အခန်း (၂၁၉-၂၂၀)
Vol. 22 Ch. 219-220
အခန်း (၂၁၉) မင်း သတ်လိုက်တာ
"ဟေ့... ဟူဖန်ထျန်း… ငါတို့ ပြန်သွားကြရအောင်ကွာ ဒီနေရာက အရမ်းကြောက်ဖို့ကောင်းတယ်"
ကျိုးချွန်းလဲ့သည် နံရံတွင် ကပ်လျက် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေသည်။ သွေးများ ပေကျံနေသော စင်္ကြံလမ်းကို ကြောက်ရွံ့တုန်လှုပ်နေသော မျက်ဝန်းများဖြင့် သူ စိုက်ကြည့်နေမိသည်။ ထိုနေရာတွင် ရင်းနှီးနေသော အဝတ်အစားစုတ်များ ပြန့်ကျဲနေသည်။ ၎င်းတို့မှာ စောစောက သူတို့နှင့်အတူ သင်္ဘောပေါ် တက်လာခဲ့သော အပေါင်းအသင်းများ၏ အဝတ်အစားများပင် ဖြစ်သည်။
ဟူဖန်ထျန်းက မည်သို့မျှ ပြန်မဖြေပေ။ သူ၏ သွားများသာ အဆက်မပြတ် ရိုက်ခတ်နေပြီး တစ်ကိုယ်လုံး အဆက်မပြတ် တုန်ယင်နေတော့သည်။
"ဟေ့... ဟူဖန်ထျန်း... ငါပြောတာ ကြားရဲ့လား"
ကျိုးချွန်းလဲ့မှာ ရူးသွပ်တော့မတတ် ဖြစ်နေပြီး သူ၏ နှလုံးခုန်နှုန်းမှာလည်း အလွန်မြန်ဆန်နေသည်။ အရှေ့တွင် ကျောပေးရပ်နေပြီး ပြင်းထန်စွာ တုန်ယင်နေသော ဟူဖန်ထျန်းကို မြင်လိုက်ရသဖြင့် သူကိုယ်တိုင်လည်း တုန်ယင်မှုကို မထိန်းချုပ်နိုင်တော့ပေ။
"မင်းလည်း ကြောက်နေတာမလား… ငါလည်း ကြောက်တာပေါ့ ငါတို့ ဘာလို့များ ဒီကို ထွက်လာခဲ့မိတာလဲကွာ"
ကျိုးချွန်းလဲ့မှာ ယခုချက်ချင်းပင် ငိုချလိုက်တော့မည့်ပုံ ပေါ်နေသည်။
သို့သော် ကျောပေးရပ်နေသော ဟူဖန်ထျန်းမှာ ကျိုးချွန်းလဲ့ ထင်မြင်နေသလို ကြောက်ရွံ့မှု ကြောင့် တုန်ယင်နေခြင်း မဟုတ်ပေ။ သွားများ ရိုက်ခတ်လာသည်အထိ ပြင်းထန်သော တုန်ယင်မှု... ၎င်းသည် အကြောက်တရားကြောင့် ဖြစ်တည်လာခြင်း မဟုတ်ပေ။ အဆုံးစွန်သော ဒေါသ ကြောင့်သာ ဖြစ်သည်။
သူ၏ မျက်နှာမှာ မိစ္ဆာတစ်ကောင်ပမာ ရှုံ့မဲ့နေပြီး အလွန် ကြမ်းကြုတ်သော အမူအရာအဖြစ် ပြောင်းလဲသွားလေပြီ။ လွန်ခဲ့သော မိနစ်အနည်းငယ်က ပြသခဲ့သော ကမ္ဘာမပျက်ခင်တုန်းက ရာထူးဂုဏ်ရှိန်ကို အသုံးချတတ်သည့် လူယုတ်မာငယ်လေး၏ အရိပ်အယောင်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် ဟူဖန်ထျန်းသည် ကြမ်းပြင်ပေါ်ရှိ သွေးကွက်များနှင့် အရှေ့တွင် ဖွင့်ဟထားသော တံခါးကို စူးစိုက်ကြည့်နေသည့် သားရဲတစ်ကောင်နှင့် တူနေသည်။ အလွန်အမင်း ဒေါသထွက်နေမှုကြောင့် မျက်လုံးများ နီရဲနေပြီး သွားများကို တင်းကြပ်စွာ အံကြိတ်ထားသည်။ ယခုချက်ချင်းပင် ချူဟန်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေသော သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်နေသည်။
ပွင့်နေသော တံခါးကြီး၏ အတွင်းဘက်တွင် ပိတ်လှောင်နေသော အခန်းတစ်ခန်း ရှိပြီး အပုပ်နံ့များ လွင့်ပျံထွက်ပေါ်နေသည်။ မူလက ဖြူဖွေးနေရမည့် နံရံများမှာ နီမည်းနေသော သွေးကွက်များနှင့် ခြောက်သွေ့နေသော အသားပုပ်များဖြင့် ဖုံးလွှမ်းနေသည်။ နေရာအနှံ့အပြားတွင်လည်း မရေမတွက်နိုင်သော လက်သည်းရာများ အထင်းသား ကျန်ရစ်နေသည်။ သို့သော် ထိုအရာများမှာ သေးငယ်သော ပြဿနာမျှသာ ဖြစ်သည်။ ကျိုးချွန်းလဲ့တစ်ယောက် ခြေခွေကျမတတ် အလွန်အမင်း ထိတ်လန့်နေရသည့် တကယ့်အကြောင်းရင်းမှာ ထိုအခန်း၏ ကြမ်းပြင် ပေါ်တွင် ရှိနေသည်။
အလောင်းများ။ အကြွင်းအကျန်များဟု ခေါ်လျှင် ပိုမှန်ပေလိမ့်မည်။
ကိုက်ဖြတ်ခံထားရသော ဟိုတစ်စ ဒီတစ်စ လူ့အရိုးများမှာ တောင်ကုန်းငယ်လေးတစ်ခုသဖွယ် စုပုံနေသည်။ ကြမ်းပြင်ပေါ်ရှိ ကြွေပြားများမှာ လူ့သွေးများ တစ်ထပ်ပြီးတစ်ထပ် ဖုံးလွှမ်းနေပြီး ခြောက်သွားလိုက်၊ ထပ်စွန်းထင်းလိုက်၊ ထပ်ခြောက်သွားလိုက်ဖြင့် အချိန်ကြာမြင့်စွာ ထပ်မံစုပုံလာသော ရလဒ်အဖြစ် အပုပ်နံ့နှင့် သွေးညှီနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာသည်။
ကလီစာများ ထုတ်ယူခံထားရပြီး မူလပုံပန်းသဏ္ဍာန်ပင် မပီပြင်တော့လောက်အောင် စားသောက်ခံထားရသော အလောင်းအချို့ထံမှ သွေးများ ဒလဟော စီးကျနေဆဲ ဖြစ်သည်။ ကျိုးချွန်းလဲ့ နားလည်သွားသည်။ ထိုသူများမှာ သူတို့နှင့်အတူ ဤသင်္ဘောပေါ်သို့ လိုက်ပါလာခဲ့သော လူများ ဖြစ်သည်။
အားလုံး သေဆုံးသွားကြပြီ။
ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်း၏ အလယ်တည့်တည့်တွင် ဇွန်ဘီတစ်ကောင် လဲကျနေသည်။ လုံးဝ အသက်ငွေ့ကင်းစင်နေသော ဇွန်ဘီ ဖြစ်သည်။ သေဆုံးနေသော ဇွန်ဘီဖြစ်ပြီး မျက်နှာမှာ မသေခင်က မည်သည့်ပုံစံရှိခဲ့သည်ကို လုံးဝ ခွဲခြား၍မရတော့ပေ။ ခေါင်းမှာ ချွန်ထက်သော လက်နက်ဖြင့် ခုတ်ထစ်ခံထားရပြီး ၎င်း၏ လက်သည်းများက သေဆုံးနေသော လူတစ်ယောက်၏ အသားထဲတွင် စူးဝင်နေဆဲ ဖြစ်သည်။ ဤမြင်ကွင်းက ပြသနေသော အချက်အလက်များမှာ အလွန် ရှင်းလင်းနေပြီ ဖြစ်သည်။
ပျောက်ဆုံးသွားသော လူများမှာ ဤအခန်းထဲသို့ အပို့ခံခဲ့ရပြီး ဤဇွန်ဘီက သတ်ဖြတ်စားသောက်လိုက်ခြင်း ဖြစ်သည်။ သို့သော် မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ တစ်စုံတစ်ယောက်က ဤဇွန်ဘီကို ရှင်းလင်းသွားခဲ့သည်။ လုံးဝ ခြောက်သွေ့ခြင်း မရှိသေးသော သွေးကွက်များကို ကြည့်ခြင်းအားဖြင့် လွန်ခဲ့သော အချိန်ခဏလေးကမှ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်မည်ဟု ခန့်မှန်းရပေသည်။
ကျိုးချွန်းလဲ့မှာ ရူးသွပ်တော့မည့် စိတ်ကို အတင်းအကျပ် အောင့်အည်းထားကာ မြစ်ထဲသို့ တိုက်ရိုက်ခုန်ချပြီး ဤသင်္ဘောပေါ်မှ ထွက်သွားချင်စိတ်များ ပေါက်နေစဉ်မှာပင်၊ ရှေ့ရှိ ဟူဖန်ထျန်းက ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးသွားလိုက်ပြီး တုန်ယင်နေသော လက်များကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် ကျိုးချွန်းလဲ့၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဟူဖန်ထျန်းသည် ထိုသေဆုံးနေသော ဇွန်ဘီကို ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်သည်။
"အား..."
ဟူဖန်ထျန်းက အသံကျယ်ကြီးဖြင့် ငိုကြွေးလိုက်သည်။
"အား...…"
ကျိုးချွန်းလဲ့မှာ စဉ်းစားတွေးခေါ်နိုင်စွမ်းများ လုံးဝ ရပ်တန့်သွားပြီး ကျောက်ရုပ်တစ်ခုအလား မတ်တတ်ရပ်နေမိတော့သည်။ ဟူဖန်ထျန်းက ဇွန်ဘီကို ဖက်ပြီး ငိုနေတယ်ဟုတ်လား။
ဒါက ဘယ်လို အခြေအနေကြီးလဲ။
အရှေ့တွင် ရှိနေသော ကြောက်မက်ဖွယ် မြင်ကွင်းကို လူငယ်လေး ကျိုးချွန်းလဲ့၏ ဦးနှောက်က လိုက်လံ မစီစဉ်နိုင်သေးချိန်မှာပင်... ရုတ်တရက် ဘေးဘက်မှ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"နောက်ဆုတ်လိုက်"
ကျိုးချွန်းလဲ့မှာ လန့်ဖြတ်သွားပြီး ဘေးတွင် ရပ်နေသော ချူဟန်ကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
"မင်း... မင်း... ဘယ်အချိန်တည်းက ရောက်နေတာလဲ… တောက်... မင်း လမ်းလျှောက်တာ အသံလည်း မကြားရဘူး "
တစ်ဖက်တွင် အရှေ့၌ ရှိနေသော ဟူဖန်ထျန်း၏ ငိုကြွေးသံမှာ ထိုအခိုက်အတန့်တွင် ရုတ်တရက် ရပ်တန့်သွားလေသည်။ ပြင်းထန်စွာ လှည့်ကြည့်လာပြီး အငြိုးအတေးများ ပြည့်နှက်နေသည့် ကြမ်းကြုတ်သော မျက်နှာဖြင့် ချူဟန်ကို စူးစိုက်ကြည့်လိုက်သည်။
" မင်း သတ်လိုက်တာမလား"
ချူဟန်က လက်ထဲရှိ ရှူရာပုဆိန်ကို ရှေ့သို့ ကန့်လန့်ဖြတ် ကာလိုက်ပြီး မျက်လုံးထဲမှ အေးစက်သော အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။
"မင်း ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး… တကယ် သရုပ်ဆောင်ကောင်းတာပဲ "
သူတို့နှစ်ဦး၏ အဓိပ္ပာယ်ပြည့်ဝသော စကားဝိုင်းကြောင့် ကျိုးချွန်းလဲ့၏ ဦးနှောက်မှာ လုံးဝ အလုပ်မလုပ်နိုင်တော့ပေ။ ဟူဖန်ထျန်းနှင့် ချူဟန် ကြားတွင် အကြည့်များက အပြန်အလှန် ရွေ့လျားနေသည်။ အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းသော ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပေါ်လာမှုကြောင့် ဤသနားစရာ လူငယ်လေး၏ ဦးနှောက်ခံနိုင်ရည်မှာ အကန့်အသတ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ချူဟန်၏ အိတ်ကပ်ထဲတွင် ပုန်းကွယ်နေသော ဝမ်ချိုက်မှာလည်း မနေနိုင်တော့ဘဲ ခေါင်းထွက်လာကာ အခြေအနေကို အကဲခတ်လိုက်သည်။ ဤအခိုက်အတန့်တွင် ဝမ်ချိုက်ပင်လျှင် စက္ကန့်အနည်းငယ်မျှ ကြောင်သွားခဲ့သော်လည်း ချက်ချင်းဆိုသလိုပင် သူ၏ မွေးရာပါ စကားများပြီး ပြစ်တင်ဝေဖန်ရန် နှစ်သက်သော ဤယုန်က ချူဟန်၏ ဦးနှောက်ထဲတွင် ဆူညံပွက်လောရိုက်တော့သည်။
'တကယ်ကြီးလား… အဲဒီ အဆင့်(၂) ဇွန်ဘီကို သူ မွေးထားတာလား… ဘယ်လို ဖြစ်တာလဲ… သူက သင်္ဘောပေါ်ကို အခုလေးတင်မှ တက်လာတာ မဟုတ်ဘူးလား'
ဝမ်ချိုက်၏ ဦးနှောက်မှာလည်း အလွန်အမင်း ရှုပ်ထွေးနေလေပြီ။ သူသည် ချူဟန်နှင့် အမြဲတမ်း အတူတကွ သွားလာနေခဲ့ပြီး ဤအခန်းကို ရှာတွေ့ကာ ဇွန်ဘီကို သတ်ဖြတ်ခဲ့သည်ကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သေဆုံးသွားသော လူများကို မည်သို့မျှ ကယ်တင်၍ မရနိုင်တော့ပေ။ ထို့ကြောင့် ချူဟန်သည် ချက်ချင်း နောက်လှည့်ကာ သင်္ဘောပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများကို လိုက်လံ ရှာဖွေခဲ့သည်။ အခန်းများအားလုံးကို အနှံ့အပြား ရှာဖွေပြီးနောက် ဟူဖန်ထျန်း၊ ကျိုးချွန်းလဲ့နှင့် ဝမ်ရှစ်ရှုံး တို့ သုံးဦးကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤဇွန်ဘီကို ယဉ်ပါးအောင် မွေးမြူထားသူမှာ ဟူဖန်ထျန်း ဖြစ်နေလိမ့်မည်ဟု မည်သူမျှ တွေးတောမိခဲ့မည် မဟုတ်ပေ။
“မင်းရဲ့ အချိန်ကိုက် တွက်ချက်မှုက တကယ်ကို တိကျလွန်းတယ်။ ငါ့ကိုတောင် လှည့်စားနိုင်မလို့ ဖြစ်သွားတယ်"
ချူဟန်၏ အသံနေအသံထားက အေးစက်မာကျောနေသည်။
" ဒီသေသွားတဲ့ လူတွေကို မင်း တစ်ယောက်တည်း ဖမ်းလာတာလား…ကျန်ကွမ်းယွမ်ရော ပါဝင်ပတ်သက်နေသေးလား "
ဤသင်္ဘောသည် အတိတ်ဘဝက ဤမြစ်ထဲတွင် အလွန် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ အစပိုင်းတွင် မည်သူမဆို မြစ်ကမ်းနှစ်ဖက်ကို သွားလာနေသော သာမန် အပျော်စီးသင်္ဘောတစ်စင်းဟုသာ ထင်မှတ်ခဲ့ကြသည်။ သို့သော် သင်္ဘောပေါ်သို့ တက်သွားသူ တစ်ဦးတစ်ယောက်မျှ ပြန်လည် ရောက်ရှိလာခြင်း မရှိပေ။ သင်္ဘောပေါ်တွင် အမြဲတမ်း သွေးညှီနံ့များ လွှမ်းခြုံနေတတ်သည်။ ထိုသို့သော မသင်္ကာဖွယ်ရာ ကိစ္စရပ်များ အကြိမ်ကြိမ် ဖြစ်ပွားလာပြီးနောက် ပြဿနာမှာ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
လူစားသော မျိုး သန္ဓေပြောင်း လူသားများက ဖမ်းဆီးသွားခြင်း မဟုတ်ပေ။ စိတ်ဝေဒနာရှင် ဖခင်တစ်ဦးက ဇွန်ဘီကို မွေးမြူ ထားခြင်းသာ ဖြစ်သည်။ သမီးဖြစ်သူက ဇွန်ဘီအဖြစ် ပြောင်းလဲသွားပြီးနောက် ဖခင်ဖြစ်သူက လူ့သဘာဝကို စွန့်ပယ်ကာ ၎င်းအတွက် အစာရှာပေးနေခြင်း ဖြစ်သည်။
ထိုအရာများ အားလုံးမှာ ချူဟန် အစကတည်းက သိရှိထားသော အမှန်တရားများ ဖြစ်သည်။ ထို့ကြောင့် ကျန်ကွမ်းယွမ်နှင့် တွေ့ဆုံလိုက်ရချိန်တွင် သူသည် တကယ့် တရားခံ အစစ်အမှန် မဟုတ်ကြောင်း ချူဟန် အလိုလို သိမြင်ခဲ့သည်။ သူသည် အလွန် ငယ်ရွယ်လွန်းလှသည်။ ဤလူမှာ အရွယ်ရောက်ပြီးသော ဇွန်ဘီသမီးတစ်ယောက် ရှိရန် အလွန် ငယ်ရွယ်လွန်းနေသည်။ အဆင့်(၂) သို့ ဆင့်ကဲပြောင်းလဲမှု အောင်မြင်နေပြီဖြစ်သော သမီးဖြစ်သူ ဇွန်ဘီကို ရှင်းလင်းပြီးနောက် ချူဟန်သည် ထိုရူးသွပ်နေသော ဖခင်ဖြစ်သူကို အဆက်မပြတ် ရှာဖွေနေခဲ့သည်။ သို့သော် ဖခင်ဖြစ်သူက သင်္ဘောပေါ်က တစ်နေရာရာမှာ ပုန်းအောင်းနေရမယ် ဆိုသည့် ကြိုတင် သတ်မှတ်ချက်ထဲတွင် သူ ပိတ်မိနေခဲ့သည်။ ထိုတရားခံ အစစ်အမှန်မှာ အရှေ့တွင် ရှိနေသော ဟူဖန်ထျန်း ဖြစ်နေလိမ့်မည်ဟု သူ မတွေးမိခဲ့ပေ။
မေးခွန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီးနောက် အချိန်ဖြစ်ရပ်စဉ်များနှင့် ချိတ်ဆက်ကြည့်လိုက်သောအခါ အရာအားလုံးက ရှင်းလင်းသွားတော့သည်။
ကျန်ကွမ်းယွမ်သည် ကြံရာပါ ဖြစ်သည်။ ဟူဖန်ထျန်းက အပြင်ဘက်သို့ ထွက်ကာ သားကောင်ဖြစ်လာမည့် လူများကို ရှာဖွေပြီး ကျန်ကွမ်းယွမ်နှင့် အတူတူ ဟန်ဆောင်ကာ သင်္ဘောပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။ သေချာ သန့်စင်အောင် ဆေးကြောခဲ့ ဆိုသော ကျန်ကွမ်းယွမ်၏ စကားမှာလည်း တမင်တကာ ဖန်တီးထားသော ထောင်ချောက်တစ်ခုသာ ဖြစ်သည်။ ဟူဖန်ထျန်းက သူ့ကိုယ်သူ မပေါ်လွင်စေချင်သောကြောင့် လူများ ရေချိုးရင်း လူစုကွဲသွားသည့် အခွင့်အရေးကို အသုံးချကာ တစ်ယောက်ချင်းစီကို သေချာပေါက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ အပြန်အလှန် သွားလာမှုများ ပြုလုပ်ပြီးနောက် နောက်ဆုံး ကျန်ရစ်သူများမှာ ကျိုးချွန်းလဲ့နှင့် ဝမ်ရှစ်ရှုံး တို့သာ ဖြစ်သည်။ ဟူဖန်ထျန်းသည် သူတို့ကို ထမင်းစားခန်းနှင့် တမင်တကာ ဝေးရာသို့ ခေါ်ဆောင်ကာ ဤအခန်းဆီသို့ လမ်းပြခေါ်ဆောင်လာခဲ့သည်။
သို့သော် သူ၏ အစီအစဉ်တွင် ကြီးမားသော တွက်ချက်မှုတစ်ခု ရှိနေခဲ့သည်။ လမ်းခုလတ်တွင် ချူဟန် နှင့် မထင်မှတ်ဘဲ ဆုံတွေ့လိုက်ရခြင်း ဖြစ်သည်။
ချူဟန်မှာ ပထမဆုံး မျှော်လင့်မထားသော အရာဖြစ်သည်။ အစပိုင်းတွင် ဟူဖန်ထျန်းသည် ချူဟန်ကိုပါ တစ်ပါတည်း ထောင်ချောက်ဆင်ရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ချူဟန် ဆိုသော နာမည်ကို ကြားလိုက်ရချိန်တွင် သူသည် ချက်ချင်းဆိုသလို ပုန်းအောင်းရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
သူသည် တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက် စာရင်းအကြောင်းကို သိရှိထားသည်။ ချူဟန်က သာမန်လူ မဟုတ်ကြောင်းကိုလည်း သိထားသည်။ ထို့အပြင် အရာအားလုံး သူ၏ အစီအစဉ်အတိုင်း ဖြစ်ပေါ်နေရမည် ဖြစ်သော်လည်း ချူဟန် သင်္ဘောပေါ်သို့ မည်သို့ ရောက်လာသနည်း ဆိုသည့်ကိစ္စကတော့ သူ့ကို သတိဝီရိယ ပိုကြီးသွားစေခဲ့သည်။
ထို့နောက် ချူဟန် သတ်ဖြတ်လိုက်သော ထို သန္ဓေပြောင်း မိန်းမမှာ ဒုတိယမြောက် မျှော်လင့်မထားသည့် အပြောင်းအလဲ ဖြစ်သည်။ သူမကိုယ်တိုင်ကလည်း လျှို့ဝှက်ချက် တစ်ခုခုကို ဖုံးကွယ်ထားသောကြောင့် အခြားသူများနှင့်အတူ အခန်းထဲသို့ မသွားဘဲ အခြားတစ်နေရာတွင် ပုန်းအောင်းရန် ကြိုးစားခဲ့သည်။ သို့သော် မထင်မှတ်ဘဲ ကျန်ကွမ်ယွမ်နှင့် သွားဆုံကာ သူမ၏ အော်ဟစ်သံက ဟူဖန်ထျန်းအတွက် အခွင့်အရေးတစ်ရပ် ဖြစ်သွားစေခဲ့သည်။ ဟူဖန်ထျန်းက ကျိုးချွန်းလဲ့ကို ခေါ်လာခဲ့ချိန်တွင် သူ၏ ဇွမ်ဘီသမီးဖြစ်သူမှာ ချူဟန်၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်ရာ သူ့ကို များစွာ အံ့အားသင့်သွားစေခဲ့သည်။
ထိုအခါမှသာ ဟူဖန်ထျန်းတစ်ယောက် စောစောက ချူဟန်ပြောခဲ့သည့် ဒီသင်္ဘောပေါ်မှာ ဇွမ်ဘီတွေ မရှိတော့ဘူး ဆိုတဲ့ စကားကို သဘောပေါက်သွားတော့သည်။
အခန်း (၂၂၀) လူပီသအောင် ဆုံးမပေးခြင်
"မင်းလား... ငါ့သမီးကို သတ်လိုက်တာ မင်းလား"
ဟူဖန်ထျန်းသည် ဒေါသတကြီးဖြင့် ချူဟန်ထံ လှည့်ကာ ငိုကြွေးဟစ်အော်လိုက်သည်။
"ငါ့သမီးကို ပြန်ပေး... ပြန်ပေးစမ်း"
ထိုသို့ စူးစူးဝါးဝါး အော်ဟစ်လိုက်သဖြင့် ကျိုးချွန်းလဲ့မှာ ကြောက်လန့်တကြားဖြင့် သတိလစ်မတတ် ဖြစ်သွားရသည်။
"သ.. သမီး ဟုတ်လား… ခင်ဗျားရဲ့ သမီးဆိုတာ ဒီဇွန်ဘီကို ပြောတာလား"
"ငါ့သမီးကို အဲဒီလို မခေါ်နဲ့"
ဟူဖန်ထျန်းက ကျိုးချွန်းလဲ့ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဇွန်ဘီ ဆိုတဲ့ စကားလုံးကို အသုံးနဲ့…ငါ့သမီးက ဇွန်ဘီ မဟုတ်ဘူး… ငါ့ရဲ့ အချစ်ရဆုံး ရတနာလေး…ငါ ဂုဏ်ယူရတဲ့ မိသားစုဝင်ပဲ… ဘာဇွန်ဘီမှ မဟုတ်ဘူးကွ"
ရူးသွပ်နေသော ဟူဖန်ထျန်း၏ ပုံစံမှာ စိတ်ဝေဒနာရှင် တစ်ဦးနှင့် ဘာမျှမကွာခြားတော့ပေ။ ဇွန်ဘီကို တင်းကြပ်စွာ ဖက်တွယ်ထားသည့် ထူးဆန်းသော မြင်ကွင်းက ပြင်းထန်သော တုန်လှုပ်မှုကို ဖြစ်စေသော်လည်း တစ်ချိန်တည်းမှာပင် လွမ်းဆွေးဖွယ်ရာ အရိပ်အယောင်များကိုလည်း ခံစားရစေသည်။ သူသည် ဖခင်တစ်ဦး ဖြစ်သည်။ မိမိ၏ သမီးကို ကာကွယ်စောင့်ရှောက်ခြင်းက မည်သို့မျှ မှားယွင်းခြင်း မရှိပေ။ တစ်ခုတည်းသော မှားယွင်းနေမှုမှာ သူ၏ သမီးဖြစ်သူသည် လူသား တစ်ယောက် မဟုတ်တော့ဘဲ ဇွန်ဘီ တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင် ဖြစ်သည်။
ကျိုးချွန်းလဲ့သည် အလွန်အမင်း ထိတ်လန့်သွားသဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲများကြောင့် သူ၏ ဦးနှောက်မှာ လိုက်လံ မစဉ်းစားနိုင်တော့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက အတူတကွ သွားလာနေခဲ့သော ဟူဖန်ထျန်းသည် ဤအဖြစ်အပျက်ဆိုးကြီး၏ တရားခံ ဖြစ်နေလိမ့်မည်ဟု မည်သူက တွေးတောမိမည်နည်း။
ချူဟန်၏ မျက်ဝန်းများ၌ သနားကြင်နာမှုနှင့် ဝမ်းနည်းမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း သူ၏ မိဘနှစ်ပါး မျက်နှာကို ရုတ်တရက် သတိရသွားမိသည်။ မည်သည့် ကြိုတင် အရိပ်အယောင်မျှ မရှိဘဲ ကျရောက်လာသော ကမ္ဘာပျက်ကပ်ကြီး။ ကမ္ဘာပေါ်ရှိ လူသား ကိုးဆယ်ရာခိုင်နှုန်းခန့် ဇွန်ဘီများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော ယခုအချိန်တွင် သူ၏ မိဘနှစ်ပါးသည် ဘေးကင်းစွာ အသက်ရှင်ကျန်ရစ်ပါဦးမလား။
"ချူဟန်... ဘာတွေ ဖြစ်ကုန်တာလဲ"
ထိုစဉ် အနောက်ဘက်မှ ဝမ်ရှစ်ရှုံး၏ အသံ ထွက်ပေါ်လာသည်။ သိသာထင်ရှားသော စိုးရိမ်ပူပန်မှုများ ရောယှက်နေပြီး ကမန်းကတန်း ပြေးလာသော ခြေသံများလည်း နီးကပ်လာသည်။ သူနှင့်အတူ ပြေးလာသော ကျန်ကွမ်းယွမ် လည်း ချူဟန်၏ ဘေးတွင် ဝင်ရပ်လိုက်သည်။
ထို့နောက် မျက်စိရှေ့ရှိ ငရဲဘုံအလား ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်ဆိုးကြီးကို မြင်တွေ့လိုက်ရချိန်တွင် ကျဉ်းမြောင်းကာ မှောင်မိုက်နေသော စင်္ကြံလမ်းလေးမှာ ချက်ချင်းဆိုသလို တိတ်ဆိတ်သွားတော့သည်။
ဝမ်ရှစ်ရှုံးမှာ လုံးဝ ဆွံ့အသွားတော့သည်။ သွေးညှီနံ့များ လှိုင်နေသော ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းနှင့် မျက်ရည်များဖြင့် ဇွန်ဘီကို ဖက်တွယ်ထားသော ဟူဖန်ထျန်းကို သူ ကြောင်အမ်းအမ်းဖြင့်သာ စိုက်ကြည့်နေမိတော့သည်။
'ဘာတွေ ဖြစ်ကုန်တာလဲ'
ဝမ်ရှစ်ရှုံး၏ နှလုံးခုန်သံများမှာ ပြင်းထန်လွန်းလှသဖြင့် သူ့ကိုယ်သူပင် လန့်ဖျပ်လာသည်။ မျှော်လင့်မထားသော ထိုမြင်ကွင်းက သူ၏ ဦးနှောက်နှင့် စိတ်အာရုံကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားလေသည်။ သို့သော် ဝမ်ရှစ်ရှုံးသည် ကျိုးချွန်းလဲ့ ကဲ့သို့ ထိတ်လန့်တကြား အော်ဟစ်နေခြင်း မရှိပေ။ ယခုအချိန်အထိ ဖြစ်ပျက်ခဲ့သော နားလည်ရခက်သည့် အဖြစ်အပျက်များအားလုံးကို ချက်ချင်း ချိတ်ဆက်တွေးတောလိုက်သည်။
စောစောက ချူဟန်ပြောခဲ့သည့် စကားများကိုပါ ထည့်သွင်းစဉ်းစားမိလိုက်သည့်အခါ ဝမ်ရှစ်ရွှန်းတစ်ယောက် တစ်ကိုယ်လုံး တုန်ယင်သွားကာ ဟူဖန်ထျန်းကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိတော့သည်။
'မဖြစ်နိုင်တာ… သူက... ဒါဆို အခုချိန်ထိ ပြသခဲ့တဲ့ အပြုအမူတွေ အားလုံးက သရုပ်ဆောင်နေတာပေါ့'
သူသည် ဘေးတွင် အမူအရာ တစ်ချက်မျှ မပျက်ဘဲ ရပ်နေသော ချူဟန်ထံသို့ အလိုအလျောက် အကြည့်ရောက်သွားသည်။
'ဒီလူက အစောကြီးကတည်းက အရာအားလုံးကို ရိပ်မိနေခဲ့တာလား'
ချူဟန်အပေါ် ထားရှိသော လေးစားကြောက်ရွံ့မှုများမှာ တစ်ဖန် အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားပြန်သည်။ သူကိုယ်တိုင်၏ ယုတ္တိကျကျ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ယုံကြည်မှု ရှိခဲ့သော်လည်း တကယ်တမ်း၌ သူသည် အဖြစ်အပျက်များ၏ ပြင်ပတွင်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။ သူနှင့်အတူ သင်္ဘောပေါ် တက်လာခဲ့သော သူများအားလုံးမှာ ကျိုးချွန်းလဲ့မှလွဲ၍ ကျန်သူများအားလုံး သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သည်။ အကယ်၍ ချူဟန်သာ အချိန်မီ ရိပ်မိခြင်း မရှိခဲ့ပါက အခြေအနေများ မည်မျှအထိ ဆိုးရွားသွားမည်ကို တွေးကြည့်ရန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဘေးတွင် ရပ်နေသော ကျန်ကွမ်းယွမ် သည် သေဆုံးနေသော ဇွန်ဘီကို စိုက်ကြည့်နေရင်း သူ၏ မျက်ဝန်းများ၌ နာကျင်မှု အရိပ်အယောင် အနည်းငယ် ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည် ဖုံးကွယ်လိုက်သည်။ ထိုအရာသည် ဇွန်ဘီတစ်ကောင်သာ ဖြစ်ပြီး အတိတ်က သူ ရင်းနှီးခဲ့သော ချစ်စရာ ကောင်မလေး မဟုတ်တော့ကြောင်းကို သူ ကောင်းကောင်း နားလည်ထားသည်။ ဟူဖန်ထျန်း၏ ရူးသွပ်မှုကို နှုတ်ဆိတ်နေခဲ့ပြီး ကြံရာပါအဖြစ် ပြောင်းလဲသွားခဲ့သော်လည်း သူ့ကိုယ်သူ လှည့်စား၍ မရနိုင်ခဲ့ပေ။ မိမိကိုယ်တိုင် မည်မျှ ယုတ်မာသော လုပ်ရပ်များကို ကျူးလွန်နေသည်ကို သူ အသေအချာ သိရှိထားသည်။
ထိုစဉ် ချူဟန်က အသက်ပြင်းပြင်း ရှူလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဟူဖန်ထျန်းသည် နောက်ကြောင်းလှည့်၍ မရနိုင်တော့သော ပျက်စီးခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
" ကိစ္စတွေ အားလုံးက ရှင်းလင်းသွားပြီ၊ မင်း ဘာပြောချင်သေးလဲ "
" ဘာပြောချင်သေးလဲ ဟုတ်လား "
ဟူဖန်ထျန်းက မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ချူဟန်ကို စူးစိုက်ကြည့်လိုက်သည်။
"မင်းက ငါ့သမီးကို သတ်လိုက်ပြီးတော့ ဒီလိုစကားမျိုး ပြောထွက်သေးတယ်ပေါ့လေ"
"ခင်ဗျားသမီးက လူ မဟုတ်တော့ဘူး… ဇွန်ဘီ ဖြစ်နေပြီ"
ချူဟန်၏ မျက်ဝန်းများတွင် သနားကြင်နာမှုများ တစ်ဖန် ဖြတ်ပြေးသွားပြန်သည်။ အကယ်၍ သူ၏ မိဘများသာ ဇွန်ဘီ ဖြစ်သွားခဲ့လျှင် သူကိုယ်တိုင်လည်း ဤလူကဲ့သို့ပင် ရုန်းကန်ရမည် ဖြစ်ပြီး ရူးသွပ်သွားနိုင်ပေသည်။ ချူဟန်က သက်ပြင်းမသိမသာ ချလိုက်ပြီး အိတ်ကပ်ထဲမှ ဘယ်ဘက်လက်ကို ထုတ်လိုက်သည်။ သူ၏ လက်ချောင်းများကြားတွင် အမည်းရောင် အမြူတေ တစ်ခုကို ဆုပ်ကိုင်ထားသည်။
"ဒါကို ခင်ဗျားကို ပေးမယ်… အမှတ်တရအနေနဲ့ သိမ်းထားလိုက်"
ချူဟန်၏ လေသံက လေးလံနေသည်။
"ဇွန်ဘီ ဖြစ်သွားတာက ခင်ဗျားသမီးရဲ့ အပြစ် မဟုတ်ပါဘူး… ဒါပေမဲ့ ခင်ဗျားရဲ့ လုပ်ရပ်ကိုတော့ လုံးဝ လက်ခံပေးလို့ မရဘူး"
‘ငါတို့ရဲ့ ကပ်စေးနှဲကြီးက (၅) မှတ်တောင် တန်တဲ့ ဇွန်ဘီအမြူတေကို အလကား ပေးလိုက်တယ်ပေါ့လေ'
ဝမ်ချိုက် ၏ အသံက ချူဟန်၏ စိတ်ထဲတွင် ဆူညံပွက်လောရိုက်သွားသည်။
‘ဒီနေ့တော့ နေများ အနောက်ဘက်က ထွက်လာပြီလား မသိဘူး’
"အား... မင်းကို သတ်ပစ်မယ်"
ဟူဖန်ထျန်းသည် ဇွန်ဘီ၏ အလောင်းကို တင်းကြပ်စွာ ဖက်ထားရင်း အော်ဟစ်ငိုကြွေးနေတော့သည်။
" မင်းက ငါ့သမီးကို သတ်လိုက်တဲ့အပြင် ငါ့သမီး ခန္ဓာကိုယ်ပေါ်က အရာကိုပါ ယူလိုက်သေးတယ်ပေါ့ … သွေးအေးရက်စက်တဲ့ မိစ္ဆာကောင်…လူမဆန်တဲ့ တိရစ္ဆာန်ကောင်… ငါ့သမီးလေးက ၁၉ နှစ်ပဲ ရှိသေးတာကွ… မင်း ဘယ်လိုများ လုပ်ရက်တာလဲကွာ "
သမီးဖြစ်သူအပေါ် ထားရှိသည့် သူ၏မေတ္တာတရားက သူ့ထံမှ လူစိတ်ကို လုံးဝ ပျောက်ကွယ်သွားစေခဲ့ပြီ ဖြစ်သည်။ သမီးဖြစ်သူ ဇွန်ဘီ ဖြစ်သွားစေကာမူ ဂရုစိုက်နေမည် မဟုတ်ပေ။ ချစ်လှစွာသော သမီးဖြစ်နေသည့် အချက်ကတော့ ပြောင်းလဲသွားမည် မဟုတ်ပေ။ အခြားသူများ၏ အသက်ကို သူ ဂရုမစိုက်ပေ။ သူ့သမီးက လူစားမယ်ဆိုရင်တောင် သက်ရှိလူတွေကို ဖမ်းပြီး သူ ကျွေးမည်သာ ဖြစ်သည်။
" လူမဟုတ်တော့ဘူး… ဇွမ်ဘီဖြစ်နေပြီကွ "
ချူဟန်က အော်ဟစ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ဟူဖန်ထျန်း၏ အင်္ကျီရင်ဘတ်ကို ကြမ်းတမ်းစွာ ဆွဲမလိုက်သည်။ သူ၏ အသံတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပါဝင်နေသည်။
"ခင်ဗျား ဘာလုပ်ခဲ့လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိရဲ့လား… ကြမ်းပြင်ပေါ်မှာ လဲနေတဲ့ အလောင်းတွေကို ကြည့်လိုက်စမ်း… သူတို့က ငါတို့လို လူသားတွေလေ… ဒါကို ခင်ဗျားက သူတို့အသက်ကို အမှိုက်လို သဘောထားတယ်ပေါ့... ဒါက ခင်ဗျားရဲ့ ရွေးချယ်မှုလား "
"ထွီ..."
ဟူဖန်ထျန်းက တံတွေးထွေးချလိုက်ပြီး ရူးသွပ်နေသူတစ်ဦးပမာ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။
"ဟားဟားဟား... လူသား ဟုတ်လား… အဲဒီကောင်တွေရဲ့ အသုံးမကျတဲ့ အသက်တွေကို ငါ ဂရုစိုက်စရာလား… သေသင့်လို့ သေတာပဲ… လူတွေဆိုတာ အစကတည်းက ငါ့သမီးရဲ့ အစာဖြစ်ဖို့အတွက် တည်ရှိနေတာကွ… ငါ့သမီးထက် ပိုအရေးကြီးတဲ့အရာ ရှိသေးလို့လား"
မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ပြောချလိုက်သော ထိုရူးသွပ်သည့် စကားများကြောင့် ဝမ်ရှစ်ရှုံး နှင့် ကျိုးချွန်းလဲ့ တို့မှာ အလွန် အံ့အားသင့်သွားကြသည်။ ဤအရာက သာမန် ရူးသွပ်ခြင်း မဟုတ်တော့ပေ။ စိတ်ပိုင်းဆိုင်ရာ လုံးဝ ပျက်စီးနေခြင်းပင် ဖြစ်သည်။
ချူဟန်သည် ရင်ထဲမှ နာကျင်မှုများကို မျိုသိပ်လိုက်ပြီး အပြစ်ကင်းစင်စွာ အသတ်ခံလိုက်ရသော အလောင်းများကို တိတ်ဆိတ်စွာ ဝေ့ကြည့်လိုက်သည်။ ရှေ့သို့ တစ်ဖန် ပြန်ကြည့်လိုက်ချိန်တွင် သူ၏ မျက်ဝန်းများမှာ ရေခဲပမာ အေးစက်ခက်ထန်နေတော့သည်။ ထို့နောက် ဘေးတွင် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော ကျန်ကွမ်းယွမ် ကို လက်ညှိုးထိုးကာ ချူဟန်က နောက်ဆုံးအနေဖြင့် သနားညှာတာစွာ မေးမြန်းလိုက်သည်။
" ကျန်ကွမ်ယွမ်က ခင်ဗျားနဲ့ ဘယ်လိုပတ်သက်နေတာလဲ … ခင်ဗျားသမီးနဲ့ရော ဘယ်လို ပတ်သက်လဲ"
ကျန်ကွမ်းယွမ် မှာ လန့်ဖြတ်သွားသည်။ ချူဟန်က သူ၏ အကြောင်းကို ရုတ်တရက် ဘာကြောင့် ထုတ်ပြောလာသနည်းဆိုတာ သူ နားမလည်နိုင်ပေ။ သို့သော် ဟူဖန်ထျန်းသည် ရူးသွပ်နေသော မျက်ဝန်းများဖြင့် မည်သူမျှ မျှော်လင့်မထားသော စကားတစ်ခွန်းကို ပြောချလိုက်သည်။
" ဘာပတ်သက်ရမှာလဲ… အရန်အစာလေကွာ… သူ့ကိုသာ ငါ မရှာလာခဲ့ရင် ငါ့သမီးလေး ငတ်နေမှာပေါ့… ဒါကြောင့် သူ့ကို သင်္ဘောပေါ် ငါခေါ်တင်လာခဲ့တာ… ငါ့သမီးလေး ဗိုက်အရမ်းဆာလာတဲ့အခါ စားလို့ရအောင်လို့လေ"
ထိုအလွန်တရာ ရက်စက်လွန်းသော စကားများကြောင့် ထိုနေရာတွင် ရှိနေသူ အားလုံး၏ မျက်ဝန်းများ ကျုံ့ဝင်သွားတော့သည်။ ဟူဖန်ထျန်း၏ အမြင်တွင် သူကိုယ်တိုင်မှလွဲ၍ ကျန်လူသားအားလုံးမှာ သူ၏သမီးအတွက် အသုံးတော်ခံများသာ ဖြစ်နေသည်။ တစ်ချိန်ချိန်တွင် သူကိုယ်တိုင်ပင် ထိုဇွန်ဘီ၏ အစာအဖြစ် ဝမ်းမြောက်ဝမ်းသာ အစားခံချင်နေမည်လား မသိနိုင်ပေ။
ကျန်ကွမ်းယွမ် သည် မယုံကြည်နိုင်စွာဖြင့် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားသည်။
"ဦးလေးဟူ... ခင်ဗျားက ကျွန်တော့်ကို ခင်ဗျားသမီးရဲ့ အစာအဖြစ် သဘောထားခဲ့တာပေါ့လေ "
"ဟားဟားဟား..."
ဟူဖန်ထျန်းက နောက်တစ်ကြိမ် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး ရုတ်တရက် ချူဟန်ကို အကြံအစည်ကြီးမားသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
"မင်းက အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ ဖြစ်နေလို့ ဆရာကြီး လာမလုပ်နဲ့… အဆင့်(၁) တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက်မှာ နံပါတ်(၁)ဖြစ်နေလို့လဲ ဘာဖြစ်လဲ…ငါက အဆင့်(၂) ဆင့်ကဲပြောင်းလဲသူကွ… မင်း ငါ့သမီးကို သတ်ခဲ့တဲ့အတွက် မင်းကို သတ်ပြီး ငါ့သမီးအတွက် ပြန်ပေးဆပ်ခိုင်းမယ် "
ဟူဖန်ထျန်း၏ စကားကြောင့် လူတိုင်း အလွန် အံ့အားသင့်သွားကြသည်။ ကျန်ကွမ်းယွမ် အပါအဝင် မည်သူမျှ ဟူဖန်ထျန်းမှာ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ မိမိကိုယ်ကို ဖုံးကွယ်ထားမှုက အလွန်တရာ ကျွမ်းကျင်လွန်းနေခဲ့သည်။
အကြောက်တရားနှင့် မျှော်လင့်ချက်မဲ့မှုများက ရင်ဘတ်ထဲသို့ လျင်မြန်စွာ စိမ့်ဝင်လာပြီး ချက်ချင်းဆိုသလို သေမင်း၏ ဖိအားကို ခံစားလိုက်ကြရသည်။ ချူဟန်သည် အဆင့်(၁) တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံး၌ ရပ်တည်နေသည်မှာ မှန်ကန်ပေသည်။ သို့သော် အဆုံးတွင်တော့ အဆင့်(၁) သာ ဖြစ်သည်။ ပြိုင်ဘက်ဖြစ်သော ဟူဖန်ထျန်းက အဆင့်(၂) ဖြစ်နေသောကြောင့် ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ချူဟန်၏ မျက်ဝန်းများမှ ခံစားချက်အားလုံး ပျောက်ကွယ်သွားပြီး အေးစက်သော အငွေ့အသက်များ ပျံ့လွင့်လာတော့သည်။ ဤလူသည် ပြင်ဆင်၍ မရနိုင်တော့ပေ။ မိမိ၏ ရူးသွပ်မှုနှင့် တစ်ကိုယ်ကောင်းဆန်မှုများ၌ လုံးဝ နစ်မွန်းနေသော ဤဘီလူးတစ်ကောင်ကို လောကတွင် ဆက်လက် အသက်ရှင်ခွင့် ပေးထားခြင်းက ဆိုးကျိုးကိုသာ ဖြစ်စေလိမ့်မည်။
ချက်ချင်းဆိုသလိုပင် ဒေါသ ပေါက်ကွဲထွက်သွားသော ချူဟန်က ဟူဖန်ထျန်း၏ ခေါင်းကို ဆွဲကိုင်လိုက်ပြီး နံရံဆီသို့ ပြင်းပြင်းထန်ထန် ဆောင့်ပစ်လိုက်လေသည်။
"မင်းကို နည်းနည်းဆုံးမပေးရမယ်ထင်တယ်"