အခန်း ၅၆
Vol. 6 Ch. 56
56
"မင်းက တကယ်ကို အစွမ်းထက်တဲ့ တာအိုဆရာတစ်ယောက်လို့ ငါ အမြဲယုံကြည်နေတာ"
ကျောက်ဟူ ကျင့်ရှင်းကို အလွန်ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
အားသို့လည်း ထောက်ခံ၏။
"မင်းကို စတွေ့ကတည်းက မင်းက အရမ်းတော်မယ်ဆိုတာ ငါ ခံစားမိတယ်၊ မင်းက ငါတွေ့ဖူးသမျှထဲမှာ အတော်ဆုံး တာအိုဆရာပဲ"
အမှန်စင်စစ်တွင် အားသို့မှာ ကျင့်ရှင်းမှလွဲ၍ အခြားမည်သည့် တာအိုဆရာကိုမှ မတွေ့ဖူးသေးချေ။
"......"
လူတိုင်း ဝိုင်းဝန်းချီးမွမ်းနေကြသဖြင့် ကျင့်ရှင်းမှာ မြှောက်ပင့်မှုများကြားတွင် လမ်းပျောက်မတတ် ဖြစ်နေရသည်။
"ငါက မင်းတို့မျက်လုံးထဲမှာ တကယ်ပဲ အဲ့လောက်တောင် အစွမ်းထက်နေတာလား"
ကျင့်ရှင်းသည် ထိုချီးမွမ်းစကားများကြောင့် သာယာသွားကာ ကလေးတစ်သိုက်၏ "ပင်လယ်ဓားပြသင်္ဘော" ပေါ်သို့ မသိမသာ တက်လိုက်သွားတော့၏။
နောက်တစ်နေ့ နံနက်တွင် ယွိဟွာမှတစ်ဆင့် ညက သတင်းစကားပါးခဲ့သော လင်းချီနှင့် သူ၏အဖွဲ့သားများ ရောက်ရှိလာကြပြီး ဂူထဲမှ ကလေးတစ်ဒါဇင်ခန့်ကိုလည်း ခေါ်ဆောင်လာခဲ့ကြသည်။ ထိုအဖွဲ့သည် မြို့ထဲသို့ စောစီးစွာ ရောက်ရှိလာခဲ့ကြသည်။
ရှန်ကျစ်ယွမ် ရှောင်ကျိုးနှင့်အတူ ဟယ်အိမ်တော်သို့ တိတ်တဆိတ် ဝင်ရောက်နိုင်ခဲ့ပြီး သူမအစ်မဝမ်းကွဲ၏ အိပ်ဆောင်သို့ တန်းတန်းမတ်မတ် သွားလိုက်ကြသည်။ အခြားလူများကမူ အခြားအစီအစဉ်များကို လုပ်ဆောင်ရန် အပြင်ဘက်သို့ ထွက်သွားကြ၏။
ပြင်ဆင်ခြယ်သမှုများပြီးနောက် မိသားစုကို နှုတ်ဆက်ကာ ဟယ်ကျောင်းကျောင်း သတို့သား၏ မင်္ဂလာလှည့်လည်ပွဲ ရောက်လာမည့်အချိန်ကို အခန်းထဲတွင် စောင့်နေသည်။
"ရှူး ရှူး"
ဟယ်ကျောင်းကျောင်း အသံကြားရာသို့ မော့ကြည့်လိုက်ရာ ပြတင်းပေါက်မှ ချောင်းကြည့်နေသော ဦးခေါင်းလေးနှစ်လုံးကို မြင်လိုက်ရသည်။ ထိုအချိန်၌ တံခါးအပြင်ဘက်မှ မင်္ဂလာလှည့်လည်ပွဲ၏ မောင်းသံ၊ စည်သံများကို ကြားလိုက်ရ၏။
ဟယ်ကျောင်းကျောင်း၏ ဘေးမှ အထိန်းတော်ကြီးမှာ သူမ၏ခေါင်းကို မင်္ဂလာခေါင်းဆောင်းဖြင့် အမြန်ဖုံးအုပ်ပေးလိုက်ပြီး သတို့သမီးကို အပြင်သို့တွဲခေါ်ရန် ပြင်ဆင်တော့သည်။
ဟယ်ကျောင်းကျောင်း အဘွားအို၏လက်ကို အမြန်ဖမ်းဆွဲကာ "ကျန်းမာအေးချမ်းခြင်း" ဟု ထိုးထားသော ပိုက်ဆံအိတ်လေးကို ထုတ်ပေးရင်း ဆို၏။
"အဘွား မထွက်ခင် ဒါလေးကို ကျွန်မအမေဆီ ပေးပေးလို့ရမလား၊ မနေ့ညကမှ ကျွန်မကိုယ်တိုင် ထိုးထားတာပါ၊ နောင်ကျရင် အမေ့နားမှာ မရှိနိုင်တော့ဘူးဆိုတော့ ဒါလေးကိုမြင်ရင် အမေ စိတ်ချမ်းသာသွားအောင်လို့ပါ၊ အမေ ကျန်းမာအေးချမ်းပါစေလို့ ကျွန်မ ဆုတောင်းပေးခဲ့တယ်လို့ ပြောပေးပါဦး"
အထိန်းတော်ကြီး အချိန်ကိုကြည့်ကာ ခက်ခက်ခဲခဲပင် ပြောရသည်။
"ဒါပေမဲ့ သတို့သားက တံခါးဝတောင် ရောက်နေပြီလေ၊ သမီးကို အရင်ပို့ပြီးမှ ဒါကို သွားပေးလိုက်မယ်"
ဟယ်ကျောင်းကျောင်း မျက်ရည်လည်ရွှဲဖြင့် တောင်းဆိုလိုက်၏။
"အဘွားက ကျွန်မအမေကို ခစားခဲ့တဲ့သူပဲလေ၊ ကျွန်မရဲ့ ဒီဝတ္တရားလေးကိုတောင် မဖြည့်ဆည်းပေးချင်ဘူးလား၊ ကျွန်မ လက်မထပ်ခင်မှာ နောက်ဆုံးတောင်းဆိုချက်ကို ခွင့်ပြုပေးပါ"
အဘွားအိုမှာ ခဏတာ တွေဝေသွားပြီးနောက် နောက်ဆုံးတွင် ဟယ်ကျောင်းကျောင်းကို မင်္ဂလာခေါင်းဆောင်း အုပ်ပေးလိုက်ကာ ဆိုသည်။
"ဒါဆိုလဲ ဒီမှာ ထိုင်စောင့်နေဦး၊ အဘွား ချက်ချင်း ပြန်လာခဲ့မယ်"
ထို့နောက် သခင်မကြီး၏ခြံဝင်းထဲသို့ ထွက်သွားတော့၏။
ရှန်ကျစ်ယွမ် ဝိုင်ပုလင်းလေးကိုကိုင်ကာ အထဲသို့ အမြန်ဝင်လာသည်။
"အစ်မ ရွာလူကြီးလေး ရောက်နေပြီ၊ ညီမတို့ အစီအစဉ်ဆွဲပြီးပြီ"
ရှန်ကျစ်ယွမ် သူမ၏အစ်မ စိတ်အေးသွားအောင် အရင်ပြောလိုက်၏။
ဟယ်ကျောင်းကျောင်းမှာ မျက်ရည်ကျမတတ် ဖြစ်သွားရ၏။ မနေ့က ကလေးအချို့၏စကားကို သူမ အလွယ်တကူ မည်သို့ယုံကြည်ခဲ့မိပါလိမ့်ဟု တွေးတောနေမိခြင်းပင်။ သူမ သေချာပေါက် လီချန်းနှင့် လက်ထပ်ရတော့မည်ဖြစ်၍ ကံကြမ္မာကို အရှုံးပေးထားခဲ့ပြီးပြီ ဖြစ်သည်။
"ဒီအဝတ်အစားကို မင်္ဂလာဝတ်စုံအောက်မှာ ဝတ်ထားလိုက်၊ ဝေါယာဉ်ပေါ်ရောက်တာနဲ့ မင်္ဂလာဝတ်စုံနဲ့ ခေါင်းဆောင်းကို ချွတ်ပစ်ဖို့ အခွင့်အရေးရှာပါ၊ လမ်းမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်လာလိမ့်မယ်၊ အဲ့ဒီအခါကျရင် ဒီအဝတ်အစားနဲ့ပဲ လူအုပ်ထဲကို ရောဝင်လိုက်တော့"
ရှောင်ကျိုး သူမ၏အိတ်ကပ်ထဲမှ စုတ်ပြတ်နေသော သူတောင်းစား ဝတ်စုံတစ်ခုကို ထုတ်ပေးလိုက်၏။
"ပြီးရင် ဒီမီးခိုးရောင် အနှစ်တွေကိုလည်း မျက်နှာမှာ သုတ်ထားဖို့ မမေ့နဲ့ဦး"
ပြောရင်းဖြင့် သူမ ကျပ်ခိုးမှုန့်ကဲ့သို့ မည်းမှောင်နေသော အနှစ်ဘူးလေးကိုပါ ပေးလိုက်သည်။
ဟယ်ကျောင်းကျောင်း ထိုအဝတ်အစားများကို ဝတ်စုံအောက်တွင် အမြန်ဝတ်လိုက်ပြီး ပစ္စည်းများကိုလည်း ကိုယ်ပေါ်တွင် ဝှက်ထားလိုက်သည်။ ရှောင်ကျိုးနှင့် ရှန်ကျစ်ယွမ်တို့မှာလည်း အထိန်းတော်ကြီး ပြန်မလာမီမှာပင် ချက်ချင်း လစ်ထွက်သွားကြတော့၏။
အစီအစဉ်များ ဆက်လက်လုပ်ဆောင်ရန် လီအိမ်တော်ဘက်သို့ ဦးတည်လိုက်ကြရာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့မည်ပင်။
ဟယ်ကျောင်းကျောင်း မိဘများကို နှုတ်ဆက်ပြီးနောက် မင်္ဂလာပွဲစီစဉ်သူ၏ အကူအညီဖြင့် သတို့သမီးဝေါယာဉ်ပေါ်သို့ တက်လိုက်၏။ ဝေါယာဉ်လေး စတင်ရွေ့လျားသည်နှင့် သူမ မင်္ဂလာဝတ်စုံကို အမြန်ချွတ်လိုက်ပြီး ရှောင်ကျိုး ညွှန်ကြားသည့်အတိုင်း မျက်နှာကိုလည်း အညစ်အကြေးများဖြင့် သုတ်လိမ်းလိုက်သည်။
ထိုကလေးများ မည်သည့်အရာအားလုပ်မည်ကို သူမ အတိအကျမသိသော်လည်း၊ သူတို့ပြောသည့်အတိုင်းသာ လုပ်လိုက်သည်။ အဆိုးဆုံး ဖြစ်လာလျှင်လည်း လီချန်းနှင့် ဆက်လက်လက်ထပ်ရုံသာရှိသည် မဟုတ်ပါလား။
ဟယ်အိမ်တော်မှ လီအိမ်တော်သို့ သွားရန်အတွက် လူစည်ကားရာ လမ်းမကြီးကို ဖြတ်သန်းရမည်ဖြစ်ပြီး ထိုနေရာသည် လူအစုအဝေးဆုံး နေရာလည်း ဖြစ်သည်။ အထူးသဖြင့် ယနေ့တွင် လီအိမ်တော်မှ မင်္ဂလာပွဲကျင်းပနေခြင်းကြောင့် လမ်းကြိုလမ်းကြားမှ လူများမှာ ဆုလာဘ်တောင်းခံရန်နှင့် ပျော်ရွှင်မှုကို မျှဝေခံစားရန်အတွက် အပြင်သို့ ထွက်လာကြ၏။
လီချန်း လူအုပ်ကြားမှ မြင်းစီးကာ ဖြတ်သန်းလာစဉ် ကံကောင်းစေသောငွေများ ထည့်ထားသည့် အိတ်ငယ်လေးများကို ကြဲပက်လိုက်၏။ ဤကဲ့သို့ အချိန်မျိုးတွင် အစဉ်အလာကို နားလည်သူများမှာ မင်္ဂလာလက်ဆောင်ငွေများကို လုယူကြသော်လည်း သတို့သမီး၏ဝေါယာဉ်ကို မနှောင့်ယှက်မိအောင် ဆင်ခြင်ကြစမြဲပင်။ သူတို့ ငွေရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သတို့သားကို ကောင်းချီးစကား အနည်းငယ်တော့ ပြောဆိုတတ်ကြသည်။
သို့သော် ယနေ့တွင်မူ မည်သည်ကိုမှနားမလည်သော လင်းချီနှင့် သူ၏အပေါင်းအပါများမှာ မျက်နှာတွင် အညစ်အကြေးများ ပေကျံနေသဖြင့် မည်သူမည်ဝါမှန်း ခွဲခြား၍မရသော သူတောင်းစားလေးတစ်သိုက်ကို ဦးဆောင်ကာ ရောက်ရှိလာကြသည်။ သူတို့သည် မင်္ဂလာလှည့်လည်ပွဲအတွင်းသို့ မရှက်မကြောက် တိုးဝှေ့ဝင်ရောက်ကာ ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်လိုက်သဖြင့် သတို့သမီး ဝေါယာဉ်မှာ ရပ်တန့်သွားရ၏။
ကလေးများသည် မင်္ဂလာပွဲစီစဉ်သူ၏ငွေအိတ်ကို တစ်ဖက်၊ ဝေါယာဉ်ထမ်းသူများ၏ ခါးပတ်များကို တစ်ဖက် ဆွဲလားရမ်းလား လုပ်ကြတော့သည်။ ကျင့်ရှင်းမှာ ထိုရုတ်ရုတ်သဲသဲ ဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ ဝေါယာဉ်အတွင်းသို့ တိတ်တဆိတ် ချဉ်းကပ်ဝင်ရောက်ပြီး ဟယ်ကျောင်းကျောင်း၏ မင်္ဂလာဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ဟယ်ကျောင်းကျောင်းသည်လည်း ထိုရှုပ်ထွေးမှုကြားတွင် သူတောင်းစားလေးများနှင့်အတူ လူအုပ်ထဲသို့ ပြန်လည် ဆုတ်ခွာသွားနိုင်ခဲ့သည်။
ထိုသူတောင်းစားလေးတစ်သိုက်မှာ ရုတ်တရက် ပေါ်လာပြီး ရုတ်တရက်ပင် ပြန်လည် ပျောက်ကွယ်သွားကြသည်။ အခြေအနေမှာ ပြန်လည်တည်ငြိမ်သွားသော်လည်း အဖွဲ့ထဲမှ လူအချို့မှာ သူတောင်းစားများကြောင့် ပိုက်ဆံအိတ် နှိုက်ခံလိုက်ရခြင်း မရှိပါက ဤပြဇာတ်မှာ အိမ်မက်တစ်ခုဟုပင် အားလုံး ထင်မှတ်သွားကြလိမ့်မည်။ လီချန်းကမူ သူ၏မင်္ဂလာအခမ်းအနား ပျက်စီးသွားရခြင်းမှာ ကံဆိုးမှုတစ်ခုဟုသာ ခံစားနေရ၏။
မင်္ဂလာပွဲစီစဉ်သူက ဝေါယာဉ်အတွင်းရှိ သတို့သမီးကို အမြန်လှမ်းကြည့်လိုက်ရာ သူမမှာ တည်ငြိမ်စွာ ထိုင်နေသည်ကို မြင်လိုက်ရသဖြင့် စိုးရိမ်ပူပန်မှုများ လျော့ပါးသွားရ၏။
‘ကံကောင်းလို့ပေါ့’
ပျောက်သွားသော ပိုက်ဆံအိတ်ကိုတော့ နောက်မှ သခင်ဖြစ်သူထံ တောင်းယူရပေမည်။ မင်္ဂလာအချိန် မလွတ်စေရန်အတွက် မင်္ဂလာလှည့်လည်ပွဲသည် စည်သံ၊ မောင်းသံများနှင့်အတူ ရှေ့သို့ ဆက်လက် ရွေ့လျားသွားတော့သည်။
လီအိမ်တော်သို့ ခမ်းနားကြီးကျယ်စွာ ဝင်ရောက်လာကြသည်။ ယခုတစ်ကြိမ် လီမိသားစု၏ သားဖြစ်သူ မင်္ဂလာဆောင်အတွက် လီမိသားစုခေါင်းဆောင်သည် သူ၏ဆွေမျိုးများအား အကျိုးအမြတ်များစွာ ပေးခဲ့သည့်အပြင်၊ သူ၏အဆက်အသွယ်များကို အသုံးချကာ ရာထူးကြီးသူများနှင့် ဂုဏ်သရေရှိ လူကြီးမင်းများစွာကို မင်္ဂလာပွဲသို့ ဖိတ်ကြားထားသည်။ ၎င်းမှာ သူ၏သားအတွက် လမ်းခင်းပေးရန်နှင့် အဆက်အသွယ်ကောင်းများ တည်ဆောက်ရန်အတွက်ပင် ဖြစ်၏။
အိမ်တော်အတွင်းတွင် ဧည့်သည်များဖြင့် အလွန်စည်ကားနေပြီး အရာရှိကြီးများနှင့် မှူးမတ်များမှာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကာ နှုတ်ဆက်ဂုဏ်ပြုနေကြသည်။ အိမ်တော်တော်တစ်ခုလုံးမှာ ပျော်ရွှင်အေးချမ်းပြီး ပွဲလမ်းသဘင် အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
လီချန်း ဝေါယာဉ်တံခါးကို ဖွင့်ကာ ဟယ်ကျောင်းကျောင်းကို အပြင်သို့ တွဲခေါ်လိုက်ရာ အစီအစဉ်တစ်ခုလုံးမှာ ချောမွေ့စွာ ပြီးဆုံးသွားသည်။
ဘေးမှ စောင့်ကြည့်နေသော ရှောင်ကျိုးမှာ အံ့သြလွန်းသဖြင့် လျှာပင်ထုတ်မိတော့သည်။ ယခုအခါ သူမသည် ကျင့်ရှင်းအား ဤကဲ့သို့သော လက်ထပ်ပွဲ လိမ်လည်မှုမျိုးကို အကြိမ်ကြိမ် လုပ်ဖူးနေသူ ဖြစ်လိမ့်မည်ဟု အကြီးအကျယ် သံသယဝင်နေမိ၏။ သူ၏ကျွမ်းကျင်မှုမှာ အံ့မခန်းပင်။
ရှန်ကျစ်ယွမ် ရှောင်ကျိုးနှင့်အခြားသူများကို ခေါ်ကာ သူမ၏မိဘများနှင့်အတူ လီအိမ်တော်ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။
တရားသူကြီးရှန်နှင့် သူ၏ဇနီးမှာ ရှောင်ကျိုးကို အလွန်ချစ်ခင်သော မျက်လုံးများဖြင့် ကြည့်နေကြရာ မသိသူများဆိုလျှင် ၎င်းမှာ သူတို့၏ သမီးအရင်းဟုပင် ထင်မှတ်ရလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် သဘောထားကြီးသော ရှန်ကျစ်ယွမ်ကမူ မည်သို့မှမဖြစ်သည့်အပြင် သူမ၏မိဘများမှာ အမြင်စူးရှသည်ဟုပင် တွေးနေသေးသည်။ သူမသည် ရွာလူကြီးလေးကို သူမ၏ညီမလေးအဖြစ် အိမ်သို့ခေါ်သွားရန်ပင် အိပ်မက်မက်နေသေး၏။
သခင်မဝမ် ရှောင်ကျိုးကို မြင်သောအခါ အတိုင်းမသိ ဝမ်းသာသွားတော့သည်။ ဤမိန်းကလေးမှာ သူမ၏သားကို ထိန်းကျောင်းနိုင်သူ မဟုတ်ပါလား။ သူမ၏သားကို စာသင်ရန်နှင့် သိုင်းကျင့်ရန် လိမ်မာအောင် လုပ်နိုင်ခြင်း တစ်ခုတည်းနှင့်တင် သူမသည် ဤမိန်းကလေးကို တစ်သက်လုံး ကျေးဇူးတင်သင့်သည်ဟု ခံစားနေရသည်။
သခင်မဝမ် ရှောင်ကျိုးကို ဘေးသို့ အမြန်ခေါ်သွားပြီး သူမ၏ ယောင်းမနှင့် မိတ်ဆက်ပေးလိုက်၏။
"ဒါ ငါအရင်က ပြောဖူးတဲ့ မိန်းကလေးလေးလေ၊ ငါ့ရဲ့ ရုန်အာကို ကယ်ခဲ့တဲ့သူပေါ့၊ ချစ်စရာလေး မဟုတ်လား"
သခင်မဝမ်၏ ဂုဏ်ယူနေပုံကို ကြည့်ကာ သခင်မဆွန်းကမူ သူမ၏ယောင်းမမှာ ဤမိန်းကလေးကို ပြန်ပေးဆွဲပြီး ချွေးမလောင်းအဖြစ် ထားတော့မည်ဟုပင် ထင်မှတ်နေသည်။
ရှောင်ကျိုး ရှန်ကျစ်ယွမ်နှင့်ဖက်တီးလေးကို တို့လိုက်ကာ လစ်ထွက်ရန် အချက်ပြလိုက်သည်။ ပြဇာတ်ကြီးက စတင်တော့မည်ဖြစ်ရာ ကြည့်ရန် ကောင်းမွန်သော နေရာတစ်ခုကို သူတို့ ရှာဖွေရမည် မဟုတ်ပါလား။ ရှန်ကျစ်ယွမ်သည် ရှောင်ကျိုး၏လက်ကို ဆွဲကာ လူကြီးများကို နှုတ်ဆက်လိုက်ပြီး ဖက်တီးလေးမှာလည်း နောက်မှ ကပ်လျက် လိုက်လာသည်။
"ကျစ်ယွမ်အာ၊ ရှောင်ကျိုးကို သေချာစောင့်ကြည့်နော်၊ ကြားလား၊ ဘယ်သူမှ သူ့ကို အနိုင်ကျင့်လို့မရအောင် စောင့်ရှောက်ပေးရမယ်"
သခင်မရှန် နောက်မှ ထပ်ခါတလဲလဲ မှာကြားနေတော့သည်။
"ဟုတ်ကဲ့ပါမေမေ"
ရှန်ကျစ်ယွမ် ရှောင်ကျိုးကို ဆွဲကာ နောက်သို့ပင် ပြန်မကြည့်တော့ဘဲ ပြေးထွက်ခဲ့၏။
အရာအားလုံး အသင့်ဖြစ်ပြီဖြစ်ရာ ရှောင်ကျိုး အထဲသို့ ကြိုတင်ခိုးဝင်နှင့်နေသော ယွိဟွာကို ရှာတွေ့သွားသည်။ သူမ ယွိဟွာ၏ခေါင်းလေးကို ပုတ်ကာ မှာကြားလိုက်သည်။
"ကျန်တာတော့ နင့်အပေါ်မှာပဲ မူတည်တယ်နော်၊ သွားတော့ ယွိဟွာ"