အခန်း (၂၁၃-၂၁၄)
Vol. 22 Ch. 213-214
အခန်း (၂၁၃) မင်း ရူးနေတာလား
"သင်္ဘော... တကယ်ပဲ သင်္ဘောလာနေတယ်… ငါ မျက်စိမှားတာ မဟုတ်ဘူးမလား"
ကျိုးချွန်းလဲ့က အသက်အငယ်ဆုံးဖြစ်ပြီး အလွန်စိတ်လှုပ်ရှားကာ အဆက်မပြတ် အော်ဟစ်နေသည်။
အခြားလူများလည်း မတ်တတ်ရပ်လိုက်ကြပြီး ထို သင်္ဘော ရှိရာ အရပ်ဆီသို့ အစွမ်းကုန် လက်ဝှေ့ယမ်းပြကြသည်။
" ငါတို့ ဒီမှာဟေ့"
"ဒီဘက်ကို ကြည့်ပါဦး… ကျွန်တော်တို့ကို ကယ်ပါဦး"
" မြင်ရရဲ့လား… ဒီမှာ လူတွေ ရှိတယ်ဗျို့"
"ကယ်ကြပါဦး"
အော်ဟစ်သံများက တစ်သံထက်တစ်သံ ပိုကျယ်လာပြီး ခွန်အားနှင့် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။ လမ်းဆုံးနေချိန်တွင် ရုတ်တရက် မျှော်လင့်ချက် ရောင်ခြည်သန်းလာသဖြင့် ယင်းက သူတို့အား ရှင်သန်ရန် တွန်းအားကို တစ်ဟုန်ထိုး ပေးစွမ်းလိုက်ခြင်း ဖြစ်သည်။
ထိုသင်္ဘောပေါ်မှ လူများက ကမ်းစပ်မှ လူများကို တွေ့သွားပုံရပြီး လမ်းကြောင်းကို ဖြည်းညှင်းစွာ ပြောင်းကာ သူတို့ဆီသို့ ချဉ်းကပ်လာသည်။
"ဘုရားရေ… ငါတို့တော့ အသက်ရှင်ပြီဟေ့"
လူအုပ်ကြီးက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
"စစ်တပ်ကများလား"
" ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးပါဘူး…တကယ့်ကို သဘောကောင်းတဲ့ သူတွေပဲ"
ကြီးမားလှသော သင်္ဘောကြီးက ကမ်းစပ်သို့ ဖြည်းညှင်းစွာ ဆိုက်ကပ်လာသည်။ သန့်ရှင်းပြီး ဆွတ်ဆွတ်ဖြူနေသော သင်္ဘောကိုယ်ထည်၊ မည်သည့် ပျက်စီးမှုမျှ မရှိသလောက်ဖြစ်နေသော လက်ရန်းတန်းများ၊ ကုန်းပတ်ပေါ်တွင် လျှော်ဖွပ်ထားသော အဝတ်အစားများပင် လှန်းထားသေးသည်။ အရင်ခောတ် ကာလ၏ ခံစားချက်များ ပြည့်နှက်နေသော ထိုမြင်ကွင်းကို ကြည့်ရင်း၊ ကမ်းစပ်မှ အဝတ်အစား စုတ်ပြတ်နေသူ အနည်းငယ်မှာ မျက်ရည်များ ဝဲတက်လာကြသည်။
ထိုအချိန်တွင် ကုန်းပတ်ပေါ်၌ လူရိပ်တစ်ခု ပေါ်လာသည်။ အလင်းရောင်ကို ကျောပေးထားသဖြင့် လူအများက သူ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း၊ သူ၏ အသံမှာ လူငယ်တစ်ယောက်၏ တက်ကြွလန်းဆန်းမှုမျိုး ပါဝင်နေသည်။
"အသက်ရှင်ကျန်ရစ်သူတွေလား"
"ဟုတ်…ဟုတ်…ဟုတ်ပါတယ်.. အသက်ရှင်ကျန်ရစ်သူတွေပါ"
အစောပိုင်းက ဆေးပညာ တတ်ကျွမ်းသော်လည်း အသုံးမဝင်ဟုဆိုကာ ဝမ်ရှစ်ရှုံးကို လှောင်ပြောင်ခဲ့သော သက်လတ်ပိုင်း အမျိုးသားက ပထမဆုံး အလျင်စလို ဝင်ဖြေလိုက်သည်။ သူ၏ အမည်မှာ ဟူဖန်ထျန်း ဖြစ်ပြီး သူ၏ ပုံစံမှာ ဒုက္ခသည်တစ်ယောက်နှင့် ဘာမျှမကွာခြားသော်လည်း လက်ကောက်ဝတ်တွင် တန်ဖိုးကြီး နာရီတစ်လုံးကို ပတ်ထားသဖြင့် ကမ္ဘာပျက်ကပ် မစတင်မီက သူ၏ ဘဝမှာ အလွန် သာယာခဲ့မည်ကို သိသာထင်ရှားစေသည်။
"ခင်ဗျားတို့ထဲမှာ ဇွန်ဘီ အကိုက်ခံထားရတာ ဒါမှမဟုတ် ကုတ်ခြစ်ခံထားရတဲ့လူ ပါသေးလား"
ကုန်းပတ်ပေါ်မှ ထိုလူငယ်က ဆက်လက် မေးမြန်းလိုက်သည်။
"မရှိပါဘူး... လုံးဝ မရှိပါဘူးဗျာ"
ဤတစ်ကြိမ် ဖြေလိုက်သူမှာ စိတ်လှုပ်ရှားနေသော ကျိုးချွန်းလဲ့ ဖြစ်သည်။
"ကျွန်တော်တို့ကို တက်ခွင့်ပြုပါလား"
"ကျွန်တော်တို့အားလုံး ကူးစက်မခံထားရပါဘူး… ကျွန်တော်တို့ ကျိန်ပြောရဲပါတယ်"
အခြားသူများကလည်း ထိုအချိန်တွင် အလွန်အမင်း အရေးတကြီး ဆူညံစွာ ပြောဆိုနေကြသည်။ သူတို့ ဗိုက်ဝအောင် မစားရသည်မှာ အတော်ကြာမြင့်နေပြီ ဖြစ်သည်။ ဤအပျော်စီးသင်္ဘောပေါ်မှ လူများ ဤမျှ တက်ကြွလန်းဆန်းနေသည်ကို ကြည့်ခြင်းအားဖြင့် သင်္ဘောပေါ်တွင် အစားအသောက်များ ပေါများစွာ ရှိနေမည်မှာ သေချာလှသည်။
ကုန်းပတ်ပေါ်မှ လူငယ်က ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်၊ ခေါင်းညိတ်ကာ ပြောလိုက်သည်
"ဒါဆိုလည်း တက်လာခဲ့ကြပါ"
"အရမ်းကောင်းတာပဲ"
"နောက်ဆုံးတော့ လူတွေနဲ့ ပြန်တွေ့ရပြီဟေ့"
"တကယ် သဘောကောင်းတဲ့လူတွေပဲ"
လူတစ်စုက အလုအယက် ပြေးသွားကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အပျော်စီးသင်္ဘောပေါ်သို့ တိုးဝှေ့ တက်သွားကြသည်။
ထိုအချိန် ကမ်းစပ်ရှိ အရိုင်းပေါက်နေသော ခြုံနွယ်ပိတ်ပေါင်းများကြားတွင် ချူဟန်သည် မြေပြင်ပေါ်၌ ဝပ်လျက် အရှေ့ဘက်မှ မြင်ကွင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ သူ၏ မျက်စိရှေ့ရှိ မြစ်၏ တစ်ဖက်ကမ်းသည် အန်းလော်မြို့ ဖြစ်ပြီး၊ အန်းလော်မြို့သို့ သွားရန် အနီးဆုံး နေရာလည်း ဖြစ်သည်။ အကယ်၍ ဤနေရာမှ မြစ်ကို မဖြတ်ကူးပါက ခရီးအများကြီး ပိုသွားရပေမည်။
ဘေးနားရှိ ဝမ်ချိုက်မှာ ပျင်းရိစွာဖြင့် မြက်ခင်းပေါ်တွင် မှောက်လျက်နေသည်။ ယုန်တစ်ကောင်၏ ပုံစံဖြစ်သော်လည်း၊ မျက်စိရှေ့ရှိ မြက်ခင်းကို နည်းနည်းလေးမျှ စိတ်ဝင်စားမှုမရှိပေ
"အသားစားချင်လိုက်တာကွာ"
ထိုအချိန်၌ အသက်ရှင်ကျန်ရစ်သူများအားလုံး အပျော်စီးသင်္ဘောပေါ်သို့ ရောက်ရှိသွားကြပြီဖြစ်ပြီး ကြီးမားမြင့်မားသော သင်္ဘောကြီးမှာလည်း ကမ်းစပ်မှ ဖြည်းညင်းစွာ ထွက်ခွာသွားသည်။ ဤသူများမှာ မြို့ထဲရှိ ဇွန်ဘီအမြောက်အမြားနှင့် ဝေးရာသို့ ရှောင်ပြေးကာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုရင်း ရေပေါ်တွင် နေထိုင်သည့် အသက်ရှင်ကျန်ရစ်သူများ ဖြစ်ပုံရသည်။
ချူဟန်ကလည်း ထိုအချိန်မှာပင် တိတ်ဆိတ်စွာ ထရပ်လိုက်ပြီး အိပ်ပျော်လုနီးပါးဖြစ်နေသော ဝမ်ချိုက်ကို ဆွဲယူကာ ရုတ်တရက် အမြန်နှုန်းကို မြှင့်တင်၍ ထိုသင်္ဘော၏ အမြီးပိုင်းသို့ ပြေးတက်သွားတော့သည်။
ဖတ်... ဖတ်... ဟူသော တိုးတိတ်သည့် အသံအနည်းငယ်နှင့်အတူ၊ ချူဟန်သည် မျက်စိတစ်မှိတ်အတွင်း အားယူ၍ တွယ်တက်သွားပြီး အပျော်စီးသင်္ဘောပေါ်သို့ အသံမထွက်စေဘဲ ဆင်းသက်လိုက်သည်။ ဤနေရာမှာ အပျော်စီးသင်္ဘော၏ ဒုတိယထပ်ဖြစ်ပြီး ဘေးနားတွင် လက်ရန်းများ ရှိသည်။ ချူဟန်၏ လက်ရှိ ကိုယ်ကာယ ကြံ့ခိုင်မှုနှင့် အမြန်နှုန်းကြောင့် ဤနေရာသို့ ဝင်ရောက်ရန်မှာ အလွန်လွယ်ကူလှသည်။
ချူဟန် မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ခံထားရသော ဝမ်ချိုက်က ဝေါ့ ခနဲ အသံပြုလိုက်ပြီးနောက် ဒလဟော အန်ချလိုက်ရာ ကြမ်းပြင်တစ်ခုလုံး ပေကျံသွားတော့သည်။
"မင်း ရူးနေတာလား"
ဝမ်ချိုက်က အန်ပြီးသည်နှင့် တစ်ပြိုင်နက် ချူဟန်ဘက်သို့ လှည့်ကာ ဆဲဆိုလိုက်သည်။
"ခုနက ဟိုလူက အပေါ်တက်ဖို့ ခေါ်တုန်းက ပုံမှန်လမ်းကနေ သွားလို့ရတာကို မင်းက ဘာတုံ့ပြန်မှုမှ မလုပ်ဘဲနဲ့၊ သင်္ဘောထွက်သွားမှ သောက်ကျိုးနည်း ခိုးတက်လာရတယ်လို့ကွာ"
ချူဟန်က ဝမ်ချိုက်ကို မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ပြီးနောက်၊ ဒုတိယထပ် ကုန်းပတ်ပေါ်ရှိ အန်ဖတ်များကို စိုက်ကြည့်ကာ ပြောလိုက်သည်
"သန့်ရှင်းရေး လုပ်လိုက်၊ ပြီးတော့ အသံတိုးတိုးလုပ်"
ဝမ်ချိုက်မှာ မှင်တက်သွားပြီး နားမလည်နိုင်ဖြစ်သွားသည်။
"နင်က ဘာလို့ ဒီလောက်တောင် သတိထားပြီး ခိုးကြောင်ခိုးဝှက် လုပ်နေရတာလဲ... ဒီသင်္ဘောပေါ်မှာ နင့်ရဲ့ မဟာရန်သူ ပါလာလို့လား"
ချူဟန်က သင်္ဘော၏ ဖွဲ့စည်းပုံကို အကဲခတ်နေရင်း ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။
"အဲဒီလိုပဲ မှတ်လိုက်ပေါ့"
ဤသင်္ဘောသည် အမှန်တကယ်တွင် ယခင်ဘဝက အလွန်နာမည်ကြီးပြီး၊ တစ်နှစ်ပတ်လုံး ဤတစ်ဝိုက်ရှိ မြစ်ပြင်ပေါ်တွင် သွားလာလှုပ်ရှားနေတတ်သည်။ အရင်က ချူဟန်သည် ကံစမ်းကြည့်ရန်သာ လာခဲ့ခြင်းဖြစ်သော်လည်း၊ တကယ်တွေ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။
"ဘာကို အဲဒီလို မှတ်လိုက်ပါလဲ"
ဝမ်ချိုက်က မကျေမနပ်ဖြစ်သွားသည်
"အချစ်ပြိုင်ဘက်များ ဖြစ်နေလို့လား"
ဤအချိန်တွင် ဟူဖန်ထျန်း၊ ကျိုးချွန်းလဲ့နှင့် ဆရာဝန်ဖြစ်သူ ဝမ်ရှစ်ရှုံးတို့သည် အခြားသော အသက်ရှင်ကျန်ရစ်သူ အနည်းငယ်နှင့်အတူ ကူးတို့သင်္ဘော၏ ကုန်းပတ်ပေါ်သို့ တက်ရောက်လာကြပြီဖြစ်သည်။ ကုန်းပတ်ပေါ်တွင် သူတို့ကို စောင့်နေသူ တစ်ယောက်တည်းသာ ရှိပြီး၊ အပေါ်ရောက်လာမှသာ အရင်က သူတို့နှင့် စကားပြောခဲ့သော ဤလူငယ်မှာ မည်မျှ မနာလိုဖြစ်စရာ ကောင်းကြောင်းကို တွေ့ရှိလိုက်ကြရသည်။
သန့်ရှင်းနေသော ရှပ်အင်္ကျီအဖြူ၊ အရင်ခေတ်ကာလကနှင့် ဘာမျှမကွာခြားသော သပ်ရပ်သည့် ဆံပင်တိုတို့ ရှိနေပြီး သူသည် ကမ္ဘာပျက်ကပ်၏ ရိုက်ခတ်မှုကို လုံးဝ မခံရသည့်ပုံ ပေါက်နေသည်။ အဘယ်ကြောင့်ဆိုသော် ဤသူမှာ မဝသော်ငြားလည်း သူတို့တစ်စုလုံး၏ အသားအရေ ဝါဖျော့ဖျော့၊ အရိုးပေါ်အရေတင်၊ ဖုတ်သရဲလို ဆံပင်စုတ်ဖွား ဖြစ်နေသည့်ပုံစံများနှင့် လုံးဝ ကွာခြားနေပြီး ကမ္ဘာနှစ်ခုမှ လူများအလား ဖြစ်နေကြသည်။
"မင်္ဂလာပါ… ကျွန်တော့်နာမည် ကျန်ကွမ်းယွမ် ပါ"
လူငယ်က မျက်မှောင်ကြုတ်လျက် လူအချို့ကို နှုတ်ဆက်လိုက်သော်လည်း သူ၏ လေသံမှာ ယဉ်ကျေးသည်ဟုတော့ ဆို၍မရပေ။
"နောက်ဆုံးအနေနဲ့ တစ်ခေါက် ထပ်မေးမယ်... ခင်ဗျားတို့ထဲမှာ ကူးစက်ခံထားရတဲ့သူ လုံးဝ မရှိဘူးဆိုတာ သေချာတယ်နော်"
"လုံးဝ မပါပါဘူး"
ဟူဖန်ထျန်းက ရှေ့ထွက်၍ အာမခံလိုက်သည်။
"မင်္ဂလာပါ ညီလေး ကျန်ကွမ်းယွမ် … ကိုယ့်နာမည်က ဟူဖန်ထျန်း ပါ… အရင်က ယင်မြို့က သားဖွားမီးယပ်ဆေးရုံ တစ်ခုရဲ့ ဆေးရုံအုပ်ကြီးပါ"
"ခင်ဗျားက ဆေးရုံအုပ်ကြီး ဟုတ်လား"
ကျန်ကွမ်းယွမ် အမည်ရှိ လူငယ်မှာ အနည်းငယ် အံ့ဩသွားပြီးနောက် ချက်ချင်းပင် မေးလိုက်သည်။
"ခင်ဗျားက ဆေးပညာ နားလည်လို့လား"
"အာ... အဲဒါကလေ... ဗိုက်ဆာနေတာ ရက်အတော်ကြာနေပြီမို့လို့ ငါ့ကို အရင်ဆုံး စားစရာလေး နည်းနည်းလောက် ပေးလို့ရမလား"
ဟူဖန်ထျန်း၏ လေသံတွင် တောင်းပန်မှုများ ပါဝင်နေသည်။
ကျန်ကွမ်းယွမ်က မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်
"ခင်ဗျားတို့ ကျွန်တော့်နောက် လိုက်ခဲ့ကြ"
လူတစ်စုက ချက်ချင်း နောက်မှ လိုက်သွားကြပြီး ကျန်ကွမ်းယွမ်နှင့်အတူ အပျော်စီးသင်္ဘော၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားကြသည်။ မှောင်မည်းနေသော စင်္ကြံလမ်းတွင် မီးအနည်းငယ်သာ ဖွင့်ထားပြီး အနီရောင် ကော်ဇောထံမှ ထူးဆန်းသော အနံ့တစ်မျိုး ထွက်ပေါ်နေကာ အပျော်စီးသင်္ဘော တစ်ခုလုံးမှာ အလွန်အမင်း တိတ်ဆိတ်နေသည်။
"သင်္ဘောပေါ်မှာ လူသိပ်မများဘူး... အသက်ရှင်တဲ့သူ ဆယ်ယောက်တောင် မပြည့်ဘူး။ လျှပ်စစ်မီး အလုံအလောက် မရှိလို့ တတ်နိုင်သမျှ မီးမဖွင့်ထားဘူး။ ဘာပဲဖြစ်ဖြစ် သင်္ဘောပေါ်မှာက လုံခြုံပါတယ်... ခင်ဗျားတို့ စိတ်ပူစရာ မလိုပါဘူး"
ကျန်ကွမ်းယွမ်က လမ်းလျှောက်ရင်း ပြောပြနေသည်။
"ဒါပေမဲ့ ခင်ဗျားတို့ တက်လာပြီးရင်တော့ သင်္ဘောပေါ်မှာ လူများသွားပြီဆိုတော့ အစားအသောက်တွေက ရှားပါးသွားနိုင်တယ်။ ပုံမှန်ဆိုရင်တော့ ကျွန်တော်တို့က ငါးဖမ်းလေ့ရှိတယ်... ခင်ဗျားတို့ သင်္ဘောပေါ်မှာ ရှင်သန်ချင်ရင် ငါးဖမ်းတာကို သင်ယူရလိမ့်မယ်"
"ဒါကတော့ သေချာပေါက် လုပ်ရမှာပေါ့"
လူအုပ်ကြီး၏ မျက်နှာပေါ်ရှိ ဝမ်းသာပျော်ရွှင်မှုများကို ဖုံးကွယ်၍မရနိုင်တော့ပေ။ ဤလူများက ဤမျှ ကောင်းမွန်စွာ နေထိုင်နိုင်ပြီး ငါးပင် စားရသေးသည်။ သူတို့မှာ ကမ်းစပ်တွင် ငါးအနည်းငယ်မျှ မဖမ်းမိခဲ့ဖူးပေ။
"ငါ ငါးဖမ်းတတ်တယ်... အရင်က ငါ ငါးခဏခဏ မျှားဖူးတယ်"
ဟူဖန်ထျန်းက အလျင်စလို ပြောလိုက်သည်။
"ငါ ဒီအလုပ်ကို ကျွမ်းကျင်တယ်... ငါ့ရဲ့ အရည်အချင်းက..."
"ကျွန်တော်ပြောတဲ့ ငါးဖမ်းတယ်ဆိုတာက လွန်ခဲ့တဲ့ သုံးလက ခင်ဗျားတို့ အပန်းဖြေစခန်းမှာ ငါးမျှားတာကို ပြောတာမဟုတ်ဘူး"
ကျန်ကွမ်းယွမ်က လှောင်ပြုံးပြုံးကာ သူ၏ စကားကို ဖြတ်ပြောလိုက်သည်။
"အခု ရေထဲက ငါးတွေက ခင်ဗျားတို့ အရင်က စူပါမားကတ်တွေမှာ တွေ့ဖူးတဲ့ ငါးတွေလို့ ထင်နေတာလား"
"ငါးတွေလည်း ရူးကုန်ကြပြီလား"
တစ်ချိန်လုံး တိတ်ဆိတ်နေပြီး စကားမပြောခဲ့သော ဝမ်ရှစ်ရှုံးက ဝင်မေးလိုက်သည်။
"ဒါပေါ့"
ကျန်ကွမ်းယွမ်က အေးစက်သော လေသံဖြင့် တံခါးပွင့်နေသော အခန်းအနည်းငယ်ကို ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ခင်ဗျားတို့ ဒီမှာ နေကြ... အခန်းတွေက အများကြီးဆိုတော့ ကိုယ့်ဟာကိုယ်ပဲ ခွဲယူလိုက်ကြတော့... အရင်ဆုံး ရေချိုးပြီးမှ ထမင်းစားရမယ်... နံစော်နေတာပဲ"
အခန်း (၂၁၄) တကယ်ကို ယုတ္တိရှိလွန်းသည်
နံစော်နေတာပဲ ဆိုသည့် စကားတစ်ခွန်းက လူအုပ်ကြီး၏ မျက်နှာများကို နီရဲသွားစေသည်။ လူတိုင်းက ထမင်းစားရန် လောနေကြပြီး ရေချိုးရန် ခွန်အား ဘယ်မှာရှိတော့မည်နည်း။ အကယ်၍ ယခု ရှေ့တွင် ရှိနေသော ကျန်ကွမ်းယွမ် အမည်ရသည့် လူငယ်လေးက အင်မတန် အင်အားကြီးမားပုံ မပေါ်ပါက၊ သူတို့သည် ဤသင်္ဘောပေါ်တွင် တိုက်ရိုက် ရှာဖွေ၊ လုယက်၊ ဓားပြတိုက်ချင်နေကြပြီ ဖြစ်သည်။ အစိမ်းလိုက် အသားဖြစ်နေလျှင်တောင် တိုက်ရိုက် မျိုချပစ်နိုင်ကြသည်။
“သေချာပေါက် သန့်ရှင်းအောင် လုပ်ပြီးမှ ထွက်လာခဲ့ပါ့မယ်”
“ကျွန်တော်တို့ ရေမြန်မြန် ချိုးလိုက်ပါ့မယ်၊ ငါးမိနစ်ဆို ရပါပြီ”
ကျန်ကွမ်းယွမ်၏ ပြတ်သားသော သဘောထားကို ကြည့်ပြီးနောက်၊ နောက်ဆုံးတွင် လူအုပ်ကြီးသည် အလျှော့ပေးရန် ရွေးချယ်လိုက်ကြသည်။ လူမဆန်လိုက်တာ၊ အရင်ဆုံး စားစရာလေး နည်းနည်းလောက် မကျွေးနိုင်ဘူးလား ဟု ဆဲရေးချင်နေကြသော်လည်း။
“မင်းတို့ ဘယ်လောက်ကြာကြာ ချိုးချိုး သဘောပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် မသန့်ရှင်းရင် ဧည့်ခန်းမကို သွားခွင့်မရှိဘူး၊ မဖြစ်မနေ သန့်ရှင်းနေရမယ်၊ ဧည့်ခန်းမက ဟိုဘက်မှာ ကိုယ့်ဘာသာ သွားရှာကြ၊ အခုက ထမင်းစားချိန် ရောက်ခါနီးပြီ”
ကျန်ကွမ်းယွမ်က ဤစကားတစ်ခွန်းကို ပြောပြီးနောက် ထွက်ခွာသွားသည်။ ထိုလူအချို့၏ နာမည်များကိုပင် မေးရန် ပျင်းရိနေပုံရသည်။
လူတစ်စုသည် ကျန်ကွမ်းယွမ်၏ သဘောထားကို ဂရုစိုက်ရန် စိတ်မဝင်စားကြတော့ဘဲ အခန်းများဆီသို့ အုံနှင့်ကျင်းနှင့် ဝင်ရောက်သွားကြသည်။ ရေချိုးသန့်စင်ပြီးပါက ထမင်းစားနိုင်မည်ကိုသာ စောင့်မျှော်နေကြသည်။
မှောင်မိုက်နေသော စင်္ကြံလမ်းတွင် လူတစ်ယောက်မှ မရှိတော့ဘဲ၊ ရေကျသံ တဝေါဝေါသာ ရှိတော့သည်။ လူအုပ်ကြီးထံမှ အပုပ်နံ့များ ထွက်ပေါ်နေပြီး၊ လူတိုင်းက အမြန်ဆုံး အချိန်ယူကာ ရေချိုးနေကြသည်။ နှစ်မိနစ်ပင် မပြည့်မီ လူတစ်ယောက် ပြေးထွက်လာကာ၊ စင်္ကြံလမ်းအတွင်း လျှင်မြန်စွာ ပြေးလွှားသွားပြီး ဇိမ်ခံသင်္ဘောပေါ်တွင် ဧည့်ခန်းမကို ရည်ရွယ်ချက်မဲ့စွာ လိုက်ရှာနေတော့သည်။
ဝမ်ရှစ်ရှုံးနှင့် ကျိုးချွန်းလဲ့တို့ နှစ်ယောက် အခန်းထဲမှ ထွက်လာချိန်တွင်တော့၊ အခန်းထဲ၌ လူအနည်းငယ်မျှသာ ကျန်ရှိတော့သည်။
“ဒီလောက်တောင် လောနေကြတာလား?”
ကျိုးချွန်းလဲ့က မှောင်မိုက်နေသော စင်္ကြံလမ်းကို ကြည့်ကာ ခြောက်ခြားစရာကောင်းသည်ဟု အမြဲခံစားနေရပြီး ကြက်သီးများပင် ထသွားသည်။ သူက ဘေးနားရှိ ဝမ်ရှစ်ရှုံးကို ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ အတူတူ သွားရအောင်”
ဝမ်ရှစ်ရှုံးက မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်လိုက်သည်။ ဤသင်္ဘောက ပုံမှန်မဟုတ်ဟု သူ အမြဲခံစားနေရသည်။
ဤအချိန်တွင် ဟူဖန်ထျန်းလည်း ထွက်လာခဲ့ပြီး၊ မောက်မာသော အမူအရာရှိသည့် သူတို့နှစ်ယောက်နှင့် အတူတကွ လျှောက်လာကြသည်။
ဇိမ်ခံသင်္ဘောကြီးက မြစ်ပြင်ပေါ်တွင် ခုတ်မောင်းနေပြီး ယခုအခါ ကမ်းစပ်နှင့် အတော်လေး အလှမ်းကွာဝေးနေပြီ ဖြစ်သည်။ ရေလှိုင်းသံများက သင်္ဘောကိုယ်ထည်ကို တဝုန်းဝုန်း ရိုက်ခတ်နေသည်။ တိတ်ဆိတ်သည်ဟုလည်း မဆိုနိုင်သလို၊ ဆူညံနေသည်ဟုလည်း မပြောနိုင်ပေ။ သို့သော် ဇိမ်ခံသင်္ဘော၏ အတွင်းပိုင်းက အလွန် ဟာလာဟင်းလင်း ဖြစ်နေပြီး၊ အတော်လှမ်းလှမ်းမှသာ မီးရောင် မှိန်မှိန်လေး တစ်ပွင့် လင်းနေသည်။ ပတ်ဝန်းကျင်က မိမိ၏ နှလုံးခုန်သံကို ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်။
ဤသုံးယောက်သား ငါးမိနစ်ခန့် လမ်းလျှောက်ပြီးနောက်၊ ဟူဖန်ထျန်းက မနေနိုင်ဘဲ ပြောလိုက်သည်။
“ဘာသင်္ဘောကြီးလဲကွာ ဒီလောက် မှောင်နေတာ လမ်းမှားတာ သုံးခါရှိနေပြီ”
“မင်းတို့ အရမ်း ထူးဆန်းနေတယ်လို့ မခံစားရဘူးလား”
ကျိုးချွန်းလဲ့က စိုးရိမ်တကြီးဖြင့် တံတွေးမြိုချလိုက်သည်။
“ငါလည်း နည်းနည်း ထူးဆန်းတယ်လို့ ခံစားရတယ်၊ အပုပ်နံ့ တစ်မျိုး ရနေတယ်၊ ပြီးတော့ နေရာတိုင်းမှာပဲ”
ဝမ်ရှစ်ရှုံးက ချက်ချင်းပင် အဓိကအချက်ကို ထောက်ပြလိုက်သည်။
သုံးယောက်သား ခြေလှမ်းများ ရပ်တန့်သွားပြီး၊ စင်္ကြံလမ်းထဲရှိ တစ်ခုတည်းသော အသံက ချက်ချင်း ပျောက်ကွယ်သွားကာ အဆုံးမဲ့ တိတ်ဆိတ်မှုသာ ကျန်ရစ်တော့သည်။
ဟူဖန်ထျန်းက စိုးရိမ်တကြီးဖြင့် ချွေးအေးများပင် ထွက်လာသည်။
“မင်းတို့က ဘာတွေ လျှောက်ပြောနေတာလဲ မြန်မြန်သွားစမ်းပါကွာ ငါ ဗိုက်ဆာလွန်းလို့ သေတော့မယ်… ပြီးတော့ ဝမ်ရှစ်ရှုံး မင်းရဲ့ အဲဒီ ဗဟုသုတတွေကို လာမကြွားနဲ့… ငါ မင်းကို ပြောလိုက်မယ်၊ ငါက သားဖွားမီးယပ်ဆေးရုံမှာ ဆေးရုံအုပ် လုပ်ခဲ့ဖူးတယ်၊ ငါသိတာတွေက မင်းထက် မနည်းဘူး၊ မင်းက သက်သက် လူကို လာခြောက်နေသလိုပဲ”
“သားဖွားမီးယပ်ဆေးရုံရဲ့ ဆေးရုံအုပ်ဆိုပဲ”
ကျိုးချွန်းလဲ့က သူ့ကို သရော်လိုက်သည်။
“အလကား အထက်က နေရာချထားပေးတဲ့လူ ဒါမှမဟုတ် တစ်ခုခုပဲ မလား ခန္ဓာကိုယ် ဖွဲ့စည်းပုံကိုတောင် ကောင်းကောင်း နားမလည်ဘဲနဲ့ ဆေးရုံအုပ်လို့တောင် သုံးနှုန်းရဲသေးတယ်နော်”
"တော်ကြတော့၊ စကားများ ရန်ဖြစ်နေရမယ့် အချိန်မဟုတ်ဘူး"
ဝမ်ရှစ်ရှုံးက ခေါင်းကိုက်စွာဖြင့် သူတို့နှစ်ယောက်ကို တားဆီးလိုက်သည်။
“ငါ့ စိတ်ထင်တာလည်း ဖြစ်နိုင်ပါတယ်”
ဝမ်ရှစ်ရှုံး၏ စကားသံ အဆုံးတွင်၊ ရုတ်တရက် ဘေးနားရှိ ဟူဖန်ထျန်းက စူးရှစွာ အော်ဟစ်လိုက်သည်။
“အား... အား... အား”
“ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ”
ကျိုးချွန်းလဲ့မှာ လန့်သွားပြီး တုန်ယင်သွားကာ စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို အလန့်တကြား ဝေ့ကြည့်လိုက်သည်။ ဟူဖန်ထျန်းက မျက်နှာချင်းဆိုင်ရှိ မှောင်မိုက်နေသော စင်္ကြံလမ်းကို လက်ညှိုးထိုးပြသည်။
“ဟို... ဟိုမှာ...... သရဲ မြင်လိုက်သလိုပဲ”
“ရူးနေလား”
ကျိုးချွန်းလဲ့က အော်ငေါက်လိုက်သည်။
“ဇွန်ဘီ တွေ့တယ်ဆိုရင်တောင် ဖြစ်နိုင်သေးတယ်၊ သရဲ ဘာသရဲလဲ အား... အား... အား... အား”
စကားပင် မဆုံးသေးမီ၊ ကျိုးချွန်းလဲ့ကလည်း ဟူဖန်ထျန်း နောက်မှကပ်၍ အကျယ်ကြီး အော်ဟစ်လိုက်ပြီး၊ လက်ချောင်းများ တုန်ယင်စွာဖြင့် မျက်နှာချင်းဆိုင်သို့ လက်ညှိုးထိုးပြလိုက်သည်။ ကမ္ဘာ့အမြင်ကို ပြောင်းပြန်လှန်ပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်လိုက်ရသည့်အလားပင်။
တစ်ဦးတည်း တည်ငြိမ်နေသေးသည့် ဝမ်ရှစ်ရှုံးလည်း ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး ကမန်းကတန်း လှမ်းကြည့်လိုက်သည်။ သို့သော် ဤတစ်ချက် ကြည့်လိုက်ရုံဖြင့် ဘေးနားရှိ နှစ်ယောက်ကို ကန်ထုတ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။
“အပိုတွေ လာလုပ်မနေနဲ့”
အဘယ်ကြောင့်ဆိုသော် စင်္ကြံလမ်း တစ်ဖက်မှ လျှောက်လာသူမှာ လူငယ်တစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်သည်။ စင်္ကြံလမ်းက မှောင်မိုက်နေပြီး ခြေသံတစ်ချက်မျှ မကြားရသဖြင့် အနည်းငယ် ခြောက်ခြားစရာ ကောင်းနေခြင်းသာ ဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူက သေချာပေါက် လူသားတစ်ယောက်သာဖြစ်ပြီး သရဲလည်းမဟုတ်၊ ဇွန်ဘီလည်း မဟုတ်ပေ။ ဤမျှလောက်အထိ ကြောက်လန့်နေကြသော ထိုနှစ်ယောက်၏ ပုံစံမှာ အလွန်တရာ အမြင်မတော်စရာ ကောင်းနေသည်။
ချူဟန်က ဤစင်္ကြံလမ်းထဲတွင် လွတ်လွတ်လပ်လပ် လျှောက်လာခဲ့ပြီး၊ မည်သူ့ကိုမျှ ဂရုစိုက်ရန် ရည်ရွယ်ချက် မရှိပေ။ ဝမ်ရှစ်ရှုံးတို့ သုံးယောက်ကို မြင်သော်လည်း ကြီးကြီးမားမား တုံ့ပြန်မှု မရှိဘဲ မျက်နှာချင်းဆိုင်သို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ စောစောက အသံကျယ်ကြီးဖြင့် အော်ဟစ်ခဲ့သော ထိုနှစ်ယောက်အပေါ်တွင်လည်း အံ့သြသွားသည့် အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။
ဝမ်ချိုက်က ချူဟန်၏ တည်ငြိမ်မှုနှင့် လုံးဝ မတူညီဘဲ၊ သူ၏ အိတ်ကပ်ထဲတွင် ထိတ်လန့်တုန်လှုပ်မလို ဖြစ်နေသည်။
“ဟေး… ဘော့စ်… ဆရာ… သခင်လေး… ခင်ဗျား စောစောကပဲ ကျွန်တော့်ကို တိတ်တိတ်နေဖို့ ပြောခဲ့တယ်မလား လူတွေ မသိအောင် သင်္ဘောပေါ် တက်လာခဲ့တာ မဟုတ်ဘူးလား… ဘာလို့ အခုကျမှ ပေါ်တင်ကြီး ထွက်လာရတာလဲ”
ချူဟန်က သူ့ကို လုံးဝ ဂရုမစိုက်ဘဲ၊ အရှေ့တွင် သက်ပြင်းချနေသေ ထိုသုံးယောက်ရှေ့သို့ လျှောက်သွားကာ သူတို့ သုံးယောက်ကို စိုက်ကြည့်လိုက်သည်။
“လူသစ်တွေလား”
“ဖူး….”
ဝမ်ချိုက်မှာ သွေးအန်တော့မလိုပင် ဖြစ်သွားသည်။
'ဒီလူ သရုပ်ဆောင်ကောင်းချက်ပဲ'
“ဟုတ်... ဟုတ်ပါတယ်”
ဟူဖန်ထျန်းက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ ချူဟန် ဝတ်ဆင်ထားသော သန့်ရှင်းသည့် အဝတ်အစားများနှင့် လုံးဝ ပိန်ချုံးမနေဘဲ သွေးရောင်လွှမ်းနေသော မျက်နှာကို ကြည့်ပြီး သူက ဤသင်္ဘောပေါ်မှာ အရင်နေထိုင်သူ ဖြစ်မည်ဟု ချက်ချင်း နားလည်သွားသည်။
“မင်းက လူကို လန့်သေအောင် လုပ်နေတာပဲ”
ကျိုးချွန်းလဲ့က မိမိ၏ ရင်ဘတ်ကို အတင်းပုတ်ကာ ပြောလိုက်သည်။
“မင်းကွာ၊ လမ်းလျှောက်ရင် အနည်းဆုံး ခြေသံလေးတော့ ပေးပါဦး”
“ပါးစပ်ပိတ်ထား”
ဟူဖန်ထျန်းက ချက်ချင်းပင် ကျိုးချွန်းလဲ့ကို အော်ငေါက်လိုက်ပြီးနောက် ချက်ချင်းပင် အလိုက်တသိ ပြုံးပြကာ ချူဟန်ကို ဖားယားလိုက်သည်။
“ဒီ... ဒီကောင်က ပါးစပ်သရမ်းလို့ပါ...... ရိုင်းပြမိတာကို ခွင့်လွှတ်ပေးပါ..အာ ဒါနဲ့၊ ခင်ဗျား နာမည် ဘယ်လိုခေါ်လဲ… ထမင်းစားခန်းမ ဘယ်မှာလဲဆိုတာ သိလား… ကျွန်တော်တို့ ရှာနေတာ ဆယ်မိနစ်တောင် ရှိပြီ မတွေ့သေးဘူး… လမ်းပျောက်နေလို့ပါ…အမယ်လေး… ဒီသင်္ဘောကြီးက တော်တော် ကြီးတာပဲနော်”
“ထမင်းစားခန်”
ချူဟန်က ခေါင်းကို စောင်းလိုက်ပြီးနောက်၊ ချက်ချင်းပင် စကားတစ်ခွန်း ပြောလိုက်သည်။
“မသိဘူး”
ဤ မသိဘူး ဆိုသည့် စကားတစ်ခွန်းက ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ထင်ရသော်လည်း၊ သုံးယောက်သားကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
“မင်းက ဒီသင်္ဘောပေါ်က လူ မဟုတ်ဘူးလား… ဘယ်လိုလုပ် မသိတာလဲ”
ဝမ်ရှစ်ရှုံးက ရှေ့နောက်မညီမှုကို ချက်ချင်း သတိပြုမိသွားသည်။
“ငတုံး… ငတုံးကြီး”
ဝမ်ချိုက်က ချူဟန်၏ အိတ်ကပ်ထဲတွင် အကျယ်ကြီး သရော်လိုက်သည်။
'ဆရာကြီး သွားလုပ်နေလို့ အလိမ်ပေါ်ပြီလေ မှတ်ပလား'
ချူဟန်က အေးအေးလူလူပင် အိတ်ကပ်ထဲ လက်နှိုက်ထားလိုက်ပြီး၊ ဝမ်ချိုက်ကို အားပြင်းပြင်းဖြင့် ဖျစ်ညှစ်လိုက်ရာ၊ ဝမ်ချိုက် တစ်ကိုယ်လုံး အတွင်းဒဏ်ရာရလုမတတ် ဖြစ်သွားသည်။
“ဟုတ်သားပဲ”
ကျိုးချွန်းလဲ့ကလည်း နောက်ဆုံးတော့ အခြေအနေကို သဘောပေါက်သွားပြီး သံသယမျက်လုံးများဖြင့် ချူဟန်ကို ကြည့်လိုက်သည်။
"ဟေ့လူ၊ ဒါဘာသဘောလဲ… မင်းက ဒီသင်္ဘောပေါ်က လူမဟုတ်ဘူးလား"
ဟူဖန်ထျန်းမှာ ကြောင်သွားပြီး ချက်ချင်း မျက်နှာပျက်သွားသည်။
"ငါတို့ကို အရူးလုပ်နေတာလား.. ဒီသင်္ဘောပေါ်ကလူမဟုတ်ဘူးမလား ငါတို့လိုပဲ အခုမှ တက်လာတဲ့ လူသစ်မလား အထာကျကျ သပ်သပ်ရပ်ရပ်လေး ဝတ်ထားတော့ လူတောင်မှားသွားတယ်"
ဟူဖန်ထျန်း၏ အလွန်အမင်း တွေးခေါ်နိုင်စွမ်းကိုမူ ချူဟန်ပင် အထင်ကြီးသွားရသည်။ သို့သော်လည်း ချူဟန်က ချက်ချင်းပင် ခေါင်းခါလိုက်သည်။
သို့သော် ချူဟန်က ချက်ချင်းပင် ခေါင်းခါလိုက်သည်
“ငါက ဒီသင်္ဘောပေါ်က လူပါ… နေလာတာ တစ်လတောင် ရှိနေပြီ”
“ဘာ…”
သုံးယောက်သားလုံး ကြောင်တောင်တောင် ဖြစ်သွားကြပြီး၊ အတော်ကြာသည်အထိ နားမလည်နိုင် ဖြစ်နေကြသည်။ ဒီလောက်ကြာကြာ နေပြီးတာတောင် ထမင်းစားခန်း ဘယ်မှာရှိလဲ မသိဘူးတဲ့လား… ဒီကောင်၊ ခေါင်းများ တစ်ခုခု ဖြစ်နေတာလား။
“မင်း ဇွတ်တရွတ် လုပ်နေတုန်းပဲလား”
ဝမ်ချိုက်မှာ ဒေါသထွက်လွန်း၍ သွေးအန်အတတ်ပင် ဖြစ်သွားသည်။
“ရှေ့နောက် ယုတ္တိရှိအောင်ပြောလို့မရဘူးလား”
ဝမ်ချိုက်ကို သေချင်စိတ်ပေါက်သွားအောင် နောက်တစ်ကြိမ် ဖျစ်ညှစ်လိုက်ပြန်ပြီးနောက်၊ ထိုသုံးယောက်ကို စဉ်းစားချိန်မပေးပဲ ချူဟန်က အလွန် တည်ကြည်သော မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ငါက လမ်းမမှတ်မိတတ်ဘူး”
စင်္ကြံလမ်းပေါ်တွင် အပ်ကျသံကိုပင် ကြားရလောက်အောင် တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားသည်။ ဝမ်ရှစ်ရှုံး၊ ကျိုးချွန်းလဲ့နှင့် ဟူဖန်ထျန်းတို့ သုံးယောက်မှာ လုံးဝ ပြန်ပြောစရာ စကားမရှိတော့ဘဲ စိတ်ထဲတွင် ချူဟန်ကို အကြိမ်ပေါင်းများစွာ ကျိန်ဆဲနေမိကြသည်။ စကားကို တစ်ခါတည်း ပြီးအောင် ပြောလိုက်လို့ မရဘူးလား။
ဝမ်ချိုက်မှာ စကားမပြောနိုင်တော့ပေ။ ဒီအကြောင်းပြချက်က တကယ်ကို သောက်ရမ်း ယုတ္တိရှိ လွန်းနေသည်။