အခန်း ၅၇
Vol. 6 Ch. 57
57
ယွိဟွာမှာ လီအိမ်တော်တစ်ခုလုံးကို ဂုဏ်ယူဝင့်ကြွားစွာ ပျံသန်းနေပြီး အိမ်ထဲရှိ ခွေးမှန်သမျှကို လိုက်ရန်စတော့သည်။
ခဏအကြာတွင် နောက်ဖေးခြံဝင်းဆီမှ ကျယ်လောင်သော ခွေးဟောင်သံများ ထွက်ပေါ်လာသည်။ ထို့နောက် ရှေ့ခြံဝင်းရှိ ဧည့်သည်များသည် ကြက်မတစ်ကောင် အသာအယာ ပျံသန်းသွားပြီး သူမနောက်မှ အဝါရောင်ခွေးကြီး လေးငါးကောင်က တကောက်ကောက် လိုက်လံဖမ်းဆီးနေကြသည်ကို မြင်လိုက်ရ၏။
ပျံသန်းနိုင်သော ကြက်ကို တစ်ခါမှ မမြင်ဖူးကြသဖြင့် ဧည့်သည်များအားလုံး မည်သည်တို့ဖြစ်သည်ကို သိလို၍ အပြေးအလွှား လိုက်ကြည့်ကြသည်။
ယွိဟွာ ထိုခွေးအုပ်ကြီးကို အလောင်းမြှုပ်နှံထားသည့် ပန်းခြံထံသို့ ဦးဆောင်ခေါ်သွား၏။
"ကွပ်ကွပ် ကွပ်ကွပ်"
"ငါ့ခြေသည်းတွေက မြေကြီးတူးနိုင်တယ်၊ နင်တို့ ငတုံးခွေးတွေကော မတူးနိုင်ဘူးလား"
ယွိဟွာ သူမ၏ခြေသည်းများဖြင့် မြေကြီးကို ကုတ်ခြစ်ရင်း မောက်မာစွာ ရန်စလိုက်သည်။
’အား’
‘ငါ့ခြေသည်းတွေ တကယ်နာတာပဲ’
ထိုအသံကို ကြားသောအခါ အဝါရောင်ခွေးကြီးများမှာ ကြက်မတစ်ကောင်က သူတို့နယ်မြေထဲတွင် လာရောက်ရန်စရဲသည်ကို ဒေါသအလိပ်လိပ် ထွက်သွားကြတော့သည်။
ထိုခွေးတုံးလေးများသည် မျက်လုံးများပြူးလျက် အပြင်းအထန် အသက်ရှူနေကြပြီး တစ်စုံတစ်ခု ပူးကပ်နေသည့်အလား ရှိနေ၏။
သူတို့သည် မုန်တိုင်းတစ်ခုပမာ မြေကြီးကို အသည်းအသန် တူးဆွကြတော့သည်။ သူတို့၏ လှုပ်ရှားမှုမှာ လျင်မြန်အားကောင်းလှသဖြင့် မြေကြီးများမှာ နေရာအနှံ့ လွင့်စင်ကုန်၏။
အစေခံများက လိုက်လံမောင်းထုတ်သော်လည်း ထိုခွေးအုပ်မှာ ဂရုမစိုက်ဘဲ သူတို့၏ တူးဆွနိုင်စွမ်းကို သက်သေပြရန်သာ အာရုံစိုက်နေကြသည်။
လာရောက်ကြည့်ရှုသော ဧည့်သည်များမှာ ကြက်နှင့်ခွေး ရန်ဖြစ်နေသည့် ရယ်စရာမြင်ကွင်းကြောင့် ပျော်ရွှင်နေကြသော်လည်း၊ ခေတ္တအကြာတွင် အားလုံး၏ရယ်သံများ ရပ်တန့်သွားတော့၏။
အဝါရောင်ခွေးကြီးများ မြေကြီးကို ပိုမိုတူးလိုက်မိသည်နှင့်အမျှ တဖြည်းဖြည်းနှင့် ပုပ်စပ်စပ်အနံ့ဆိုးများ ပြန့်လွင့်လာပြီး နောက်ဆုံးတွင် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့သည်။ ၎င်းမှာ အပိုင်းပိုင်းပြတ်နေသော အလောင်းပုံကြီးဖြစ်ပြီး ပုံပျက်ပန်းပျက်ဖြစ်နေသော ခြေလက်များနှင့် ဖြူဖျော့နေသော အရိုးစုများမှာ နေရောင်အောက်တွင် အလွန်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်။
"ဝေါ့"
အချို့သော သခင်မများမှာ ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့ဘဲ ပျို့အန်ကြတော့သည်။ လီမိသားစု၏ အစေခံများအားလုံး ဝိုင်းအုံလာပြီး ကျေးဇူးကန်းသော ဤခွေးများကို ရိုက်နှက်သတ်ဖြတ်ရန် ပြင်ကြသည်။ ယွိဟွာ ထိုအခြေအနေကို မြင်သောအခါ တွေးလိုက်မိ၏။
‘ဒါကတော့ လွန်သွားပြီ၊ ငါက အသုံးချပြီးရင် ပစ်ထားခဲ့မယ့် ကြက်မျိုး မဟုတ်ဘူးဟဲ့’
"ကွပ်ကွပ် ကွပ်ကွပ်"
"ငါနဲ့ လိုက်ခဲ့ကြ ငတုံးတွေ၊ အပြင်ထွက်ပြီး တစ်ခါတည်း အပြတ်ရှင်းကြတာပေါ့"
ပြောပြီးသည်နှင့် ယွိဟွာသည် ခွေးအုပ်ကြီးကို ဦးဆောင်ကာ လေအဟုန်ဖြင့် အိမ်တော်ပြင်ပသို့ ထွက်ပြေးသွားတော့၏။ လီအိမ်တော်မှာမူ ပွက်လောရိုက်လျက် ကျန်ရစ်ခဲ့သည်။
"သခင်ကြီးလီ ဒီပန်းခြံထဲက အလောင်းတွေအကြောင်း ရှင်းပြသင့်တယ် မဟုတ်လား"
လီမိသားစု၏ ပြိုင်ဘက်ဖြစ်သူ သခင်ကြီးကျိုးက လှောင်ပြောင်သရော်သော လေသံဖြင့် မေးလိုက်သည်။
သူ၏အကြည့်များက သေလူကဲ့သို့ ဖြူဖျော့သွားသော သခင်ကြီးလီ၏ မျက်နှာပေါ်တွင် စွဲမြဲနေ၏။
သခင်ကြီးလီ၏နဖူးပေါ်တွင် ချွေးစေးများ ပျံလာသော်လည်း သူသည် တည်ငြိမ်အောင် ကြိုးစားရင်း ရင်ထဲမှ ထိတ်လန့်မှုကို ဖုံးကွယ်ထား၏။ သူ ချောင်းနှစ်ချက်ဟန့်ကာ သူ၏ သြဇာအာဏာဖြင့် ကြောက်ရွံ့မှုကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
"သခင်ကြီးကျိုး ဒါက ဘာအဓိပ္ပာယ်လဲ၊ ငါ့ရဲ့ လီမိသားစုဟာ အမြဲတမ်း ဖြောင့်မတ်မှန်ကန်ခဲ့တာပါ၊ ဒီလို ထိတ်လန့်စရာကိစ္စမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါက ငါတို့ရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ တစ်စုံတစ်ယောက်က မသမာတဲ့နည်းနဲ့ လုပ်ကြံဖန်တီးထားတာပဲ ဖြစ်ရမယ်"
သခင်ကြီးကျိုး နှာခေါင်းရှုံ့ကာ အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ဆို၏။
"သခင်ကြီးလီ ခင်ဗျား ပြောရတာ လွယ်လွန်းတာပဲ၊ ဒီအလောင်းက ခင်ဗျားရဲ့ အိမ်တော်ထဲမှာ ပေါ်လာတာလေ၊ ဘယ်က ရောက်လာသလဲဆိုတာ ခဏထားဦး၊ ဒီအနံ့အသက်အရဆိုရင် ဒီမှာ ရှိနေတာ ကြာလှပြီ၊ ဒီနေ့သာ အဝါရောင်ခွေးကြီးက မတော်တဆ တူးမဖော်မိရင် ဒီအမှန်တရားက ဖုံးကွယ်နေဦးမှာပဲ"
ဘေးပတ်ဝန်းကျင်မှ ဧည့်သည်များမှာလည်း တိုးတိုးတိတ်တိတ် ဝေဖန်ပြောဆိုလာကြရာ လီမိသားစု၏ ဂုဏ်သိက္ခာမှာ မမြင်ရသော လက်တစ်စုံဖြင့် တစ်စစ ဆွဲဖြဲခံနေရသည့်အလား ရှိနေ၏။ ဤကိစ္စကို ကောင်းကောင်းမကိုင်တွယ်နိုင်ပါက အရှက်ရရုံတင်မကဘဲ အစိုးရ၏ ကြားဝင်စစ်ဆေးမှုကိုပါ ခံရတော့မည်ဖြစ်ရာ အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိချေ။
ဝမ်မိသားစု၏သမက်ဖြစ်သူ ဆွန်းဖန်းယီသည် တည်ကြည်သောမျက်နှာဖြင့် ရှေ့သို့တိုးလာသည်။ သူသည် ပျို့အန်ချင်စိတ်ကို အောင့်ထားကာ မြေကြီးပေါ်မှ အလောင်းများကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။ ဆွန်းဖန်းယီသည် သူ၏ဖခင်ထံမှ ပညာများကို ငယ်စဉ်ကတည်းက လေ့လာခဲ့သူဖြစ်ရာ အလောင်းစစ်ဆေးခြင်းနှင့် အမှုအခင်းဖြေရှင်းခြင်းတွင် ပါရမီထူးသူ ဖြစ်သည်။
သူသည် ရုပ်ကြွင်းများကို ပိုမိုသေချာစွာ ကြည့်လေလေ၊ သူ၏မျက်နှာမှာ ပို၍ ဖြူဖျော့လာကာ နဖူးတွင်ချွေးစေးများ ပိုမိုထွက်လာလေလေ ဖြစ်၏။
ဆွန်းဖန်းယီ မြေပြင်ပေါ်ရှိ အရိုးစုပုံကြီးကို ကြည့်ရှုရင်း ထိတ်လန့်တုန်လှုပ်သွားရသည်။ ထိုတုန်လှုပ်ဖွယ်ရာ အရိုးစုများအားလုံးမှာ ကလေးငယ်များ၏ ရုပ်ကြွင်းများသာ ဖြစ်နေသောကြောင့်ပင်။ သေးငယ်နုနယ်လှသော ထိုအရိုးလေးများမှာ ကြေကွဲဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်ကို တိတ်ဆိတ်စွာ ပြောပြနေသကဲ့သို့ မြင်ရသူတိုင်း၏ရင်ကို နာကျင်စေသည်။
မိမိခင်ပွန်း၏ မျက်နှာပျက်ယွင်းနေသည်ကို မြင်သောအခါ သခင်မဆွန်းမှာ ကြောက်ရွံ့မှုကို အောင့်အည်းကာ ခင်ပွန်းဖြစ်သူကို ဖေးမရန် အလောင်းပုံအနီးသို့ တိုးလာခဲ့သည်။ ၎င်းကို မြင်သောအခါ ဝမ်ဖူကွေ့လည်း သူ၏ခဲအိုကို ကူညီရန် အမြန်ရောက်လာ၏။
"ရှင် ဘာတွေတွေ့လို့လဲ၊ ဘာလို့ ဒီလောက်တောင် မျက်နှာဖြူဖျော့နေရတာလဲ"
သခင်မဆွန်း မေးလိုက်သည်။
ဆွန်းဖန်းယီ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး နဖူးတွင် အကြောများ ထောင်ထွက်နေကာ မျက်လုံးများမှာလည်း သွေးတက်နေပြီဖြစ်သည်။
သူ လီမိသားစုကို ဒေါသတကြီး လက်ညှိုးထိုးကာ ဆို၏။
"ခင်ဗျားတို့ ရဲတင်းလှချည်လား၊ ဘယ်လိုတောင် စိတ်နှလုံး ရက်စက်ပြီး အရူးအမူး ဖြစ်နေရတာလဲ၊ ဒါတွေက ကလေးတွေရဲ့ အလောင်းတွေ၊ ဘာမှမသိတဲ့ ကလေးတွေအပေါ် ဒီလောက်ရက်စက်တဲ့အလုပ်ကို ဘယ်လိုများ လုပ်ရက်ကြတာလဲ၊ ဒါက လုံးဝကို ခွင့်မလွှတ်နိုင်တဲ့ကိစ္စပဲ၊ ငါ ဒါကို မြို့တော်အထိ ရောက်အောင် သေချာပေါက် တိုင်မယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် သခင်မဆွန်းမှာ မြေပြင်ပေါ်ရှိ အလောင်းပုံကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။ သူမနှင့် ခင်ပွန်းသည်မှာ နှစ်ပေါင်းများစွာ ကလေးရရန် ကြိုးစားခဲ့သော်လည်း ဘုရားဖူးခြင်း၊ ဆုတောင်းခြင်းများမှာ အချည်းနှီးသာ ဖြစ်ခဲ့ရ၏။ သခင်မဆွန်းသည် ကလေးများကို အလွန်ချစ်မြတ်နိုးသူဖြစ်ပြီး မိမိကိုယ်ပိုင်ရင်သွေးလေး တစ်ယောက်ရရန် အမြဲတမ်း တောင့်တနေခဲ့သူ ဖြစ်သည်။
ယခုမူ ကလေးငယ်များ၏ ရုပ်ကြွင်းပုံကြီးကို မြေပြင်တွင် မြင်လိုက်ရ၏။
"နင်တို့ တိရစ္ဆာန်တွေ၊ လူမဆန်တဲ့ တိရစ္ဆာန်တွေ၊ ဒီကလေးတွေက ဘာအပြစ်လုပ်ထားလို့လဲ၊ နင်တို့"
စကားမဆုံးမီမှာပင် သခင်မဆွန်းသည် ပြင်းထန်သော ဝမ်းနည်းမှုနှင့် ဒေါသတို့ကြောင့် သတိလစ်မတတ် ဖြစ်သွားရ၏။ သခင်မဝမ် သူမ၏ယောင်းမကို ဘေးသို့ အမြန်တွဲခေါ်ကာ အနားယူစေလိုက်ရသည်။
"စိတ်မကောင်းမဖြစ်ပါနဲ့၊ နင့်ယောကျာ်းက ဒါကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းမှာပါ၊ တရားခံကို သွေးကြွေးပြန်ဆပ်ခိုင်းပါလိမ့်မယ်၊ ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့ဦး"
သခင်မဝမ် နှစ်သိမ့်လိုက်၏။
သခင်ကြီးကျိုးမှာမူ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ လီမိသားစု မြှုပ်နှံထားသော အလောင်းများသည် ရိုက်နှက်သတ်ဖြတ်ခံရသည့် အစေခံများသာ ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့ခြင်းဖြစ်၏။ အမှန်စင်စစ် အိမ်ကြီးအိမ်ကောင်းများတွင် စကားနားမထောင်သော အစေခံများကို ရိုက်နှက်သတ်ဖြတ်ခြင်းမှာ လူမသိသော လျှို့ဝှက်ချက်တစ်ခုပင် ဖြစ်သည်။ သို့သော်လည်း လီမိသားစုကဲ့သို့ လူအများကြီးကို သတ်ဖြတ်သည့်အိမ်မျိုးတော့ မရှိခဲ့ဖူးချေ။
သို့သော် တရားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၏ သားငယ်မှ ယခု မည်သည်ကိုဆိုလိုသနည်း။
‘ဒါတွေအားလုံးက ကလေးအလောင်းတွေတဲ့လား’
‘ဒါက တကယ့်ကို ရွံစရာကောင်းလွန်းတယ်’
တိုးတိုးတိတ်တိတ် ပြောဆိုနေကြသော ဧည့်သည်များမှာလည်း ဆွန်းဖန်းယီ၏ စကားကြောင့် ဆွံ့အသွားကြ၏။
ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် လူအုပ်ကြားမှ ထိတ်လန့်တုန်လှုပ်သံများနှင့် ဒေါသတကြီး အော်ဟစ်သံများ ပွက်လောရိုက်သွားတော့သည်။
အဘိုးအိုတစ်ဦးမှာ ဒေါသကြောင့် တုန်ယင်နေပြီး သူ၏တောင်ဝှေးဖြင့် မြေကြီးကို ပြင်းပြင်းထန်ထန်ရိုက်ကာ လီမိသားစုကို တုန်ရင်သောအသံဖြင့် စွပ်စွဲတော့၏။
"လီမိသားစု လီမိသားစု ဘာမှမသိတဲ့ ကလေးတွေအပေါ် ဒီလောက်ရက်စက်တဲ့လက်နဲ့ လုပ်ရက်ကြတယ်ပေါ့၊ နင်တို့ ကံကြမ္မာရဲ့ အပြစ်ပေးမှုကို သေချာပေါက် ခံရလိမ့်မယ်၊ ဒီယုတ်မာတဲ့ လုပ်ရပ်ကို ဧကရာဇ်မင်းမြတ် ဆုံးဖြတ်နိုင်အောင် အင်ပါယာနန်းတော်အထိ တိုင်ရမယ်”
ဤအဘိုးအိုမှာ ယနေ့ လီမိသားစုက အထူးတလည် မျက်နှာသာပေးနေရသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ သူသည် တရားသူကြီးရှန် ယခင်က တိုင်ကြားထားသော ဂူထဲမှ ဝတ်ရုံနက်ဝတ်လူများအကြောင်းကို စုံစမ်းစစ်ဆေးရန် ဧကရာဇ်၏ အမိန့်ဖြင့် ရောက်ရှိနေသူ ဖြစ်သည်။
လီမိသားစုသည် ဤအဘိုးအိုကို သူတို့အိမ်သို့ ဖိတ်ကြားနိုင်ရန် အကြီးအကျယ် ကြိုးပမ်းခဲ့ရသော်လည်း၊ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သည့်အချိန်ကမှ ထင်မှတ်မထားခဲ့ကြချေ။
သခင်ကြီးလီ အမြန်ပင် ရှင်းပြ၏။
"ဒါက တစ်ခုခု မှားနေတာ ဖြစ်ရမယ် ဒီအရိုးပုံတွေဟာ ငါ့ရဲ့လီမိသားစုနဲ့ ဘာမှမပတ်သက်ပါဘူး၊ တစ်ယောက်ယောက်က ငါတို့ကို တမင်သက်သက် လုပ်ကြံတာပါ၊ တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်ရင် အကြောင်းပြချက်က ရှာလို့ရတာပဲ”
ကျန်ရှိသော လီမိသားစုဝင်များကလည်း ထိုစကားကို ထောက်ခံကြသည်။
"ဒါက လုံးဝ အဓိပ္ပာယ်မရှိတာပဲ၊ ငါတို့ လီမိသားစုဟာ အမြဲတမ်းဥပဒေကို လိုက်နာပြီး အလှူအတန်း ရက်ရောခဲ့တာပါ၊ ဒီလို ယုတ်မာတဲ့အလုပ်ကို ဘယ်လိုလုပ် လုပ်မှာလဲ၊ တစ်ယောက်ယောက်က ငါတို့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ထောင်ချောက်ဆင်ထားတာ သေချာတယ်"
"ဒီလို လုပ်ကြံစကားတွေကို မယုံကြပါနဲ့၊ ငါတို့ လီမိသားစုက အပြစ်မရှိပါဘူး၊ ဒီကိစ္စမှာ မသင်္ကာစရာတွေ အများကြီးရှိနေတယ်၊ မသမာတဲ့သူတွေက တမင်သက်သက် လုပ်ကြံနေတာ ဖြစ်လိမ့်မယ်"
သူတို့အားလုံးမှာ ဖြောင့်မတ်မှန်ကန်လှပါသည်ဟု အသံကောင်းဟစ်နေကြသော်လည်း၊ သူတို့၏ စကားများမှာ မကြာမီမှာပင် မှားယွင်းကြောင်း သက်သေပြခြင်း ခံရတော့မည်ကို မသိကြသေးပေ။
ထိုအချိန်မှာပင် လီအိမ်တော်အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာ၏။ ရှောင်ကျိုး၏မျက်လုံးများမှာ တောက်ပသွားတော့၏။
‘လာပြီ’
‘တကယ့် ပြဇာတ်အစစ်က အခုမှ စတာ’