အခန်း (၂၁၁-၂၁၂)
Vol. 22 Ch. 211-212
အခန်း (၂၁၁) လောကငရဲ
ဝမ်ယွီတု မျက်လုံးများ အရောင်လက်သွားပြီး နှုတ်ခမ်းကို သပ်လိုက်သည်။
"ဒါဆို ငါ စားလိုက်လို့ ရမလား"
"မင်းသဘောပဲ တိတ်တိတ်လေး နောက်ကလိုက်သွား ရှောင်ထျန်ကိုတော့ မသိစေနဲ့"
မုယဲ့က အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် မုထျန်အား ချူဟန်နှင့် မတိုက်ခိုက်ပါဟု ကတိပေးခဲ့သည်မှာ မှန်သည်။ သို့သော် သူ၏ လက်အောက်ငယ်သားများကို လုပ်ကြံသတ်ဖြတ်ခိုင်းခြင်း မပြုရဟု ကတိပေးခဲ့ဖူးခြင်း မရှိပေ။ ချူဟန်ဆိုသော လူကို အသက်ရှင်လျက် ထားပေးလို့ မဖြစ်နိုင်ပေ။
"နားလည်ပါပြီ"
ကြက်သီးထဖွယ်ကောင်းသော အသံထဲတွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ရောနှောနေသည်။ သူပြောသည့် ပစ်မှတ် မှာ မည်သူဖြစ်ကြောင်းကို ဝမ်ယွီတုက သဘာဝကျစွာပင် သိနေသည်။
‘ချူဟန်ဆိုတဲ့ ကောင်စုတ်လေးကတော့လေ၊ အတင့်ရဲနေလိုက်တာ ဟားဟားဟား… နောက်ဆုံးတော့လည်း အသတ်ခံရမည့် ကံကြမ္မာပါပဲ’
မုယဲ့၏ အဘိဓာန်ထဲတွင် သဘောကောင်းခြင်း ဆိုသော စကားလုံး မရှိခဲ့ပေ။ သူ့ကို ဆန့်ကျင်သူများကို သူက ဒီအတိုင်း လွှတ်ထားပေးမည် မဟုတ်ပေ။
စကားဆိုပြီးနောက် ဝမ်ယွီတုသည် ကိုယ်ကိုလှည့်ကာ လမ်းသွယ်လေးဆီသို့ လျှင်မြန်စွာ ထွက်သွားတော့သည်။ အနက်ရောင် ဝတ်ရုံသည် ညအမှောင်ထုထဲတွင် နက်ရှိုင်းစွာ ပျောက်ကွယ်သွားသည်။ ပတ်ဝန်းကျင်တွင် ဇွန်ဘီ အရေအတွက် အမြောက်အမြား စုဝေးနေကြသော်လည်း သူ့ကို တုံ့ပြန်မည့် အရိပ်အယောင် လုံးဝ မရှိပေ။ ထိုအထဲတွင် အဆင့်(၂) ဇွန်ဘီများစွာလည်း ပါဝင်နေသည်။
စူပါမားကတ် ဧရိယာတွင် ချူဟန် ထွက်သွားပြီးနောက် ကျန်ရစ်သူများသည် ဆိုင်ထဲရှိ စားနပ်ရိက္ခာများကို အလုအယက် လုယူနေကြပြီ ဖြစ်သည်။ ချန်ယွီဖေး သေဆုံးသွားပြီဖြစ်၍ လူစုကြီးသည် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိတော့ပေ။ အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ အနည်းငယ်က ပစ္စည်းအများဆုံးကို သိမ်းပိုက်နိုင်ခဲ့သော်လည်း လောဘတကြီးဖြင့် လုယူချင်နေကြသေးသည်။
လီလန်ရှန်က ကယ်လိုရီမြင့်မားသော အစားအစာ အနည်းငယ်ကိုသာ ယူလိုက်ပြီး ထပ်မယူတော့ပေ။ မည်သူနှင့်မျှ စကားမပြောဘဲ အနည်းဆုံး လိုအပ်သည့် ပြင်ဆင်မှုများကိုသာ ယူဆောင်ကာ စူပါမားကတ်မှ ထွက်ခွာလာခဲ့ပြီး နန်တူးမြို့ သို့ ဦးတည်သွားတော့သည်။ ချူဟန်၏ စွမ်းရည်ကို မြင်တွေ့လိုက်ရခြင်းကြောင့် သူ၏ ကမ္ဘာကြီးအပေါ် အမြင်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ကောင်းမွန်သော အဖော်တစ်ယောက်က အလွန်အရေးကြီးသော်လည်း၊ မျက်စိရှေ့ရှိ ဤလူစုက သိသိသာသာပင် မသင့်တော်ပေ။ ဤသို့ဆိုလျှင် ချူဟန်ကဲ့သို့ တစ်ယောက်တည်း ခရီးဆက်ခြင်းက ပိုကောင်းပေမည်။
သိပ်မကျယ်ဝန်းလှသော စူပါမားကတ်အတွင်းပိုင်းမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖရိုဖရဲ ဖြစ်သွားသည်။ စည်သွတ်ဘူးများ လိမ့်ဆင်းနေပြီး ဖန်ကွဲစများ ပြန့်ကျဲနေသည်။ စားနပ်ရိက္ခာကို လုယက်ရင်း အချင်းချင်း ထိုးကြိတ် ရန်ဖြစ်သူများပင် ပေါ်လာတော့သည်။
ဝမ်ယွီတု ဤစူပါမားကတ်ရှေ့သို့ ထပ်မံပေါ်လာချိန်တွင်၊ ဤကဲ့သို့ ရှုပ်ထွေးပွက်လောရိုက်နေသော မြင်ကွင်းကို အတိအကျ မြင်တွေ့လိုက်ရသည်။ သူ ထပ်မံပေါ်လာခြင်းက ဆူညံနေသော လူအုပ်ကြီးကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။
‘ထွက်သွားပြီ မဟုတ်ဘူးလား ဘာလို့ ပြန်ရောက်လာတာလဲ’
"ချူဟန်ဆိုတဲ့ကောင် ဘယ်မှာလဲ"
ဝမ်ယွီတုက ရက်စက်သော အပြုံးကို ပြုံးလိုက်သည်။ စိတ်လှုပ်ရှားလွန်းသဖြင့် အံသွားများက တကျွီကျွီနှင့် ကြက်သီးထဖွယ် အသံများ ထွက်ပေါ်နေသည်။
"ကျွန်တော်တို့ မသိဘူး"
"တကယ် မသိတာပါ"
လူအချို့က ကြောက်ရွံ့မှုကြောင့် မျက်နှာများ ရှုံ့မဲ့သွားကာ တခြားသူများလည်း တံတွေးများကို အတင်းမြိုချလိုက်ကြသည်။ စောစောက ဤအနက်ရောင်ဝတ်ရုံ အဖွဲ့က သူတို့အပေါ် ပေးခဲ့သည့် ထိတ်လန့်မှုမှာ ကြီးမားလွန်းလှသည်။ တစ်ချိန်တည်းမှာပင် ဤလူများက ချူဟန်နှင့် လီလန်ရှန်တို့ကဲ့သို့ ချက်ချင်း မထွက်ခွာသွားမိသည့်အတွက် အလွန်အမင်း နောင်တရနေကြသည်။ ဤအနက်ရောင်ဝတ်ရုံရှင်က ပြန်လှည့်လာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
"မသိဘူး ဟုတ်လား အဲဒါဆို ခက်ပြီ"
ဝမ်ယွီတုက ပြောလိုက်ပြီး၊ သူ၏အသံက ထူးဆန်းကျောချမ်းဖွယ် ကောင်းနေသည်။
ထို့နောက် ချက်ချင်းပင်…
ရွှပ်…
မည်သည့် ကြိုတင်သတိပေးမှုမျှ မရှိဘဲ တိုးတိတ်သော အသံတစ်သံ ထွက်ပေါ်လာသည်။ အနီးဆုံးတွင် ရှိနေသော အမျိုးသား၏ လည်ချောင်းမှာ မျက်စိတစ်မှိတ်အတွင်း ဖောက်ထွင်းခံလိုက်ရပြီး၊ သွေးများပန်းထွက်ကာ နေရာအနှံ့ စင်ထွက်သွားသည်။ ထိုအမျိုးသား၏ ခေါင်းက လည်ပင်းပေါ်တွင် တွဲလောင်းဖြစ်နေပြီး အချိန်မရွေး ပြုတ်ကျတော့မည့်အလား ယိမ်းထိုးနေသည်။
ဘုတ်…
အမျိုးသားမှာ လဲကျသွားပြီး သွေးအိုင်ထဲတွင် လုံးဝ အသက်ပျောက်သွားတော့သည်။
ပြွတ်... ပြွတ်...
ဝမ်ယွီတုသည် မျက်နှာကို ဖုံးအုပ်ထားသော ခေါင်းစွပ်ကြားမှ သွေးစွန်းနေသော လက်ကို လျှိုသွင်းလိုက်ပြီးနောက် ဖြည်းညှင်းစွာ စုပ်ယူလိုက်သည်။
အလွန်အမင်း ရုတ်တရက်ဆန်ပြီး တစ်ခဏအတွင်း ဖြစ်ပျက်သွားသော အဖြစ်အပျက် ဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်း အမျိုးသား၏ လည်ချောင်း ဖောက်ထွင်းခံရပြီး ဝမ်ယွီတု၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှုကို မြင်တွေ့လိုက်ရသဖြင့် လူအချို့မှာ ထိုနေရာတွင်ပင် အန်ချင်စိတ်များ ဖြစ်ပေါ်လာကြသည်။
ဒီကောင် ဘာဖြစ်နေတာလဲ။
"ဟင်... မပြောကြသေးဘူးလား…. မေးခွန်းတွေအများကြီး မေးနေရဦးမှာလား"
ဝမ်ယွီတုက သူ၏လုပ်ရပ်ကြောင့် မျက်စိရှေ့ရှိ ဤလူစု မည်မျှ ထိတ်လန့်သွားသည်ကို နည်းနည်းလေးမျှ ဂရုမစိုက်ပေ။ ရှေ့သို့ ခြေတစ်လှမ်း တိုးလာပြီးနောက် ကျောချမ်းဖွယ် အပြုံးများပါဝင်နေသော အသံဖြင့်…
"ချူဟန် ဘယ်ဖက်ကို ထွက်သွားတာလဲ… မင်းတို့ထဲမှာ သိတဲ့လူ သေချာပေါက် ရှိရမယ်"
"ဆရာ...ဆရာ…"
ဆင့်ကဲပြောင်းလဲသူ တစ်ဦးက ကြောက်လွန်း၍ ငိုတော့မလို ဖြစ်နေပြီး၊ ထိတ်လန့်မှုကို အတင်းအောင့်အည်းကာ ပြောလိုက်သည်။
"တကယ် မသိတာပါ… ချူဟန်က နှုတ်မဆက်ဘဲ ထွက်သွားတာ၊ ပြီးတော့ အရမ်းမြန်တော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်သွား..."
ရွှပ်…
အသားကို ဖောက်ထွင်းလိုက်သော အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ နီရဲနေသော သွေးစက်များ လွင့်စင်သွားသည်။
ဆင့်ကဲပြောင်းလဲသူ၏ စကားများမှာ ထိုနေရာတွင်ပင် ပြတ်တောက်သွားသည်။ အသက်ကို ချမ်းသာပေးရန် တောင်းပန်နေသော မျက်နှာထားဖြင့်ပင် တောင့်တင်းစွာဖြင့် ရှေ့သို့ လဲကျသွားတော့သည်။
ဝမ်ယွီတုက အမျိုးသား၏ ရင်ဘတ်ထဲသို့ ထိုးသွင်းထားသော လက်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ သွေးများရွှဲနစ်နေသော လက်ပေါ်တွင် ချွန်ထက်ပြီး ထူးဆန်းသော လက်သည်းများအပြင်၊ နွေးထွေးမှု ရှိနေသေးသော နှလုံးသားတစ်လုံး ရှိနေသည်။
မျက်စိတစ်မှိတ်အတွင်း လူအားလုံး တိတ်ဆိတ်သွားပြီး၊ ခြေထောက်များက ရပ်မရအောင် တုန်ယင်လာကြသည်။
ကံမကောင်းစွာဖြင့် သူတို့ကို ကြောက်ရွံ့စေခြင်းမှာ အစသာ ရှိသေးသည်။ ဝမ်ယွီတုက ထိုအချိန်တွင် သန့်ရှင်းနေသော ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး၊ လက်အိတ်စွပ်ထားသော ဘယ်ဘက်လက်ဖြင့် မျက်နှာကို ဖုံးအုပ်ထားသည့် ခေါင်းစွပ်ကို ဆွဲလှန်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူဖျော့နေတဲ့ အသားအရေ၊ နှုတ်ခမ်းအပြင်ကို ငေါထွက်နေတဲ့ ချွန်ထက်ပြီး မညီမညာဖြစ်နေတဲ့ သွားတွေ၊ မျက်ဖြူဆန်တွေသာ ပြည့်နေပြီး သူငယ်အိမ်နေရာမှာ အမည်းစက် သေးသေးလေးပဲ ရှိတော့တဲ့ မျက်လုံးတွေ။ မပုပ်သိုးသေးဘဲ တွန့်လိပ်နေတဲ့ အရေပြားကလွဲရင် မျက်နှာတစ်ပြင်လုံးက ဇွန်ဘီတစ်ကောင်နဲ့ ကြောက်ခမန်းလိလိ တူနေတော့သည်။
ထိုမျက်နှာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့် အခိုက်အတန့်တွင် အားလုံးမှာ မိုးကြိုးပစ်ခံလိုက်ရသလို တောင့်တင်းသွားကြသည်။
"မသိဘူး ဟုတ်လား မသိရင် အသက်ရှင်တာ ဘာအဓိပ္ပာယ်ရှိမှာလဲ… မဟုတ်ဘူးလား"
ဝမ်ယွီတုက အေးအေးဆေးဆေးပင် ပြောလိုက်သည်။ သူ၏ ပါးစပ်တစ်ဝိုက်တွင် သွေးနှင့်အသားများ ပေပွနေသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်။
“အား…"
ရုတ်တရက်ဆိုသလို လူတစ်ယောက်က နားကွဲမတတ် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"ဇွန်ဘီ... ဒီကောင်က ဇွန်ဘီပဲ"
"ဉာဏ်ရည်ရှိတယ်ဟ စကားပြောတဲ့ ဇွန်ဘီပဲ"
"ကယ်ကြပါဦး"
"အား... အား"
ဝမ်ယွီတုသည် နီရဲနေသော လျှာကို ထုတ်ကာ နှုတ်ခမ်းပေါ်မှ သွေးများကို လျှက်လိုက်သည်။ ဖြူလျော်နေသော သူငယ်အိမ် မျက်လုံးနှစ်လုံးက စိတ်လှုပ်ရှားမှုများကြောင့် တလက်လက် တောက်ပနေသည်။
"ဇွန်ဘီ ဟုတ်လား… ဟက်ဟက်... ငါက အဲဒီလို အဆင့်နိမ့်တဲ့ သတ္တဝါ မဟုတ်ဘူး"
"ပြေးကြဟေ့"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ အခြားလူများမှာလည်း အသက်လု၍ ထွက်ပြေးကြသည်။ စားနပ်ရိက္ခာရော လက်နက်များကိုပါ လွှင့်ပစ်ခဲ့ပြီး အသက်လုကာ ပြေးကြတော့သည်။
"ပြေးလည်း လွတ်မှာမဟုတ်တာ၊ ဘာလို့ အားကုန်ခံနေမှာလဲ"
ဝမ်ယွီတု၏ အသံထဲတွင် စိုးရိမ်ပြာယာခတ်ခြင်း မရှိပေ။ ဤသို့ လူခြောက်ရသည်ကို အလွန်ပျော်စရာကောင်းသော ကိစ္စတစ်ခုအဖြစ် သဘောထားနေပုံရသည်။ ထို့နောက် လူအများဆုံး ပြေးနေသော လမ်းတစ်ခုကို ချိန်ရွယ်၍ ခြေလှမ်းလိုက်ရာ၊ သူ၏အမြန်နှုန်းက မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။
သွေးများ ပန်းထွက်သည့် အသံများ တစ်သံပြီးတစ်သံ လမ်းသွယ်လေးထဲတွင် ထွက်ပေါ်လာပြီး၊ ရင်ကွဲမတတ် အော်ဟစ်သံများလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။
ဝမ်ယွီတုက လုံးဝ အလျင်လိုမနေခဲ့ပေ။ ကြောင်က ကြွက်ကို ကစားနေသကဲ့သို့ လူအုပ်ထဲတွင် အရှေ့သို့ တစ်လှည့် အနောက်သို့ တစ်လှည့်ဖြင့် သဘောကျ သတ်ဖြတ်မှုများကို ထပ်ခါတလဲလဲ ပြုလုပ်နေသည်။ ရှေ့မှ ပိတ်ရပ်ထားပြီး ထိတ်လန့်တကြားဖြစ်အောင်လုပ်ကာ နောက်ပြန်ပြေးကြသူများ၏ ပုံစံကို လှောင်ပြောင်ရယ်မောနေသည်။ သို့မဟုတ် ထွက်ပြေးနေသူများ၏ လက်မောင်းကို အတင်းအဓမ္မ ဆွဲဖြဲလိုက်ပြီး သွေးများ ပန်းထွက်နေသည့်တိုင် ဆက်ပြေးနေကြသော ပုံစံများကို ကြည့်ရှုခံစားရင်း ပျော်ရွှင်နေသည်။
လမ်းကြားမှာ မျက်စိတစ်မှိတ်အတွင်း ဤလောကရှိ ငရဲဘုံအဖြစ်သို့ ပြောင်းလဲသွားပြီး မွန်းကြပ်လုမတတ် သွေးညှီနံ့များ ဖုံးလွှမ်းနေတော့သည်။
ရူးသွပ်ဖွယ် ပွဲတော်မှာ ဆက်လက်ဖြစ်ပွားနေပြီး အသက်ရှင်ကျန်ရစ်သူ အရေအတွက် အနည်းငယ်သာ ကျန်တော့သည်။ ဝမ်ယွီတုလည်း အတော်လေး ဗိုက်ဝသွားကာ နောက်ဆုံးတွင်တော့ အသက်ရှင်ကျန်ရစ်သူများကို တစ်နေရာတည်းတွင် စုလိုက်တော့သည်။
"တောင်းပန်ပါတယ်၊ ကျွန်တော် တကယ်မသိလို့ပါ… အသက်ချမ်းသာပေးပါ၊ ကျွန်တော် မသေချင်ဘူး… ခင်ဗျားအတွက် ကျွန်တော် အသက်ပေးပြီး အလုပ်လုပ်ပေးပါ့မယ်"
အမျိုးသား တစ်ယောက်က မြေကြီးပေါ်တွင် တွားသွားကာ အသက်ချမ်းသာပေးရန် အသေအလဲ တောင်းပန်နေသည်။
"ကျွန်တော် သိပြီ၊ ကျွန်တော် သိပြီ"
သူ့ဘေးတွင်ရှိသော အမျိုးသားက တစ်ခုခုကို ရုတ်တရက် သတိရသွားသလို အော်လိုက်သည်။
"ချူဟန်နဲ့ လီလန်ရှန်က အတော်လေး ရင်းနှီးတာ ဆရာ လီလန်ရှန်ကို ရှာတွေ့ရင် ချူဟန် ဘယ်မှာလဲဆိုတာ သိနိုင်တယ်… လီလန်ရှန်က"
"နန်တူးမြို့ကို သွားတာ… အခု သိပ်မဝေးသေးလောက်ဘူး၊ မြို့ပြင်ထွက်တဲ့လမ်းမှာ သေချာပေါက် ရှိလောက်တယ်"
ဒူးထောက်နေသော အမျိုးသားက အခွင့်အရေး အလုမခံရစေရန် အလောတကြီး စကားဖြတ်ပြောလိုက်သည်။
ထိုသို့ ပြောလိုက်ပြီး မျှော်လင့်ချက်နှင့် ကြောက်ရွံ့မှုများ ရောနှောနေသော မျက်လုံးများဖြင့် ဝမ်ယွီတုကို မော့ကြည့်လိုက်သည်။
ယခုအချိန်တွင်တော့ တခြားလူများအကြောင်း ဂရုစိုက်မနေနိုင်တော့ပေ။ အသက်ရှင်ဖို့သာ အဓိကဖြစ်သည်။
အခန်း (၂၁၂) ငါက ကလေးထိန်း မဟုတ်ဘူး
"မင်း.. မင်းက..."
ဘေးနားရှိလူက ဤလူသည် ဝမ်ယွီတု၏ သဘောကျမှုကို ရယူရန်အတွက် သူ၏စကားကို အတင်းဖြတ်ပြောပြီး ဝင်လုလိမ့်မည်ဟု ထင်မထားခဲ့ပေ။
"ဆရာ ကျွန်တော်က သူ့ထက်ပိုသိပါတယ်… ချူဟန်နဲ့ လီလန်ရှန်တို့က တစ်မြို့တည်းသားတွေဆိုတာကိုပါ ကျွန်တော် သိသေးတယ်၊ ကျွန်တော် ခိုးနားထောင်ခဲ့တာပါ"
ထိုလူက ဘေးမှလူ၏ အကြည့်များကို လုံးဝ ဂရုမစိုက်ဘဲ ဆက်လက်၍ လုပြောလိုက်သည်။ ကမ္ဘာပျက်ကပ်ထဲတွင် ဤကဲ့သို့သော နည်းလမ်းများက အလွန်အတွေ့ရများလှပြီး အသက်ရှင်ဖို့အတွက် ဘာကိုမဆို လုပ်ရဲကြသည်။
"အို…"
ဝမ်ယွီတုက ထိုနှစ်ယောက်၏ မျက်စိရှေ့တွင် ယခုလေးတင်မှ ထုတ်ယူထားသော လူမျက်လုံးကို တပြွတ်ပြွတ်နှင့် ဝါးစားနေရင်း သရဲတစ္ဆေကဲ့သို့ အသံနှိမ့်ကာ မေးလိုက်သည်။
"ဒါဆိုရင် ချူဟန်ရဲ့ ဇာတိမြေက ဘယ်မှာရှိတာလဲ"
"အဲဒါကိုတော့ ကျွန်တော် မကြားလိုက်ရပေမယ့်"
ထိုလူက ခေါင်းငုံ့သွားသော်လည်း ချက်ချင်းပင် ခေါင်းပြန်မော့လာကာ
"ဒါပေမဲ့ လီလန်ရှန်ကတော့ သေချာပေါက် သိမှာပါ"
"ဒါကတော့ ရှင်းနေတာပဲလေ… ဒီလိုကိစ္စမျိုးကို မင်းက တစ်ခွန်းချင်း လိုက်ပြောနေမှ ငါက သိမှာမို့လို့လား"
ဝမ်ယွီတုက သွေးညှီနံ့များ ထောင်းထောင်းထနေသော အစားအစာ စားသောက်နေသည့် လက်ကို ရပ်တန့်လိုက်ပြီး မြေကြီးပေါ်တွင် တွားသွားနေသော အမျိုးသားကို လှောင်ပြောင်သည့် အကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။
"ဟုတ်.. ဟုတ်ပါတယ်၊ ဆရာပြောတာ မှန်ပါတယ်"
ထိုလူက အလျင်အမြန် မျက်နှာချိုသွေးကာ ဖြေလိုက်သည်။ ဘေးတွင် စကားပြောခွင့်ကို အလုခံလိုက်ရသော အမျိုးသားမှာ မျက်နှာပျက်သွားသော်လည်း သူကိုယ်တိုင် အဘယ်ကြောင့် အရင်မပြောလိုက်နိုင်ရသနည်းဟု စိတ်ထဲတွင် ပြင်းထန်စွာ နောင်တရနေခဲ့သည်။
"ဗိုက်တော့ ဝသွားပြီ... ဒါပေမယ့် ငါက ပွစိပွစိနဲ့ ဆူညံနေတဲ့ ကောင်တွေကို မုန်းတယ်"
ဝမ်ယွီတုက ရုတ်တရက် ဤစကားတစ်ခွန်းကို ပြောလိုက်သည်။
သူတို့နှစ်ယောက် ထိုစကား၏ အဓိပ္ပာယ်ကို နားလည်သွားရန် အချိန်ပင် မရလိုက်ပေ။ ဝမ်ယွီတု၏ လက်နှစ်ဖက်က လျှပ်တစ်ပြက် လှုပ်ရှားသွားသည်။ ထက်မြက်သော လက်သည်းများက သူတို့နှစ်ယောက်၏ နှလုံးသားကို ရက်စက်စွာ ဖောက်ထွင်းသွားသည်။
ဗြစ်…
ပန်းထွက်လာသော သွေးများက ဝမ်ယွီတု၏ မျက်နှာပေါ်သို့ စင်ကျသွားသည်။ ထိုနွေးထွေးသော အထိအတွေ့ကြောင့် သူ့တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုကြောင့် ရယ်မောချင်လာတော့သည်။
အသတ်ခံလိုက်ရသော ထိုနှစ်ယောက်မှာ ဘာတွေဖြစ်သွားမှန်းကိုပင် နားလည်နိုင်ခဲ့မည် မဟုတ်ပေ။ အထူးသဖြင့် စကားအဖြတ်ခံလိုက်ရသော သူက ပို၍ပင် နားမလည်နိုင်ဖြစ်နေသည်။ ဝမ်ယွီတုက စကားများသော သူများကို မုန်းသည်ဟု အတိအလင်း ပြောခဲ့ပါလျက်၊ သူက ဘာစကားမှ သိပ်မပြောခဲ့ဘဲနှင့် အဘယ်ကြောင့် အသတ်ခံလိုက်ရသနည်း။
သို့သော် ဤလူနှစ်ယောက်တွင် စဉ်းစားရန် အခွင့်အရေး မရှိတော့ပေ။ နောက်တစ်စက္ကန့်တွင် ဘုတ်ခနဲ အသံနှစ်သံနှင့်အတူ အလောင်းနှစ်လောင်းမှာ လဲကျသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်ရှူသံများ ပျောက်ကွယ်သွားတော့သည်။
"ငါက စကားများတဲ့ လူတွေကို မုန်းပေမဲ့ စကားမပြောတဲ့ လူတွေကိုလည်း မုန်းတယ်ကွ"
ဝမ်ယွီတုက ကျွတ်ကျွတ်ဟူသော အသံဖြင့် လျှာကို သပ်ရင်း ခေါင်းခါလိုက်သည်။ မြေပြင်ပေါ်ရှိ အလောင်းများကို တစ်ချက်ကလေးမှပင် ပြန်မကြည့်ဘဲ လှည့်ထွက်သွားသည်။
စူပါမားကတ် တစ်ခုလုံးရှိ လူဆယ်ဂဏန်းလောက်သည် သူ၏လက်ထဲတွင် အကုန်သေဆုံးသွားခဲ့ရသည်။ သူသည် ဗိုက်ဝနေပြီ ဖြစ်သော်လည်း လူသတ်ရန်အတွက်မူ တွန့်ဆုတ်နေခဲ့ခြင်း မရှိပေ။
ဝမ်ယွီတု ထွက်သွားပြီးနောက်၊ အမိန့်ရထားသော ဇွန်ဘီအုပ်ကြီးက ညည်းတွားသံများပေးလျက် ပြေးလာကြပြီး မြေပြင်ပေါ်ရှိ အလောင်းများကို အလုအယက် ကိုက်ဖြတ်စားသောက်ကြတော့သည်။
မြို့တော်၏ အမှောင်ထုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများက လူသားများ၏ မျှော်လင့်ချက်များကို အချိန်တိုင်း ဝါးမျိုဖျက်ဆီးနေသည်။ ယခုအချိန်တွင် ကမ္ဘာပျက်ကပ် ဖြစ်ပွားခဲ့သည်မှာ သုံးလတိတိ ပြည့်ခဲ့ပြီဖြစ်သည်။ တရုတ်နိုင်ငံသည် ဤသုံးလအတွင်း အရာအားလုံးကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိအောင် မလုပ်နိုင်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူသားများသည် ယခင် ခေတ်ကာလမှနေ၍ တဖြည်းဖြည်း နောက်ကြောင်းပြန်ဆုတ်သွားကာ ပို၍ ရှေးကျလာပြီး၊ ကောင်းမွန်သော အဝတ်အစားကိုပင် မဝတ်နိုင်သူများက အများစုဖြစ်လာသည်။ လေကြောင်းမှ ချပေးသော အထုပ်များထဲရှိ သေနတ်နှင့် ခဲယမ်းများကလည်း အနည်းဆုံး အကာအကွယ်ကိုပင် မဖြည့်ဆည်းပေးနိုင်တော့ပေ။
ဇွန်ဘီများက ပိုမို အားကောင်းလာကြပြီး အဆင့်(၁) ဇွန်ဘီများက ကမ္ဘာတစ်ဝန်းလုံးတွင် ပြန့်နှံ့နေပြီဖြစ်သည်။ အဆင့်(၂) ဇွန်ဘီများ ပိုမိုများပြားလာပြီး အဆင့်(၃) ဇွန်ဘီများက မှိုပေါက်သကဲ့သို့ ထွက်ပေါ်လာကြသည်။ လူသားများ မသိနိုင်သော အချို့နေရာများတွင် အဆင့်(၄) ဇွန်ဘီများ ပေါ်ထွက်နေလောက်ပြီဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူ စခန်းအတော်များများတွင် ကြီးမားသော ဇွန်ဘီလှိုင်းလုံးကြီးများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး၊ ထိုအသက်ရှင်ကျန်ရစ်သူ စခန်းငယ် အတော်များများက တစ်ညတွင်းချင်းမှာပင် ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားခဲ့ကြသည်။
ဆင့်ကဲပြောင်းလဲသူများက အဆုံးအစမရှိ ပေါ်ထွက်နေပြီး၊ စွမ်းရည်မြှင့်တင်သူ များကိုလည်း စစ်တပ်က သုတေသနပြု လုပ်ဆောင်နိုင်ခဲ့ကာ ကြီးမားသော လူအင်အားများ စတင်ရင်းနှီးမြှုပ်နှံလာကြပြီ ဖြစ်သည်။ သို့သော် ခရစ္စတယ်ကို စုပ်ယူပြီးနောက် အစွမ်းထက်သော စွမ်းရည်မြှင့်တင်သူများ ဖြစ်လာနိုင်သူများမှာ လက်တစ်ဆုပ်စာမျှသာ ရှိသည်။ ထိုအထဲတွင် ချန်ရှောက်ရယ်သည် စွမ်းရည်မြှင့်တင်သူများထဲ၌ နံပါတ်(၁)အဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။
တိုက်ခိုက်ရေးစွမ်းအား အဆင့်သတ်မှတ်ချက်စာရင်းများက မြန်မြန်ဆန်ဆန် ပြောင်းလဲလာနေပြီ၊ အဆင့်(၄) တိုက်ခိုက်ရေးစွမ်းအား အဆင့်သတ်မှတ်ချက်စာရင်းတွင် လူအမည်များ တဖြည်းဖြည်း စတင်ပေါ်ထွက်လာပြီဖြစ်သည်။ ဤစာရင်းများထဲတွင် S+ အကဲဖြတ်ချက်ကို ရရှိထားသူမှာ ချူဟန် တစ်ယောက်တည်းသာ ဆက်လက်ရှိနေပြီး၊ အဆင့်(၁) အဆင့်သတ်မှတ်ချက်စာရင်းတွင် သူသည် နံပါတ်(၁)နေရာ၌ ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။
အမြန်လမ်းမကြီးပေါ်ရှိ လမ်းများက သွားရခက်ခဲလှပြီး အုပ်စုဖွဲ့နေသော ဇွန်ဘီအုပ်များက အချိန်မရွေး ထွက်ပေါ်လာတတ်သည်။ သို့သော် ဤအရာက ချူဟန်အတွက် အကျိုးရှိစေသည်။ ဂျစ်ကားက နေရောင်ခြည်အောက်တွင် အနားယူရန် မလိုအပ်ဘဲ နေ့ရောညပါ သုံးရက်တိုင်တိုင် မရပ်မနား မောင်းနှင်နေခဲ့ပြီဖြစ်သည်။
သို့သော် မြင့်မားပြီး ထူးဆန်းသော ဤအော့ဖ်ရုဒ်ကားထဲတွင် ချူဟန်သည် ကားမောင်းနေသူ မဟုတ်ပေ။ ယခုအချိန်တွင် သူသည် နောက်ခန်းတွင် လှဲလျောင်းကာ အိပ်မောကျနေပြီး သူ့ဘေးနားက လွတ်နေတဲ့နေရာ အတော်များများကို သူ၏ ရှူရာ ပုဆိန်က နေရာယူထားသည်။
"ချီးပဲ သေနာကောင် ငါက အခု ကလေးထိန်း ဖြစ်နေတာလား"
ဝမ်ချိုက်၏ ညည်းညူသံများက အဆက်မပြတ် ထွက်ပေါ်နေပြီး မျက်နှာတစ်ပြင်လုံး ဒေါသထွက်နေမှုက စကြဝဠာကြီး တစ်ခုလုံးကိုပါ ဖောက်ခွဲပစ်ချင်နေတော့သည်။
ယခုအချိန်တွင် ဤအော့ဖ်ရုဒ်ကား၏ ယာဉ်မောင်းခုံပေါ်၌ ကားမောင်းနေသူမှာ ဝမ်ချိုက်ပင်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က လူကြီးအရွယ်အစားအဖြစ်သို့ ပြောင်းလဲနေပြီး တိုတောင်းသော ရှေ့လက်များက စတီယာရင်ကို မနည်းထိန်းကိုင်ထားရသည်။ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် မျက်နှာကြီးက အရှေ့ကို အတင်းကပ်နေရသည်။
"ဘာလို့ ငါလိုယုန်တစ်ကောင်က ကားမောင်းသင်ရမှာလဲ"
ချူဟန်အပေါ် မကျေနပ်ချက်တွေကို ပေါက်ကွဲရင်း ဝမ်ချိုက်တစ်ယောက် မရပ်မနား ဆက်ညည်းနေတော့သည်။
"ငါက စကြဝဠာထဲမှာ အချောဆုံးကွ၊ ငါ့ကို ကားမောင်းခိုင်းပြီး ဒရိုင်ဘာ လုပ်ခိုင်းရသလား.. ချီးထုပ်ကောင် ချူဟန်၊ မင်းက တကယ့် ဘုရင်ကြီး ကျနေတာပဲ… ငါက မင်းအတွက် ဟင်းချက်၊ အဝတ်လျှော်ဖို့ ရှေ့ပြေးနောက်လိုက်နဲ့ ပင်ပင်ပန်းပန်း လုပ်ပေးရတယ် ဒါတင်မကသေးဘူး သိုလှောင်ခန်း တစ်ခုကိုပါ အလကား ပေးခဲ့ရသေးတယ် မင်းက ငါ့ကို မြင်းလိုစီး၊ ခွေးလိုမွေးတာတောင် ငါ ဘာမှမပြောခဲ့ဘူး ကျည်ဆန်တွေ လာမှန်တော့လည်း ငါ့ကို ဒိုင်းကာအဖြစ် သုံးခဲ့တာတောင် ငါသည်းခံခဲ့သေးတယ်… အခု ကားပါမောင်းခိုင်းတယ်ပေါ့… နင့်လောက် အရှက်မရှိတဲ့လူကို ငါ ပထမဆုံး မြင်ဖူးတာပဲ"
"လမ်းကြောင်း မှန်ရဲ့လား…. စွမ်းအင်ကို သတိထားမိရဲ့လား… အရှိန်ကိုရော အမြင့်ဆုံး တင်ထားရဲ့လား"
ချူဟန်က ဝမ်ချိုက်ရဲ့ ညည်းတွားမကျေနပ်မှုတွေကို လုံးဝ အဖတ်မလုပ်ဘဲ မေးခွန်းသုံးခုကို ဆက်တိုက် မေးချလိုက်တယ်။
"သတင်းပို့ပါတယ် ဆရာ၊ လမ်းကြောင်းမှန်ပါတယ်… စွမ်းအင် ပြည့်ဝပြီး အမြန်နှုန်းက မိုင် နှစ်ရာ့ရှစ်ဆယ်ပါ"
ဝမ်ချိုက်က မသိစိတ်အလျောက် ဖြေလိုက်သော်လည်း နောက်တစ်စက္ကန့်တွင်
"သောက်ကျိုးနည်း… ငါ မင်းကို အဲဒီအကြောင်း ပြောနေတာမဟုတ်ဘူး..ငါမင်းကို ပြောထားမယ်၊ ဒီရက်ပိုင်းအတွင်း နင်ငါ့ကို အနိုင်ကျင့်ထားတာတွေ အကုန်ပြန်ပေးရမယ်… တစ်လအတွင်းမှာ ဒုတိယမြောက် ပြန်လည်စတင်ခြင်း အစိတ်အပိုင်းကို မရရအောင် ရှာပေးရမယ်ကွ"
ချူဟန်က မျက်လုံးမှိတ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ဟောက်သံ ထွက်ပေါ်လာတော့သည်။
ဝမ်ချိုက်တစ်ယောက် ဘာပြောရမှန်းမသိအောင် ဖြစ်သွားပြီး၊အချိန်အတော်ကြာမှသာ ဒေါသတကြီး ဆဲဆိုလိုက်သည်။
"ချီးပဲ"
မြစ်ကြောင်းတစ်ခုပေါ်ရှိ ဆိပ်ခံတံတားပေါ်တွင် အဝတ်အစား စုတ်ပြတ်နေသော ဒုက္ခသည်အချို့ ထိုင်နေကြသည်။ လူတိုင်း၏ မျက်နှာများက ဖြူဖျော့နေပြီး စိတ်ဓာတ်များကျဆင်းနေကြသည်။ သူတို့ရဲ့ ဘေးနားမှာတော့ ငါးဖမ်းပိုက်ကွန်တွေနဲ့ ငါးမျှားတံတွေကို ချထားပြီး အချို့က ညစ်ပတ်နေတဲ့ မြစ်ရေကိုတောင် တိုက်ရိုက် ခပ်သောက်နေကြသည်။
"ငါတို့ ဘာမှ မဖမ်းမိတာ သုံးရက်ရှိပြီကွာ"
မြစ်ပြင်ကျယ်ကို အသက်မဲ့စွာ ငေးကြည့်ရင်း လူငယ်တစ်ယောက်က ရေရွတ်လိုက်တယ်။
"ကျိုးချွန်းလဲ့… အားမလျှော့စမ်းပါနဲ့ကွာ"
ဘေးနားရှိ အပြာရောင်အင်္ကျီနဲ့ လူလတ်ပိုင်း အမျိုးသားတစ်ဦးက နှစ်သိမ့်ပေးလိုက်သည်။ ယခုအချိန်တွင် သူ၏စိတ်ထဲ၌လည်း မျှော်လင့်ချက် သိပ်မရှိသော်လည်းပေါ့။
"ဟ…. စားစရာလည်း မရှိဘဲနဲ့ ငါတို့ကို စိတ်ဓာတ်မကျဖို့ ပြောနေသေးတယ်…ဒီအတိုင်း သေဖို့ စောင့်နေရမှာလား"
နောက်ထပ် လူလတ်ပိုင်း တစ်ဦးက ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။
"အခု ဒီတစ်ဝိုက်မှာ မြစ်ကမ်းဘေးလောက်ပဲ နည်းနည်း ပိုလုံခြုံသေးတယ်… တခြားနေရာတွေမှာက ဇွန်ဘီ မဟုတ်ရင် သားရဲတွေချည်းပဲ ပြည့်နေတာလေ"
အပြာရောင်အင်္ကျီနဲ့ လူလတ်ပိုင်း အမျိုးသားက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဝမ်ရှစ်ရှုံး မင်းက ဆေးပညာ နည်းနည်းပါးပါးသိတာလောက်နဲ့ လူတတ်ကြီးလို ဟန်ဆောင်မနေနဲ့"
ယခင် လူလတ်ပိုင်း အမျိုးသားက အထင်အမြင်သေးစွာ ပြန်ပြောလိုက်သည်။
"အခု ကမ္ဘာပျက်ကပ်ထဲမှာ ဆေးပညာ နားလည်နေတော့ ဘာလုပ်ရမှာလဲ… ဆေးရဖို့တောင် အနိုင်နိုင်ဖြစ်နေတာကို"
လူအနည်းငယ် ငြင်းခုံနေစဉ်မှာပင် ရုတ်တရက် အရင်ဆုံး စကားပြောခဲ့သည့် ကျိုးချွန်းလဲ့ အမည်ရှိ လူငယ်လေး၏ မျက်လုံးများက အရောင်လက်သွားပြီး အဝေးကိုလက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
" သင်္ဘော.. အဲဒါ သင်္ဘောမလား"
လူအများ ကြောင်သွားပြီး မော့ကြည့်လိုက်ရာ ကျယ်ပြောလှသော မြစ်ပြင်ကြီး၏ ဟိုးတစ်ဖက်မှ သင်္ဘော တစ်စင်းက သူတို့ဆီသို့ ဖြည်းညှင်းစွာ ဦးတည်လာနေသည်ကို မြင်လိုက်ရသည်။ ဇွန်ဘီများနှင့် မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်နှက်နေသော ဤကမ္ဘာပျက်ကပ်ကြီးတွင် ၎င်းသည် အမှောင်ထုကို ခွဲထွက်လာသော မျှော်လင့်ချက် အလင်းတန်းလေး တစ်ခုကဲ့သို့ပင် ဖြစ်သည်။
သင်္ဘော ရှိနေသည်ဆိုသည်မှာ လူရှိသည်ကို ကိုယ်စားပြုပြီး၊ လူရှိသည်ဆိုသည်မှာ အစားအစာ ရှိသည်ကို ကိုယ်စားပြုပေသည်။