အခန်း ၆၀
Vol. 6 Ch. 60
60
အာ့ကုံးဇီနှင့် သူ၏အဖွဲ့သားများသည် လီအိမ်တော်အတွင်းသို့ မတွန့်မဆုတ်ဘဲ ယုံကြည်မှုအပြည့်ဖြင့် လှမ်းဝင်လာကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ပါတီဝင်ရန် သွားနေသည့်အလား ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေ၏။ ခြံဝင်းထဲသို့ ရောက်သည်နှင့် သူတို့အားလုံး တရားသူကြီးရှန်၏ ရှေ့တွင် ဘုန်းခနဲ ဒူးထောက်လိုက်ကြ၏။
တရားသူကြီးရှန် - "......"
တရားသူကြီးရှန်မှာ လုံးဝကို ကြောင်အမ်းသွားရသည်။
‘မင်းတို့ ဘာလုပ်နေကြတာလဲ၊ ဘာလုပ်နေကြတာလဲ’
ဘေးနားရှိ ရဲမက်များက ထိုလူများကို မှတ်မိသွားပြီး တရားသူကြီးရှန်၏ နားနားသို့ကပ်ကာ အမြန်ပြောလိုက်၏။
"ဒီလူတွေက ပြောင်ကောရဲ့ အဖွဲ့သားတွေပါ တရားသူကြီး"
ထိုစကားကြောင့် တင်းမာနေသော အခြေအနေမှာ ချက်ချင်း ပွင့်ထွက်သွားတော့၏။ တရားသူကြီးရှန်သည် ပြောင်ကောနှင့် အဖွဲ့သားများ ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် လီချန်း၏ မျက်နှာပေါ်၌ ဖြတ်ပြေးသွားသော အံ့သြထိတ်လန့်မှုကို စိတ်ရှည်လက်ရှည် အကဲခတ်နေလိုက်သည်။
"မင်းက ပြောင်ကောလား”
ယခင်က ပြောင်ကော၊ ယခု အာ့ကုံးဇီဖြစ်နေသူက ချက်ချင်း ခေါင်းခါပြလိုက်၏။
"ငြင်းချင်သေးတာလား”
တရားသူကြီးရှန်မှာ ထိုလူသည် သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို ငြင်းဆိုနေသည်ဟု ထင်မှတ်ကာ ဒေါသတကြီး ဟောက်လိုက်သည်။
အာ့ကုံးဇီ ဝမ်းနည်းပူဆွေးသော မျက်နှာထားဖြင့် ဆို၏။
"ကျွန်တော် နာမည်ပြောင်းလိုက်ပါပြီ၊ အခု ကျွန်တော့်နာမည်က အာ့ကုံးဇီပါ"
’သူကတော့ သူ့နာမည် ပြောင်ကောပါလို့ ပြောချင်တာပေါ့၊ ဒါပေမဲ့ အပြင်က လူမိုက်ရုပ်နဲ့ ကောင်တွေက အဲ့ဒီနာမည်ကို ပြောခွင့်မပေးဘူးလေ’
တရားသူကြီးရှန်ကတော့ နာမည်မှာ မည်သို့ပင်ဖြစ်စေ ဂရုမစိုက်ချေ၊ ဤလူက လီချန်း၏ပြစ်မှုများကို သက်သေထွက်ဆိုနိုင်လျှင် ပြီးပြီပင်။ တရားသူကြီးရှန် မေးခွန်းပင် မမေးရသေးမီမှာပင် အာ့ကုံးဇီသည် ဝါးကျည်တောက်ထဲမှ နှမ်းစေ့များ ထွက်လာသကဲ့သို့ အရာအားလုံးကို အကုန်အစင် ဝန်ခံပြောပြတော့သည်။
သူ၏ လက်အောက်ငယ်သားများကလည်း အပြိုင်အဆိုင် ဝိုင်းဝန်း ဖြည့်စွက်ပြောကြ၏။ တရားသူကြီးရှန် ဘာမှပင် မခိုင်းရသေးဘဲ ဤလူအုပ်သည် သက်သေအထောက်အထားများကိုပါ တစ်ပါတည်း ယူဆောင်လာကြရာ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ မယုံနိုင်လောက်အောင်ပင် ချောမွေ့နေတော့၏။
အရာအားလုံး အဆင်ပြေချောမွေ့လွန်းနေသဖြင့် တရားသူကြီးရှန်ပင်လျှင် တစ်စုံတစ်ခု မှားယွင်းနေသလားဟု သံသယဝင်မိသွား၏။ ယခုမူ အရာအားလုံး ရှင်းလင်းသွားပြီဖြစ်သည်။ မျက်မြင်သက်သေ အထောက်အထား အားလုံး စုံလင်နေပြီ ဖြစ်သည်။
တရားသူကြီးရှန် ထိုလူကို ဖမ်းဆီးရန် ရဲမက်များကို ချက်ချင်း အမိန့်ပေးလိုက်သည်။ အခြေအနေ မဟန်တော့သည်ကို သိသောအခါ လီချန်းသည် ဟယ်ကျောင်းကျောင်း၏ဖခင်ကို အတင်းအကျပ် ခြိမ်းခြောက်တော့၏။
"ယောက္ခမကြီး ကျွန်တော့်အတွက် မပြောပေးဘူးလား၊ ခင်ဗျားသမီးက ကျွန်တော်နဲ့ အခုတင် မင်္ဂလာဆောင်ထားတာနော်"
ဟယ်မိသားစုသည် တရားသူကြီးရှန်နှင့်လည်း ဆွေမျိုးတော်စပ်သူများပင် ဖြစ်၏။ အဖေဟယ်အနေဖြင့် သူ၏တစ်ဦးတည်းသော သမီးအရင်းကို မုဆိုးမဘဝဖြင့် နေစေချင်လိမ့်မည်မဟုတ်ဟု လီချန်း ယုံကြည်နေသည်။
‘ဟား’
ထိုအခါမှ လူတိုင်းက ယနေ့သည် လီချန်းနှင့် ဟယ်မိသားစု၏ သမီးကြီးတို့ မင်္ဂလာဆောင်သည့်နေ့ ဖြစ်ကြောင်း ပြန်သတိရသွားကြ၏။
သနားစရာကောင်းသော အကြည့်များမှာ ဟယ်ဇနီးမောင်နှံဆီသို့ ရောက်သွားကြတော့သည်။
သူတို့နှစ်ဦးမှာ ယခုအခါ ပြိုလဲလုနီးပါး ဖြစ်နေချေပြီ။ သမီးဖြစ်သူ၏စကားကို နားထောင်ပြီး စေ့စပ်ပွဲကို ဖျက်ခဲ့သင့်သည်ဟု နောင်တရနေကြ၏။
‘အခုတော့ ဘာလုပ်ကြမလဲ၊ ကိုယ့်သမီးလေး မုဆိုးမဖြစ်သွားတာကို ဒီအတိုင်း ထိုင်ကြည့်နေရတော့မှာလား’
လူတိုင်း၏အာရုံသည် သနားစရာ သတို့သမီးလေးထံသို့ ရောက်သွားကြသည်။
ကျင့်ရှင်းမှာမူ ခေါင်းဆောင်းအောက်တွင် ပုန်းရင်း ဝက်ခြေထောက်တစ်ချောင်းကို အားရပါးရ ကိုက်နေစဉ် ဘေးနားမှ လူအများကြီးက သူ့ကို စိုက်ကြည့်နေကြသည်ကို ခံစားလိုက်ရသည်။ သူ အသာအယာပင် ခြေထောက်ကိုပြန်ချကာ ခါးကို မတ်မတ်ဆန့်ပြီး ထိုင်လိုက်၏။
’အော် ငါ့အလှည့် ရောက်လာတာ ဒီလောက်တောင် မြန်တာလား’
လီချန်း အပြေးအလွှား ရောက်လာပြီး ဟယ်ကျောင်းကျောင်း၏ ခေါင်းဆောင်းကို ဆွဲလှန်လိုက်သည်။
ပါးစပ်ထောင့်တွင် မှဲ့အကြီးကြီး ကပ်ထားပြီး ဝက်အူချောင်းကဲ့သို့ ထူထဲလှသော နှုတ်ခမ်းကြီးများကို ဆွဲထားသည့် ကျင့်ရှင်းက သူ၏ဆီများပေနေသော လက်ဖြင့် လက်ကိုင်ပုဝါကို ဝေ့ယမ်းကာ စူးရှသောအသံကြီးဖြင့် အော်လိုက်၏။
"ယောကျာ်း၊ ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲရှင်”
လူအုပ်ကြီးကြားမှ ချောင်းဆိုးသံများဖြင့် ပွက်လောရိုက်သွားတော့သည်။
‘ဒါ ဒါ ဒါက’
လီချန်း ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ ဆုတ်လိုက်ပြီး ဘုန်းဘုန်းလဲကျသွားတော့သည်။ သူ၏ဗိုက်ထဲတွင်လည်း မခံမရပ်နိုင်အောင် ပျို့တက်လာ၏။
‘သူ သူက ခုနကတင် ဒီလောက် ရုပ်ဆိုးတဲ့ အကောင်နဲ့ မင်္ဂလာခေါင်းဆောင်းလဲခဲ့တာလား’
သခင်ကြီးဟယ်နှင့် သူ၏ဇနီးမှာမူ ငရဲမှ နိဗ္ဗာန်သို့ ရောက်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။
ကျောက်တုံးတောင်အတုပေါ်တွင် ရှောင်ကျိုးနှင့် ဖက်တီးလေးတို့က ရှန်ကျစ်ယွမ်ကို ကြည့်လိုက်ကြ၏။
"ကျင့်ရှင်းရဲ့မျက်နှာက နင်နောက်ဆုံးတစ်ခါ ဝတ်ခဲ့တဲ့မျက်နှာဖုံးကို ပုံတူကူးပြီး ဆွဲထားတာ မဟုတ်လား”
ရှန်ကျစ်ယွမ် ကြောင်အမ်းအမ်းဖြင့် ခေါင်းငြိမ့်ပြသည်။ သူမ၏မျက်နှာပေါ်မှ မိတ်ကပ်နှင့် ကျင့်ရှင်း၏ ညုတုတုအမူအရာတို့ ပေါင်းစပ်လိုက်သောအခါ ဤမျှအထိ စက်ဆုပ်ရွံရှာစရာ ကောင်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
"ကျင့်ရှင်းက တာအိုဆရာ မဟုတ်ဘဲ ဒီလိုအလုပ်မျိုးနဲ့ အသက်မွေးနေတဲ့သူလားလို့ ငါ သံသယဝင်မိတယ်"
ဖက်တီးလေးမှာ ဇာတ်နာအောင် လုပ်ပြနေသော ကျင့်ရှင်းကို ကြည့်ကာ ပါးစပ်အဟောင်းသားနှင့် ပြောလိုက်သည်။
ရှောင်ကျိုးနှင့် အခြားသူများကလည်း အလွန်အမင်း ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ကြသည်။ သူတို့ ကျင့်ရှင်းကို မင်္ဂလာပွဲမှာ သတို့သမီးအဖြစ် ဟန်ဆောင်ခိုင်းရုံသာ ခိုင်းခဲ့ခြင်း ဖြစ်၏။
’အဲ့ဒီလိုတွေအထိ လုပ်ဖို့တော့ ငါတို့ မပြောခဲ့ပါဘူးနော်’
လီချန်းကို စက်ဆုပ်ရွံရှာဖွယ်ဖြစ်အောင် လုပ်ဆောင်ပြီးနောက် စိတ်ကျေနပ်သွားသော ကျင့်ရှင်းသည် လီအိမ်တော်ထဲမှ အေးအေးလူလူ လမ်းလျှောက်ထွက်လာပြီး မည်သူမှ သတိမပြုမိခင်မှာပင် ထွက်ပြေးလွတ်မြောက်သွားတော့သည်။
သခင်ကြီးဟယ်မှာမူ ရင်ကိုမတ်ကာ ယခုအခါတွင်မှ အသက်ရှူရသည်မှာ အလွန်ပင် ချောမွေ့သွားသကဲ့သို့ ခံစားလိုက်ရ၏။
"သခင်လေးလီ ဆွေမျိုးမတော်စပ်ဘဲနဲ့ လျှောက်မပြောပါနဲ့၊ ကျုပ်က မင်းရဲ့ယောက္ခမမဟုတ်သလို မင်းလက်ထပ်လိုက်တဲ့ အမျိုးသမီးကလည်း ကျုပ်သမီး မဟုတ်ဘူး"
သခင်ကြီးဟယ်သည် သူ၏ဇနီးနှင့်အတူ လီအိမ်တော်မှ မထွက်ခွာမီ သူ၏လက်အင်္ကျီကို ခါယမ်းလိုက်ရင်း လီချန်းကို ခနဲ့တဲ့တဲ့ တစ်ခွန်း ပြောသွားရန် မမေ့ခဲ့ပေ။
"သခင်လေးလီမှာ ဒီလောက်အထိ ထူးခြားတဲ့ အရသာခံနိုင်စွမ်း ရှိလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့မိဘူး"
ကျောက်တုံးတောင်အတုပေါ်တွင် ရပ်နေသော ရှောင်ကျိုးနှင့် သူ၏သူငယ်ချင်းများသည် သခင်ကြီးလီနှင့် သူ၏သား ဖမ်းဆီးခံရသည်ကို ကြည့်နေကြ၏။ ထို့နောက် ချက်ချင်းပင် လီအိမ်တော်ကို ရဲမက်များ ဝိုင်းထားလိုက်ကြတော့သည်။ ပိုင်ဆိုင်မှုများကို သိမ်းဆည်းတော့မည်လား၊ မည်သည်အား လုပ်ဆောင်ကြမည်ကိုတော့ သူတို့မသိကြချေ။
[ဂုဏ်ယူပါတယ် Host၊ မကောင်းမှုကို နှိမ်နင်းပြီး မတရားသေဆုံးခဲ့ရတဲ့ ဝိညာဉ်တွေအတွက် သွေးကြွေးဆပ်ပေးနိုင်ခဲ့တဲ့အတွက် ဆုလာဘ်အဖြစ် ရမှတ် ၂၀၀ နဲ့ ကံစမ်းမဲဖောက်ခွင့် တစ်ကြိမ် ရရှိပါတယ်]
‘မကောင်းမှုကို နှိမ်နင်းပြီး အဆိုးတရားတွေကို ဖယ်ရှားတာလား’
ရှောင်ကျိုး သူမ၏ရင်ဘတ်ကို ကော့လိုက်ပြီး သူ၏ရင်ဘတ်ပေါ်မှ နီမြန်းသော ပုဝါလေးမှာ ပိုမိုတောက်ပလာသကဲ့သို့ ခံစားလိုက်ရသည်။
ကံစမ်းမဲဖောက်ရန် နှိပ်လိုက်၏။
သူမ နှဲတစ်ခု ပေါက်ခဲ့သည်။
‘နှဲလား’
ရှောင်ကျိုးက သူမ၏စိတ်ထဲမှ စနစ်ကို မေးလိုက်သည်။
"ဒါက ဘာအတွက်လဲ"
ရှောင်ကျိုး ဤတူရိယာကို သူမ၏အဘိုး ကွယ်လွန်စဉ်က လူများမှုတ်ကြသည်ကိုသာ မြင်ဖူး၏။
’ဒီစနစ်က ငါ့ကို နောင်ကျရင် နာရေးကူညီမှုလုပ်ငန်းဘက်ကို ကူးပြောင်းခိုင်းနေတာလား’
စနစ် - [ဒီကလေးရဲ့ ခေါင်းကို ခွဲပြီး အထဲမှာ ဘာတွေရှိလဲဆိုတာ တကယ်ကို ကြည့်ချင်မိပါရဲ့]
[Host ဒီနှဲက သာမန်နှဲတွေနဲ့ မတူပါဘူး]
"ဘာတွေ ထူးခြားလို့လဲ"
[စနစ်က ထုတ်ပေးတဲ့ နှဲက နတ်ဆိုးတွေနဲ့ မိစ္ဆာတွေအားလုံးကို နှိမ်နင်းနိုင်စွမ်း ရှိပါတယ်]
"ဒါက နှဲတစ်ခုပဲဟာကို"
ရှောင်ကျိုး စနစ်မှ ပုံကြီးချဲ့ပြောနေသည်ဟု သံသယဝင်မိသည်။
"ကွပ်ကွပ် ကွပ်ကွပ်”
(သခင်မလေး သွားကြစို့၊ ဟိုခွေးအတွေက အပြင်မှာ ကျွန်မကို စောင့်နေကြတယ်)
"နင် သူတို့ကို အနိုင်ကျင့်လိုက်ပြန်ပြီလား"
"ကွပ်ကွပ် ကွပ်ကွပ်”
(မဟုတ်ပါဘူး၊ သူတို့က နောက်ဆိုရင် ကျွန်မတို့ရွာမှာ လာနေပြီး လည်ပတ်ချင်ကြတယ်တဲ့၊ သခင်မလေး ရမလား)
"ရတာပေါ့"
ဤခွေးဝါကြီးများမှာ တကယ့်ကို အားကိုးထိုက်သော အကူအညီပေးသူများပင် ဖြစ်၏။ ရှောင်ကျိုးနှင့် အခြားသူများသည် အဖွဲ့သားများနှင့် ပြန်လည်ပူးပေါင်းရန် အပြင်သို့ အမြန်ထွက်လာခဲ့ကြ၏။
သူတို့အဖွဲ့သည် သူတို့၏ စွမ်းဆောင်ချက်များကို ဖုံးကွယ်ထားရင်း ခမ်းနားလှသော စီတန်းလှည့်လည်မှုကြီးအလား ရွာသို့ ပြန်လာခဲ့ကြ၏။ သခင်မရှန်နှင့် သခင်မဝမ်တို့မှာမူ သူတို့၏သားများက နှုတ်ပင်မဆက်ဘဲ ထွက်သွားကြသည်ကို ကြည့်ကာ ကျန်ရစ်ခဲ့၏။ ရွာသည် မြို့ကဲ့သို့ မစည်ကားသောကြောင့် သူတို့၏သားများမှာ အလွန်ဆုံး တစ်ရက်နှစ်ရက်သာ နေလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
ယခုဖြစ်စဥ်ကိုကြည့်လျှင် ထိုရွာမှာပင် အိမ်ထောင်ကျ၊ ကလေးမွေးပြီး အခြေချတော့မည့်ပုံပင်။ မိခင်အိုကြီးနှစ်ဦးမှာ ရင်ကျိုးမတတ် ခံစားလိုက်ရ၏။
အဖွဲ့သားများ ရွာထိပ်သို့ ရောက်သည်နှင့် ပုကွကွနှင့် ထောင်ထောင်မောင်းမောင်း ကောင်လေးနှစ်ယောက်မှာ လည်ပင်းတဆန့်ဆန့်ဖြင့် ရှောင်ကျိုးတို့အဖွဲ့ကို စောင့်နေကြသည်ကို တွေ့လိုက်ရာ ရှောင်ကျိုး ရထားလုံးပေါ်မှ ဆင်းရန် အနည်းငယ် ဝန်လေးနေမိသည်။
အဘယ်ကြောင့်ဆိုသော် မနေ့ညက ရှီထုံနှင့် ကျန်းဟယ်တို့ကို ယနေ့ မြို့ထဲခေါ်သွားပြီး ဆော့မည်ဟု သူမ ကတိပေးခဲ့မိသောကြောင့် ဖြစ်၏။
‘အမ်’
‘ငါ အခုမှ သတိရတော့တယ်၊ ဟိုအရက်ပုလင်းလေးအကြောင်းကိုရောပဲ’
ရထားလုံးထဲမှ ချောင်းကြည့်လိုက်သောအခါ ပုကွကွနှင့် ထောင်ထောင်မောင်းမောင်း ရှီထုံနှင့် ကျန်းဟယ်တို့သည် မရှိသော ခါးကို ထောက်ကာ၊ သူတို့၏ ဝမ်းဗိုက်လေးများမှာ ဒေါသကြောင့် ဖောင်းကားနေသည်ကို တွေ့လိုက်ရသည်။
"စနစ် အရေးပေါ် အကူအညီလိုတယ်၊ ဒီလို အခြေအနေမျိုးမှာ ပုံမှန်ဆိုရင် ဘာလုပ်ရမလဲ"
ကျင့်ဝတ်သိပ်မရှိလှသော စနစ်မှ ဤသို့ အကြံပေး၏။
[Host ပျံသန်းနိုင်တယ် မဟုတ်လား၊ သူတို့ Hostကို မဖမ်းနိုင်ပါဘူး၊ ကလေးတွေဆိုတာ အရာရာကို အလွယ်တကူ မေ့တတ်ကြတယ်၊ မနက်ဖြန်ကျရင် သူတို့ မှတ်မိတော့မှာ မဟုတ်ပါဘူး]
"အဲ့ဒါကတော့ ဟုတ်သားပဲ"
ရှောင်ကျိုး ရထားလုံးလိုက်ကာကို မကာ ခြေဖျားလေးနှင့် အသာအယာ ခုန်လိုက်ပြီး သူမ၏ အိမ်ဝင်းထဲသို့ ပျံဝင်သွားတော့၏။
၎င်းကို မြင်သောအခါ အားသို့နှင့် အခြားသူများကလည်း နောက်မှ ကပ်လိုက်သွားကြသည်။
ကျောက်ဟူနှင့် ထျဲနျိုတို့မှာ ရထားလုံးပေါ်မှ ဆင်းပြီးနောက် မည်သည်မှပင် မလုပ်ရသေးမီမှာပင် ထိုပုကွကွ ကောင်လေးနှစ်ယောက်က သူတို့၏ ခြေထောက်များကို ဖက်တွယ်လိုက်ကြသည်။ ကျောက်ဟူနှင့် ထျဲနျိုတို့မှာလည်း သူတို့၏ ကံကြမ္မာကို အရှုံးပေးလိုက်ရကာ ထိုကလေးနှစ်ယောက်ကို ကျောပိုးပြီး ရွာထဲသို့ လျှောက်သွားကြရတော့၏။
ရှောင်ကျိုး ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ သူမ၏ဦးလေးဖြစ်သူက စောင့်နေသည်ကို တွေ့လိုက်ရသည်။
"ဦးလေး ဘာဖြစ်လို့လဲ"
ရှောင်ကျိုး စကားပြောရန် ဝန်လေးနေပုံရသော ရှီရှန်းကို ကြည့်ကာ မေးလိုက်၏။
ရှီရှန်း ဒူးထောက်ထိုင်ချလိုက်ပြီး ရှောင်ကျိုးကို မေးသည်။
"ဦးလေး မနက်ဖြန် မြို့တော်ကို သွားတော့မယ်”
"ဦးလေးနဲ့အတူ အမေ့ဘက်ကအဘွားဆီကို လိုက်ခဲ့မလား"