အခန်း ၁၀၀
Vol. 10 Ch. 100
အခန်း (၁၀၀) - ကျွန်မက ရှယန်နန်ပါ ယဲ့ချန်ရဲ့ ရည်းစားပါ...
"အင်း... ဒီလိုလုပ် အိပ်ခန်းထဲမှာပဲ တစ်နေရာရာမှာ ပုန်းနေလိုက်။ ငါ အပြင်ထွက်ပြီး ငါ့ မိဘတွေကို ရှင်းပြလိုက်မယ် သူတို့ ခဏနေရင် ပြန်သွားကြမှာပါ။ စိတ်မပူပါနဲ့။"
ယဲ့ချန်က ခေါင်းခါရင်း ပြောလိုက်သည်။
"ဘာဖြစ်လို့ ယောက်က္ခမတွေကို ပထမဆုံးအကြိမ် တွေ့ရမယ့်သူလို စိတ်လှုပ်ရှားနေတာလဲ။"
"မဟုတ်ဘူးလား။"
ရှယန်နန်က တိုးတိုးလေး ရေရွတ်သည်။
"ကောင်းပါပြီ ဆရာကြီးအပြင်ထွက်ပြီး တံခါးကို သေချာ ပိတ်ခဲ့ပါ။ ကျွန်မ ပုန်းနေပါ့မယ်။ တကယ်ကို ကြောက်နေတာ ဘယ်လိုပြောရမလဲတောင် မသိဘူး။ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး... အသက်တောင် ရှူရခက်ပြီး နှလုံးခုန်တာ အရမ်းမြန်နေတယ်..."
ရှယန်နန်က သူမရဲ့ ရင်ဘတ်ကို ဖိထားရင်း အသက်ကို မြန်မြန်ရှူနေသည်။ ဒီအချိန်မှာ သူမဟာ တောက်ပတဲ့ စီအီးအိုတစ်ယောက် မဟုတ်တော့ဘဲ သာမန် မိန်းကလေးတစ်ယောက်လို ဖြစ်နေသည်။
ယဲ့ချန်က အသက်ကို ဝဝရှူလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ အိပ်ခန်းအပြင်ဘက်သို့ တန်းမောင်း ထွက်သွားလိုက်သည်။ သူသည် အိပ်ခန်းတံခါးကို အသံမထွက်အောင် သေချာပိတ်လိုက်သည်။ ဧည့်ခန်းထဲတွင် ယဲ့ချန်၏ မိဘများက ဆိုဖာပေါ်တွင် ထိုင်နေကြသည်။ သူတို့နှင့်အတူ နောက်ထပ် လူသုံးယောက် ရှိနေသည်။ ထိုသုံးယောက်ထဲမှ နှစ်ယောက်ကို ယဲ့ချန် သိသည်။
အသက်အရွယ်ကြီးရင့်သော အမျိုးသမီးကြီးမှာ ယဲ့ချန်၏ မိခင်နှင့် လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သော အဒေါ်ဟွမ်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်က အဒေါ်ဟွမ်၏သားမှာ စတော့ရှယ်ယာ ရောင်းဝယ်ရန် ငွေလိုသဖြင့် ယဲ့ချန်၏ မိခင်ထံမှ ယွမ် ၁၀၀,၀၀၀ ချေးယူသွားခဲ့သည်။ အဒေါ်ဟွမ်၏သားသည် စတော့ရှယ်ယာဖြင့် အမြတ်အစွန်းများစွာ ရရှိခဲ့ပြီး တိုက်ခန်းကြီးတစ်ခန်း ဝယ်နိုင်ကာ Audi A4L ကားပါ ဝယ်နိုင်သည်အထိ ချမ်းသာနေပြီ ဖြစ်သော်လည်း ထိုငွေကို ပြန်မပေးသေးပေ။ ယဲ့ချန်၏ မိဘများအတွက် ယွမ် ၁၀၀,၀၀၀ ဆိုသည်မှာ မသေးငယ်သော ငွေပမာဏ ဖြစ်သည်။
အဒေါ်ဟွမ်နှင့်အတူ ပါလာသူမှာ သူမ၏သားဖြစ်သူ စတော့ရှယ်ယာပွဲစား ထုံဟွမ် ဖြစ်သည်။ သူသည် ယဲ့ချန်ထက် အသက်နည်းနည်း ပိုကြီးပြီး ဒီနေ့တော့ အနီရောင် Armani ဘောင်းဘီ တောက်ပစွာ ဝတ်ဆင်ထားသည်။ သူ့ဘေးတွင်မူ လှပသော မိန်းကလေးတစ်ယောက် ထိုင်နေသည်။ သူမမှာ မျက်နှာတွင် မိတ်ကပ်များ အလွန်အကျွံ လိမ်းထားပြီး လူမှုကွန်ရက်ပေါ်တွင် လူသိများသော Influencer မျက်နှာပေါက်မျိုး ဖြစ်သည်။
"အော် ရှောင်ချန် ဒီနေ့ ကျောင်းမသွားဘူးလား။"
ယဲ့ချန်၏ ဖခင်က အံ့အားသင့်စွာ မေးသည်။
"အတန်းပျက်ပြန်ပြီပေါ့။"
"အော် ဒီနေ့ နေမကောင်းလို့ ကျောင်းမသွားချင်လို့ပါ။"
ယဲ့ချန်က ပေါ့ပေါ့ပါးပါး ဖြေသည်။
"ဘယ်နေရာ နေမကောင်းတာလဲ အအေးမိတာလား ဖျားတာလား။ ဆေးသောက်ပြီးပြီလား။"
ယဲ့ချန်၏ မိခင်က စိုးရိမ်တကြီး မေးမြန်းသည်။
"အဆင်ပြေပါတယ်။ ဆေး သောက်ထားပြီးပြီ။"
"ရှောင်ချန် အဒေါ်ဟွမ်တို့ မိသားစု ဒီနေ့ လာလည်ကြတာ ညစာ အတူတူ စားကြမယ်လေ။"
ယဲ့ချန်သည် မိခင်၏ ရည်ရွယ်ချက်ကို သိသည်။ ထိုငွေ ၁၀၀,၀၀၀ ကိစ္စပင် ဖြစ်သည်။ ယဲ့ချန်က မိခင်ကို သိကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"အဒေါ်ဟွမ် အစ်ကိုထုံဟွမ်၊ မင်္ဂလာပါ။ ပြီးတော့ ဒီတစ်ယောက်က။"
ယဲ့ချန်က Influencer မျက်နှာပေါက် မိန်းကလေးကို ညွှန်ပြကာ မေးသည်။
"အော် ရှောင်ချန် ဒါက အဒေါ်ရဲ့သား ရည်းစားလေ။ ဘယ်လိုလဲ။"
"လှပါတယ်။"
ယဲ့ချန်က ပြုံး၍ ပြောသည်။
"မိန်းကလေးက လှသားပဲ။ငါ ရှောင်ချန်ရဲ့ အနာဂတ် ရည်းစားသာ မေဖန်းလို လှရင် ပျော်မှာပဲ။"
ယဲ့ချန်၏ မိခင်က ပြောသည်။
"ဟုတ်တယ် တကယ်ပါ။"
ဖခင်ကလည်း ထောက်ခံသည်။
"ရှောင်ချန်... ဟားဟားဟား..."
ထုံဟွမ်က အထင်သေးစွာ ရယ်မောသည်။
"ရှောင်ချန်က ရုပ်ချောပေမဲ့ စိတ်နေစိတ်ထားက သိပ်မရှိဘူး။ သိပ်အေးလွန်းတယ်။ အခုခေတ် မိန်းကလေးတွေက အဲ့လိုလူမျိုးကို မကြိုက်ဘူး။ ရှောင်ချန် မင်း စာပဲ ကြိုးစားပြီး အလုပ်ကောင်းကောင်း ရှာဖို့ပဲ စိတ်ကူးပါ။ ရည်းစားကိစ္စတွေ အလောတကြီး မလုပ်နဲ့ဦး။ အခုခေတ် လူမှုပတ်ဝန်းကျင်က မကောင်းဘူး အလိမ်အညာတွေ အများကြီးပဲ။"
ထုံဟွမ်၏ လေသံမှာ ယဲ့ချန်ကို ဝေဖန်နေခြင်း ဖြစ်သည်။ ယဲ့ချန် စိတ်မသက်မသာ ဖြစ်သွားသလို မိဘများ၏ မျက်နှာမှာလည်း မသာမယာ ဖြစ်လာသည်။
"ငါတို့ ရှောင်ချန်က လှတဲ့ ရည်းစား မရနိုင်ဘူးလို့ ပြောတာလား။"
မိခင်က မျက်နှာထား တင်းမာစွာဖြင့် ပြောသည်။
"တက္ကသိုလ်မှာ လှတဲ့ ကောင်မလေးတွေ အများကြီးပါပဲ။"
"အန်တီရယ် အခုခေတ် တက္ကသိုလ်က ကောင်မလေးတွေက ပစ္စည်းဥစ္စာကိုပဲ ကြည့်ကြတာပါ။"
ထုံဟွမ်က လှောင်ပြောင်သည်။
ဧည့်ခန်းထဲတွင် အခြေအနေမှာ တင်းမာလာသည်။ တုံဟွမ်က ဒီနေ့ သူ့အိမ်အထိ လာပြီး ကြွားဝါနေတာ ဖြစ်သည်။
အကယ်၍ မင်းတကယ် တော်ရင် ငွေပြန်ဆပ်ပါလား။ ယဲ့ချန် ငွေပြန်တောင်းရန် ပြင်ဆင်နေချိန်တွင် အိပ်ခန်းတံခါး ပွင့်လာသည်။
"ဟင် ရှောင်ချန် အိမ်မှာ တခြားလူ ရှိနေတာလား။"
ဖခင်က အံ့အားသင့်စွာ မေးသည်။ ယဲ့ချန်၏ မိဘများ အဒေါ်ဟွမ်၊ မေဖန်းနှင့် ထုံဟွမ်တို့အားလုံး အိပ်ခန်းဘက်သို့ ကြည့်လိုက်ကြသည်။ သူတို့မြင်လိုက်ရသည်မှာ ဂရုတစိုက် မိတ်ကပ်ပြင်ဆင်ထားသော ရှယန်နန် ဖြစ်သည်။ သူမ၏ အလှမှာ အားလုံးကို ငေးမောသွားစေသည်။ သူမ၏ မျက်ဝန်းကြီးများသည် တောက်ပပြီး နှုတ်ခမ်းပါးလေးမှာလည်း ဆွဲဆောင်မှုရှိသည်။
"မင်္ဂလာပါ ဦးလေးနဲ့ အန်တီ..."
ရှယန်နန်က ချိုသာစွာ ပြုံးလိုက်သည်။ သူမ ရှက်ရွံ့နေသော်လည်း တည်ငြိမ်နေသည်။
"ကျွန်မက ရှယန်နန်ပါ ယဲ့ချန်ရဲ့ ရည်းစားပါရှင်။"