်၊ ဒီစနစ်က Hostအတွက် နာမည်ကြီးဆရာတွေရဲ့ ဗီဒီယိုသင်ခန်းစာတွေကို ကိုယ်တိုင်ကိုယ်ကျ ရှာပေးထားပါတယ်၊ အခုကစပြီး အွန်လိုင်းကနေ သင်ယူရမှာဖြစ်လို့ ကျောင်းသွားစရာ မလိုတော့ဘူးပေါ့၊ Host အချိန်မရွေး နေရာမရွေး သင်ယူနိုင်ပါပြီ’

​စနစ်မှာ ပြီးပြည့်စုံသော အဖြေကို ရှာတွေ့သွားပြီဟု ထင်မှတ်ကာ စိတ်လှုပ်ရှားနေသော်လည်း၊ ရှောင်ကျိုးမှာမူ ဤသတင်းဆိုးကြောင့် တိုဖူးတုံးသာ ရှာပြီး ခေါင်းဖြင့်စောင့်သေချင်စိတ် ပေါက်သွားတော့၏။

‘အခု ကျောင်းပြန်သွားတက်ရင် မှီသေးလား’

​"ရွာလူကြီးလေး ဘာဖြစ်လို့လဲ"

ကျောက်ဟူ ခုနကတင် ကောင်းနေသေးပြီး ယခုမှ ဓားပြတိုက်ခံရသကဲ့သို့ ခံရခက်သည့် ပုံစံဖြစ်နေသော ရွာလူကြီးကို ကြည့်ကာ မေးသည်။

​"နင် နားမလည်ပါဘူး၊ အာဏာကြီးမားလေ တာဝန်ကြီးလေပဲ၊ အစွမ်းထက်လွန်းနေရတာဟာ တကယ်ကို အထီးကျန်ဖို့ ကောင်းတယ်"

ရှောင်ကျိုး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရင်ထဲတွင် မျက်ရည်လည်လျက် အိမ်သို့ ပြန်လာခဲ့၏။

ခြံ​ဝင်းထဲသို့ ဝင်လိုက်သည်နှင့် စိုးရိမ်ပူပန်နေသော ရှန်းကျစ်ယွမ်ကို တွေ့လိုက်ရသည်။

​"ဒီလောက်အမြန် ပြန်လာတာလား"

အားသို့ မေး၏။

​ရှန်ကျစ်ယွမ်သည် ရွာလူကြီး ပြန်လာသည်ကို မြင်သည်နှင့် သူမ၏လက်ကို ဆွဲကာ ‌ဆိုသည်။

"ငါ့အစ်မက နင့်အစီအစဉ်အတိုင်း လိုက်နာဖို့ သဘောတူတယ်၊ သူ လီချန်းနဲ့ လက်မထပ်ချင်ဘူး၊ ဒါပေမဲ့ ဦးလေးက စေ့စပ်ပွဲ ဖျက်ဖို့ သဘောမတူဘူး၊ အစ်မမှာ ထွက်ပြေးစရာ လမ်းမရှိဘူး၊ ဦးလေးက လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားတယ်၊ ရွာလူကြီးလေး ဘာလုပ်ရင် ကောင်းမလဲ"

​ရှန်ကျစ်ယွမ်မှာ အလွန်အမင်း ပူပန်နေသည်။ မနက်ဖြန် မင်္ဂလာဆောင်ရတော့မည်ဖြစ်ရာ ယခုညမှာပင် အစ်မကို သွား၍ ပြန်ပေးဆွဲရနါ အချိန်မီပါဦးမည်လော။

​ရှောင်ကျိုး ရှန်ကျစ်ယွမ်၏ အစ်မမှ ပူးပေါင်းဆောင်ရွက်မည်ဟု ကြားသောအခါ သူမ၏ အစီအစဉ်ကို ချက်ချင်း ရှင်းပြလိုက်၏။

​"ပထမဆုံး ဒီလိုလုပ်မယ် ပြီးရင် ဟောဒီလို”

​"မနက်ဖြန် နင်တို့နှစ်ယောက် ငါ့ကို လီအိမ်တော်ထဲ ခေါ်သွားပေးနိုင်မလား"

ရှောင်ကျိုး မေးသည်။

​"ရတာပေါ့၊ နင့်ကို ငါ့သူငယ်ချင်းလို့ ပြောလိုက်ရုံပဲ"

ရှန်ကျစ်ယွမ် ဆို၏။

​"ဒါပေမဲ့ သတို့သမီးအဖြစ် ဘယ်သူက အစားထိုး ဟန်ဆောင်မှာလဲ"

ရှန်ကျစ်ယွမ် မေးလိုက်ရာ မျက်လုံးအားလုံးမှာ ကျင့်ရှင်းထံသို့ ရောက်သွားကြသည်။ ကျင့်ရှင်းမှာ လန့်ဖြန့်သွားကာ သုံးပေလောက်အထိ မြောက်တက်သွားရသည်။

​"လုံးဝ မဖြစ်နိုင်ဘူး၊ အဝေးကြီးပဲ ငါ သဘောမတူဘူး၊ ငါက ယောက်ျားကြီးတန်မဲ့ သတို့သမီးလို ဝတ်ရမယ် ဟုတ်လား၊ အိပ်မက်တောင် မမက်နဲ့"

ပြောပြောဆိုဆိုနှင့် သူသည် မရှိသော ကြွက်သားများကို ဟန်ပါပါ ပြလိုက်သေး၏။

​ရှောင်ကျိုး သူမ၏ အစွမ်းထက်ဆုံး လက်နက်ကို ထုတ်သုံးလိုက်၏။ ၎င်းမှာ ကိုယ်ကျင့်တရားဖြင့် ဖိအားပေးခြင်းပင် ဖြစ်သည်။

​"လူတစ်ယောက်ရဲ့ အသက်ကို ကယ်တာဟာ ခုနစ်ထပ်ကျောင်း ဆောက်တာထက် ကုသိုလ်ရတယ်လေ၊ နင့်အနေနဲ့ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတစ်ယောက် မီးပုံထဲ ဆင်းသွားမှာကို ဘယ်လိုများ ရက်ရက်စက်စက် ကြည့်နေနိုင်မှာလဲ၊ နင့်ရဲ့ အနစ်နာခံမှုလေးတစ်ခုက လူတစ်ယောက်ရဲ့ တစ်သက်စာ ပျော်ရွှင်မှုကို ကယ်တင်နိုင်မှာလေ၊ ဒါက ဘယ်လောက်တောင် မြင့်မြတ်တဲ့ အလုပ်လဲ"

​"ဟုတ်တယ် နင်က လူကောင်းတစ်ယောက်ပဲဟာ"

အားလုံး ဝိုင်းပြောကြတော့၏။

“နင်က သဘောကောင်းတဲ့သူပဲ၊ သေချာပေါက် ကူညီမှာ မဟုတ်လား"

ရှန်ကျစ်ယွမ် သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေသည်။

​ကျင့်ရှင်းမှာ သူမ၏ အရည်လဲ့နေသော မျက်လုံးများကို ကြည့်ရင်း ငြင်းဆန်ရန် စကားလုံးများ ပျောက်ရှသွားတော့၏။

"ဒါဟာ နင့်ရဲ့ တာအိုကျင့်စဉ်အတွက်လည်း ကုသိုလ်ထူးမှာလေ"

အထူးသဖြင့် ရှောင်ကျိုး ထိုသို့ ဘေးနားမှ မြှောက်ပင့်ပေးနေပြန်ရာ သူ၏ခိုင်မာလှသော စိတ်ဓာတ်မှာ တဖြည်းဖြည်း လျော့ရဲလာရသည်။

​"ကောင်းပြီ ကောင်းပြီ၊ ငါ သဘောတူတယ်၊ ဒါပေမဲ့ တစ်ခုပဲ ငါ့ရဲ့ ဒီရုပ်ရည်ကို ဘယ်သူမှ မမှတ်မိစေရဘူးနော်၊ ငါ့ရဲ့နာမည်ကျော်ကြားမှုတွေကို ထိခိုက်လို့ မဖြစ်ဘူး"

ကျင့်ရှင်း နောက်ဆုံးတွင် အရှုံးပေးကာ လက်ခံလိုက်ရတော့၏။

​ရှောင်ကျိုး လက်မထောင်ပြလိုက်ရင်း ပြောလိုက်သည်။

"စိတ်ချပါ၊ ငါ့ရဲ့ မိတ်ကပ်ပညာနဲ့ဆိုရင် နင့်အမေတောင် နင့်ကို မှတ်မိမှာ မဟုတ်ဘူး"

All Chapters