← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အခန်း (၂၁၅) သွေးလက်ရာ

"ညီလေး… ခုနက ကိစ္စအတွက် တောင်းပန်ပါတယ်ကွာ… ဟဲဟဲဟဲ"

ဟူဖုန်ထျန်သည် အားနာလွန်းသဖြင့် မျက်နှာကြီး ရှုံ့မဲ့နေသည်။ ဤကောင်လေးက သူ့ကို တမင်သက်သက် ပညာပြနေခြင်းများလားဟု စိတ်ထဲမှ တွေးလိုက်မိသည်။ ချူဟန်က လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။

"ကောင်းပြီလေ၊ ရှေ့ကနေ လမ်းပြလိုက်"

အိမ်ရှင်တစ်ယောက်လို သဘာဝကျကျ ပြုမူနေသည့် သူ၏အနေအထားက တော်တော်လေးကို အနေရခက်စရာ ကောင်းနေသည်။ ဝမ်ရှစ်ရှုံးနှင့် ကျိုးချွန်းလဲ့တို့ အချင်းချင်း မျက်လုံးချင်းဆုံကာ အကဲခတ်ကြည့်လိုက်ကြပြီး နှစ်ယောက်စလုံး၏ မျက်လုံးထဲတွင် သတိထားစောင့်ကြည့်နေသည့် အရိပ်အယောင်များကို မြင်လိုက်ရသည်။ သင်္ဘောပေါ်မှာ တစ်လတိတိ နေခဲ့ပြီး စားသောက်ခန်းသွားတဲ့လမ်းကို မရှာတတ်တဲ့သူမျိုး တကယ်ပဲ ရှိနိုင်ပါ့မလား။

ဟူဖန်ထျန်းကတော့ လမ်းလျှောက်ရင်း ချူဟန်နှင့် ရင်းနှီးအောင် လုပ်နေသည်။

"မင်းကြည့်ရတာ အသက်လည်း သိပ်မကြီးသေးဘူး… အရင်က ဘာလုပ်တာလဲ"

"ကျောင်းသားပါ"

ချူဟန်က တိုတိုတုတ်တုတ် ပြန်ဖြေလိုက်ပြီး လမ်းလျှောက်ရင်း သန့်ရှင်းသပ်ရပ်ပုံပေါ်သော ဤအပျော်စီးသင်္ဘောကြီးကို အကဲခတ်နေသည်။

ကျောင်းသား ဟူသော စကားလုံးနှစ်လုံးကို ကြားလိုက်ရသောအခါ၊ ဟူဖန်ထျန်းက ချက်ချင်းပင် ချူဟန်ကို ဘာစွမ်းရည်မှမရှိသော လူငယ်လေးတစ်ယောက်အဖြစ် သတ်မှတ်လိုက်သည်။ ကျိုးချွန်းလဲ့ နှင့် အတူတူပင် ဖြစ်သည်။ ယခု ဤနေရာရှိ လူလေးယောက်ထဲတွင် အစစ်အမှန် ဗဟုသုတနှင့် နည်းပညာ ကျွမ်းကျင်သူမှာ ဝမ်ရှီးရှုံး တစ်ယောက်သာ ရှိပေမည်။ ဟူဖန်ထျန်း ကိုယ်တိုင်မှာလည်း အရင်က ဆေးရုံအုပ် ဟူသော ရာထူးဖြင့် လူများကို ဖိနှိပ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင်တော့ အဖက်မလုပ်ခံရတော့ပေ။ လေးယောက်သား သိပ်မကြာခင်မှာပင် လမ်းညွှန်ဆိုင်းဘုတ်ကို မြင်တွေ့လိုက်ရသည်။

"ဘယ်ဘက်ကို သွားရင် ထမင်းစားခန်းပဲ"

ကျိုးချွန်းလဲ့က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။ ဆာလောင်မွတ်သိပ်မှုက သူ့ကို ထိုနေရာသို့ ချက်ချင်း ရောက်သွားချင်စိတ် ပေါက်စေပြီး ကြီးကျယ်ခမ်းနားသော ညစာကို စိတ်ကူးယဉ်နေမိသည်။

"တော်သေးတာပေါ့ကွာ"

ဟူဖန်ထျန်းကလည်း အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ သူက ပိန်ချုံးပြီး ခြောက်ကပ်နေသော သူ၏ဗိုက်ကို ပွတ်သပ်လိုက်သည်။ လွန်ခဲ့တဲ့ သုံးလက သူ၏ခန္ဓာကိုယ်မှာ အလွန် ဝဖြိုးခဲ့သော်လည်း ယခုတော့ ဝါးလုံးတစ်ချောင်းလို ဖြစ်သွားခဲ့ပြီ။ သို့သော်လည်း ဝမ်ရှစ်ရှုံးက ရုတ်တရက် စကားပြောလာသည်။

"မင်းတို့ ထူးဆန်းတယ်လို့ မထင်ဘူးလား လမ်းလျှောက်လာတာ ဒီလောက်ကြာနေပြီ တစ်ယောက်မှ မတွေ့ရဘူး၊ ငါတို့လူတွေ ဘယ်ရောက်သွားကြတာလဲ"

ချူဟန် က သူ့ထံသို့ တိတ်ဆိတ်စွာ အကြည့်ရောက်သွားသည်။ သူ၏ မျက်ဝန်းထဲတွင် အံ့ဩမှုတစ်ခုက တစ်ခဏမျှ ဖြတ်ပြေးသွားသည်။

'ဒီလူ... တော်တော်လေး တည်ငြိမ်တာပဲ'

" အဓိပ္ပာယ်မရှိတာတွေ လျှောက်တွေးမနေပါနဲ့လား"

ဟူဖုန်ထျန် က စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်သည်။

"အရင်ကလည်း ဒါက မသင်္ကာစရာ ဟိုဟာက မသင်္ကာစရာ ပြောနေပြီး အခုလည်း လူကို ထပ်ခြောက်နေပြန်ပြီ… သူတို့က စားသောက်ခန်းကို အစောကြီးကတည်းက ရောက်နေလောက်ပြီ…အချိန်ဖြုန်းမနေနဲ့တော့… မင်းက ငါ ငတ်သေတာကို မြင်ချင်နေတာလား"

ဝမ်ရှစ်ရှုံးက ခေါင်းခါလိုက်သည်။

" သတိထားတာတော့ အကောင်းဆုံးပါပဲ"

ထိုသို့ပြောပြီးနောက်၊ သူက ချူဟန်ကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်သည်။

ချူဟန် မှာ လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး မိမိနှင့် မသက်ဆိုင်သကဲ့သို့ ဟန်ပန်ကို ထိန်းသိမ်းထားသည်။ သို့သော် ရင်ထဲတွင်မူ သက်ပြင်းချနေမိသည်။

'သင်္ဘောပေါ်ကလူလို့ အပိုတွေ လျှောက်ပြောမိတာ မှားတာပဲ… ဒီ ဝမ်ရှီးရှုံး ဆိုတဲ့လူက တော်တော်လေး အကင်းပါးတာပဲ'

"သတိထား သတိထား မင်း ခွဲစိတ်မှုတွေ လုပ်လွန်းလို့ ရူးသွားပြီလား" ဟူဖုန်ထျန် က ဒေါသတကြီး အော်ဟစ်လိုက်သည်။

" ဒီခေါင်းမာတဲ့ကောင်က သတိထားဖို့လောက်ပဲ သိတာလား…. အခြေအနေကို နည်းနည်းပါးပါး ကြည့်လုပ်ပါဦး"

"ဟုတ်ပါတယ်… ခင်ဗျားက ခေါင်းမမာဘူး… အခြေအနေလည်း ကြည့်တတ်တယ်… ဆေးရုံအုပ် ဖြစ်နေပြီးတော့ တကယ့် အရည်အချင်းမှ မရှိတာ"

ကျိုးချွန်းလဲ့က ချက်ချင်း ပြန်လည် ခနဲ့လိုက်သည်။ ဟူဖုန်ထျန်း၏ အရည်အချင်းမရှိမှုကို သူ စောစောကတည်းက ရိပ်မိနေခဲ့ခြင်း ဖြစ်သည်။

"မင်း ပါးစပ်ပိတ်ထားစမ်း.. ဒီနေရာမှာ မင်းပြောစရာ အကြောင်းမရှိဘူး"

နှစ်ပေါင်းများစွာ ရာထူးကြီးကြီး ယူခဲ့သော ဟူဖုန်ထျန် က မညှာမတာ ဆဲရေးတိုင်းထွာလိုက်သည်။

" မင်းလည်း ဒီ ချူဟန် ဆိုတဲ့ ကောင်လေးလိုပဲ ဘာမှ အသုံးမကျတဲ့ အမှိုက်ကောင်ပဲ… တစ်ယောက်က ဘာမှနားမလည်ဘူး… နောက်တစ်ယောက်က လမ်းမှားတတ်လို့ ငါ့ကို လမ်းပြခိုင်းနေရတယ်"

"ဖူး…"

ဝမ်ချိုက်က ချူဟန်၏ စိတ်ထဲတွင် အားပါးတရ ရယ်မောလိုက်သည်။

‘ဒီလိုလည်း ပြောခံရတာပဲလား’

ချူဟန်က ဟူဖန်ထျန်းကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ ဒီလူ ရူးနေတာလား… သူက ဘာမှမလုပ်ဘဲနဲ့တောင် အလကားနေရင်း အပြောခံ ရခြင်းမှာ သူ့အတွက်လည်း ပထမဆုံးအကြိမ် ဖြစ်သည်။ ချူဟန် ခေါင်းခါလိုက်ပြီး လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။ သူ သင်္ဘောပေါ် တက်လာတာက အခြား ရှိသောကြောင့် ဖြစ်သည်။

"ကဲပါ တော်ကြတော့"

ဝမ်ရှစ်ရှုံး သည် ထပ်မံ ပြန်ပြောရန် ပြင်နေသော ကျိုးချွန်းလဲ့ ကို တားဆီးလိုက်ပြီး ရှေ့ရှိ တံခါးကြီးကို လက်ညိုးထိုးပြလိုက်သည်။

" ရောက်ပြီ… အရင်ဆုံး ဗိုက်ဖြည့်ကြတာပေါ့"

"ဟွန့်"

ဟူဖန်ထျန်းက ပထမဆုံး ရှေ့သို့ထွက်သွားပြီး တံခါးကို တွန်းဖွင့်ကာ ဝင်သွားလေသည်။ အခြားသူများကလည်း သူ့နောက်မှ ကပ်လျက် လိုက်သွားကြသည်။ ချူဟန်က တံခါးရှေ့တွင် တစ်စက္ကန့်မျှ ရပ်တန့်သွားပြီး၊ ဟာလာဟင်းလင်းဖြစ်ကာ မှောင်မိုက်နေသော စင်္ကြံလမ်းကို လှည့်ကြည့်လိုက်ပြီးမှ အတွင်းသို့ ဝင်သွားလိုက်သည်။

ထမင်းစားခန်းမှာလည်း မှောင်မိုက်နေဆဲပင် ဖြစ်သည်။ ကျယ်ဝန်းသော ခန်းမကြီးထဲတွင် မီးလုံးငယ်လေး တစ်လုံးသာ ဖွင့်ထားပြီး၊ နေရာတစ်ခုလုံးက ထူးထူးခြားခြား ကြောက်စရာကောင်းနေသည်။ တစ်ယောက်မှ မရှိဘဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ ထိုအချိန်ရောက်မှသာ ဟူဖန်ထျန်းက ပုံမှန်မဟုတ်မှုကို သတိထားမိသွားသည်။

"ဘာလို့ လူတစ်ယောက်မှ မရှိတာလဲ"

စိတ်ကူးယဉ်ထားသကဲ့သို့ လူအများအပြား အစားအသောက်များကို လုယက်စားသောက်နေပြီး စားစရာ ဘာမှမကျန်တော့သော မြင်ကွင်းမျိုး လုံးဝ မရှိပေ။ ထိုနေရာသည် လုံးဝကို လူသူကင်းမဲ့နေခဲ့သည်။

"တကယ်ပဲ သရဲရှိနေတာလား"

ကျိုးချွန်းလဲ့က ရုတ်တရက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ဝမ်ရှစ်ရှုံးက ချူဟန်နှင့် ချက်ချင်း ခပ်ခွာခွာ နေလိုက်ပြီး၊ စစ်ဆေးမေးမြန်းသည့် လေသံမျိုးဖြင့် မေးလိုက်သည်။

" မင်းက ဒီသင်္ဘောပေါ်က လူမဟုတ်လား… ဒီသင်္ဘောက ဘာတွေဖြစ်နေတာလဲ… ငါတို့လူတွေ ဘယ်ပျောက်သွားကြတာလဲ"

ဝမ်ရှစ်ရှုံး၏ စကားကြောင့် ကျန်နှစ်ယောက်လည်း သတိဝင်လာကြပြီး၊ သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ အဝေးသို့ ရုတ်တရက် ဆုတ်သွားကြကာ၊ ကြောက်ရွံ့မှုများ ရောယှက်နေသော မျက်ဝန်းများဖြင့် ချူဟန်ကို စိုက်ကြည့်နေကြသည်။

"ငါက လူကောင်းပါ"

ချူဟန်က အမှန်တိုင်း ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ့စကားဆုံးတာနှင့် တစ်ပြိုင်နက်တည်းမှာပင်…

" ဒါ... ဒါ ဘာကြီးလဲ"

ရုတ်တရက် ကျိုးချွန်းလဲ့က ကျယ်လောင်စွာဖြင့် သူတို့ရှေ့ရှိ စားပွဲတစ်လုံးကို တုန်ရီနေသော လက်ချောင်းများဖြင့် လက်ညှိုးထိုးပြလိုက်သည်။

မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် စားပွဲပေါ်၌ ထင်ရှားသော သွေးစွန်းနေသော လက်ရာ တစ်ခု ကျန်ရစ်နေခဲ့သည်။ လူကြီးတစ်ယောက်၏ လက်အရွယ်အစားခန့်ရှိသော ထိုအရာသည် လူသူကင်းမဲ့ပြီး ကြက်သီးထဖွယ်ကောင်းသော ဤနေရာတွင် ပုံမှန်မဟုတ်သော ကြောက်ရွံ့မှုကို လှုံ့ဆော်ပေးနေတော့သည်။

"အမလေး…."

ဟူဖန်ထျန်းမှာ လန့်ဖျပ်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသော်လည်း၊ မတော်တဆ တစ်ခုခုနှင့် တိုက်မိသွားကာ ဝုန်းခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သို့သော် လဲကျသွားပြီး နောက်တစ်စက္ကန့်မှာပင် နားစည်ကွဲမတတ် စူးရှစွာ ထပ်မံ အော်ဟစ်လိုက်ပြန်သည်။

"အား….."

အော်ဟစ်သံ နှစ်ခါကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီဖြစ်သော ကျိုးချွန်းလဲ့ သည် စက်ရုပ်တစ်ရုပ်ပမာ ခေါင်းလှည့်ကြည့်လိုက်သည်။ ထို့နောက် ဟူဖန်ထျန်း နှင့်အတူ ကယောင်ကတမ်းဖြင့် အော်ဟစ်လိုက်တော့သည်။

"အား… သွေးတွေ… အရိုးတွေ"

ယခုအချိန်တွင် ကြောက်လန့်လွန်း၍ သေးထွက်ကျတော့မတတ် ဖြစ်နေသော ဟူဖန်ထျန်း၏ လက်အနီးတွင်၊ ပြောင်စင်အောင် ကိုက်စားခံထားရပြီး အပေါ်တွင် မညီညာသော သွားရာများပင် ရှိနေသည့် လူ့အရိုးတစ်ချောင်း ရှိနေသည်။

ဆေးရုံအုပ်ကြီးတစ်ဦးသည် လူ့အရိုးတစ်ချောင်းနှင့် သွေးလက်ရာလေး တစ်ခုကြောင့်ပင် ဝိညာဉ်လွင့်ထွက်သွားမတတ် ကြောက်ရွံ့တုန်လှုပ်နေချိန်တွင် သာမန်ဆရာဝန်တစ်ဦးဖြစ်သော ဝမ်ရှီးရှုံး မှာ ဆေးရုံအုပ်ဟူသော ရာထူးရှိသူထက် များစွာ ပို၍ တည်ငြိမ်နေခဲ့သည်။

ဝမ်ရှီးရှုံး ၏ စိတ်ထဲတွင်လည်း ကြီးမားသော ကြောက်ရွံ့မှုက လွှမ်းမိုးထားဆဲပင် ဖြစ်သည်။ မျက်မှောက်ရှိ ဆိုးရွားသော မြင်ကွင်းကို ကြည့်ပြီး အော်ဟစ်မသွားခဲ့သော်လည်း သူ၏ တစ်ကိုယ်လုံးမှ ကြက်သီးထဖွယ် ချွေးစေးများ သီးကျလာတော့သည်။ သူ ကြောက်ရွံ့နေသည်မှာ လူ့အရိုးနှင့် သွေးများကြောင့် မဟုတ်ပေ။ ဤအရာများကို သူက ခွဲစိတ်မှုလုပ်စဉ်က အများကြီး တွေ့ဖူးပြီးသား ဖြစ်သည်။ တကယ်တမ်း သူ့စိတ်ကို ကြောက်ရွံ့စေသည်မှာ လက်ရှိ ပတ်ဝန်းကျင် အခြေအနေနှင့် စဉ်းစား၍မရနိုင်လောက်အောင် ထူးဆန်းသော ကိစ္စရပ်များကြောင့် ဖြစ်သည်။

ထူးဆန်းလှသော အပျော်စီးသင်္ဘောကြီး၊ ထမင်းစားပွဲပေါ်မှ သွေးလက်ရာ၊ လူကို ခလုတ်တိုက်လဲစေသော မြေပြင်ပေါ်မှ လူ့အရိုး... ဒီသင်္ဘောက တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။

အလွန်အမင်း အံ့သြကြောက်လန့်ကာ ဝိညာဉ်လွင့်ထွက်မတတ် ဖြစ်နေသော သူတို့သုံးယောက်၏ အခြေအနေနှင့် မတူဘဲ၊ ချူဟန်က မူလနေရာတွင် မလှုပ်မယှက် ရပ်နေပြီး မျက်လုံးကို အသာအယာ ဝေ့ကြည့်လိုက်ရုံသာ ကြည့်လိုက်သည်။ ထို့နောက် စောစောက အော်ဟစ်သံများကြောင့် အနည်းငယ် အူသွားသော နားကို စကားပြောစရာမရှိတော့သည့်ဟန်ဖြင့် ကလော်လိုက်သည်။

'ဒီလောက် သွေးလက်ရာလေးနဲ့ လူ့အရိုးလေးကို ဒီလောက်တောင် ကြောက်ရသလား… ဒီသင်္ဘောရဲ့ အစစ်အမှန် အသွင်အပြင်ကိုသာ သိလိုက်ရင် ခင်ဗျားတို့ ငိုယိုအော်ဟစ်နေကြရလိမ့်မယ်'

"မင်းပဲ"

ဟူဖန်ထျန်းက ကြမ်းပြင်ပေါ်မှ ရုတ်တရက် ထလိုက်ပြီး ချူဟန်၏ အင်္ကျီကို ဆွဲကိုင်လိုက်သည်။

"မင်းက သင်္ဘောပေါ်မှာ သရဲလိုလို တစ္ဆေလိုလို လာလုပ်နေတာပဲ… ပြောစမ်း... ဘာရည်ရွယ်ချက်နဲ့ ဒီလိုတွေ လုပ်နေတာလဲ"

"ဟုတ်တယ်…မင်းက ဒီသင်္ဘောပေါ်က လူမဟုတ်ဘူးလား… မင်းကိုယ်တိုင် ပြောခဲ့တာလေ"

ကျိုးချွန်းလဲ့လည်း ဝင်ရောက် ထောက်ခံလိုက်သည်။

" ဒါဆိုရင် ဒါတွေက ဘာတွေလဲ ရှင်းပြစမ်း"

"ဒီကောင့်လက်ချက် မဟုတ်ဘူး"

ထိုစဉ် ဝမ်ရှစ်ရှုံးက ရုတ်တရက် ဝင်ပြောလိုက်သည်။ နဖူးတွင် ချွေးစေးများ သီးနေပြီး ရင်ခုန်သံများ မြန်ဆန်နေသော်လည်း အကျိုးအကြောင်းဆီလျော်သော လေသံဖြင့် သုံးသပ်ပြလိုက်သည်။

"ဒီသွေးလက်ရာက အရမ်းကို လတ်ဆတ်နေတယ် … အာ... မဟုတ်သေးဘူး… လတ်ဆတ်တယ် ဆိုတဲ့ စကားလုံးက မသင့်တော်ဘူး… ငါ ဆိုလိုချင်တာက ဒီသွေးတွေက မခြောက်သေးတဲ့ နွေးနေဆဲ သွေးတွေပဲ၊ ပြီးတော့ ခုလေးတင်မှ ပုံနှိပ်သွားခဲ့တာပဲ မြေပြင်ပေါ်က လူ့အရိုးကလည်း အတူတူပဲ လတ်ဆတ်နေသေးတယ်၊ ကြည့်ရတာ ဒီလူ့အရိုးပိုင်ရှင် သေဆုံးသွားတာ ဆယ်မိနစ်တောင် မပြည့်လောက်သေးဘူး"

"ဒါပေမဲ့ ချူဟန် က လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်ကတည်းက ငါတို့နဲ့ အတူတူ ရှိနေခဲ့တာလေ"

ဝမ်ရှစ်ရှုံး၏ မျက်ဝန်းများထဲတွင် လေးလံသော အရိပ်အယောင်များ ပေါ်လွင်လာသည်။

“ဘာပဲဖြစ်ဖြစ် ဒီကောင် တမင်သက်သက် ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တာပဲလေ"

အခန်း (၂၁၆) လုံးဝမှားယွင်းနေသည်

ဝမ်ရှစ်ရှုံး၏ ခွဲခြမ်းစိတ်ဖြာမှုက အကြောင်းပြချက် ခိုင်လုံလှသည်။ သူ၏ ဆေးပညာဗဟုသုတနှင့် အတွေ့အကြုံများကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ဤမျှ တိုတောင်းသော အချိန်အတွင်း လက်ရှိအခြေအနေကို သုံးသပ်ပြနိုင်ခြင်းမှာ အံ့မခန်းပင် ဖြစ်သည်။

သို့သော် ချူဟန်က ထိုအချိန်မှာပင် သက်ပြင်းချလိုက်သည်။

"လုံးဝ မှားနေတာပဲ"

"ဘာ…"

ဝမ်ရှစ်ရှုံး အံ့အားသင့်သွားသည်။

"ဘာကိုမှားရမှလဲကွ… ပေါက်ကရတွေ လျှောက်ပြောမနေနဲ့"

ဟူဖန်ထျန်းက ချူဟန်ကို ချက်ချင်း အော်ဟစ်လိုက်သည်။ အပြောသာရှိပြီး လက်တွေ့အသုံးမကျသည့် ထိုဆေးရုံအုပ်ကြီးသည် ဝမ်ရှစ်ရှုံး၏ စကားများကို ချက်ချင်းယုံကြည်သွားကာ နေရာမှ ထခုန်လိုက်ပြီး ချူဟန်၏ နှာခေါင်းတည့်တည့်သို့ လက်ညှိုးငေါက်ငေါက်ထိုးရင်း ဆိုလိုက်သည်။

"မင်းပဲ မဟုတ်လား… မင်းနဲ့ ဟို ကျန်ကွမ်းယွမ် ဆိုတဲ့ကောင် ပေါင်းပြီး ငါတို့ကို လိမ်နေတာမလား"

"ဟုတ်တယ်… သေချာပေါက် အဲဒီလိုပဲ ဖြစ်ရမယ်"

ကျိုးချွန်းလဲ့လည်း တစ်ကိုယ်လုံး တုန်ယင်နေသည်။

"မင်းတို့က ဒီသင်္ဘောပေါ်မှာ တစ္ဆေလိုလို သရဲလိုလိုနဲ့ ဘာလုပ်ဖို့ ကြံစည်နေတာလဲ… ငါတို့ လူတွေ ဘယ်ရောက်သွားပြီလဲ… ဒီလူ့အရိုးတွေနဲ့ သွေးစွန်းနေတဲ့ လက်ရာတွေက ဘယ်သူ့ဟာတွေလဲ… မင်းတို့ သတ်လိုက်တာတော့ မဟုတ်ပါဘူးနော်"

"စောစောက ကျန်ကွမ်းယွမ် ဆိုတဲ့ကောင် ဘာပြောသွားလဲ"

ဟူဖန်ထျန်းက နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သည်။ ချူဟန်ကို ကြည့်နေသော သူ၏ မျက်ဝန်းများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ရုတ်တရက် ပြည့်နှက်သွားတော့သည်။

"အဲဒီကောင်က ငါတို့ကို အရမ်းနံတယ် လို့ ပြောသွားတာ… ပြီးတော့ ရေချိုးပြီးမှ စားသောက်ခန်းကို လာခဲ့ပါလို့ပြောခဲ့တာ"

ရေချိုးခိုင်းခြင်း။ စားသောက်ဆောင်သို့ လာခိုင်းခြင်း။ သွားရာများ ဗရပွထနေသည့် ကိုက်ဖြတ်ခံထားရသော လူ့အရိုးများ။ ပျောက်ဆုံးသွားသော လုပ်ဖော်ကိုင်ဖက်များ။

အဖြစ်အပျက် တစ်ခုချင်းစီက ဆက်စပ်သွားသောအခါ အားလုံး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားလောက်အောင် ကြက်သီးမွေးညင်းများ ထသွားကြတော့သည်။

"မင်းတို့ လူသားစားတာလား"

ကျိုးချွန်းလဲ့မှာ တစ်စုံတစ်ရာကို ချက်ချင်း တွေးမိသွားပြီး ချူဟန်ကို ထိတ်လန့်တကြား ကြည့်ကာ ပြောလိုက်သည်။

"ငါ ကြုံဖူးတယ်… အရမ်းဆာလောင်လာရင် လူတွေက လူအချင်းချင်းတောင် ပြန်စားကြတာ"

ချူဟန်က သူတို့ကို ကြည့်ကာ လူသုံးယောက် ခေါင်းချင်းဆိုင်လျှင် ပညာရှိနှင့်တူသည် ဆိုသော စကားပုံက အလွန် မှန်ကန်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ သူတို့၏ စိတ်ကူးယဉ်နိုင်စွမ်းနှင့် သုံးသပ်နိုင်စွမ်းမှာ အံ့မခန်းပင် ဖြစ်သည်။ ချူဟန် ကိုယ်တိုင်ပင် ထိုအထိ မတွေးမိခဲ့ပေ။

လူသားစားသည် ဟုတ်လား။

ထိုစကားကြောင့် ဝမ်ရှစ်ရှုံးမှာ ချွေးများ ဒလဟော ကျဆင်းလာတော့သည်။ သို့သော် သူက ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားသည်။

"နေဦး... မဟုတ်သေးဘူး"

"ဒီတစ်ခါကော ဘာတွေ မဟုတ်ပြန်တာလဲ"

ဒီပါရမီရှင်ရဲ့ တရစပ် ကောက်ချက်ချနေမှုတွေကြားမှာ ချူဟန် အနည်းငယ် မျက်စိလည်သွားရသည်။

"အားလုံးပဲ... ထင်ရာမြင်ရာ တွေးပြီး မကြောက်ကြပါနဲ့… ချူဟန်က လူဆိုးဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး"

ဝမ်ရှစ်ရှုံးက ရုတ်တရက် ဝင်ပြောလိုက်သည်။

"အစ်ကိုဝမ်... ဘယ်ကို ဆိုလိုတာလဲ"

ကျိုးချွန်းလဲ့မှာ ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ယင်နေလျက် ဝမ်ရှစ်ရှုံး၏ ဘေးသို့ ကပ်သွားသည်။ ဘေးတွင်ရှိနေသော ဟူဖန်ထျန်းကလည်း ချူဟန်မှာ ရုတ်တရက် မိစ္ဆာအဖြစ် ပြောင်းလဲသွားကာ သူ့ကို ကိုက်စားမည်ကို စိုးရိမ်နေသဖြင့် ချူဟန်နှင့် ဝေးဝေးတွင် နေနေသည်။

"ဒီအရိုးတွေမှာ ကျန်ရစ်နေတဲ့ သွားရာတွေက လူ့သွားရာတွေ မဟုတ်ဘူး… ဇွန်ဘီ သွားရာတွေပဲ… ဇွန်ဘီရဲ့ သွားတွေက ဘယ်လိုပုံစံ ရှိလဲဆိုတာ ငါတို့ အားလုံး မြင်ဖူးကြတယ် မဟုတ်လား… ဒါကြောင့် ဒါက ချူဟန်ရဲ့ လက်ချက် မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် ဝမ်ရှစ်ရှုံးက ဆက်လက်၍ တွေးတောပြောဆိုလိုက်သည်။

"ဒါမှမဟုတ် သင်္ဘောပေါ်က တစ်ယောက်ယောက်များ ကူးစက်ခံထားရတာလား"

"ဘယ်သူကလဲ… သင်္ဘောပေါ်က လူတွေလား"

ကျိုးချွန်းလဲ့မှာ အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေသည်။

"ဒါမှမဟုတ် ငါတို့ လူတွေထဲကလား"

"ငါတို့ လူတွေထဲကပဲ ဖြစ်ဖို့များတယ်"

ဝမ်ရှစ်ရှုံး၏ စကားများက တဖြည်းဖြည်း လွဲချော်လာလေသည်။

"မှတ်မိကြလား… ကျန်ကွမ်းယွမ် က အစတုန်းက ငါတို့ထဲမှာ ကူးစက်ခံထားရတဲ့သူ ရှိမရှိဆိုတာကို တင်းတင်းကျပ်ကျပ် မေးခွန်းထုတ်ခဲ့တယ်… ငါက မျက်နှာဖတ်ပညာကို နည်းနည်းနားလည်တယ် … အဲဒီကောင်က အပြုအမူသာ ရိုင်းစိုင်းတာ... လူဆိုးတော့ မဟုတ်လောက်ဘူး"

"မင်းက မျက်နှာဖတ်ပညာကို သောက်ရမ်း ကျွမ်းနေတာပေါ့လေ"

ဟူဖန်ထျန်း ဆွံ့အသွားတော့သည်။ သူ ဝင်ပြောစရာ စကားတစ်ခွန်းမျှပင် မရှိတော့ကြောင်း သတိထားမိလိုက်သည်။ အမှန်တကယ်တော့ ဝမ်ရှစ်ရှုံး ပြောနေသည့် စကားများကို သူ နည်းနည်းလေးမျှ နားမလည်ခဲ့ပေ။ ဆေးရုံအုပ်ဟောင်း တစ်ယောက်ဖြစ်သော်လည်း ကျိုးချွန်းလဲ့ ပြောခဲ့သလို သူ၏ ခေါင်းထဲတွင် မည်သည့် အစစ်အမှန် အသိပညာမှ ရှိမနေခဲ့ပေ။

"နည်းနည်းပါပဲ… အားလပ်ချိန်မှာ လေ့လာဖူးလို့ပါ"

ဝမ်ရှစ်ရှုံးက ပြောရင်း ချူဟန်ကို ကြည့်လိုက်သည်။

"ငါတို့ လူတွေထဲက တစ်ယောက်ယောက် ကူးစက်ခံထားရပြီး အဲဒီကိစ္စကို ဖုံးကွယ်ထားတာ သေချာတယ်… အရင်ကတည်းက ငါ သတိထားမိတာ တစ်ခုရှိတယ်… အမြဲတမ်း ကြောက်ရွံ့တုန်လှုပ်နေပြီး ရေထဲဆင်းရင်တောင် သူ့သားကို လုံးဝ ဖော်မပြတဲ့ ကောင်တစ်ကောင် ရှိတယ်… သေချာပေါက် အဲဒီကောင်ပဲ ဖြစ်ရမယ်… ဇွန်ဘီဗိုင်းရပ်စ်က အများဆုံး တစ်လအထိ ခိုအောင်းနေနိုင်တယ်… ဒါက လွန်ခဲ့တဲ့ သုံးလအတွင်း ငါ လေ့လာတွေ့ရှိထားတဲ့ သုတေသန ရလဒ်ပဲ… ချက်ချင်း ရောဂါလက္ခဏာ မပြလို့ ငါတို့ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်တယ်"

"မင်းကို သံသယဝင်မိတဲ့အတွက် တောင်းပန်ပါတယ်"

ဝမ်ရှစ်ရှုံး၏ စကားများကို အကြွင်းမဲ့ ယုံကြည်နေသော ကျိုးချွန်းလဲ့က ချူဟန်ကို ချက်ချင်း တောင်းပန်လိုက်သည်။

"ငါလည်း တောင်းပန်ပါတယ်… ခုနက ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမိတဲ့အတွက် ဆောရီးပဲ… ငါတို့ လူတွေထဲက တစ်ယောက် ကူးစက်ခံလိုက်ရလို့ မင်းတို့ကိုပါ ဒုက္ခပေးမိသလို ဖြစ်သွားပြီ… တကယ် အားနာပါတယ်"

ဝမ်ရှစ်ရှုံးကလည်း ချက်ချင်း တောင်းပန်လိုက်သည်။

ချူဟန် ခေတ္တမျှ ကြောင်အသွားသော်လည်း ချက်ချင်းပင် ဆွံ့အသွားသော အကြည့်ဖြင့် ဝမ်ရှစ်ရှုံးကို ကြည့်လိုက်သည်။

"ဒါလည်း လုံးဝ မှားနေပြန်ပြီ"

"ဘာပြောတယ်"

ဝမ်ရှစ်ရှုံး ကြောင်အသွားသည်။ စောစောက သွေးစွန်းနေသော လက်ရာနှင့် လူ့အရိုးများကို ခွဲခြမ်းစိတ်ဖြာပြချိန်ကလည်း ချူဟန်က လုံးဝ ငြင်းပယ်ခဲ့သည်။ ယခု ချူဟန်ကို အပြစ်ကင်းရှင်းကြောင်း ရှင်းပြပေးခဲ့သည်ကိုပင် အဘယ်ကြောင့် သူက ထပ်မံ ငြင်းပယ်နေပြန်သနည်း။

"ပထမအချက်..."

ချူဟန်မှာ လက်တစ်ချောင်း ထောင်ပြကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဒီသွေးစွန်းနေတဲ့ လက်ရာတွေက လွန်ခဲ့တဲ့ ငါးမိနစ်က လတ်ဆတ်တဲ့သွေးတွေ မဟုတ်ဘူး… ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ လူ့အရိုးတွေကလည်း လွန်ခဲ့တဲ့ ဆယ်မိနစ်ကမှ သေသွားတဲ့သူရဲ့ အရိုးတွေ မဟုတ်ဘူး"

"မဖြစ်နိုင်တာ"

ဝမ်ရှစ်ရှုံး၏ မျက်နှာက တင်းမာသွားသည်။

"ငါက ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက်ကွ…ငါ အရင်က..."

"ခင်ဗျားက အရင်တုန်းက ဆေးပညာနဲ့ ပတ်သက်တဲ့ သုတေသနတွေမှာ ဘယ်လောက်ပဲ အောင်မြင်မှုတွေ ရခဲ့ရခဲ့... ကျွန်တော် မသိဘူး… ဒါပေမဲ့ ဒီတစ်ခါ ခင်ဗျားရဲ့ သုံးသပ်ချက်ကတော့ လုံးဝ မှားယွင်းနေတယ်"

ချူဟန်က သူ၏ စကားကို အတင်း ဖြတ်ပြောလိုက်ပြီး ထိုလူသုံးယောက် ပြန်လည်တုံ့ပြန်ရန် အခွင့်အရေး မပေးဘဲ ဆက်ပြောလိုက်သည်။

"ခင်ဗျားတို့တွေ... အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီ ဆိုတာကို မေ့နေကြတာလား… လူသားတွေရဲ့ မျိုးရိုးဗီဇက ပြောင်းလဲနေပြီ… လွန်ခဲ့တဲ့ သုံးလက သီအိုရီတွေနဲ့ အခြေခံ သဘောတရားတွေက အခုချိန်မှာ လုံးဝ အသုံးမဝင်တော့ဘူး… ခင်ဗျားတို့ မျက်စိရှေ့မှာ မြင်နေရတဲ့ ဒီသွေးစွန်းနေတဲ့ လက်ရာတွေက မနေ့က ဟာတွေပဲ… ကြမ်းပြင်ပေါ်က လူ့အရိုးတွေက လွန်ခဲ့တဲ့ သုံးရက်က ဟာတွေ…. ယုံတာ မယုံတာကတော့ ခင်ဗျားတို့ သဘောပဲ… ဒါပေမဲ့ ကျွန်တော်ကတော့ အမှန်တရားကို ပြောနေတာပဲ… ဆောရီးပဲ... ကမ္ဘာပျက်ကပ်နဲ့ ပတ်သက်တဲ့ အရာတွေကိုတော့ ကျွန်တော်က ခင်ဗျားတို့ထက် ပိုသိတယ်"

ထိုစကားများကို ကြားလိုက်ရသောအခါ ဝမ်ရှစ်ရှုံး လုံးဝ အံ့အားသင့်သွားတော့သည်။

"ဘာ...မနေ့က... လွန်ခဲ့တဲ့ သုံးရက်က ဟုတ်လား"

ဝမ်ရှစ်ရှုံးအပေါ် အနည်းငယ်မျှ လေးစားစိတ် ရှိနေသေးသဖြင့် ချူဟန် ဆက်ပြောလိုက်သည်။

"တကယ်လို့ နောင်တစ်ချိန် အခြေအနေပေးလို့ ခင်ဗျား ဒီသုတေသနတွေကို ဆက်လုပ်ခွင့်ရခဲ့မယ်ဆိုရင် ကျွန်တော် ပြောခဲ့တာတွေက အမှန်ပဲ ဆိုတာကို သိလာပါလိမ့်မယ်… ဒါပေမဲ့... အခုချိန်မှာ ဒါတွေကို ပြောနေလို့လည်း အဓိပ္ပာယ်မရှိဘူး… အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ ရန်သူတွေကို ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာကို အရင်ဆုံး စဉ်းစားသင့်တယ်"

"ရန်သူ ဟုတ်လား… အမှောင်ထဲမှာ ပုန်းကွယ်နေတာလား..."

ကျိုးချွန်းလဲ့မှာ ထိုစကားကို သိပ်နားမလည်နိုင် ဖြစ်နေသည်။

"ရန်သူက ဘယ်သူလဲ… ဘယ်နေရာမှာ ရှိနေလဲ ဆိုတာကိုတော့ ကျွန်တော်လည်း မသိဘူး… ဘာပဲဖြစ်ဖြစ် အားလုံး သတိထားကြပါ"

ချူဟန်က ဂရုမစိုက်သော လေသံဖြင့် ဖြေလိုက်သည်။

"မင်းက ဒီဇိမ်ခံသင်္ဘောပေါ်မှာ နေလာတာ တစ်လတောင် ရှိနေပြီ မဟုတ်ဘူးလား"

ဟူဖန်ထျန်း ရုတ်တရက် သတိဝင်လာပြီး ပြောလိုက်သည်။

"ဘာလို့ ဒီသင်္ဘောရဲ့ အခြေအနေကို မသိရတာလဲ"

"ကျွန်တော် ပြောတာတွေကို တကယ် ယုံနေကြတာလား"

ချူဟန်က စိတ်ပျက်သွားသည့်ဟန်ဖြင့် မျက်လုံးကို အပေါ်သို့ ပင့်ကြည့်လိုက်သည်။

ထိုသို့ ဂရုမစိုက်သော တုံ့ပြန်မှုကြောင့် လူသုံးယောက်လုံး ဆွံ့အသွားကြသည်။ ဤလူငယ်က စကားကို ဖြစ်သလို ပြောလွန်းသည်။ သူတို့ကို မျိုးစုံ လှည့်စားပြီးနောက် အဆုံးတွင် မည်သည့်အရာက အမှန်ဖြစ်ပြီး မည်သည့်အရာက အလိမ်အညာဖြစ်ကြောင်းကို မည်သူမျှ မသိနိုင်တော့ပေ။

"ကောင်းပြီလေ… ဒီကိစ္စကို ခဏထားလိုက်ကြစို့"

ဝမ်ရှစ်ရှုံးက ဒေါသကို မြိုသိပ်ကာ ချူဟန်ကို ထပ်မံ မေးခွန်းထုတ်လိုက်သည်။

"ဒါဆိုလည်း ပြောစမ်းပါ… ငါ့ရဲ့ နောက်ပိုင်း သုံးသပ်ချက်တွေထဲက ဘယ်နေရာတွေက မှားနေတာလဲ… သေသေချာချာ မဖြေနိုင်ရင် လျှောက်မပြောနဲ့… ငါက ကျွမ်းကျင်သူ တစ်ယောက်ကွ"

"ဗိုင်းရပ်စ်က တစ်လလောက် ရောဂါပျိုးသက် ရှိတယ်ဆိုတာကတော့ မှန်ပါတယ်… ကျန်တာတွေကတော့ ကျွန်တော်လည်း မသိဘူး"

ချူဟန်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။

"ဒါပေမဲ့ တစ်ခုတော့ ပြောပြလိုက်မယ်… အခု... ဒီဇိမ်ခံသင်္ဘောပေါ်မှာ ဇွန်ဘီ တစ်ကောင်မှ မရှိဘူး"

ဇွန်ဘီ မရှိဘူး ဟုတ်လား။

ထိုကဲ့သို့ ပြတ်သားသော စကားကြောင့် လူသုံးယောက်လုံး မျက်လုံးပြူးသွားကြသည်။ သူတို့၏ ရင်ထဲတွင် ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားကြသည်။

ဝမ်ရှစ်ရှုံးက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော လူ့အရိုးများကို တစ်ချက် ကြည့်လိုက်သည်။ ထိုနေရာတွင် ထက်မြက်ပြီး မညီညာသော သွားရာများ ကျန်ရစ်နေသည်။ ဒါက ဇွန်ဘီ၏ သွားရာ မဟုတ်လျှင် ဘာဖြစ်နိုင်မည်နည်း။

" ရပြီ… ငါ သိပြီ "

ဟူဖန်ထျန်းက တစ်ဖက်သတ် ဆုံးဖြတ်ချက်ချလိုက်သည်။

"ဝမ်ရှစ်ရှုံး ပြောတာက မှန်ပြီး ချူဟန်က မှားနေတာပဲ… ဒီကောင် ခေါင်းနည်းနည်း မမှန်ဘူး… အားလုံးပဲ... ဒီကောင် ပြောတာတွေကို ဂရုမစိုက်ကြနဲ့"

“ဖူး...”

ချူဟန်၏ ဘောင်းဘီအိတ်ကပ်ထဲတွင် ပုန်းကွယ်နေသော ဝမ်ချိုက်က သူ၏ စိတ်ထဲတွင် နောက်တစ်ကြိမ် ရယ်သံလွှင့်လာလေသည်။

"ဟိုကောင်က နင့်ကို ဦးနှောက်မကောင်းဘူးလို့ ပြောနေတယ်နော်"

ချူဟန် မျက်လုံးများကိုသာ မှေးကျဉ်းလိုက်ပြီး မည်သည့်စကားမှ မဆိုခဲ့ပေ။

"ဒါပေမဲ့..."

ဝမ်ချိုက်က ရုတ်တရက် လေးနက်သော လေသံဖြင့် ပြောင်းပြောလိုက်သည်။

"ဒီဇိမ်ခံသင်္ဘောကြီးက ဘာဖြစ်နေတာလဲ… တစ်နေရာရာမှာ သေချာပေါက် မျိုးရိုးဗီဇပြောင်းလဲနေတဲ့ သတ္တဝါ ပုန်းကွယ်နေတာပဲ ဖြစ်ရမယ်… ဒါပေမဲ့ ထူးဆန်းတယ်… ခုနက ကျန်ကွမ်းယွမ် ဆိုတဲ့ကောင်က လူသားတစ်ယောက် မဟုတ်ဘူးလား"

All Chapters