အခန်း (၂၁၇-၂၁၈)
Vol. 22 Ch. 217-218
အခန်း (၂၁၇) သန္ဓေပြောင်း လူသား မဟုတ်ဘူး
" သန္ဓေပြောင်း လူသား မဟုတ်ဘူး"
ချူဟန်က ဝမ်ချိုက်ကို ငြင်းဆိုလိုက်သည်။
အကြည့်များဖြင့် ပတ်ဝန်းကျင်ကို တစ်ပတ်လှည့်ပတ် အကဲခတ်လိုက်ပြီးနောက် ချူဟန် အနည်းငယ် စိတ်ရှုပ်လာသည်။ အမှောင်ထဲတွင် ပုန်းကွယ်နေသောသူက ဘာလို့ ထွက်မလာသေးတာလဲ။ သူ ဤနေရာတွင် အချိန်မဖြုန်းချင်ပေ။
"နင်က သိနေပြန်ပြီပေါ့"
ဝမ်ချိုက်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
ချူဟန်၏ လုပ်ရပ်များကြောင့် ဝမ်ချိုက်မှာ ဆွံ့အသွားရသည်။ သူက စကားပြောလျှင်လည်း ရှေ့နောက်မညီ၊ မျက်နှာတစ်ချက်မပျက်ဘဲ လိမ်လည်တတ်သလို မျက်တောင်တစ်ချက်မခတ်ဘဲလည်း သတ်ဖြတ်ရဲသည်။ ထို့ပြင် ဇွမ်ဘီတစ်ကောင်ကို တွေ့လိုက်ရချိန်တွင်လည်း ဝံပုလွေတစ်ကောင်အလား အလွန်အမင်း စိတ်လှုပ်ရှားစွာ တုံ့ပြန်တတ်သေးသည်။ ဒါက သာမန်လူတစ်ယောက်၏ အပြုအမူနှင့် တုံ့ပြန်ပုံမျိုးလား။
ထို့ကြောင့် ဝမ်ချိုက်၏အမြင်တွင် ဟူဖန်ထျန်းပြောသည်မှာ မမှားပေ။ ချူဟန်က တကယ့်ကို အရူးပင် ဖြစ်သည်။
လူအနည်းငယ်မှာ ခန်းမထဲရှိ ထူးဆန်းသော အခြေအနေများကြောင့် ရင်ထဲတွင် ထိတ်လန့်နေကြစဉ်မှာပင်၊ ရုတ်တရက်...
"ကယ်ကြပါဦး"
စူးရှသော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံမှာ မိန်းမတစ်ယောက်၏ အသံဖြစ်ပြီး အလွန်စူးရှကာ သနားစရာကောင်းလှပြီး မိစ္ဆာတစ္ဆေတစ်ကောင်၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသကဲ့သို့ ဖြစ်နေသည်။ အသံလာရာ အရပ်မှာ အပြင်ဘက်စင်္ကြံလမ်းမှ ဖြစ်သည်။
ချူဟန်မှလွဲ၍ ကျန်သုံးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
"ဘာဖြစ်တာလဲ… ဘာတွေ ဖြစ်ကုန်တာလဲ"
"ဘယ်သူ့အသံလဲ"
"ငါတို့ လူတွေထဲမှာ မိန်းမ တစ်ယောက်မှ မပါပါဘူး"
မရေမတွက်နိုင်သော မေးခွန်းများက ဦးနှောက်ထဲသို့ ဝင်ရောက်လာပြီး ဤအပျော်စီးသင်္ဘော၏ ပဟေဠိကို ပို၍ ကြီးမားလာစေသည်။ သူတို့သုံးယောက်မှာ ထိတ်လန့်တုန်လှုပ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်တွင် ချူဟန်က စင်္ကြံလမ်းဆီသို့ လျင်မြန်စွာ ပြေးထွက်သွားနှင့်ပြီ ဖြစ်သည်။
"ဟဲ့ကောင်…"
ကျိုးချွန်းလဲ့မှာ အံ့ဩသွားပြီး ချူဟန်၏ လုပ်ရပ်ကို လုံးဝ နားမလည်နိုင် ဖြစ်သွားသည်။ အခု ဤအပျော်စီးသင်္ဘောကြီးက ဤမျှ အန္တရာယ်များပြီး နေရာတိုင်းတွင် ထူးဆန်းမှုများ ပြည့်နှက်နေသည်ကို သူက ဘယ်လိုလုပ် အပြင်ဘက်ကို ပြေးထွက်ရဲသနည်း။ အနည်းဆုံးတော့ ဤခန်းမထဲတွင် လူ့အရိုးတစ်ခု ရှိနေသဖြင့် အနည်းငယ် ကြောက်စရာကောင်းသော်လည်း နေရာတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ အပြင်ဘက်တွင် မည်သို့သော အန္တရာယ်မျိုးနှင့် ကြုံတွေ့ရမည်ဆိုသည်ကိုတော့ မသိနိုင်ပေ။
"မင်းတို့ ဒီမှာပဲနေခဲ့… ငါ သွားကြည့်လိုက်မယ်"
ဝမ်ရှစ်ရှုံးက ပြောပြီးသည်နှင့် ချူဟန်၏ နောက်သို့ အပြေး လိုက်သွားလေသည်။
ဟူဖန်ထျန်းနှင့် ကျိုးချွန်းလဲ့တို့ နှစ်ယောက်လုံး ကျန်ရစ်ခဲ့ကြသည်။ အကယ်၍ ဝမ်ရှစ်ရှုံးက သူတို့ကို အတူလိုက်ခဲ့ ဟု ခေါ်လျှင်ပင် သူတို့ လုံးဝ လိုက်သွားမည် မဟုတ်ပေ။ သူတို့၏ လုပ်ဖော်ကိုင်ဖက်များထဲတွင် မိန်းမ မရှိသလို၊ ဤအပျော်စီးသင်္ဘောကြီးကလည်း အလွန်ထူးဆန်းနေသောကြောင့် မူလနေရာတွင်သာ နေခြင်းက အလုံခြုံဆုံး ရွေးချယ်မှုဖြစ်သည်။
ချူဟန် ပြေးထွက်သွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှူရာပုဆိန်ကို လက်တွင် ကိုင်ဆောင်လိုက်ပြီး အသံလာရာ အရပ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်သည်။ သို့သော်လည်း သူ၏ ရင်ထဲတွင်လည်း ပဟေဠိတစ်ခု ပေါ်ပေါက်လာပြီး တစ်စုံတစ်ရာကို မိမိ လစ်လျူရှုမိသွားသကဲ့သို့ အမြဲတမ်း ခံစားနေရသည်။
ကျောဘက်မှ ဝမ်ရှစ်ရှုံး၏ ခြေသံများ ထွက်ပေါ်လာသည်။ ချူဟန် တစ်ခဏမျှ အံ့အားသင့်သွားသော်လည်း မည်သည့်စကားမှ မဆိုခဲ့ပေ။ သူတို့နှစ်ဦးသည် ရှုပ်ထွေးသော စင်္ကြံလမ်းများကို လျင်မြန်စွာ ဖြတ်သန်းသွားပြီးနောက် မကြာမီ ကြီးမားသော တံခါးကြီးတစ်ခုရှေ့သို့ ဆိုက်ရောက်လာသည်။ ဤသည်မှာ ကုန်းပတ်ဆီသို့ သွားသော တံခါးဖြစ်ပြီး ဤအပျော်စီးသင်္ဘောပေါ်တွင် ဤကဲ့သို့သော တံခါးများစွာ ရှိသည်။
ချူဟန်က တုံ့ဆိုင်းနေခြင်းအလျဉ်းမရှိဘဲ တံခါးကို ဖွင့်လိုက်ပြီး ရှေ့ဆုံးမှ ဝင်သွားလိုက်သည်။
နောက်ဘက်မှ ဝမ်ရှစ်ရှုံးသည် တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီးနောက် နံရံတွင် မှီထားသော သံတုတ်ကို ကောက်ကိုင်ကာ နောက်မှ လိုက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲတွင် ချူဟန်အပေါ် သံသယများ ပိုမို ကြီးထွားလာတော့သည်။ လျှောက်ပြောတတ်သော ကောင်လေးတစ်ယောက်နှင့် တူနေပါလျက်နှင့် တစ်စုံတစ်ယောက်က ကယ်ပါဦးဟု အော်ဟစ်သံကို ကြားလိုက်ရသောအခါ သူ၏လှုပ်ရှားမှုများက ဘာကြောင့် မိမိထက် ပိုမြန်ဆန်နေပြီး လုံးဝ တုံ့ဆိုင်းနေခြင်း မရှိရသနည်း။ ဆရာဝန်တစ်ယောက်အနေဖြင့် သူကသာ ရှေ့ဆုံးမှ ပြေးသွားသင့်သည် မဟုတ်ပါလား။
အပြင်သို့ ထွက်လိုက်သည်နှင့် ရုတ်တရက် စူးရှလာသော အလင်းရောင်ကြောင့် ချူဟန် မျက်လုံးများကို မှေးကျဉ်းလိုက်မိသည်။ အလင်းရောင်နှင့် အလျင်အမြန် အသားကျသွားပြီးနောက် သူ၏ မျက်စိရှေ့တွင် ပေါ်လာသည်မှာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ဖြစ်သည်။
ယောက်ျားမှာ အရင်က ဝမ်ရှစ်ရှုံး မြင်တွေ့ခဲ့ဖူးသော ကျန်ကွမ်းယွမ်ဖြစ်သည်။ ဤအချိန်တွင် သူသည် မီးသတ်ပုဆိန်တစ်လက်ကို မြှောက်ကိုင်ထားပြီး ထိုပုဆိန်၏ အသွားတွင် မည်းခြောက်နေသော သွေးများ ကပ်ငြိနေသည်။ သူ၏ မျက်နှာချင်းဆိုင်ရှိ နံရံထောင့်တွင် တစ်ကိုယ်လုံးကို အဝတ်ထူထူများဖြင့် လုံခြုံအောင် ဖုံးအုပ်ထားသော လူတစ်ယောက်က ခန္ဓာကိုယ်ကို ကျုံ့ထားကာ တဆတ်ဆတ် တုန်ယင်နေလေသည်။
"ကယ်ကြပါဦး… ချမ်းသာပေးပါ… ကျွန်မကို အသက်လေးတော့ ချမ်းသာပေးပါရှင်"
ဤသည်မှာ မိန်းမတစ်ယောက်ဖြစ်ပြီး စောစောက စူးရှသော အော်ဟစ်သံ၏ ပိုင်ရှင်ပင် ဖြစ်သည်။
"ကျွန်မ မသေချင်သေးဘူး…တောင်းပန်ပါတယ်… အသက်ချမ်းသာပေးပါ"
ထိုအချိန်တွင် ဝမ်ရှစ်ရှုံးလည်း ပြေးထွက်လာသည်။ သို့သော် မျက်စိရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ လုံးဝ ဆွံ့အကာ ရပ်တန့်သွားတော့သည်။
ဤမိန်းမမှာ အရင်က ဝမ်ရှစ်ရှုံးက ချူဟန်ရှေ့တွင် ရေထဲဆင်းလျှင်တောင် အရေပြားကို ပေါ်မခံဘူးဟု ပြောဆိုခဲ့သောသူ ဖြစ်သည်။ ထိုစဉ်က ဝမ်ရှစ်ရှုံးသည် ဤလူ ကူးစက်ခံထားရပြီး သူများသိသွားမည်ကို ကြောက်သောကြောင့်ဖြစ်မည်ဟု ခွဲခြမ်းစိတ်ဖြာခဲ့သည်။ သို့သော် ယခုအချိန်တွင် ဤလူ စကားပြောနိုင်ပြီး ကြောက်ရွံ့တတ်သည်ကို မြင်တွေ့လိုက်ရသည့်အပြင် သူမက သူမ၏ မူလအသံအမှန်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်သောကြောင့် ဝမ်ရှစ်ရှုံး လုံးဝ မှင်သက်သွားတော့သည်။
'ဪ... မိန်းမမှန်း မသိသာအောင်လို့ ဒီလောက် အိုက်စပ်နေတဲ့ အဝတ်ထူထူကြီးတွေကို ဝတ်ဆင်ထားခဲ့တာကိုး'
သူ နားလည်သဘောပေါက်သွားသည်။ ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် အမျိုးသမီးများ၏ ဇာတ်သိမ်းမှာ များသောအားဖြင့် ဆိုးရွားတတ်ပေသည်။ ဤအမျိုးသမီးက မိမိကိုယ်ကို ဖုံးကွယ်ရန် ကြိုးစားနေခဲ့ခြင်းမှာလည်း အပြစ်ဆိုဖွယ်ရာ မရှိပေ။
ဝမ်ရှစ်ရှုံးက စိတ်ထဲမှ ထိုသို့တွေးတောရင်း ဘေးတွင် ရပ်နေသော ချူဟန်ကို မသိမသာ ခိုးကြည့်လိုက်သည်။ သူ၏ မျက်နှာထက်တွင် အံ့အားသင့်သွားသော အရိပ်အယောင် အနည်းငယ်မျှပင် ပေါ်လွင်မနေပေ။ ဝမ်ရှစ်ရှုံးမှာ မိမိ၏ သုံးသပ်ချက်များကို သံသယဝင်လာတော့သည်။ တကယ်ပဲ ချူဟန် ပြောခဲ့သည့်အတိုင်း ဖြစ်နေမည်လား။
" ကူးစက်ခံထားရတာ မဟုတ်ဘူးလား"
ဝမ်ရှစ်ရှုံးမှာ သူ၏ ဦးနှောက်တွေးခေါ်မှုများ လုံးဝ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
"ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ… ငါတို့လူတွေထဲက တစ်ယောက်ယောက် ဇွန်ဘီ ဖြစ်သွားတာ မဟုတ်ဘူးလား"
" ဒီသင်္ဘောပေါ်မှာ ဇွန်ဘီ မရှိဘူးလို့ ငါ စောစောကတည်းက ပြောခဲ့တယ်လေ"
ချူဟန်က မျက်စောင်းထိုးကာ သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
ဝမ်ရှစ်ရှုံး၏ အိုမင်းနေသော မျက်နှာမှာ ချက်ချင်း နီမြန်းသွားသည်။ မိမိထက် အသက်တစ်ပတ်ခန့်ငယ်သော လူတစ်ယောက်၏ ပညာရပ်ပိုင်းဆိုင်ရာ သီအိုရီများဖြင့် ဖိနှိပ်ခံလိုက်ရခြင်းက သူ၏ ဘဝတစ်ဝက်ကျော်လုံးကို လုံးဝ အလကားဖြစ်သွားသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် အရှေ့ဘက်၌ ရှိနေသော အမျိုးသမီးကလည်း ချူဟန်နှင့် ဝမ်ရှစ်ရှုံးတို့ ရှိနေသည်ကို သတိထားမိသွားသည်။ သူမက မြေပြင်တွင် တွားသွားလျက် ငိုယိုအော်ဟစ်လိုက်သည်။
"ဒေါက်တာဝမ်… ကျွန်မကို ကယ်ပါဦး…. သူ ကျွန်မကို သတ်တော့မယ်"
သေချာပေါက် ဝမ်ရှစ်ရှုံးအနေဖြင့် ဤအခြေအနေကို လျစ်လျူရှုထားမည် မဟုတ်ပေ။ သူက လက်ထဲရှိ သံတုတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ခပ်လှမ်းလှမ်းတွင် ရှိနေသော ကျန်ကွမ်းယွမ်ကို ဒေါသတကြီး အော်ပြောလိုက်သည်။
"ရပ်လိုက်စမ်း… မင်း ဘာလုပ်နေတာလဲ… ဒီသင်္ဘောပေါ်မှာ ဘာတွေဖြစ်နေတာလဲ"
သို့သော် ချူဟန်သည် ထိုအချိန်တွင် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး လက်ကို မြှောက်ကာ ပုဆိန်ဖြင့် ခုတ်ချလိုက်သည်။
ရွှမ်း….
နက်မှောင်နေသော ပုဆိန်သွားက အမျိုးသမီး၏ ခန္ဓာကိုယ်ကို နက်ရှိုင်းစွာ ခုတ်ဖြတ်သွားတော့သည်။
ဗြစ်….
သွေးစက်များ လွင့်စင်ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်းပတ်၏ နေရာအတော်များများကို နီမြန်းသွားစေသည်။ အမျိုးသမီး၏ အော်ဟစ်သံများလည်း ချက်ချင်း ပျောက်ကွယ်သွားပြီး တစ်ကိုယ်လုံး သွေးအိုင်ထဲတွင် လဲကျကာ ချက်ချင်း သေဆုံးသွားသည်။ သွေးများက နွေးထွေးနေဆဲဖြစ်သော်လည်း လူက သေဆုံးသွားနှင့်ပြီ ဖြစ်သည်။
အလွန်ကို ရုတ်တရက်ဆန်လွန်းလှသော အဖြစ်အပျက်ပင်။ ချူဟန်၏ လှုပ်ရှားမှုမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် မြန်ဆန်လွန်းလှသဖြင့် တားဆီးရန် အချိန်လေးမျှပင် မည်သူမျှ မရလိုက်ပေ။ သူ၏ လက်ထဲရှိ ဧရာမ ပုဆိန်နက်ကြီးပေါ်တွင် သွေးများ စီးကျနေဆဲဖြစ်သော်လည်း သူ၏ မျက်နှာအမူအရာမှာ လူတစ်ယောက်ကို သတ်လိုက်ရသည်နှင့် မတူဘဲ ဘဲတစ်ကောင်ကို သတ်လိုက်ရသကဲ့သို့ တည်ငြိမ်နေသည်။
မျက်နှာချင်းဆိုင်ရှိ အေးစက်သော အကြည့်များရှိသည့် ကျန်ကွမ်းယွမ်၏ မျက်နှာပေါ်တွင် အံ့ဩသွားသော အမူအရာများ ပေါ်လာသည်။ ချူဟန်၏ လက်ပါမှုက ဤမျှ ပြတ်သားလိမ့်မည်ဟု သူ အနည်းငယ်မျှ မျှော်လင့်မထားခဲ့ပေ။
ချူဟန်၏ ဘေးတွင် ရပ်နေသော ဝမ်ရှစ်ရှုံးမှာမူ ခေါင်းထဲတွင် တစ်ခုခု ပေါက်ကွဲသွားသည့်အလား နားအူသွားပြီး ယိမ်းယိုင်ကာ လဲကျလုနီးပါး ဖြစ်သွားသည်။ နောက်တစ်ခဏတွင် ဒေါသအလျောက် အော်ဟစ်သံကြီးက သူ၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာတော့သည်။
"ချူဟန်… မင်း ရူးနေလား…. ဘာလို့ သူ့ကို သတ်လိုက်တာလဲ"
ချူဟန်က လက်ထဲရှိ ရှူရာပုဆိန်ဖြင့် မိန်းမ၏ ခန္ဓာကိုယ်နှင့် မျက်နှာကို ဖုံးကွယ်ထားသော ထူထဲသည့် အဝတ်အစားများကို လှန်ပစ်လိုက်သည်။ ဒေါသထွက်နေသော ဝမ်ရှစ်ရှုံးနှင့် ဆန့်ကျင်ဘက်အနေဖြင့် ချူဟန်၏ အသံတွင် ခံစားချက် အတက်အကျ လုံးဝ မရှိဘဲ ငြိမ်သက်နေသော ရေပြင်ပမာ တည်ငြိမ်နေလေသည်။
" ကိုယ့်ဘာသာကိုယ် ကြည့်လိုက်"
"ချီးပဲ… သန္ဓေပြောင်း လူသား မဟုတ်ဘူးလို့ မင်း ပြောခဲ့တာ မဟုတ်ဘူးလား" ဝမ်ချိုက်က ချူဟန်ကို ချက်ချင်းပင် အပြစ်တင်လိုက်သည်။
‘မျက်စိရှေ့ကဟာက ဘာကောင်လဲ’
"ဒီသင်္ဘောပေါ်မှာ တစ္ဆေသရဲ ဟန်ဆောင်နေတာက တကယ်ပဲ သန္ဓေပြောင်း လူသား မဟုတ်ဘူး"
ချူဟန်နှင့် ဝမ်ချိုက်တို့ စိတ်ချင်း ဆက်သွယ်လိုက်ကြသည်။
'ငါတို့ကို ကစားနေတဲ့ နောက်ကွယ်က လူက တခြားတစ်ယောက် ရှိသေးတယ်'
ဝမ်ရှစ်ရှုံးမှာ ဒေါသထွက်လွန်းသဖြင့် ချူဟန်ကို သံတုတ်ဖြင့် ရိုက်သတ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေတော့သည်။ သူသည် အသိစိတ်လွတ်စွာဖြင့် ခေါင်းငုံ့ကာ ကြမ်းပြင်ပေါ်တွင် သေဆုံးနေသော မိန်းမကို ကြည့်လိုက်သည်။ ဤမိန်းမ၏ မျက်နှာအမှန်ကို သူ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ထိုမျက်နှာက ဝမ်ရှစ်ရှုံးကို ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားစေပြီး ချူဟန်က လူကို ဘာကြောင့် သတ်ရသနည်း ဆိုသည်ကိုပင် မေ့သွားလောက်အောင် ထိတ်လန့်သွားစေသည်။
သူက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
"ဒါ... ဒါက ဘယ်လိုဖြစ်ရတာလဲ"
ကြမ်းပြင်ပေါ်ရှိ မိန်းမ၏ မျက်နှာမှာ ဖြူရော်နေပြီး ပြူးကျယ်နေသော မျက်လုံးများတွင် မျက်ဖြူများက နေရာအများစုကို ယူထားကာ သူငယ်အိမ်မှာ အမည်းရောင် အစက်လေးတစ်ခုသာ ဖြစ်နေသည်။ အထူးခြားဆုံးမှာ အပြင်သို့ ထွက်နေသော သူမ၏ သွားများဖြစ်ပြီး ညီညာမှုမရှိသလို ဝမ်ရှစ်ရှုံး မြင်တွေ့ခဲ့ဖူးသော ဇွန်ဘီများနှင့် အလွန် ဆင်တူနေသည်။
'ဒါပေမဲ့ ဇွန်ဘီတွေက စကားမှ မပြောတတ်တာ… ဒီအမျိုးသမီးက လူသားတစ်ယောက် မဟုတ်ဘူးလား'
အခန်း (၂၁၈) လူလိမ်ခံလိုက်ရပြီ
ဝမ်ရှစ်ရှုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အထင်းသား ပေါ်လွင်နေသည်။ သူ၏ ခေါင်းထဲတွင် အူထွက်သွားပြီး ယခုအချိန်အထိ သူသိထားခဲ့သမျှ အရာအားလုံးမှာ တစ်ခဏအတွင်း တစ်စစီ ပြိုကွဲသွားတော့သည်။
ချူဟန်မှာ ဝမ်ရှစ်ရှုံးကို သန္ဓေပြောင်း လူသားဆိုသည်မှာ ဘယ်အရာဖြစ်ကြောင်း ရှင်းပြနေရန် အချိန်မရှိချေ။ သူနှင့် ဝမ်ရှစ်ရှုံးတို့ အတူတက်လာသည့် ဤအပျော်စီးသင်္ဘောပေါ်ရှိ လူများထဲတွင် သန္ဓေပြောင်း လူသားတစ်ယောက် ပုန်းအောင်းနေမည်ဟု သူ့ကိုယ်တိုင်ပင် မထင်မှတ်ထားခဲ့ပေ။
သို့သော် ကြည့်ရသည်မှာ ဤသန္ဓေပြောင်း လူသားသည် သူမ၏ မျိုးနွယ်စု အားသာချက်ကို သိပုံမပေါ်ပေ။ အခြေအနေအရ လူသားတို့၏ အသားကို စားသုံးမိရာမှ ဆင့်ကဲပြောင်းလဲသွားခြင်းမျိုးသာ ဖြစ်နိုင်ခြေရှိသည်။ ထို့ကြောင့်ပင် ထိုမိန်းမသည် အလွန်တရာ အားနည်းနေခြင်း ဖြစ်သည်။ သူမ၌ တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိသလောက်ပင် ဖြစ်သည်။
မျက်နှာချင်းဆိုင်တွင် တိတ်ဆိတ်စွာ ရှိနေသော ကျန်ကွမ်းယွမ်က ချူဟန်ကို အကဲခတ်သည့်အလား လျှို့ဝှက်စွာ ကြည့်လိုက်သည်။ ထိုအကြည့်တွင် ရန်လိုမှု မပါဝင်သကဲ့သို့ မိတ်ဆွေဖွဲ့လိုသည့် သဘောမျိုးလည်း မရှိပေ။ ထို့အပြင် ဝင်ရောက်တိုက်ခိုက်မည့် အရိပ်အယောင်ပင် လုံးဝ မတွေ့ရချေ။ သူ၏ တည်ရှိမှုသည် လုံးဝကို နားလည်ရခက်လွန်းလှသည်။
ချူဟန်ကလည်း ကျန်ကွမ်းယွမ်ကို ချက်ချင်း အကဲခတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ အပြင်းအထန် စဉ်းစားမိသွားသည်။ ကျန်ကွမ်းယွမ်သည် ဤသင်္ဘောပေါ်ရှိ ထူးဆန်းသော ကိစ္စရပ်များ၏ လက်သည်တရားခံ မဟုတ်ကြောင်း ချူဟန်က အစကတည်းက သိထားပြီးဖြစ်သည်။ သို့သော် နောက်ကွယ်မှလူက ယခုအချိန်အထိ အဘယ်ကြောင့် ထွက်မလာသေးသနည်း။ သူသည် သင်္ဘောတစ်စီးလုံးကို ပတ်မွှေထားပြီး တရားခံ အရေးစိုက်လောက်မည့် နေရာများကိုပင် ဖျက်ဆီးထားခဲ့ပြီး ဖြစ်သည်။
ထိုစဉ် ချူဟန်၏ ရင်ခုန်သံ မြန်ဆန်သွားသည်။ မျက်ဝန်းများအတွင်း စူးရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ တစ်စုံတစ်ခုကို သတိထားမိသွားသော သူသည် လျင်မြန်စွာ လှည့်ထွက်လိုက်ပြီး လာရာလမ်းအတိုင်း အရှိန်အဟုန်ပြင်းစွာ ပြေးထွက်သွားတော့သည်။ အမြန်နှုန်းမှာ အလွန်မြန်ဆန်လွန်းသဖြင့် တစ်ခဏအတွင်းမှာပင် အဝေးသို့ ရောက်သွားလေသည်။
ကျန်ရစ်ခဲ့သော ဝမ်ရှစ်ရှုံးမှာ လုံးဝ အံ့အားသင့်သွားသည်။ ချူဟန် အဘယ်ကြောင့် ရုတ်တရက် လှည့်ပြန်သွားရသနည်း။ တကယ်တမ်း ဘာတွေ ဖြစ်ကုန်ပြီလဲ။ ကျန်ကွမ်းယွမ်က ချက်ချင်း ခြေလှမ်းပြင်လိုက်ပြီး နောက်မှ လိုက်သွားရန် ကြံရွယ်လိုက်သည်။
"နေဦး"
ဝမ်ရှစ်ရှုံးက အကျယ်ကြီး အော်ဟစ်လိုက်ပြီး လက်ထဲရှိ သံတုတ်ဖြင့် ကျန်ကွမ်းယွမ်ကို တားဆီးလိုက်သည်။
"မင်း အဲဒီကို သွားဖို့ မစဉ်းစားနဲ့"
" ဒီသင်္ဘောပေါ်မှာ ဖြစ်နေတာတွေအကုန်လုံးက မင်းလက်ချက်ပဲ မဟုတ်လား… ငါတို့ ဒီသင်္ဘောပေါ် ရောက်နေတာ တော်တော်ကြာနေပြီ… မင်းကလွဲလို့ တခြားဘယ်သူ့ကိုမှ မတွေ့ရသေးဘူး"
ဝမ်ရှစ်ရှုံးက မေးခွန်းထုတ်သည့် ဟန်ဖြင့် မေးလိုက်သည်။
"ငါတို့လူတွေ ဘယ်ရောက်သွားတာလဲ"
ချူဟန်နောက်သို့ လိုက်ရန် ပြင်နေသော ကျန်ကွမ်းယွမ်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူက ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေရင်း ဝမ်ရှစ်ရှုံးကို ကြည့်လိုက်သည်။
"သူ့နာမည်က ချူဟန် လား…. ဟန် ဆိုတာ အတွင်းသဘောတရားကို ကိုယ်စားပြုတဲ့ ဟန် လား"
"ဟုတ်တယ်"
စကားလမ်းကြောင်း ရုတ်တရက် ပြောင်းသွားသဖြင့် ဝမ်ရှစ်ရှုံးမှာ နှစ်စက္ကန့်ခန့် အံ့အားသင့်သွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
" ဟော... ကြည့်ရတာတော့ တကယ့် လူကြမ်းကြီးနဲ့ သွားတွေ့လိုက်ရတဲ့ပုံပဲ"
ကျန်ကွမ်းယွမ်က အရင်အတိုင်း မောက်မာသော ဟန်အမူအရာဖြင့်ပင် ပြောလိုက်သည်။
ဝမ်ရှစ်ရှုံးက ကျန်ကွမ်းယွမ်ကို ကြည့်လိုက်ပြီး နောက်လှည့်ကာ မှောင်မိုက်နေသော စင်္ကြံလမ်းကို ထပ်မံကြည့်လိုက်သည်။ ဤလူငယ်နှစ်ဦး ဘာ ပဟေဠိတွေ ဖွက်နေကြသလဲဆိုတာကို သူ တကယ် နားမလည်နိုင်ပေ။
"မင်းတို့ နှစ်ယောက် သိနေကြတာလား"
" ငါက သူ့ကို သိပေမဲ့ သူကတော့ ငါ့ကို သိမှာ မဟုတ်ဘူး ဒါပေမဲ့... အဲဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်အပြင် အကဲခတ်နိုင်စွမ်းကပါ ဒီလောက်အထိ ထက်မြက်နေမယ်လို့တော့ မထင်ထားခဲ့ဘူး"
သက်ပြင်းချကာ အံ့ဩချီးကျူးနေသော ကျန်ကွမ်းယွမ်၏ မျက်နှာပေါ်တွင် မသိမသာ ခါးသီးမှုအချို့ စွန်းထင်းနေသည်။
"ဟမ်"
ဝမ်ရှစ်ရှုံးမှာ ထပ်မံ၍ အံ့အားသင့်သွားပြန်သည်။ အမှန်အတိုင်း ပြောရလျှင် ကျန်ကွမ်းယွမ်၏ စကားတစ်ခွန်းကိုမျှ သူ နားမလည်ပေ။
" ဒီသင်္ဘောပေါ်က ထူးဆန်းတဲ့ ကိစ္စတွေအကုန်လုံးက ချူဟန် လုပ်နေတာလို့ ပြောချင်တာလား… သူ့ ရည်ရွယ်ချက်က ဘာလဲ… အဲဒီလိုလုပ်လို့ သူ့အတွက် ဘာအကျိုးအမြတ် ရမှာမို့လို့လဲ"
" ခင်ဗျားက သူ့အကြောင်း မသိဘူးလား"
ကျန်ကွမ်းယွမ်က အံ့အားသင့်သွားသော မျက်နှာဖြင့် မေးလိုက်သည်။
"မင်းတို့က အတူတူလာတာ မဟုတ်ဘူးလား"
" ချူဟန်နဲ့ သိတာ နာရီဝက်တောင် မရှိသေးဘူးကွ"
ဝမ်ရှစ်ရှုံးကလည်း ထိုနည်းတူ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
" ဒါဆိုရင်တော့ ခင်ဗျား ကံအရမ်းကောင်းတာပဲ။ အဲဒီလောက် အစွမ်းထက်တဲ့သူ အနားမှာရှိနေရင် နောက်ကွယ်က ကောင်လည်း ရမ်းသန်းပြီး လှုပ်ရှားရဲမှာ မဟုတ်ဘူး"
ကျန်ကွမ်းယွမ်က ခေါင်းငုံ့ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ချူဟန်က တကယ်တော့ ဘယ်သူလဲ"
ဝမ်ရှစ်ရှုံး၏ ခေါင်းထဲတွင် တစ်စုံတစ်ခုကို ရိပ်စားမိလိုက်သော်လည်း အတွေးများ ပိတ်ဆို့နေသဖြင့် အဖြေကို ရှာမတွေ့နိုင်ခဲ့ပေ။
"တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက်စာရင်းကိုရော ကြားဖူးလား" ကျန်ကွမ်းယွမ်က ရုတ်တရက် အဆင်ပြေသော နေရာတစ်ခုကို ရှာ၍ ထိုင်ချလိုက်သည်။ ဝမ်ရှစ်ရှုံးက သူ၏ အရှေ့တွင် သံတုတ် ကိုင်ကာ ရပ်နေသည်ကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမပေါ်ချေ။
"တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက်စာရင်း ဟုတ်လား" ဝမ်ရှစ်ရှုံး၏ မျက်လုံးများ ပြူးကျယ်သွားပြီး အဆက်မပြတ် ပြောချလိုက်သည်။
"သေချာပေါက် ကြားဖူးတာပေါ့… ဒဏ္ဍာရီလာ စမ်းသပ်မှု ကျောက်နံရံကြီး ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးပေမဲ့ အလွန်တရာ အစွမ်းထက်တဲ့ ဆင့်ကဲပြောင်းလဲသူတွေလောက်ပဲ အနားကပ်နိုင်တယ် ဆိုတာကိုတော့ သိထားတယ်… ပြီးတော့ တကယ့် အစွမ်းထက်တဲ့သူတွေက အဲဒီကျောက်နံရံပေါ်မှာ နာမည်ရေးထိုးနိုင်ပြီး သူတို့ရဲ့ နာမည်က ကီလိုမီတာပေါင်းများစွာ အဝေးကနေတောင် တောက်ပနေတာကို မြင်ရတယ်လို့ ပြောကြတယ် မဟုတ်လား"
"တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက်စာရင်းကို သိနေရက်နဲ့ ချူဟန် ဆိုတဲ့ နာမည်ကို မသိဘူးလား"
ကျန်ကွမ်းယွမ်က သရော်လိုသော၊ သို့သော် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"သူက အဆင့်(၁)ဝင်ပေါက်ရဲ့ တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက်စာရင်းမှာ ခန့်ညားထည်ဝါလှတဲ့ နံပါတ်(၁) နေရာမှာ ရှိတဲ့သူပဲ… ဘေးနားက အဆင့်(၂)ဝင်ပေါက် နဲ့ အဆင့်သုံး (၃)ဝင်ပေါက် စာရင်းက ဘယ်နာမည်ထက်မဆို သူ့ရဲ့ အချက်အလက်တွေက ပိုပြီး ကြီးမားထင်ရှားနေသလို မျက်စိကျိန်းမတတ်လည်း တောက်ပနေတာ… အဲဒီကျောက်နံရံကြီးကို တစ်ခါလောက်ပဲဖြစ်ဖြစ် မြင်ဖူးတဲ့သူတိုင်းက သူ့နာမည်ကို အရင်ဆုံး တွေ့ရမှာ အသေအချာပဲ"
ဝမ်ရှစ်ရှုံး၏ လည်ချောင်းမှာ တင်းကျပ်ပိတ်ဆို့သွားပြီး သူ၏ မျက်လုံးများက မီးအိမ်ကြီးများပမာ ပြူးကျယ်သွားခဲ့သည်။
‘ချူဟန်၊ အဆင့်တစ် (၁) တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက်စာရင်းရဲ့ နံပါတ်(၁) ဟုတ်လား… ထောင်သောင်းချီတဲ့ ဆင့်ကဲပြောင်းလဲသူတွေ အားလုံးကို ခြေဖဝါးအောက်မှာ နင်းထားပြီး အဆင့် (၂) နှင့် အဆင့်(၃) မှ အစွမ်းထက်လွန်းသူများကို ကျော်လွန်လွှမ်းမိုးထားနိုင်လောက်အောင် တောက်ပနေသည့် အသန်မာဆုံးလူ ဟုတ်လား’
‘သူက ဒီလောက်တောင် စွမ်းအားကြီးတာလား’
ဝမ်ရှစ်ရှုံးမှာ ရုတ်တရက် အလွန် အရှက်ရသွားသည်ဟု ခံစားလိုက်ရသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်က ချူဟန်နှင့် အတူ ဖြတ်သန်းခဲ့ရသည့် ကိစ္စရပ်များကို ပြန်လည်တွေးတောမိသောအခါ သူ၏ မျက်နှာမှာ ချက်ချင်း ပူထူသွားလေသည်။ အရာအားလုံးကို သူကိုယ်တိုင်ကသာ လျှောက်ပြီး ထင်ကြေးပေးနေခြင်းဖြစ်ပြီး ချူဟန်ကတော့ ရင်ထဲတွင် အသိဆုံးလူ ဖြစ်နေပုံရသည်။ ထို့ပြင် သူ့ကို တိုက်ခိုက်ရေးစွမ်းအားဖြင့် ဖိနှိပ်ခြင်းမျိုး မရှိသည့်အပြင် သူတို့လူစုနှင့် အတူနေစဉ် မာနကြီးသည့်ဟန် အနည်းငယ်မျှပင် မပြခဲ့ချေ။
"ဒါကြောင့်"
ကျန်ကွမ်းယွမ်က ပေါ့ပေါ့ပါးပါး လေသံဖြင့် ဆက်ပြောသည်။
" သူက ခင်ဗျားတို့ကို ဒုက္ခပေးဖို့ ကြံစည်နေတယ်လို့ သွားသံသယဝင်နေရင် အချိန်ကုန်ရုံပဲ ရှိလိမ့်မယ်…. သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်မျိုးသာ ဆိုရင် အဲဒီလောက် အကွေ့အကောက်များတဲ့ အလုပ်တွေ လုပ်နေစရာကို မလိုတာ….ခင်ဗျားတို့ဆီမှာလည်း သူစိတ်ဝင်စားစရာ ပစ္စည်း ဘာတစ်ခုမှ မရှိဘူး"
"ဒါဆို ဒီမိန်းမကရော"
ဝမ်ရှစ်ရှုံးက မြေပြင်ပေါ်တွင် ချူဟန်၏ ပုဆိန်တစ်ချက်တည်းဖြင့် မြေပြင်ပေါ်၌ လဲကျနေသော မိန်းမ၏ အလောင်းကို လက်ညှိုးထိုးပြလိုက်သည်။
"သန္ဓေပြောင်း လူသားလေ"
ကျန်ကွမ်းယွမ်က အံ့ဩစရာကောင်းလောက်အောင် အတော်များများ သိနေသည်။
"လူသားအသားကို စားပြီး အသွင်ပြောင်းသွားတဲ့ လူတစ်မျိုးပဲ… အမှန်တကယ်တော့ လူသားအားလုံးရဲ့ ရန်သူဖြစ်နေပြီ… ငါက အရင်စပြီး လှုပ်ရှားမလို့ပဲ… ဒါပေမဲ့ ချူဟန်ရဲ့ လှုပ်ရှားမှုက ပိုမြန်နေခဲ့တယ်"
သန္ဓေပြောင်း လူသား။ လူသားအသားကို စားတယ်။ လူသားအားလုံးရဲ့ ရန်သူ။
အဓိက စကားလုံး သုံးလုံးက ဝမ်ရှစ်ရှုံး၏ ရင်ထဲတွင် ထပ်မံ၍ အံ့အားသင့်သွားစေသည်။ ထို့နောက် ပါးနှစ်ဖက်သာမက၊ အရှက်ရမှုကြောင့် နားရွက်များပါ နီရဲသွားတော့သည်။ ထိုအရာက ချူဟန်ကို အထင်လွဲမိသည့်အတွက် နောင်တရခြင်းနှင့် အပြစ်ရှိသလို ခံစားရခြင်းများအပြင်၊ ချူဟန်ကဲ့သို့ အစွမ်းထက်သော်လည်း ကြွားဝါမှုမရှိသည့်အတွက် တုန်လှုပ်ခြင်းနှင့် လေးစားခြင်းတို့ကြောင့် ဖြစ်သည်။ မြေပြင်ပေါ်ရှိ ဤလူက လူသားတို့၏ အသားကို စားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ အလွန်တရာ ရက်စက်ကြမ်းကြုတ်လွန်းပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ ချူဟန်က အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ တစ်ချက်တည်းနှင့် အဆုံးသတ်ပေးလိုက်သည်မှာလည်း သဘာဝကျလှပေသည်။
"ဒါဆို အဲဒါက တကယ်တော့ ဘယ်သူလဲ"
ဝမ်ရှစ်ရှုံးက ရုတ်တရက် သတိရသွားကာ ခေါင်းစဉ်က အပျော်စီးသင်္ဘောပေါ်သို့ ပြန်လည်ရောက်ရှိသွားသည်။
" မင်းရဲ့ လက်ချက်လည်း မဟုတ်လောက်ဘူးလို့ ငါ ခံစားနေရတယ်။ ချူဟန်မှာလည်း အဲဒီလိုလုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး… ဒါဆို ဘယ်သူကများ ဒီလိုမျိုး အော့နှလုံးနာစရာ ကောင်းတဲ့ အလုပ်တွေကို လုပ်နေတာလဲ… ရည်ရွယ်ချက်က ဘာလဲ"
" အဓိက တရားခံက ငါမဟုတ်ဘူး… ဒါပေမဲ့ ငါလဲ ကြံရာပါ ပဲ" ကျန်ကွမ်းယွမ်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
"ခင်ဗျားရဲ့ ခန့်မှန်းချက်တွေ ထပ်လွဲပြန်ပြီ"
မှောင်မိုက်နေသော စင်္ကြံလမ်းပေါ်တွင် ချူဟန်၏ အမြန်နှုန်းမှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီး တစ်ခဏအတွင်းမှာပင် အဝေးသို့ ရောက်သွားလေသည်။ အနီရင့်ရောင် ကော်ဇောပေါ်တွင် လူတစ်ကိုယ်လုံး အရိပ်တစ်ခုအဖြစ် ဖြတ်ပြေးသွားကာ လေတိုးသံများကိုပင် ကြားနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။
"လူတွေကို ဒုက္ခပေးနေတာက ဇွန်ဘီ မဟုတ်ဘူး… သန္ဓေပြောင်း လူသားလည်း မဟုတ်ဘူးဆိုရင် ဘာကြီးလဲကွ"
ချူဟန်၏ အိတ်ကပ်ထဲတွင် ပြင်းထန်သော လှုပ်ခါမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် တောင့်ခံနေရသော ဝမ်ချိုက်က အော်ပြောလိုက်သည်။
" ဘယ်လောက်တောင် ခေါင်းမာတဲ့ကောင်လဲကွာ… သာမန်လူသား လို့များ ပြောချင်နေတာလား"
"မှန်တယ်… လူပဲ"
ချူဟန်၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။
ချီးပဲ...လှည့်စား ခံလိုက်ရပြီ။
လက်ထဲရှိ ရှူရာပုဆိန်က အနက်ရောင်အလင်းတန်းများ ဖြာထွက်နေပြီး ချူဟန်သည် အပျော်စီးသင်္ဘောပေါ်ရှိ စားသောက်ဆိုင်ဆီသို့ အပြင်းအထန် ပြေးသွားလေသည်။ ထွက်ခွာလာစဉ်က အမြန်နှုန်းထက် နှစ်ဆပိုမြန်သော အရှိန်ဖြင့် ပြေးထွက်သွားခဲ့သည်။ စားသောက်ဆိုင်၏ တံခါးပေါက်များနှင့် တဖြည်းဖြည်း ပိုနီးကပ်လာလေလေ၊ မှိန်ပျပျလင်းနေသော ခန်းမဆောင်အတွင်းမှ လေးလံမွန်းကျပ်ဖွယ်ကောင်းသည့် လေထုကို သူ ခံစားနေရလုနီးပါး ဖြစ်လာလေလေ ဖြစ်သည်။
ဘုန်း…
တံခါးမကြီးကို ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်သည်။
ပတ္တာများပါ ကျွတ်ထွက်သွားသည်အထိ ကန်ချခံလိုက်ရသော တံခါးကြီးသည် လေထဲတွင် လွင့်စင်သွားပြီးနောက် အဝေးရှိ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။ ထွက်ပေါ်လာသည့် ကျယ်လောင်သော အသံကြီးမှာ ဤတိတ်ဆိတ်ပြီး ကျယ်ဝန်းသော နေရာတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားလေသည်။
ရှူရာပုဆိန်ကို လေထဲတွင် တစ်ချက်ဝှေ့ယမ်းလိုက်ပြီး နောက်တစ်စက္ကန့်တွင် ချူဟန်၏ ခန္ဓာကိုယ်က ခန်းမထဲသို့ ဝင်ရောက်သွားပြီးဖြစ်သည်။
သို့သော်လည်း တစ်ယောက်မှ မရှိပေ။