← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

59

​"သမီး ဒီမှာ ဘာလာလုပ်တာလဲ၊ မြန်မြန် ရှန်းချီ၊ သမီးလေးကို အိမ်တော်ပြန်ခေါ်သွားလိုက်"

​"သမီး ပြန်မှာမဟုတ်ဘူး၊ ဖေဖေနဲ့ စကားပြောစရာ ရှိလို့"

​ပြောပြောဆိုဆိုနှင့်ပင် သူမ မိခင်ဖြစ်သူ၏လက်ကို ရုန်းဖယ်ကာ ဖခင်ရှိရာသို့ ပြေးသွားလိုက်၏။

​"ဒီကလေးမလေး ဘယ်လိုတောင် ခွန်အားကြီးနေရတာလဲ"

သခင်မကြီးရှန်မှာ အံ့သြလွန်းသဖြင့် သမီးဖြစ်သူကို တားဆီးရန်ပင် မေ့လျော့သွားသည်။

​ရှန်ကျစ်ယွမ် ဖခင်ဖြစ်သူကို ရှာတွေ့သောအခါ နားနားသို့ကပ်၍ လီချန်းမှ ကလေးများကို သတ်ခဲ့ခြင်းဖြစ်ပြီး၊ သခင်ကြီးလီကမူ လူကြီးများကို သတ်ခဲ့ခြင်းဖြစ်ကြောင်း တိုးတိုးလေး ပြောပြလိုက်၏။

​တရားသူကြီးရှန်သည် နားထောင်နေသော်လည်း သမီးဖြစ်သူကို ဤနေရာမှ ဝေးရာသို့သာ သွားခိုင်းနေဆဲပင်။ ဤမြင်ကွင်းများသည် အလွန်ရက်စက်လွန်းသဖြင့် သူမကို မမြင်စေချင်ချေ။ ရှန်ကျစ်ယွမ်ကမူ နှုတ်ခမ်းလေးစူကာ စိတ်ထဲမှ ကြိတ်တွေးနေတော့သည်။

‘သမီးက ဒါတွေကို မြင်နေရတာ ကြာလှပြီ၊ ကြည့်ဖို့ အကောင်းဆုံးနေရာကိုတောင် ရွေးထားသေးတာ’

​သမီးဖြစ်သူ ထွက်သွားသည်ကို မြင်သောအခါ တရားသူကြီးရှန် ဆွန်းဖန်းယီထံသို့ သွားကာ ထိုအကြောင်းကို တိုးတိုးလေး ပြောပြလိုက်သည်။ ဆွန်းဖန်းယီမှာ စစ်ဆေးမေးမြန်းခြင်း အတတ်ပညာတွင် ပိုမိုကျွမ်းကျင်သူဖြစ်သောကြောင့် ဖြစ်၏။

​အမှန်စင်စစ် သခင်ကြီးလီက ပြစ်မှုများကို အလွယ်တကူ ဝန်ခံလိုက်ခြင်းအပေါ် ဆွန်းဖန်းယီ သံသယဝင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

​"ကျွန်တော် ခင်ဗျားကို နောက်ဆုံးတစ်ခါ ထပ်မေးမယ်၊ ဒီလူတွေအားလုံးကို ခင်ဗျားတစ်ယောက်တည်း သတ်ခဲ့တာလား"

ဆွန်းဖန်းယီ သခင်ကြီးလီကို စူးစိုက်ကြည့်ရင်း မေးလိုက်၏။

​သခင်ကြီးလီ၏မျက်နှာမှာ အလွန်အမင်း ဖြူဖျော့နေပြီး ဆွန်းဖန်းယီ၏ စူးရှသော အကြည့်များကို ရှောင်လွှဲနေ၏။ သူ၏အသံမှာ နောင်တများဖြင့် ပြည့်နှက်နေဟန်ဖြင့် တုန်ယင်နေသည်။

"ဒါ ဒါတွေအားလုံးကို ကျွန်တော်ပဲ လုပ်ခဲ့တာပါ"

​"ငါ သိထားသလောက်ဆိုရင် ခင်ဗျားရဲ့သားမှာ 'ကလေးသူငယ် နှိပ်စက်လိုသည့် စိတ်ရောဂါ' ရှိနေတယ် မဟုတ်လား၊ အမျိုးသမီးငယ်တွေကို ခင်ဗျား သတ်ခဲ့တယ်ဆိုတာ ငါယုံကြည်ပေမဲ့၊ ဒီကလေးငယ်တွေကိုတော့ ခင်ဗျားသားက သတ်ခဲ့တာလို့ ငါယူဆတယ်"

ဆွန်းဖန်းယီ ဒေါသကို ထိန်းချုပ်ရင်း တစ်လုံးချင်း ပြောလိုက်၏။

​သူ၏စကားအဆုံးတွင် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

‘​လီမိသားစုရဲ့သခင်လေးမှာ ကလေးတွေကို နှိပ်စက်တဲ့စိတ်‌ရောဂါရှိတာလား’

‘ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုတောင် ရက်စက်ပြီး လူအများကြီးကို သတ်ရဲရတာလဲ’

‘အပေါ်တန်းစောင်းနေရင် အောက်တန်းလည်း စောင်းတာပေါ့’

​လီမိသားစုဝင်များမှာလည်း ထိတ်လန့်သွားကြ၏။ အိမ်တော်ထဲတွင် အလောင်းများ တွေ့ရှိရခြင်းမှာ လီမိသားစု၏ ဒုတိယနှင့် တတိယမျိုးနွယ်စုခွဲများကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။ အစပိုင်းတွင် ကျိုးမိသားစုမှ လုပ်ကြံသည်ဟု သူတို့ထင်ခဲ့သော်လည်း၊ အလောင်းများ ပိုမိုထွက်ပေါ်လာချိန်တွင်မူ ဤကိစ္စမှာ သူတို့မိသားစုနှင့် ခွဲခြား၍မရအောင် ပတ်သက်နေမှန်း သိလိုက်ရ၏။

ထိုကြောက်မက်ဖွယ်ရာ အလောင်းများနှင့် ရွံရှာဖွယ်ကောင်းသော သားအဖကိုကြည့်ရင်း လီမိသားစုဝင် အချို့ပင် ကျောချမ်းလာကြသည်။

​လီမိသားစု၏ ဒုတိယနှင့် တတိယသားများမှာလည်း ထိတ်လန့်တုန်လှုပ်နေကြ၏။ သူတို့သည် လူထုကို ဖိနှိပ်ချုပ်ချယ်လေ့ရှိသော်လည်း လူသတ်ရန်အထိမူ မဝံ့ရဲကြချေ။ သို့သော် ယခုမူ အလောင်းများမှာ အများအပြား ရှိနေသည် မဟုတ်ပါလား။

​မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသော လီချန်းကမူ တည်ငြိမ်စွာပင် ပြန်လည်ဖြေရှင်း၏။

"တရားသူကြီးမှာ သက်သေရှိလို့လား၊ သက်သေမရှိဘဲ ကျွန်တော့်ကို စွပ်စွဲလို့ မရဘူးလေ"

​လီချန်းသည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိချေ။ သူသည် မကောင်းမှုမှန်သမျှအား အပြင်ဘက်တွင် ပြောင်ကောကိုသာ ခိုင်းစေခဲ့ပြီး သူကိုယ်တိုင် တစ်ခါမျှ လူလုံးမပြခဲ့ချေ။ အိမ်ဝင်းထဲမှ အလောင်းများအတွက်လည်း သူ၏ဖခင်က တာဝန်ယူထားပြီးသား ဖြစ်သည်။ ပြောင်ကောကိုမူ သူ နှုတ်ပိတ်ရန် လူလွှတ်ထားပြီးပြီ ဖြစ်၏။ ဤအရာရှိများအနေဖြင့် သက်သေ သို့မဟုတ် မျက်မြင်သက်သေ ရှာတွေ့နိုင်လိမ့်မည်ဟု သူ မယုံကြည်ချေ။

​လူအုပ်ကြီး၏ မသင်္ကာသော အကြည့်များနှင့် ဒေါသတကြီး ကြည့်နေမှုများရှေ့တွင် လီချန်းမှာ အခြေအနေနှင့် ကင်းကွာနေသည့်အလား လုံးဝ တည်ငြိမ်အေးဆေးနေပြီး ထိတ်လန့်သည့် အရိပ်အယောင်မျှ မပြချေ။ သူ၏ ဂရုမစိုက်သော မျက်လုံးများမှာ လူကြီးများ၏ အရည်အချင်းမရှိမှုကို လှောင်ပြောင်နေသည့်အလားပင်။

​လီချန်း၏ နောင်တမရ၊ ဂရုမစိုက်သော အမူအရာကို မြင်သောအခါ ဆွန်းဖန်းယီ မျက်နှာပျက်ယွင်းစွာဖြင့် ကြိမ်းမောင်းလိုက်သည်။

"လီချန်း မင်းက လူ့အသက်ကို တော်တော်တန်ဖိုးမထားတဲ့သူပဲ၊ အခု မင်းရဲ့ ပြစ်မှုတွေ ပေါ်ထွက်နေပြီဆိုတာတောင် နောင်တမရသေးဘူးလား၊ အင်ပါယာရဲ့ ဥပဒေတွေက မင်းကို အပြစ်မပေးနိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား"

​"တရားသူကြီး ဘာကို ဆိုလိုတာလဲ၊ ကျွန်တော် မသိပါဘူး၊ အကယ်၍ ကျွန်တော်က ဒီလောက်ယုတ်မာတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တယ်လို့ ထင်ရင်တော့ သက်သေတွေ ဒါမှမဟုတ် မျက်မြင်သက်သေတွေကို ထုတ်ပြပေးပါ"

လီချန်း အေးဆေးစွာ ဆို၏။

​"မင်း မင်း"

အင်ပါယာစစ်ဆေးရေးအရာရှိကြီးမှာ ဒေါသကြောင့် မုတ်ဆိတ်မွေးများပင် တုန်ယင်နေတော့သည်။

"ဒီလောက်အထိ မောက်မာတာမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ လူထုရဲ့ ဒေါသကို ပြေလျော့စေဖို့ မင်းကို သေချာပေါက် အပြစ်ပေးရမယ်"

​"ဒါဆိုရင် သေဆုံးသူတွေရဲ့ မိသားစုတွေကို ခေါ်ပြီး အလောင်းတွေကို အတည်ပြုခိုင်းလိုက်၊ သူတို့ထဲက တချို့ကတော့ လီမိသားစုဝင်တွေကို မြင်ဖူးကြမှာပဲ"

တရားသူကြီးရှန် ကလေးပျောက်ဆုံးနေသော မိဘများကို ခေါ်သွင်းလာစေ၏။ အပြင်ဘက်မှ ကလေးများအများကြီးကို ပြန်ပေးဆွဲခဲ့တာတောင် မည်သူမှ မြင်ဖူးသူမရှိဘူးဆိုသည်အား သူ မယုံကြည်နိုင်ချေ။

​မကြာမီမှာပင် ရဲမက်များသည် လူတစ်စုကို ခေါ်ဆောင်လာကြ၏။

​ထိုကြေကွဲဖွယ်ရာ မြင်ကွင်းအလယ်တွင် လူအပေါင်းသည် လေးလံသော နှလုံးသား၊ ထိတ်လန့်တုန်လှုပ်သော ခြေလှမ်းများဖြင့် အလောင်းများကို ခင်းကျင်းထားရာနေရာသို့ တိုးကပ်သွားကြ၏။ ခြေလှမ်းတိုင်းမှာ တန်ချိန်ချီ၍ လေးလံနေသကဲ့သို့ပင်။ ရဲမက်များ၏ လမ်းညွှန်မှုဖြင့် မိမိတို့ရင်သွေး၏ ရုပ်အလောင်းကို မှတ်မိသွားသူတိုင်းမှာ မြေကြီးပေါ်သို့ ဘုန်းဘုန်းလဲကျကာ ဟီးချ၍ ငိုကြွေးကြတော့သည်။

​နွမ်းပါးလှသော အမျိုးသမီးတစ်ဦးသည် နီမြန်းဖောင်းအစ်နေသော မျက်လုံးများဖြင့် သေးငယ်သော ရုပ်အလောင်းလေးကို မြင်လိုက်ရချိန်တွင် ဆွံ့အသွားသည်။ သူမ၏ ခြေထောက်များ ပျော့ခွေသွားပြီး မြေကြီးပေါ်သို့ ပြိုလဲကျသွားတော့၏။ တုန်ရီနေသော လက်များဖြင့် ကလေးငယ်ကို တို့ထိရင်း ရင်ကွဲမတတ် ရှိုက်ကြီးတငင် ငိုကြွေးလိုက်၏။

"ငါ့သမီးလေး၊ ဒါ ငါ့သမီးလေးပဲ၊ အမေ နင့်ကို ရှာနေတာ ကြာလှပြီ သမီးရယ်”

​သမီးဖြစ်သူ၏ ခန္ဓာကိုယ်ပေါ်မှ ရက်စက်လှသော ဒဏ်ရာများကို မြင်လိုက်ရသောအခါ ထိုအမျိုးသမီးမှာ သည်းထန်စွာ ဝမ်းနည်းမှုကြောင့် သတိလစ်မေ့မြောသွားသည်။

​သူမ၏ ဘေးမှ အမျိုးသားဖြစ်သူက ဇနီးကို တင်းကျပ်စွာ ဖက်ထားပေးသည်။ ကလေး၏ ရုပ်အလောင်းကို မြင်လိုက်ရသည့် တခဏ၌ သူ၏ မျက်ဝန်းထဲမှ အလင်းရောင်များ ချက်ချင်း ကွယ်ပျောက်သွားတော့၏။ သူ တိမ်ဝင်နေသော အသံဖြင့် တိုးတိုးလေး ရေရွတ်နေ၏။

"သမီးလေး အဖေ တောင်းပန်ပါတယ်၊ အဖေ သမီးကို မကာကွယ်နိုင်ခဲ့ဘူး၊ အဖေက သေထိုက်တဲ့လူပါ၊ တကယ်ကို သေထိုက်တဲ့လူပါ”

​"ဘယ်လိုတောင် ရက်စက်လိုက်ကြတာလဲ ငါ့မြေးမလေးက ငယ်ငယ်လေး ရှိသေးတာကို"

"အမေ ကျွန်မတို့ နောင်ကျရင် ဘယ်လို အသက်ဆက်ရမှာလဲ"

......

​မိမိတို့ကလေးကို ရှာမတွေ့သေးသော အခြားသူများမှာမူ မျှော်လင့်ချက် အနည်းငယ် ဆုပ်ကိုင်ထားကြဆဲပင်။ သူတို့ကလေးများသည် အခြားတစ်နေရာသို့ ပြန်ပေးဆွဲခံရခြင်း ဖြစ်နိုင်ပြီး အနည်းဆုံးတော့ အသက်ရှင်နေနိုင်သေးသည်ဟု တွေးတောနေကြသည်။

​ရှောင်ကျိုးသည် ထိုအမျိုးသမီးဘေးမှ အမျိုးသားကို ကြည့်ရင်း တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားလိုက်ရ၏။

​’ဟမ်’

‘ဒါ ယုံဖူစားသောက်ဆိုင်က တာဝန်ခံရွှီ မဟုတ်လား’

အဘယ်ကြောင့် ဤမျှ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရသည်ကို သူတို့မသိသော်လည်း သူပွေ့ပိုက်ထားသော သေးငယ်သည့် အလောင်းလေးကို ကြည့်လိုက်ရုံနှင့် မည်သည့်အရာများ ဖြစ်ခဲ့သည်ကို ရှောင်ကျိုး ချက်ချင်း နားလည်သွားသည်။

​ရှောင်ကျိုး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားစဉ် ဘေးမှ ဖက်တီးလေးကမူ ရွာလူကြီးလေး ဒေါသတကြီးနှင့် ပြေးသွားပြီး လီချန်းကို ရိုက်သတ်မိမှာ စိုးရိမ်သဖြင့် ရှောင်ကျိုး၏အဝတ်ကို မြဲမြဲဆွဲထားမိသည်။ အသိဉာဏ်သိပ်မရှိလှသော ဖက်တီးလေးပင်လျှင် နေ့ခင်းကြောင်တောင် လူသတ်၍ မရမှန်း သိနေ၏။

​တရားသူကြီးရှန်သည် ဝမ်းနည်းပူဆွေးနေသော လူများကို သေချာစွာ စစ်ဆေးမေးမြန်းသော်လည်း ရရှိသည့် အဖြေများမှာ အတူတူပင် ဖြစ်၏။ ကလေးများ မည်သို့ ပျောက်ဆုံးသွားသည်ကို မည်သူမှ မသိကြဘဲ မြင်လိုက်သူလည်း မရှိချေ။ သို့သော် တိုးတက်မှု အနည်းငယ်တော့ ရှိလာသည်။ အပြင်ဘက်မှ လူအချို့က ကလေးများ မပျောက်ဆုံးမီ မြို့ထဲမှ ပြောင်‌ကောကို တွေ့ခဲ့ရကြောင်းနှင့် သူကပင် ကလေးများကို ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်း သံသယဖြင့် ပြောကြသည်။

​တရားသူကြီးရှန်က ထို '‌ပြောင်ကော' ဆိုသူကို ချက်ချင်း ဖမ်းဆီးခေါ်ဆောင်လာရန် အမိန့်ပေးလိုက်သည်။ မကြာမီမှာပင် ရဲမက်များမှာ လက်ဗလာဖြင့် ပြန်ရောက်လာကြ၏။

​"အစီရင်ခံပါတယ်၊ တရားသူကြီးပြောင်ကောကို ရှာမတွေ့ပါဘူး၊ ဒေသခံတွေ ပြောစကားအရ သူ ပျောက်နေတာ တစ်ရက်ရှိပြီလို့ သိရပါတယ်"

​တရားသူကြီးရှန် လီချန်းကို ဒေါသတကြီး လက်ညှိုးထိုးကာ ဆိုသည်။

"မင်း မင်းလို လူယုတ်မာကို လူသတ်ပြီး အမှုဖျောက်ရုံ၊ သက်သေဖျက်ရုံနဲ့ အင်ပါယာတရားရုံးက မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား"

​လီချန်း ဤမျှအထိ ရက်စက်ပြီး ကြိုတင်ကာကွယ်မှုအဖြစ် လူသတ်ထားလိမ့်မည်ဟု တရားသူကြီး လုံးဝ ထင်မှတ်မထားခဲ့ချေ။ လီချန်းကမူ အခြေအနေများမှာ တိုက်ဆိုင်လွန်းနေသဖြင့် ကံကြမ္မာကပင် သူ၏ဘက်၌ ရှိနေသည်ဟု ထင်နေ၏။

​"တရားသူကြီး ကျွန်တော့်ကို စွပ်စွဲတာ မှားနေပါပြီ၊ ဒီနေ့က ကျွန်တော့်ရဲ့ မင်္ဂလာရက်လေ၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်လုံး ကျွန်တော် အိမ်တော်ထဲမှာပဲ မင်္ဂလာပွဲအတွက် ပြင်ဆင်နေတာပါ၊ အိမ်တော်ကနေ တစ်ဖဝါးမှ မခွာခဲ့ပါဘူး၊ အိမ်တော်က အစေခံတွေ အပြင်ထွက်ရင်လည်း စာရင်းမှတ်ထားတာ ရှိပါတယ်၊ တရားသူကြီး စစ်ဆေးမေးမြန်းနိုင်ပါတယ်"

​အခြားတစ်ဖက်တွင် အခြေအနေမှာ တင်းမာနေသည်ကို မြင်သောအခါ ရှန်ကျစ်ယွမ် ရှောင်ကျိုးကို မေးလိုက်သည်။

"ကျောက်ဟူတို့အဖွဲ့ ရောက်မလာသေးဘူးလား"

​ရှောင်ကျိုး တံခါးဝကို ညွှန်ပြရင်း ဆို၏။

"ရောက်နေတာ ကြာပြီ"

​"ဒါဆို ဘာလို့ အာ့ကုံးဇီတို့ကို အထဲမဝင်ခိုင်းသေးတာလဲ"

​"ကျောက်ဟူတို့က လူအချို့ကို 'အတွေးအခေါ် ပညာပေး' နေလို့ပါ"

​"အတွေးအခေါ် ပညာပေးအတန်း"

​"နောက်ကျရင် အမှန်အတိုင်း ဝန်ခံဖို့၊ ဒါမှ ပြစ်ဒဏ်လျှော့ပေါ့ပေးမှာ ဖြစ်ကြောင်း သင်ပေးနေတာလေ၊ မဟုတ်ရင် သူတို့က အထဲရောက်မှ ငါတို့ကို ပြန်စွပ်စွဲနေရင် ဘယ်လိုလုပ်မလဲ"

​မည်သို့ပင်ဆိုစေ ကျောက်ဟူနှင့် သူ၏အဖွဲ့မှာ ဝါရင့်သူများဖြစ်ရာ ဤအလုပ်ကို အလွယ်တကူ ကိုင်တွယ်နိုင်ကြ၏။ မကြာမီမှာပင် ကျောက်ဟူတို့ဘက်မှ အရာအားလုံး အဆင်ပြေပြီဖြစ်ကြောင်းနှင့် အာ့ကုံးဇီတို့ကို အထဲဝင်ခွင့်ပြုနိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။

All Chapters