အခန်း ၉၁
Vol. 10 Ch. 91
အခန်း (၉၁) - ညဘက် လမ်းလျှောက်ရင် ဖုန်းမသုံးပါနဲ့။
အခန်းတံခါးကို ပိတ်လိုက်ပြီးနောက် ယဲ့ချန်က မိုချင်းကို ဧည့်ခန်းမီးဖွင့်ခိုင်းလိုက်သည်။ ထို့နောက် ဆိုဖာပေါ်တွင် ထိုင်ကာ အစီအစဉ်ဆွဲကြသည်။
"ယဲ့ချန် ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ။ လူလိုသေးလား။ ဒါမှမဟုတ် ငါဖုန်းဆက်ပြီး တခြားလူတွေကို အကူအညီတောင်းပေးရမလား။"
မိုချင်းက စိုးရိမ်တကြီး မေးမြန်းသည်။
"လူများရင် ပိုရှုပ်သွားလိမ့်မယ်။"
"သန်းခေါင်ယံလောက်မှ သွားမယ်။ အဲ့ဒီအချိန်က ယင်စွမ်းအင် အားအကောင်းဆုံးဖြစ်ပြီး လွင့်မျောနေတဲ့ ဝိညာဉ်တွေ အလှုပ်ရှားဆုံးပဲ။ အဲ့ဒီအချိန်မှ ဝိညာဉ်အစိတ်အပိုင်း သုံးခုကို ရှာဖို့ အကောင်းဆုံး အခွင့်အရေးပဲ။"
မိုချင်းက ခါးသီးစွာ ပြုံးလိုက်သည်။
"ယဲ့ချန် ရှင်က ဒီည ငါ့ရဲ့ ကမ္ဘာအမြင်ကို လုံးဝ ပြောင်းလဲပစ်လိုက်တာပဲ။ ဒါပေမဲ့ တကယ်ပြောရရင် ကိုယ်တိုင်မမြင်ရသရွေ့တော့ ဒီလိုကိစ္စတွေကို သိပ်မယုံဘူး။ ဒါပေမဲ့ စိတ်ချပါ ဒီညတော့ မင်းပြောတဲ့အတိုင်းပဲ လုပ်မယ်။ သေခါနီး မြင်းကို အသက်ရှင်တဲ့မြင်းလိုပဲ ကုသကြည့်တာပေါ့။"
'ဟား... ကိုယ်တိုင်မြင်ချင်တယ်ပေါ့လေ။ ကောင်းပြီလေ ခဏနေရင် မြင်ရအောင် လုပ်ပေးမယ် ကမ္ဘာသစ်တစ်ခုကို ပြတင်းပေါက်ဖွင့်ပေးလိုက်မယ်။'
ယဲ့ချန်က အချိန်ကြည့်လိုက်သည်။ ည ၉ နာရီ နီးနေပြီ။
"အချိန်နည်းနည်း လိုသေးတယ်။ ပြင်ဆင်စရာရှိတာတွေ စဉ်းစားရဦးမယ်။"
အမှန်အတိုင်းပြောရလျှင် ယဲ့ချန်သည် ဝိညာဉ်ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ရာနှုန်းပြည့် ယုံကြည်မှုမရှိဘဲ စမ်းတဝါးဝါး လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ သူ့တွင် အဆောင်လက်ဖွဲ့လည်း မရှိ ဝိညာဉ်ခေါ်သည့် တာအိုပညာရပ်ကိုလည်း မတတ်ကျွမ်းပေ။
"ယဲ့ချန် ဘာတွေ လိုအပ်လဲ။"
မိုချင်းက မေးသည်။
"စက္ကူပိုက်ဆံ ဖယောင်းတိုင်နဲ့ နံ့သာတိုင်။ အများကြီး ပြင်ထားပါ။"
"နောက်ပြီး ဝိညာဉ်ခေါ်အလံ တစ်ခု လိုတယ်။ ရှေးခေတ်ကတည်းက သင်္ဂြိုဟ်ရာမှာ အမြဲပါတတ်တဲ့အလံမျိုးပေါ့။ အိမ်ဦးသား ဒါမှမဟုတ် မြေးဦးက ကိုင်ပြီး ဂူပေါက်မှာ စိုက်ရတဲ့အလံလေ။"
"ဝိညာဉ်ခေါ်အလံရဲ့ ရည်ရွယ်ချက်က သေဆုံးသူရဲ့ ဝိညာဉ်ကို မြန်မြန်ပြန်လာစေပြီး လမ်းမလွဲဘဲ ပြန်လည်မွေးဖွားဖို့ ကူညီပေးတာပါ။"
"စက္ကူပိုက်ဆံ ဖယောင်းတိုင် နံ့သာတိုင်နဲ့ ဝိညာဉ်ခေါ်အလံ။ နားလည်ပါပြီ ငါ အခုပဲ သွားပြင်ဆင်လိုက်မယ်။"
မိုချင်းက ချက်ချင်းပင် ထရပ်လိုက်သည်။ သူမသည် ဆုံးဖြတ်ချက်ပြတ်သားသူ ဖြစ်သည်။
"နေပါဦး ကျွန်တော်ပြောတာ အရင်နားထောင်ပါ။ ဘယ်အလံမဆို မရဘူး။ တကယ့် သားလိမ္မာတစ်ယောက် ကိုင်ခဲ့ဖူးတဲ့အလံဆို ပိုကောင်းတယ်။ သားလိမ္မာ ကိုင်တဲ့အလံက ဝိညာဉ်တွေအတွက် အရမ်းဆွဲဆောင်မှုရှိတယ်။ ဝိညာဉ်တွေက သူတို့ကို ကိုးကွယ်ပေးမယ့်သူမရှိတော့ အဲ့ဒီအလံကို တပ်မက်ကြတယ်လေ။"
"ဒီလိုလား..."
မိုချင်း အနည်းငယ် တွေဝေသွားသည်။ သို့သော် သူမ၏ ဝမ်းကွဲ ဇန်းကျားဝေသည် အခန်းထဲတွင် ငြိမ်ကျသွားပြီဖြစ်၍ ယဲ့ချန်ကို ယုံကြည်မှု တိုးလာသည်။
"ကောင်းပြီ ယဲ့ချန်။ ဘာပဲဖြစ်ဖြစ် မင်းလိုအပ်တာတွေ အကုန်စီစဉ်ပေးမယ်။"
သူတို့နှစ်ဦး အခန်းပြင်ထွက်လာကြသည်။ ကျားဝေ၏ ဆွေမျိုးများက လှေကားထစ်တွင် စုရုံးနေကြသည်။
"ယဲ့ချန် မိုချင်း ကျားဝေ ဘယ်လိုနေလဲ။"
ရှောင်လန်က မျက်ရည်များဖြင့် မေးသည်။
"စိတ်မပူပါနဲ့ ယဲ့ချန် အဖြေရှာနေပါတယ်။ ငါတို့ အရှုံးမပေးသေးပါဘူး။"
မိုချင်းက နှစ်သိမ့်လိုက်သည်။
"အားလုံးပဲ၊ ဒီအတိုင်း ရပ်မကြည့်နေကြပါနဲ့။ လိုအပ်တာတွေ အမြန်ပြင်ဆင်ကြပါဦး။"
'သားလိမ္မာအလံကိစ္စနှင့် ပတ်သက်ပြီး ကျားဝေ၏ ဖခင်ကပြောသည်။
"ဒီအိမ်ရာမှာ သားလိမ္မာတစ်ယောက်ရှိတယ်။ သူ့အဖေက နှစ် ၂၀ လောက် အိပ်ရာထဲလဲနေတာကို သူကပဲ ပြုစုခဲ့တာ။ သူ့အဖေ သေတော့ သူပဲ ဝိညာဉ်ခေါ်အလံကို ကိုင်ပြီး သင်္ဂြိုဟ်ခဲ့တာ။ အဲ့ဒါ ရမလား။"
"ရတယ် အဲ့ဒါ အဆင်ပြေတယ်။ သူ့အဖေရဲ့ ဂူဆီသွားပြီး ချေးငှားလိုက်ပါ။ အသက်ကယ်ဖို့အတွက်လို့ ပြောလိုက်ရင် ရပါလိမ့်မယ်။"
သန်းခေါင်မတိုင်မီမှာပင် လိုအပ်သည်များ အကုန်စုမိသွားသည်။ ယဲ့ချန်က စက္ကူပိုက်ဆံ ဖယောင်းတိုင်တို့ပါသည့် အိတ်ကို ထမ်းပြီး မိုချင်းက ဝိညာဉ်ခေါ်အလံကို ကိုင်ကာ လမ်းမပေါ်သို့ ထွက်ခဲ့ကြသည်။
ချက်ချင်းပင် ယဲ့ချန်၏ စနစ်ထံမှ အသံထွက်လာသည်။ယ
တီ။ တာဝန်အသစ် - ကျားဝေအတွက် ဝိညာဉ်ခေါ်ပေးရန်။ ဆုလာဘ် - ခန့်မှန်းဆဲ။
တီ။ တာဝန်အသစ် - တရားမဝင် တက္ကစီသမား ကိုမင်ကို ပြန်လည်မွေးဖွားစေရန်။ ဆုလာဘ် - ခန့်မှန်းဆဲ။
တာဝန်နှစ်ခုကို တစ်ပြိုင်နက် လုပ်ရမည်ဖြစ်၍ ယဲ့ချန် စိတ်လှုပ်ရှားနေသည်။
လမ်းမပေါ်တွင် လူသူကင်းမဲ့ပြီး လေတိုက်တိုင်း သစ်ရွက်များ လှုပ်ရှားသံမှာ တစ္ဆေများ လက်ခုပ်တီးနေသကဲ့သို့ ထင်ရသည်။ ညအမှောင်တွင် တစုံတခုက နောက်ယောင်ခံလိုက်နေသကဲ့သို့ ခံစားရသော်လည်း ရဲဟောင်းတစ်ဦးဖြစ်သည့် မိုချင်းကတော့ ကြောက်ရွံ့ခြင်းမရှိပေ။
"ယဲ့ချန် ငါ ကားတိုက်ခံရတဲ့နေရာ သိတယ်။ ရှေ့က လမ်းဆုံမှာပဲ ၁၀ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပြီ။"
မိုချင်းက ပြောသည်။ စကားပြောစရာ ခေါင်းစဉ်မရှိသဖြင့် မိုချင်းက ဖုန်းကို ထုတ်ကာ အောက်ငုံ့ပြီး ကစားနေသည်။
"အစ်မမို ညဘက် လမ်းလျှောက်ရင် ဖုန်းမသုံးတာ အကောင်းဆုံးပဲ။"
"ဟင်"
မိုချင်းက ခေါင်းမော့လိုက်သည်။
"အော်... ဟုတ်ပါပြီ။ သတိပေးတဲ့အတွက် ကျေးဇူးပါ။ အွန်လိုင်းမှာလည်း ဒီအကြောင်းတွေ အများကြီး ဖတ်ဖူးပါတယ်။ ဖုန်းသုံးရင်း ကားတိုက်ခံရတာ ရေနစ်တာတွေ အများကြီးပဲ။ ငါ သတိထားပါ့မယ်။"
"လူတိုင်းမှာ ကိုယ်ပိုင် မီးတောက် သုံးခုရှိတယ်။ ညဘက် လမ်းလျှောက်တဲ့အခါ ဖုန်းထဲ အာရုံစိုက်နေရင် နဖူးမှာရှိတဲ့ သက်စောင့်မီးက လမ်းကို မလင်းပေးနိုင်တော့ဘူး။"
"ဘာကို ဆိုလိုတာလဲ။"
မိုချင်း နားမလည်စွာ မေးသည်။
"စဉ်းစားကြည့်လေ။ ခေါင်းငုံ့ထားရင် သက်စောင့်မီးက ခြေဖဝါးနားလောက်ပဲ လင်းတယ်။ ရှေ့ကို မရောက်ဘူး။ ဝိညာဉ်တွေက ရှေ့ကို သွားနေတာလေ။ ဖုန်းက ရောင်ခြည်က သက်စောင့်မီးကို ထိခိုက်စေတယ်။ ဝိညာဉ်တွေ ရှေ့လမ်းကို မမြင်ရရင် သူတို့ စိတ်ရှုပ်ထွေးပြီး နေရာလွဲကုန်တယ်။ အဲ့ဒီအချိန်မှာ လွင့်မျောနေတဲ့ ဝိညာဉ်ဆိုးတွေက အခွင့်ကောင်းယူပြီး လူ့ခန္ဓာကိုယ်ထဲ ဝင်လာတာမျိုး ဒါမှမဟုတ် အသက်ကို ခြိမ်းခြောက်တာမျိုး လုပ်တတ်တယ်။"
"ဒါဆို... ဖုန်းသုံးရင်း ကားတိုက်ခံရတာတွေ ရေနစ်သေတာတွေက တစ္ဆေတွေကြောင့် ဖြစ်တာပေါ့။"
မိုချင်းတစ်ယောက် ကြက်သီးမွှေးညင်းထသွားသည်။
"အားလုံးတော့ မဟုတ်ပေမယ့် တချို့ကတော့ အဲ့ဒီလိုမျိုးပဲ။"
ယဲ့ချန်က ခေါင်းညိတ်သည်။
"ယုံဖို့တော့ ခက်တယ်ဆိုပေမဲ့ အခုတော့ ဖုန်းကို အိတ်ထဲ ပြန်ထည့်ထားလိုက်တော့။"
"ယဲ့ချန် မင်းက Metaphysicsပညာမှာ တကယ်ကို ကျွမ်းကျင်တာပဲ။"
"ဟုတ်တယ်လေ။ တစ္ဆေဖမ်းတာ မကောင်းဆိုးဝါးနှင်တာ ဖုန်းရွှေ ကံကြမ္မာဟောတာ အရိုးကြည့်ပြီး ဟောတာ... အကုန်လုံး ကျွမ်းကျင်တယ်။"
ယဲ့ချန်က ဟာသရောစပ်ပြီး ပြောသည်။
"တကယ်လား ဒါမှမဟုတ် နောက်နေတာလား။"
မိုချင်းက ရယ်မောလိုက်သည်။
"ကောင်းပြီလေ လမ်းလျှောက်နေရင်း အားနေတာပဲ ငါ့ရဲ့ ကံကြမ္မာကို တစ်ချက်လောက် ဟောကြည့်ပေးပါလား။"