အခန်း ၉၈
Vol. 10 Ch. 98
အခန်း (၉၈) - ဆိုးသွမ်းတဲ့ ကလေးမလေး။
"တကယ်ပါပဲ အဲ့လောက်အထိ မလိုပါဘူး။ အစ်မမို၊ စိတ်ချပါ။ အန္တရာယ် ဘာမှမရှိပါဘူး။ ကျွန်တော်လည်း ကိုယ့်အသက်ကို တန်ဖိုးထားတဲ့သူပါ။ ကျွန်တော်က အရွယ်ကောင်းတုန်း ဘဝကို ပျော်ပျော်ပါးပါးနဲ့ ခံစားဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ တကယ်လို့ အန္တရာယ် ရှိနေမယ်ဆိုရင် ကျွန်တော်က အသေခံဖို့ သွားမှာမဟုတ်ဘူး မဟုတ်လား။"
ယဲ့ချန်က ရယ်မောရင်း ပြန်ပြောလိုက်သည်။
"ယဲ့ချန် မင်းက တကယ်ကို လျှာဖျားတတ်တာပဲ။ ကဲပါ တစ်ခုခု ဖြစ်လာရင်တော့ ဖုန်းဆက်လိုက်ပါ။"
မိုချင်းက ခေါင်းခါရင်း သူ့လက်အောက်မှ ရဲအရာရှိများကိုအမိန့်ပေးလိုက်သည်။
"ပစ္စည်းတွေ သိမ်း ပြန်ကြမယ်။"
"ဘာ ဒီအတိုင်းပဲ ပြန်သွားတော့မှာလား။"
ကျိုးဟွေရှုံ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"ရှယန်နန်နဲ့ ဒီစားဖားကောင်ကို ဖမ်းလေ ဘယ်လို အမှုစစ်နေတာလဲ။ ကျွန်တော် မင်းတို့ကို တိုင်မယ်။"
"မစ္စတာကျိုး ကျွန်မတို့ ရဲတွေ အမှုစစ်တဲ့အခါ ရှင်လက်ညှိုးထိုး အမိန့်ပေးစရာ မလိုပါဘူး။"
မိုချင်းက ကျိုးဟွေရှုံကို အမှုမဲ့အမှတ်မဲ့ ကြည့်လိုက်ပြီး အဖွဲ့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။
"ယန်နန် သွားကြမယ်။"
ယဲ့ချန် ပြေးလာပြီး ကြောက်လန့်နေသော ရှယန်နန်ကို ခေါ်လိုက်သည်။
"ဆရာကြီး... ဘာတွေ ဖြစ်ကုန်တာလဲ ရဲတွေက ကျွန်မကို ဖမ်းသွားတော့မှာ မဟုတ်ဘူးလား။"
ရှယန်နန်က အံ့အားသင့်စွာ မေးသည်။
"အခုတော့ အဆင်ပြေသွားပါပြီ။ အဲ့ဒီ အဖွဲ့ကို ဦးဆောင်လာတာ ငါနဲ့သိတဲ့ အစ်မမိုလေ။ ငါ နည်းနည်း ပြောလိုက်တော့ ဒီနေ့အတွက် လွှတ်ပေးလိုက်တာပါ။ ငါတော်တယ် မဟုတ်လား။"
ယဲ့ချန်က ဂုဏ်ယူစွာ ပြောသည်။
"ဆရာကြီးက တကယ်ကို အဆက်အသွယ်တွေ များတာပဲ။"
ရှယန်နန်က ယဲ့ချန်ကို အထင်ကြီးလေးစားစွာ ကြည့်နေသည်။
"ရှယန်နန် မင်းကို ငါ လွှတ်မပေးဘူး ကျိုးမိသားစုက မင်းကို အဆုံးထိ တိုက်ခိုက်သွားမှာ။"
ဈေးဝယ်စင်တာအနီးရှိ စတားဘတ်စ်ကော်ဖီဆိုင်။
"ဘာ ရဲတွေက ကျွန်မကို စိတ်ရောဂါသည် လူသတ်သမားလို့ သံသယဝင်နေတာ ဟုတ်လား။"
ရှယန်နန်မှာ ဒေါသထွက်လွန်း၍ တုန်ရီနေသည်။
"ဒါက ဖြစ်နိုင်ပါ့မလား သူတို့ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲမယ် စိတ်တိုလိုက်တာ။"
"ကဲပါ ယန်နန် စိတ်လျှော့ပါ။"
ယဲ့ချန်က ဖြောင်းဖြပေးသည်။
"ဆရာကြီး ကျွန်မ တကယ် ဘာမှ မလုပ်ခဲ့ပါဘူး။ ကျွန်မက ဥပဒေနဲ့အညီ နေတဲ့သူပါ။ လူသတ်ဖို့ဆိုတာမပြောနဲ့ ကြက်တောင် မသတ်ရဲတဲ့သူပါ။"
ရှယန်နန်၏ မျက်လုံးများမှာ အပြစ်ကင်းစင်သော သမင်ငယ်လေးကဲ့သို့ ဖြစ်နေသည်။
"စိတ်မပူပါနဲ့။ ငါ ယုံပါတယ်။"
"ဆရာကြီး ယုံပေမဲ့ ရဲတွေက မယုံကြဘူးလေ။ ကျွန်မကတော့ ကံဆိုးလိုက်တာ မဟုတ်တာအတွက် အပြစ်ပေးခံရတော့မလို ဖြစ်နေပြီ။"
"ယန်နန်ဒါတွေက ကံကြမ္မာပဲ။ ရှောင်လို့မရဘူး။"
"မင်း ဒီဒုက္ခကို ကြုံရတော့မှာပဲ။ ရှောင်လို့မရရင် ရင်ဆိုင်လိုက်တာ ပိုကောင်းတယ်။ စိတ်မပူနဲ့ ငါကူညီမယ်။ တစ်ရက်အတွင်း ကျိုးဟွေလီကို ရှာတွေ့အောင် လုပ်ပေးမယ်။"
ရှယန်နန်မှာ အလွန်တုန်လှုပ်ချောက်ချားသွားပြီး သူမ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်မီးတောက်များ ထွက်ပေါ်လာသည်။ ဆရာဆိုတာ အစွမ်းကုန် တတ်ကျွမ်းသူမှန်း သူမ သိသည်။
"ဆရာကြီး တစ်ရက်ဆို လုံလောက်ပါ့မလား။"
ယဲ့ချန် ခေါင်းညိတ်လိုက်သည်။
"ဆရာကြီး တစ်ခုခု အစအန ရထားလား။"
ရှယန်နန်က စိတ်ကို တည်ငြိမ်အောင် ထားကာ မေးသည်။
"ယန်နန် အဲ့ဒီညကငါပြောတာ မှတ်မိလား။ ကျိုးဟွေလီနဲ့ နောက်ထပ် မပတ်သက်ဖို့ ငါပြောခဲ့တယ်လေ။"
"မှတ်မိပါတယ်။"
"ကျိုးဟွေလီ ထွက်သွားတုန်းကလည်း သူ့ကို အမျိုးသမီးတွေနဲ့ သုံးနှစ်လောက် ဝေးဝေးနေဖို့ ငါသတိပေးခဲ့တာ။ သူက ဒီလောက် မြန်မြန် ထောင်ချောက်ထဲ ကျသွားလိမ့်မယ်လို့ မထင်ထားမိဘူး။"
"ကျိုးဟွေလီကို တကယ် ဘာဖြစ်သွားတာလဲ။"
"သူ့လည်ပင်းမှာ တစ္ဆေအနမ်းရှိနေတယ်။ ငါပြောတာမမှားဘူးဆိုရင် သူ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ပူးကပ်ခြင်းကို ခံထားရတာ။ နောက်ပြီး သူ့ဆီက ယန်စွမ်းအင်တွေကို အကုန်စုပ်ယူထားတဲ့ အမျိုးသမီးတစ္ဆေတစ်ကောင် ဖြစ်ဖို့ များတယ်။ သူ့ရဲ့ အသက်မီးအိမ် တစ်ခုတောင် ငြိမ်းသွားလုနီးပါးပဲ။"
ယဲ့ချန်၏ မျက်ဝန်းများမှာ စူးရှသွားသည်။
"ကျိုးဟွေလီက အဲ့ဒီ အမျိုးသမီးတစ္ဆေရဲ့ လက်ထဲမှာ ရောက်နေလောက်ပြီ။ ဒါကြောင့် ငါ ရှာတွေ့မှာက အသက်ရှင်နေတဲ့ ကျိုးဟွေလီ မဟုတ်ဘဲ သူ့အလောင်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပန်းပင်အောက်မှာ သေရတာ ရင်ခုန်စရာဆိုသလိုပဲ သူ ကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာလေ။"
"တစ္ဆေလား...အမျိုးသမီးတစ္ဆေ...."
ရှယန်နန်၏ အသံမှာ တုန်ရီနေသည်။ သူမ ကြောက်သော်လည်း စိတ်လှုပ်ရှားမှုလည်း ရှိနေသည်။
"ဒါဆို ကျွန်မတို့ ဘယ်လို ရှာကြမလဲ။"
"ငါ့မှာ နည်းလမ်း ရှိပါတယ်။"
"ယန်နန် ကျိုးဟွေလီ သုံးခဲ့တဲ့ အသုံးအဆောင်တစ်ခုခု ရှိလား ဒါမှမဟုတ် သူ့ရဲ့ မွေးသက္ကရာဇ်ကော။"
"အို ဆရာကြီး ကျွန်မ မှတ်မိပြီ။ အရင်တုန်းက ကျွန်မ မိဘတွေက ကျိုးဟွေလီနဲ့ စေ့စပ်ပေးဖို့ ကြိုးစားတုန်းက ကျွန်မတို့ နှစ်ယောက်ရဲ့ မွေးသက္ကရာဇ်ကို နတ်ဆရာဆီ သွားပြခိုင်းခဲ့တာ။အခုဖုန်းဆက်လိုက်မယ် သူက ကျိုးဟွေလီရဲ့ မွေးသက္ကရာဇ်ကို သိတယ်။"
ရှယန်နန်က ချက်ချင်း ဖုန်းဆက်လိုက်သည်။ ယဲ့ချန်က ခေါင်းညိတ်သည်။ များမကြာမီမှာပင် ကျိုးဟွေလီ၏ မွေးသက္ကရာဇ်ကို စာရွက်ပေါ်တွင် ရေးမှတ်ထားလိုက်သည်။
"ဆရာကြီး ဒီမှာပါ။"
"ကောင်းပြီ ဒါဆို ပိုလွယ်သွားပြီ။"
"ဆရာကြီး ဘယ်အချိန်သွားရှာမှာလဲ။"
"ကျိုးဟွေလီ ပျောက်ဆုံးတာက တစ္ဆေတွေနဲ့ ပတ်သက်နေတာဆိုတော့ ညဘက်မှ သွားရှာတာ အကောင်းဆုံးပဲ။ ဒီည သွားကြမယ်။"
"ဆရာကြီး ကျွန်မလည်း လိုက်မယ်။"
ရှယန်နန်က တောင်းဆိုလိုက်သည်။
"ယန်နန် ဒါက အန္တရာယ် ရှိတယ်လေ။ ဘာလို့ လိုက်ချင်ရတာလဲ။"
"ဆရာကြီး ဒီကိစ္စက ကျွန်မကြောင့် ဖြစ်လာတာဆိုတော့ ကျွန်မ လိုက်ကို လိုက်ရမယ် ဆရာကြီး နဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ချင်လို့ပါ။"
ရှယန်နန်က ပြတ်သားစွာ ပြောသည်။
"ပြီးတော့ ဆရာကြီး ရယ် ကျွန်မက ဒီနယ်ပယ်ကို စိတ်ဝင်စားတာကြာပါပြီ။ ဝါသနာဆိုတာ သိပ်မရှိပေမဲ့ ဒီလို ထူးခြားဆန်းပြားတဲ့ အရာတွေကို အရမ်းကြိုက်တာ... ကျွန်မကို ခေါ်သွားပါနော်။"
"ကစားဖို့လား ယန်နန်၊ မင်း ဦးနှောက်များ ဘာဖြစ်နေလဲ ဒါက ပျော်စရာလား။"
ယဲ့ချန် ရယ်ရခက် ငိုရခက် ဖြစ်နေသည်။
"ဆရာကြီး ရယ်... ခေါ်သွားပါနော်..."
ရှယန်နန်က အပြစ်ကင်းစင်စွာဖြင့် အမူအရာလေးလုပ်ကာ တောင်းဆိုသည်။
"ကျွန်မက အစစအရာရာ လုပ်ပေးနိုင်ပါတယ် ချွဲလည်းချွဲတတ်တယ် စိတ်လည်းကောက် တတ်တယ်... ကျွန်မကို ခေါ်သွားပါနော် ဆရာကြီး..."
"ကောင်းပါပြီ ကောင်းပါပြီ။ ခေါ်သွားမယ်။ မင်းကိုတော့ ဘာမှ ပြောမရတော့ပါဘူး။"
ယဲ့ချန်လည်း အရှုံးပေးလိုက်ရတော့သည်။