အခန်း ၅၈
Vol. 6 Ch. 58
58
အိမ်တော်တံခါးအပြင်ဘက်တွင် လူအုပ်ကြီး စုရုံးရောက်ရှိလာကြ၏။ အချို့မှာ မည်သည်အရာများ ဖြစ်သနည်းဟု လာရောက်ကြည့်ရှုကြသူများဖြစ်ပြီး၊ အချို့မှာမူ ဝမ်းနည်းပူဆွေးမှုများနှင့်အတူ ဒေါသတရားများ ရင်ဝယ်ပိုက်ကာ ရောက်လာကြသူများ ဖြစ်သည်။
လူအုပ်ကြီးသည် လီအိမ်တော်အတွင်းသို့ ဝင်ရောက်ကာ သူတို့၏ ပျောက်ဆုံးနေသော ကလေးများကို ရှာဖွေရန် ဟစ်အော်တောင်းဆိုနေကြ၏။ ကလေးပျောက်ဆုံးနေသော ထိုမိဘများအတွက် ယခုသတင်းမှာ မှောင်မိုက်နေသော အမှောင်ထုထဲတွင် အလင်းရောင်တစ်ချက် မြင်လိုက်ရသကဲ့သို့ပင်။ ကလေးမှာ အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသွားပြီဖြစ်စေ သူတို့သည် မည်သည့်မျှော်လင့်ချက်ကိုမှ လက်မလွှတ်လိုကြချေ။
ခုနကတင် လင်းချီနှင့် သူ၏အဖွဲ့သားများသည် သူတောင်းစားများအဖြစ် ဟန်ဆောင်ကာ ဂူထဲမှ ကလေးများကို ဦးဆောင်ပြီး လီအိမ်တော်ထဲတွင် ကလေးအလောင်းများစွာ တူးဖော်တွေ့ရှိကြောင်း သတင်းလွှင့်ခဲ့ကြ၏။ ထိုသတင်းကြောင့် ကလေးပျောက်နေသော မိသားစုများမှာ သူတို့၏ကလေးများကို လာရောက်အတည်ပြုရန် လီအိမ်တော်သို့ အပြေးအလွှား ရောက်လာကြခြင်း ဖြစ်၏။
ဤသတင်းမှာ တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး သတင်းကြားသမျှ အိမ်ထောင်စုတိုင်းမှာ မိသားစုလိုက် ရောက်ရှိလာကြတော့၏။ ဤမြို့လေးတွင် အဖြစ်အပျက်အသစ်အဆန်း မရှိသည်မှာ ကြာပြီဖြစ်ရာ ယခုကဲ့သို့ ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးကို လူတိုင်း လာရောက်ကြည့်ရှုကြစမြဲပင် ဖြစ်သည်။
မိမိတို့ကလေးကို ရှာဖွေနေကြသော မိဘတစ်အုပ်မှာ လီအိမ်တော်အတွင်းသို့ ချက်ချင်း တိုးဝင်ချင်နေကြ၏။ လီမိသားစုဝင်များမှာမူ ဤနေရာတွင်တင် သတိလစ်မေ့မြောသွားချင်စိတ် ပေါက်နေကြ၏။
တကယ်တမ်း မည်သည်တို့ဖြစ်ကုန်သည်ကို မည်သူမှမသိကြပေ။
ပန်းခြံထဲမှ အလောင်းကိစ္စက ခဏထား၍ရသေးပြီး ဤလူများကို မည်သူက သတင်းပေးလိုက်ပြီး မည်သူက လီမိသားစုအပေါ် ဤမျှ ရန်ငြိုးထားနေသည်ကို မသိချေ။
လီမိသားစုဝင်အားလုံး၏ အကြည့်များမှာ ထက်မြက်သော မြားတစ်စင်းပမာ ကျိုးမိသားစုထံသို့ ရောက်သွားကြ၏။ သူတို့၏ မျက်လုံးများထဲတွင် မုန်းတီးမှုအရိပ်အယောင်များ တောက်လောင်နေပြီး ကျိုးမိသားစုဝင်များကို ယခုပင် ဝါးမြိုပစ်တော့မည့်အလား ရှိနေသည်။
ကျိုးမိသားစုဝင်များမှာမူ ရင်ကိုမော့ကာ သူတို့၏ မိသားစုခေါင်းဆောင်ကြီးကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။ သူတို့၏ ခေါင်းဆောင်ကြီးမှာ အလွန်ပင် စွမ်းဆောင်ရည် မြင့်မားလှသည်ဟု ခံစားနေရသည်။ မိသားစုနှစ်ခုမှာ နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ကြ၏။
လီမိသားစုသည် မြို့တော်ရှိ သူတို့၏ ပင်မမိသားစု အဆက်အသွယ်ကို အားကိုးကာ ကျိုးမိသားစုကို အမြဲပင် နှိမ်ချဆက်ဆံခဲ့သည်။ ကျိုးမိသားစုမှာလည်း နှစ်ပေါင်းများစွာ ရှုံးနိမ့်မှုများ၊ နစ်နာမှုများစွာကို ကြိတ်မှိတ်ခံစားခဲ့ရ၏။ ယခုမူ သူတို့အဘိုးမှ လက်ဖျားခါလောက်သော အစီအစဉ်ဖြင့် တုံ့ပြန်လိုက်ရာ အကြီးအကျယ် အောင်မြင်သွားတော့သည်။
‘ငါ့အဘိုးကတော့ တကယ့်ကို ရက်စက်တာပဲ၊ မင်းက ငါ့ကို ဒုက္ခပေးတယ်ဆိုရင်၊ ငါက မင်းမိသားစုတစ်ခုလုံးကို ငရဲပို့ပေးရသေးတာပေါ့’
ကျိုးမိသားစုဝင်များမှာ နောင်အခါ သူတို့အဘိုးထံမှ ပညာများ အများကြီး သင်ယူရမည်ဟု ကိုယ်စီ တွေးနေကြသည်။ အဘိုးအိုကျိုးကမူ သူ၏သားများကို တစ်လှည့်စီ ကြည့်လိုက်၏။
‘ ဘယ်ကောင်က ဒီလောက်အသေးစိတ်တဲ့ အစီအစဉ်ကို ဆွဲလိုက်တာလဲ’
ယနေ့ ဖြစ်ပျက်သမျှကို ကြည့်ကာ အဘိုးအိုကျိုးသည် သူ၏သားများမှာ အနာဂတ်တွင် ကြီးကျယ်သော အလုပ်များကို လုပ်ဆောင်နိုင်မည့် အလားအလာရှိသည်ဟု ခံစားနေရသည်။
ကျိုးမိသားစုဝင်များမှာ ကိုယ်စီအတွေးများဖြင့် လီမိသားစုကို လှောင်ပြုံးပြုံးကာ ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများသည် စကားပြောနေသယောင်ပင်။
"မင်းတို့ လီမိသားစုတော့ သွားပြီသာမှတ်"
အဖြစ်အပျက်တစ်ခုလုံးကို ကိုယ်တိုင်မြင်တွေ့နေရသော တရားသူကြီးရှန်မှာမူ သူ၏ အုပ်ချုပ်မှုနယ်မြေအတွင်း ယခုကဲ့သို့ စက်ဆုပ်ရွံရှာဖွယ်ရာ ကိစ္စများ တစ်ခုပြီးတစ်ခု ဖြစ်နေသဖြင့် သူ၏ရာထူးဦးထုပ်လေးပင် ပြုတ်ကျတော့မည်ဟု ခံစားနေရသည်။ တရားသူကြီးရှန် သူ၏အစေခံကို အမြန်စေလွှတ်ကာ ရဲမက်များကို ခေါ်ယူစေပြီး လီအိမ်တော်ကို ဝိုင်းထားစေလိုက်သည်။ ထို့နောက် မြေကြီးကို ဆက်လက်တူးဖော်ရန် အမိန့်ပေးလိုက်၏။
"တရားသူကြီးရှန် ဒါ ဘာလုပ်တာလဲ"
သခင်ကြီးလီ ဒေါသတကြီး မေးသည်။
"မမြင်ဘူးလား သခင်ကြီးလီ၊ ဒီတရားသူကြီးက ခင်ဗျားတို့ လီမိသားစုဟာ ကလေးတွေကို ပြန်ပေးဆွဲပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိနေတာလေ"
ထို့နောက် သူ သူ၏လူများကို ထပ်မံအမိန့်ပေးလိုက်၏။
"ငါ့အတွက် ဆက်တူးကြစမ်း"
တရားသူကြီး၏အမိန့်အရ ရဲမက်များသည် လီအိမ်တော်အတွင်း အသည်းအသန် ဆက်လက်တူးဖော်ကြရာ သူတို့၏ မျက်စိရှေ့တွင် တစ်လောင်းပြီးတစ်လောင်း ပေါ်ထွက်လာတော့သည်။ အချို့သော အလောင်းများမှာ မြေကြီးပင် မခြောက်သေးဘဲ မကြာသေးမီကမှ မြှုပ်နှံထားခြင်း ဖြစ်ကြောင်း သိသာ၏။ ဖြူဖျော့နေသော အရေပြားနှင့် တောင့်တင်းနေသော ခြေလက်များမှာ မြင်ရသူအတွက် ထိတ်လန့်ဖွယ်ရာပင်။
အချို့မှာမူ ပုံပျက်နေသော အရိုးစုများသာ ကျန်တော့ပြီး အချိန်ကာလ၏ တိုက်စားမှုကြောင့် ဖြူဖွေးနေကာ ပုပ်စပ်စပ် အနံ့ဆိုးများ ထွက်ပေါ်နေသည်။ အသစ်၊ အဟောင်း ရောနှောနေသော ဤအလောင်းများသည် လီမိသားစု၏ ပြောမပြနိုင်သော ပြစ်မှုများကို တိတ်ဆိတ်စွာ သက်သေခံနေကြ၏။ အလောင်းများကို တူးဖော်နေကြသော ရဲမက်များပင်လျှင် ရင်ထဲတွင် ကြောက်ရွံ့မှုနှင့် ဒေါသတို့ဖြင့် တစ်ကိုယ်လုံး တုန်ယင်နေကြရသည်။
ဤမြင်ကွင်းကို မြင်တွေ့ရသူ အားလုံးမှာ ကြောင်အမ်းအမ်း ဖြစ်သွားရကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ပင်ရှူရန် မေ့လျော့နေကြ၏။
လူအချို့သည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ပါးစပ်ကို လက်ဖြင့်အုပ်ထားကြပြီး တစ်ကိုယ်လုံးမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ယင်နေကြသည်။
အချို့ကမူ ဒေါသတကြီး လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာ သွားကြိတ်လျက် လီမိသားစု၏ ယုတ်မာပတ်စက်မှုကို ကျိန်ဆဲနေကြတော့၏။
အမျိုးသမီးများမှာ ကြောက်လန့်လွန်းသဖြင့် မျက်နှာများဖြူဖျော့ကာ တစ်ဦးကိုတစ်ဦး ဖက်ထားရင်း မျက်ရည်များစီးကျနေကြသည်။ အသက်ကြီးသူများမှာမူ တောင်ဝှေးဖြင့် မြေကြီးကို ဆောင့်ကာ ဤလူမဆန်သော ရာဇဝတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချနေကြ၏။ ဖြောင့်မတ်သောလူငယ်များမှာလည်း ဒေါသများဖြင့်ပြည့်နှက်နေပြီး လီမိသားစုကို ထိုက်တန်သော အပြစ်ပေးရန် ကျယ်လောင်စွာ အော်ဟစ်နေကြသည်။
ခမ်းနားကြီးကျယ်လှသော မင်္ဂလာအခမ်းအနားကြီးမှာ ပွက်လောရိုက်ကာ ပျက်စီးသွားခဲ့ချေပြီ။ အလောင်းများကို တူးဖော်ပြီး လူအများရှေ့တွင် အထင်အရှား ခင်းကျင်းလိုက်သောအခါ ပို၍ ရင်လေးစရာကောင်းသည်မှာ သေဆုံးသူအားလုံးမှာ မိန်းကလေးငယ်များနှင့် အမျိုးသမီးငယ်များသာ ဖြစ်နေခြင်းပင်။
ဆွန်းဖန်းယီ အတန်ငယ်အကောင်းတိုင်း ကျန်ရှိနေသေးသော အလောင်းများကို စစ်ဆေးရန် ရှေ့သို့တိုးလာသည်။ ထိုရုပ်အလောင်းများပေါ်တွင် ညိုမည်းစွဲနေသော ဒဏ်ရာများနှင့် စုတ်ပြဲနေသော အသားစများမှာ သူတို့အသက်ရှင်စဉ်က မည်မျှအထိ လူမဆန်စွာ နှိပ်စက်ခံခဲ့ရသည်ကို တိတ်ဆိတ်စွာ ငိုကြွေးပြနေသည့်အလား။
မိန်းကလေးငယ်များ၏ မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်နေပြီး သေးငယ်သော ခန္ဓာကိုယ်လေးများမှာ လိပ်ခေါနေကြသည်။ သူတို့၏ နောက်ဆုံးအချိန်တွင် ဤအဆုံးမရှိသော အိပ်မက်ဆိုးမှ လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်ခဲ့ကြပုံရ၏။ အမျိုးသမီးငယ်များ၏ တစ်ခါက လှပခဲ့သော မျက်နှာများမှာ ယခုမူ မှတ်မိနိုင်စရာ မရှိတော့ဘဲ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များက သူတို့၏ မျှော်လင့်ချက်မဲ့နေသော မျက်လုံးများကို ဖုံးကွယ်ထားသည်။ စုတ်ပြဲနေသော အဝတ်အစားများကြားမှ ထိတ်လန့်ဖွယ်ရာ ကြိမ်ဒဏ်ရာများကိုလည်း မြင်တွေ့နေရ၏။
သူတို့၏ ခြေလက်များမှာလည်း မပြည့်စုံတော့ချေ။ အချို့မှာ ခြေလက်များ ရက်စက်စွာ အချိုးခံထားရပြီး အချို့မှာမူ မီးလောင်ဒဏ်ရာများဖြင့် မည်းတူးနေကာ ကြည့်ရသူအတွက် ရင်နာစရာ ကောင်းလှ၏။ ဒဏ်ရာတိုင်း၊ မျက်ရည်တိုင်းသည် ထိုနေရာတွင် ရှိနေသူတိုင်း၏ နှလုံးသားကို ထက်မြက်သော ဓားဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ခံစားရစေသည်။
တရားသူကြီးရှန် လီမိသားစုဝင်အားလုံးကို ဖမ်းဆီးရန် ရဲမက်များကို အမိန့်ပေးလိုက်၏။ သေသေချာချာ စစ်ဆေးမေးမြန်းပြီးနောက်တွင်မူ အတင်းအဓမ္မ ငြင်းဆန်နေသော သခင်ကြီးလီသည် လေလျှော့လိုက်သော ပူဖောင်းတစ်ခုပမာ နွမ်းလျသွားတော့သည်။ ခိုင်မာလှသော သက်သေများရှေ့တွင် သူ၏ စိတ်ဓာတ်ခံစစ်မှာ လုံးဝ ပြိုလဲသွားခဲ့လေပြီ။ သူ၏မျက်နှာမှာ ပြာနှမ်းသွားကာ ခြေထောက်များပျော့ခွေလျက် မြေကြီးပေါ်သို့ ဘုန်းဘုန်းလဲ ကျသွားသည်။ ထို့နောက် ငိုယိုကာ သူ၏ပြစ်မှုများကို ဝန်ခံတော့၏။
ကျောက်တုံးတောင်အတုပေါ်တွင် ရှိနေသော ရှောင်ကျိုးနှင့် ကလေးများမှာ တူးဖော်ရရှိသော အလောင်းများကိုကြည့်ကာ ကျောထဲ၌ စိမ့်တက်သွားကြ၏။
‘လူတွေက ဘယ်လိုတောင် ဒီလောက် ရက်စက်နိုင်ကြတာလဲ’
ကလေးများ၏ မျက်လုံးထဲတွင် ပြင်းထန်သော ဒေါသများ တောက်လောင်နေပြီး သခင်ကြီးလီကို ယခုပင် သွားသတ်ချင်စိတ် ပေါက်နေကြသည်။
ရှောင်ကျိုး၏ စိတ်ထဲတွင်လည်း စွမ်းအင်များမှာ တလှုပ်လှုပ် ဖြစ်နေပြီး သခင်ကြီးလီကို ကိုယ်တိုင် သတ်ပစ်ချင်သော်လည်း၊ ဤကဲ့သို့ အလွယ်တကူ သေသွားစေခြင်းမှာ သူ့အတွက် သက်သာလွန်းလှ၏။ သူသည် တရားရုံး၏ ဥပဒေနှင့် လောက၏ကျင့်ဝတ်များဖြင့် စီရင်ခြင်းကို ခံရပေမည်။ အကယ်၍ ထိုအရာများက သူ့ကို မစီရင်နိုင်ပါက သူမကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် ဝန်လေးမည် မဟုတ်ပေ။
"ကွပ်ကွပ် ကွပ်ကွပ်”
(မဟုတ်ဘူး မဟုတ်ဘူး)
ရှောင်ကျိုး၏ဘေးသို့ ပြန်ရောက်လာသော ယွိဟွာသည် ဝန်ခံနေသောသခင်ကြီးလီကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် အော်တော့၏။
"ဘာဖြစ်လို့လဲ"
ရှောင်ကျိုး မေးလိုက်၏။
"ကွပ်ကွပ် ကွပ်ကွပ်”
(နောက်ထပ် လူသတ်သမား တစ်ယောက် ရှိသေးတယ်၊ နောက်ထပ် လူသတ်သမား တစ်ယောက် ရှိသေးတယ်)
"ဘာဖြစ်လို့လဲ"
ရှန်ကျစ်ယွမ်နှင့် ဖက်တီးလေးတို့ ပြိုင်တူမေးကြသည်။
"ယွိဟွာက ပြောတယ်၊ နောက်ထပ် လူသတ်သမား တစ်ယောက် ရှိသေးတယ်တဲ့"
"ကွပ်ကွပ် ကွပ်ကွပ် ကွပ်ကွပ်"
(ဒီငတုံးတွေက ကလေးတွေကို လီချန်း သတ်တာလို့ ပြောနေကြတာ၊ ဒါပေမဲ့ လူကြီးတွေကိုတော့ သခင်ကြီးလီက သတ်တာ)
ရှောင်ကျိုး၏အကြည့်များသည် ထက်မြက်သော ဓားများပမာ လီချန်းထံသို့ ဝဲခနဲ ရောက်သွား၏။
"လီချန်းက အဲ့ဒီ မိန်းကလေးငယ်လေးတွေကို သတ်ခဲ့တာပဲ”
"ဘာ ဘာပြောတယ်"
ရှန်ကျစ်ယွမ်နှင့် ဖက်တီးလေးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ထစ်ထစ်ငေါ့ငေါ့ မေးလိုက်ကြ၏။
‘လီချန်းက အသက်ဘယ်လောက်ရှိသေးလို့လဲ’
သူက လူအများကြီးကို သတ်ရဲမည်ဟု မထင်ထားခဲ့ပေ။
ရှောင်ကျိုး ရှိုက်ကြီးတငင်နှင့် ပြစ်မှုများကို ဝန်ခံနေသော သခင်ကြီးလီကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
"တောက်! သူက အပြစ်အားလုံးကို သူ့ခေါင်းပေါ်တင်ပြီး ခံယူသွားချင်နေတာပဲ"
"အဲ့ဒီလိုတော့ အဖြစ်မခံနိုင်ဘူး"
ပြောပြောဆိုဆိုနှင့် ရှန်ကျစ်ယွမ် ကျောက်တုံးတောင်အတုပေါ်မှ အတင်းဆင်းကာ သူမ၏ ဖခင်ရှိရာသို့ ပြေးသွား၏။
သခင်မကြီးရှန်သည် သူမ၏သမီး ပြေးလာသည်ကို မြင်သောအခါ၊ ထိုနေရာရှိ မိန်းကလေး အလောင်းပုံကြီးကို လှမ်းကြည့်မိပြီး ထိတ်လန့်သွားကာ သမီးဖြစ်သူ၏ မျက်လုံးများကို အပြေးအလွှား အမြန်ဖုံးအုပ်ပေးလိုက်တော့သည်။