အခန်း (၁၉၁-၁၉၂)
Vol. 20 Ch. 191-192
အခန်း ၁၉၁
“အစ်ကိုကြီး... ကျွန်တော်တို့ကြားထဲမှာ တစ်ခုခု အထင်လွဲသွားတာများ ရှိလား။ ကျွန်တော့်ဝမ်းကွဲညီနဲ့ တခြားလူတွေက ဘာမှနားမလည်ကြလို့ပါ။ ကျွန်တော်လည်း တူတူပါပဲ။ အစ်ကိုကြီးကို တောင်းပန်ပါတယ်။ တကယ် စိတ်မရှိပါနဲ့။ တောင်းပန်ပါတယ်။”
ခဏမျှ ကြောင်အသွားပြီးနောက် ကျောက်ယင်ချွမ်းတစ်ယောက် ယနေ့တော့ အစွယ်ထက်တဲ့ပြိုင်ဘက်နှင့် တိုးပြီဆိုသည်ကို သိလိုက်ပြီး ကပျာကယာ ခါးညွတ်ကာ အကြိမ်ကြိမ် အခါခါ တောင်းပန်တော့သည်။
“မင်းတို့ အမှိုက်တစ်သိုက်...ဘာလို့ ရပ်ကြည့်ပြီး မတောင်းပန်ကြသေးတာလဲ။”
ပြောပြောဆိုဆိုဖြင့် ကျောက်ယင်ချွမ်းသည် နောက်လှည့်၍ သူ၏ဝမ်းကွဲညီကို ဖြန်းခနဲနေအောင် ရိုက်ချလိုက်၏။ သူ့နှလုံးသားထဲတွင် ထိုညီဖြစ်သူအပေါ် နာကျည်းမုန်းတီးမှုများဖြင့်သာ ပြည့်နှက်နေတော့သည်။
မင်းပြောတော့ ဒီကောင်က ကျောက်စိမ်းပိုးကောင်နဲ့ စာချုပ်ချုပ်ထားတဲ့ အမှိုက်တစ်ယောက်ဆို။ ငါ့ရဲ့ သားရဲနှစ်ကောင်လုံးကို နှစ်ကွက်ထဲနဲ့ အလဲထိုးလိုက်တဲ့ ဒီကောင်က တကယ်ပဲ အမှိုက်လား။
မင်း မျက်စိတွေ ကန်းနေတာလားကွ ခွေးသူတောင်စားရဲ့။
“တောင်း... တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။”
သူ့အစ်ကိုဝမ်းကွဲ၏ လူသတ်တော့မည့်မျက်လုံးများကို မြင်လိုက်ရသောအခါ ကျောက်ယန်ကန်းလည်း ပျာပျာသလဲ တောင်းပန်လိုက်ရ၏။ တစ်ချိန်က ကြောက်တတ်ပြီး အူကြောင်ကြောင်နိုင်သည့် အမှိုက်ကောင် ကျန်းဟန် က ယခုကဲ့သို့ မည်သို့မည်ပုံ အစွမ်းထက်လာသည်ကို သူ လုံးဝ နားမလည်နိုင်တော့ပေ။
ယခင်ကဆိုလျှင် သူ မျက်နှာချင်းဆိုင်တွေ့တိုင်း အေးဆေးနှိပ်စက်နိုင်ခဲ့သော်လည်း ယခုမူ ကျန်းဟန်၏ မျက်နှာကိုပင် စေ့စေ့မကြည့်ရဲတော့ချေ။
“မင်းအလှည့် ရောက်ပြီ။”
ကျန်းဟန်က သူတို့ကို လျစ်လျူရှုလိုက်ပြီး သူနှင့်မလှမ်းမကမ်းတွင် ရှိနေသည့် ပိန်ပိန်ပါးပါး လူငယ်လေးကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“အာ... ဟုတ်ကဲ့။”
ထိုပိန်ပိန်ပါးပါး လူငယ်လေးသည် ခဏမျှ ကြောင်အသွားခဲ့ပြီးနောက် သတိပြန်ဝင်လာ၏။ ကျန်းဟန် သူ့ကိုပေးလိုက်သည့် တုန်လှုပ်မှုက ပြင်းထန်လွန်းလှသဖြင့် သူ၏မျက်နှာတွင် ပါးစပ်အဟောင်းသားနှင့် မျက်လုံးအပြူးသား အမူအရာပင် မရှိတော့ချေ။
အခြားလူများက ကျန်းဟန် ဘာကိုဆိုလိုမှန်း နားမလည်ကြသော်လည်း နောက်တစ်စက္ကန့်တွင် ထိုလူငယ်လေးသည် သတ္တိမွေးကာ လျှောက်သွားပြီး ကျောက်ယန်ကန်း၏ ပါးကို အားကုန်း လွှဲရိုက်လိုက်သည်ကိုသာ မြင်လိုက်ရသည်။
“မင်း သေချင်နေတာလားကွ။”
ကျောက်ယန်ကန်းက ပြန်လည်ခုခံရန် လက်ရွယ်လိုက်သော်လည်း သူ့အစ်ကိုဝမ်းကွဲက ထိုလက်ကို ရိုက်ချကာ တားမြစ်လိုက်၏။ ထိုကြောင့် ထိုပိန်ပိန်ပါးပါး လူငယ်လေး၏ တရစပ် ထိုးနှက်ကန်ကျောက်ခြင်းကို အလူးအလဲ ခံလိုက်ရတော့သည်။
“မင်း...”
ကျောက်ယန်ကန်းသည် ကျန်းဟန်ကို ကြောက်ရွံ့လွန်းနေပြီး ပြန်မချရဲသည့်အပြင် ဆဲပင်မဆဲရဲရှာပေ။
ထို့နောက်တွင် ကျန်ရှိနေသည့် လူများအားလုံးသည်လည်း ထိုလူငယ်လေး၏ အရိုက်အနှက်ကို ခံလိုက်ကြရသည်။
“အစ်ကိုကြီး... ကျွန်တော်တို့ အစ်ကိုကြီးရဲ့ အချိန်တွေ အများကြီးကို ဖြုန်းတီးမိသွားတဲ့အတွက် ဒါလေးတွေကို လျော်ကြေးအဖြစ် ခးလက်ခံပေးပါ။”
သူ့ဝမ်းကွဲညီ အရိုက်ခံနေရသည်ကို မြင်သော်လည်း ဆံပင်အဝါနှင့် လူငယ်သည် ဘာမှမပြောရဲဘဲ အဆင့် ၃ ဝိညာဉ်ပုံဆောင်ခဲ ငါးတုံးကို ထုတ်ယူကာ မျက်နှာလိုမျက်နှာရဖြင့် မြေပြင်ပေါ်သို့ အသာချပေးလိုက်သည်။
“မလိုဘူး။ မင်းတို့ပစ္စည်းတွေ ယူပြီး လစ်လိုက်တော့။ နောက်တစ်ခါ အားနည်းတဲ့သူတွေကို အနိုင်ကျင့်နေတာကို ငါ ထပ်မမြင်ရစေနဲ့။”
ကျန်းဟန်က နှာခေါင်းရှုံ့ကာ အေးစက်စွာ နှင်ထုတ်လိုက်၏။
“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ။ နောက်တစ်ခါ ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး။”
ကျောက်ယင်ချွမ်းသည် ခါးကိုညွတ်ကာ အကြိမ်ကြိမ် ဦးညွှတ်ပြီးနောက် သူ၏သားရဲများကို ပြန်လည်သိမ်းဆည်းကာ သူ၏ဝမ်းကွဲညီနှင့် တခြားလူများကို ခေါ်၍ အမြန်ဆုံး ထွက်ခွာသွားတော့သည်။
မြေပြင်ပေါ်က ဝိညာဉ်ပုံဆောင်ခဲများကိုမူ သူ လုံးဝ ပြန်မကောက်ရဲတော့ချေ။
“မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ မင်းနာမည် ဘယ်လိုခေါ်လဲ။”
ကျန်းဟန်က သူ့ရှေ့ရှိ ပိန်ပိန်ပါးပါး လူငယ်လေးကို ကြည့်ကာ ပြောလိုက်ရင်း အစိမ်းရောင်သစ်သားပန်း၏ အရွက်တစ်ရွက်ကို ထုတ်ယူကာ မြွေစိမ်းလေးကို ကျွေးလိုက်သည်။
သူ့တွင် ကုသရေးသားရဲ မရှိသော်လည်း ဤကဲ့သို့ အဆင့်မရှိသေးသည့် မြွေစိမ်းလေးတစ်ကောင်ကို ကုသပေးရန်မှာမူ သူ့အတွက် အလွန်လွယ်ကူပေသည်။
ထိုအရွက်ကို စားသုံးပြီးသည်နှင့် မြွေစိမ်းလေး၏ ဒဏ်ရာများမှာ လျင်မြန်စွာ သက်သာပျောက်ကင်းသွားပြီး အစေခံအဆင့်သို့ပင် ရောက်ရှိသွားခဲ့ကာ ကျင့်ကြံခြင်းအဆင့်အတန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
အမှန်စင်စစ် ကျန်းဟန် အသုံးပြုခဲ့သည်မှာ အဆင့် ၃ ဝိညာဉ်ပင်၏ အရွက်ဖြစ်သောကြောင့် ထိုအရွက်တစ်ရွက်တွင် ပါဝင်သော ဝိညာဉ်စွမ်းအင်သည် ဤမြွေစိမ်းလေးအတွက်မူ အတိုင်းအဆမရှိ များပြားလှပေသည်။
“ကျေးဇူးတင်ပါတယ်။ ကျွန်တော့်နာမည် စွန်းချန်ပါ။”
ပိန်ပိန်ပါးပါး လူငယ်လေး စွန်းချန်သည် မြွေစိမ်းလေးကို ပွေ့ပိုက်ကာ ကျေးဇူးတင်စကား ဆိုလိုက်၏။
“မင်း သန်မာချင်လား။”
ကျန်းဟန်က သူ့ကို စိုက်ကြည့်ကာ အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
“သန်မာချင်တယ်။ ကျွန်တော် အရမ်းသန်မာချင်တယ်။ ဒါပေမဲ့ ကျွန်တော့်မှာ သားရဲတစ်ကောင် ဝယ်ဖို့တောင် ပိုက်ဆံမတတ်နိုင်ဘူး။ ကျွန်တော်အတွက်တော့ သားရဲထိန်းချုပ်သူတစ်ယောက် ဖြစ်လာနိုင်မှာ မဟုတ်တော့ပါဘူး။”
စွန်းချန်သည် အစပိုင်းတွင် အလွန်တက်ကြွကာ မျှော်လင့်ချက်ရှိနေပုံ ရသော်လည်း နောက်တစ်စက္ကန့်တွင်မူ အတိုင်းအဆမရှိ စိတ်ဓာတ်ကျသွားတော့သည်။ သူ၏မိသားစုမှာ ဆင်းရဲနွမ်းပါးပြီး နေ့စဉ်စားဝတ်နေရေးအတွက်ပင် ရုန်းကန်နေရသည်ဖြစ်ရာ သားရဲတစ်ကောင် ဝယ်ယူရန် မည်သို့မျှ မတတ်နိုင်ရှာပေ။
“ဘာလို့ ဝယ်ဖို့လိုမှာလဲ။ ဒီမြွေစိမ်းလေးကလည်း အဆင်ပြေနေတာပဲလေ။ ဒါ့အပြင် မင်းက ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်။ သူတပါးကို အားကိုးဖို့ မကြိုးစားနဲ့။”
ကျန်းဟန်က ပြောလိုက်သည်။
“ရှောင်ချင်းက ကြယ်တစ်ပွင့်အဆင့် အရည်အချင်းပဲ ရှိတယ်။ ကျွန်တော် တောရိုင်းထဲသွားပြီး စွန့်စားခန်းဖွင့်တာကမှ ပိုကောင်းပါဦးမယ်။”
စွန်းချန်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုသည်။ သူ့ဖခင် ချန်ထားရစ်ခဲ့သော သားရဲမှာ နတ်ဘုရားအဆင့် အိမ်မွေးသားရဲ ဖြစ်လိမ့်မည်ဟု သူတစ်ချိန်က မျှော်လင့်ခဲ့ဖူးသော်လည်း ယခုမူ ၎င်းမှာ အလွန်ရိုးရှင်းလှသည့် မြွေစိမ်းလေးတစ်ကောင်သာ ဖြစ်နေခဲ့သည်။
“မဟုတ်ဘူး...မဟုတ်ဘူး။ မင်း ပိုကီဒက်စ်ကို သွားမယုံနဲ့။ အဲဒါက မမှန်ဘူး။ လူတိုင်းက ငါ့ကို ကျောက်စိမ်းပိုးကောင်နဲ့ စာချုပ်ချုပ်ထားတယ်လို့ ထင်နေကြသလိုပေါ့။ ဒါပေမဲ့ အဲဒါက ကျောက်စိမ်းပိုးကောင် မဟုတ်ဘဲ လျှပ်စီးပိုးကောင်ဆိုတာ ငါတစ်ယောက်ပဲ သိတယ်။ မင်းဘက်က အရှုံးမပေးဘဲ ဆက်ပြီးကြိုးစားနေသရွေ့ အရာရာတိုင်းအတွက် မျှော်လင့်ချက် ရှိတယ်။”
ကျန်းဟန်က ခေါင်းခါကာ ပြောလိုက်သည်။
“တကယ်တော့ မင်းရဲ့ မြွေစိမ်းလေးမှာ နဂါးသွေးမျိုးဆက် ရှိတယ်။ ပိုကီဒက်စ်က ရှာမတွေ့နိုင်ခဲ့ရုံပဲ။ မင်းသာ သူ့ကိုခေါ်ပြီး သေချာလေ့ကျင့်ပေးမယ်ဆိုရင် အနာဂတ်မှာ တစ်ခုခုတော့ သေချာပေါက် ဖြစ်လာလိမ့်မယ်။”
ကျန်းဟန်က ထပ်လောင်းပြောကြားလိုက်သည်။
“တကယ်လား...။”
စွန်းချန် မျက်လုံးများ ပြူးကျယ်သွား၏။ သူ မယုံကြည်သော်လည်း သူ့နှလုံးသားထဲတွင်မူ ကျန်းဟန်ပြောသည့် စကားများ မှန်ကန်ပါစေဟု မျှော်လင့်မိနေသည်။ ကျန်းဟန်၏ ကျောက်စိမ်းပိုးကောင် အကြောင်းကို သူ ကြားဖူးထားပြီးဖြစ်ရာ ကျန်းဟန် ယခုလို မည်မျှအစွမ်းထက်လာသည်ကို သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။ ကျန်းဟန် ယခုလေးတင် ပြသခဲ့သည့် ခွန်အားသည် ကျောက်ယန်ကန်းနှင့် အခြားလူများကို တုန်လှုပ်စေရုံသာမက သူ့ကိုလည်း အတိုင်းအဆမရှိ မှင်တက်သွားစေခဲ့သည်။
ကျောက်ယန်ကန်း၏ အစ်ကိုဝမ်းကွဲမှာ အလွန်သန်မာကြောင်း ကျန်းဟန်ကို သတိပေးရန် သူ ကြံရွယ်ခဲ့သော်လည်း နောက်တစ်စက္ကန့်တွင်မူ ကျန်းဟန်က ထိုသူ့ကို လဲကျသွားအောင် လုပ်ဆောင်လိုက်ပြီ ဖြစ်သည်။ သူသည် ယခုတိုင် မျက်လုံးအပြူးသားဖြင့် မှင်တက်နေဆဲပင်။ ကျန်းဟန်၏ မည်သူမျှမယှဉ်နိုင်သော ထိုပုံစံမှာ သူ အလွန်ဖြစ်ချင်နေသည့် အိပ်မက်တစ်ခုပင် မဟုတ်ပါလော။
“သေချာတာပေါ့။ မင်းသာ တက်တက်ကြွကြွ လေ့ကျင့်မယ်ဆိုရင် မကြာခင်မှာ သန်မာလာလိမ့်မယ်။”
ကျန်းဟန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
စွန်းချန် တစ်ခုခုထပ်ပြောချင်သော်လည်း ကျန်းဟန်က ထွက်ခွာရန် အမိန့်ပေးလိုက်သည်။
“မင်း သွားသင့်ပြီ။ မင်း ငါ့ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ငါ ဂရုမစိုက်ဘူး။ ငါ ဝင်ပြီးတော့လည်း ဝင်ရှုပ်မှာမဟုတ်ဘူး။”
“ကျေးဇူးတင်ပါတယ်။”
စွန်းချန်သည် ကျန်းဟန်၏ စကားကို မလွန်ဆန်ရဲသဖြင့် ကျေးဇူးတင်စကား ဆိုပြီးနောက် လှည့်ထွက်သွားတော့သည်။
“အပေါ်ထပ် တက်ကြစို့။”
ကျန်းဟန် ပြုံးလိုက်သည်။
အမှန်စင်စစ် မြွေစိမ်းလေးတွင် နဂါးသွေးမျိုးဆက် ရှိသည်ဟူသော စကားမှာ မုသားစကားသာ ဖြစ်သည်။ သို့သော်လည်း သူ့တွင် ထိုမုသားကို အမှန်တရားဖြစ်အောင် ပြောင်းလဲနိုင်သည့် နည်းလမ်းရှိနေပြီး ဤကောင်လေးကို ကူညီမြှင့်တင်ပေးခြင်းမှာလည်း အနာဂတ်အစီအစဉ်များအတွက်သာ ဖြစ်သည်။
ဤသည်မှာ သူ၏ စိတ်ကူးစိတ်သန်းတစ်ခုဖြစ်သည်။ ပိုင်လင်းကို အသုံးပြု၍ ဘဝပျက်နေသော လူငယ်အချို့အား ကူညီစောင်မမှုပေးရန်နှင့် ထိုမှတစ်ဆင့် ၎င်းတို့၏ သားရဲများကို နဂါးသွေးမျိုးဆက် ပိုင်ဆိုင်စေပြီး ၎င်းတို့၏ အလားအလာကို များစွာ မြှင့်တင်ပေးရန် ဖြစ်သည်။ ၎င်းတို့ အနာဂတ်တွင် ကြီးပြင်းလာပြီး နေရာဒေသအသီးသီးသို့ ရောက်ရှိသွားကြသည့်အခါ ထိုနေရာများတွင် သူ၏ လူများကို စိုက်ထူထားသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ဤစိတ်ကူးစိတ်သန်းသည် ပိုင်လင်း မိုးကြိုးတောင်၌ ကျင့်ကြံနေစဉ် ရှဥ့်များနှင့် အခြားသော တိရစ္ဆာန်ငယ်လေးများကို ကူးစက်စေခဲ့ရာမှ ရရှိလာခြင်း ဖြစ်သည်။ သာမန်နဂါးများ၏ နဂါးသွေးမျိုးဆက် ကူးစက်ခံရသော သားရဲများသည် စစ်မှန်သော နဂါးများအဖြစ် ကြီးထွားရန် ခဲယဉ်းသော်လည်း ပိုင်လင်းမှာမူ ကွဲပြားခြားနားသည်။ ၎င်းသည် ဘိုးဘေးနဂါးတစ်ကောင်နှင့် သဏ္ဌာန်တူပြီး ၎င်း၏ ကူးစက်ခြင်း ခံရသော သားရဲများ၏ အလားအလာမှာ မည်သို့မျှ မနိမ့်ကျနိုင်ပေ။ စစ်မှန်သော နဂါးတစ်ကောင်အဖြစ် ကြီးထွားလာရန်အတွက် လုံးဝ ပြဿနာမရှိနိုင်ချေ။
ထို့အပြင် ၎င်းသည် ကူးစက်ခံထားရသော တည်ရှိမှုများအပေါ် လုံးဝဥဿုံ ထိန်းချုပ်နိုင်စွမ်း ရှိသည်။ ၎င်းအနေဖြင့် လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်ရုံမျှဖြင့် ထိုကူးစက်ခံ သားရဲများကို သတ်ဖြတ်ရန်မှာ အလွန်လွယ်ကူသလို သွေးမျိုးဆက်ကို တိုက်ရိုက်ထုတ်ယူသည့် နည်းလမ်းမျိုးလည်း ရှိပေသည်။ ဤကဲ့သို့သော ထိန်းချုပ်မှုနှင့်အတူ ဘဝပျက်နေသော လူငယ်များအပေါ် သူ ပြသခဲ့သည့် ကျေးဇူးတရားတို့ ပေါင်းစပ်လိုက်လျှင် ထိုသူများကို သူ စိတ်ကြိုက် အသုံးချနိုင်မည် ဖြစ်သည်။
ဤကမ္ဘာတွင် လုံလောက်သော ခွန်အားရှိခြင်းက အရာရာကို အမှုန့်ဖြစ်အောင် နင်းခြေဖျက်ဆီးပစ်နိုင်သည်မှာ မှန်သော်လည်း များသောအားဖြင့်မူ ထိုအဆင့်သို့ ရောက်ရှိရန် ခဲယဉ်းလှသည်။ အထူးသဖြင့် မိမိကိုယ်ကိုယ် အပြည့်အဝ မရင့်ကျက်သေးခင် ကာလအပိုင်းအခြားအတွင်း၌ လူတစ်ဦးတစ်ယောက်တည်းအနေဖြင့် အဖွဲ့အစည်းများ၊ စုပေါင်းအင်အားစုကြီးများနှင့် ယှဉ်ပြိုင်ရန်မှာ အလွန် ခက်ခဲလှပေသည်။
ကျန်းဟန်သည် ဤကဲ့သို့သော ကာလအပိုင်းအခြားအတွက် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်သည်။ လူတစ်ယောက်တွင် ရေရှည်အတွက် ပူပန်တွေးတောမှု မရှိလျှင် လက်ငင်းဒုက္ခများနှင့် ကြုံတွေ့ရတတ်သဖြင့် သူသည် ယခုကတည်းက စတင်စီမံကိန်းချရမည် ဖြစ်သည်။
ဤသို့ ပြင်ဆင်ထားခြင်းဖြင့် သူ၏ ခွန်အားမှာ အားမနည်းတော့သော်လည်း အဖွဲ့အစည်းကြီးများကို တစ်ကိုယ်တော် မယှဉ်ပြိုင်နိုင်သေးသည့် ကာလအတွင်း၌ပင် သူ့တွင် မည်သည့်ထောက်တိုင်မျှမရှိဘဲ အထီးကျန်နေတော့မည်မဟုတ်ပေ။ ဤမျိုးစေ့များကို အဖွဲ့အစည်းအသီးသီးတွင် ကြဲပက်ထားခြင်းဖြင့် သူ့အတွက် သတင်းအချက်အလက်များနှင့် ထိုအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို အချိန်မရွေး အမိအရ ဆုပ်ကိုင်ထားနိုင်မည် ဖြစ်သည်။
သူသည် ညဉ့်နက်ပိုင်းရောက်လျှင် ပိုင်လင်းကိုခေါ်၍ ထိုမြွေစိမ်းလေးအား ကူးစက်ခြင်းလုပ်ငန်းစဉ်ကို အပြီးသတ်ရန် စီစဉ်ထားပြီး ၎င်းအား စစ်မှန်သော နဂါးသွေးမျိုးဆက် ပိုင်ဆိုင်သည့် သားရဲတစ်ကောင် ဖြစ်လာစေမည်ဖြစ်သည်။
“ဂူး... “
ကျန်းဟန် တွေးတောနေစဉ်မှာပင် ဟုတ်ဟုတ်က သူ့ကို နှုတ်သီးဖြင့် တို့ဆိတ်ကာ ညစာပြင်ဆင်ပေးရန် အချက်ပြလိုက်၏။
“မင်းဘာသာ မင်းစားနှင့်တော့။ ငါ ရေသွားချိုးဦးမယ်။”
ကျန်းဟန်က ၎င်းကို တစ်ချက်လှမ်းကြည့်ကာ အစာများကို ထုတ်ပေးလိုက်ပြီးနောက် လဲလှယ်မည့် အဝတ်အစားတစ်စုံကို ရှာဖွေကာ ရေချိုးရန် ထွက်လာခဲ့လိုက်တော့သည်။
အခန်း ၁၉၂
သူ့အိမ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်း အများစုမှာ ဖျက်ဆီးခံထားရသဖြင့် ကျန်းဟန်တစ်ယောက် ရေအေးဖြင့်သာ ဖြစ်သလို ချိုးလိုက်ရတော့သည်။ သူသည် ယခုလို အခြေအနေမျိုးကို ကျင့်သားရနေပြီ ဖြစ်သော်လည်း နှလုံးသားထဲတွင်မူ အလွန်မကျေမနပ် ဖြစ်မိဆဲပင်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏အိမ်ဖြစ်ပြီး ထိုလူများကြောင့် ယခုကဲ့သို့ ပျက်စီးယိုယွင်းသွားရခြင်းကြောင့်ပင်။
ရေချိုးပြီးနောက် သူသည် ဝဝလင်လင် စားသောက်ထားသော ဟုတ်ဟုတ်ကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်ထည့်လိုက်ပြီး သူ၏ သိုလှောင်သေတ္တာထဲမှ အိပ်စက်ခြင်းအိတ်တစ်ခုကို ထုတ်ကာ ခေတ္တမျှ မှေးစက်ရန် ဖြစ်သလို ပြင်ဆင်လိုက်ရသည်။
သူ စတင်အိပ်မောကျခါနီးအချိန်မှာပင် အိမ်အပြင်ဘက်၌ အနီးနားရှိ အိမ်နီးနားချင်းအချို့သည် ယခင်က သူ၏အိမ်မှ ယူဆောင်သွားခဲ့သော ပစ္စည်းများကို သူ၏ တံခါးရှေ့၌ တိတ်တဆိတ် လာပြန်ချထားကြ၏။ အချို့ဆိုလျှင် ခါးကိုညွတ်၊ ဦးကိုညွှတ်လျက် တောင်းပန်လိုက်ကြပြီး မြေပြင်ပေါ်၌ ပိုက်ဆံအချို့ကိုလည်း ထားခဲ့ကြကာ ကျန်းဟန်အနေဖြင့် ၎င်းတို့ကို ရန်ငြိုးမထားရန် မျှော်လင့်နေကြသည်။
ထိုလူများစွာသည် စောစောက ကျန်းဟန်တစ်ယောက် ကျောက်ယင်ချွမ်းကို သင်ခန်းစာပေးလိုက်သည်ကို မြင်တွေ့ခဲ့ကြသည်မှာ သိသာထင်ရှားသည်။ ၎င်းတို့သည် ကျန်းဟန်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့် တုန်လှုပ်ချောက်ချားသွားကြပြီး သူ မည်သည့်အတွက်ကြောင့် ယခုလို သန်မာလာရသည်ကို နားမလည်နိုင်ကြချေ။
တစ်ချိန်တည်းမှာပင် ကျန်းဟန်၏အိမ်မှ ပစ္စည်းများကို ယူဆောင်ထားခဲ့ကြသူများမှာ ပို၍ပင် ထိတ်လန့်တုန်လှုပ်နေကြသည်။ ဤသတ်မှတ်နယ်မြေတွင် နေထိုင်ကြသူ အများစုမှာ အစွမ်းထက်သော သားရဲထိန်းချုပ်သူများ မဟုတ်ကြသဖြင့် ကျန်းဟန်က ၎င်းတို့အား ပြဿနာလာရှာမည်ကို ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။ အစွမ်းထက်သော သားရဲထိန်းချုပ်သူတစ်ယောက်အဖို့ ၎င်းတို့ကို နှိပ်ကွပ်ရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။
ညဉ့်နက်ပိုင်းတွင် ကျန်းဟန် နိုးလာပြီး အိမ်အပြင်သို့ လျှောက်လှမ်းလာသောအခါ တံခါးရှေ့တွင် ပစ္စည်းများစွာ စုပုံနေသည်ကို တွေ့လိုက်ရ၏။ ထိုအရာများထဲမှ အများစုမှာ သူ၏မူလခန္ဓာ ငယ်စဉ်ကတည်းက အခြားသူများ ငှားရမ်းသွားခဲ့ကြသည့် ပစ္စည်းများဖြစ်ပြီး ယခုမူ အားလုံး ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကျန်းဟန် အေးစက်စက် နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်ပြီး ထိုအရာများကို လုံးဝ ဂရုမစိုက်ပေ။ ဤသည်မှာ သူ၏ခွန်အား တိုးတက်လာသောကြောင့်သာ ဖြစ်ပြီး ထိုလူများ နောင်တရလာကြ၍ မဟုတ်မှန်း သူ ကောင်းကောင်းသိသည်။ သို့မဟုတ်ပါက ထိုပစ္စည်းများသည် ထာဝရ ငှားရမ်းခြင်း ခံထားရမည်သာ ဖြစ်သည်။
လူဆိုသည်မှာ ဤကဲ့သို့ပင် ဖြစ်သည်။ သင် အားနည်းနေသည်ကို မြင်လျှင် ၎င်းတို့က ပို၍ပင် အနိုင်ကျင့်ကာ ခေါင်းပုံဖြတ်ကြလိမ့်မည်။ ဆန့်ကျင်ဘက်အနေဖြင့် သင်သာ အစွမ်းထက်လာပါက ၎င်းတို့က ပြုံးရွှင်သောမျက်နှာများဖြင့် နှုတ်ဆက်ကာ ဖားယားကြပေလိမ့်မည်။ မိမိ ဒုက္ခရောက်နေချိန်တွင် ကူညီဖေးမပေးမည့်သူဟူသည် ဖီးနစ်ငှက်၏ အမွှေးအတောင်နှင့် ယူနီကွန်း၏ ဦးချိုကဲ့သို့ အလွန်ပင် ရှားပါးလှပေသည်။
အတော်အတန် အဆင့်ရှိသူများက သင့်ကို အေးစက်စက် လျစ်လျူရှုထားကြမည်ဖြစ်ပြီး ပို၍ဆိုးယုတ်သူများကမူ သင် လဲကျနေချိန်တွင် ထပ်ဆင့်နင်းကာ အနိုင်ကျင့်ပြီး သင့်ထံမှ နောက်ဆုံးရှိသမျှ တန်ဖိုးကိုပင် ညှစ်ထုတ်သွားကြပေလိမ့်မည်။ ထို့ကြောင့်ပင် ရှေးလူကြီးများက ‘နှင်းကျနေချိန် မီးသွေးလာပေးသူ ရှားပါးပြီး ပန်းကန်ပေါ် ပန်းကန်ထပ်ဆင့်သူသာ များပြားသည်’ ဟု ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
ကျန်းဟန်သည် ဘေးအိမ်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ရာ ထိုအိမ်တွင် သူ၏မူလခန္ဓာပိုင်ရှင်ကို ကြီးမားသော နာကျင်မှုများ ပေးခဲ့ဖူးသည့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး နေထိုင်သည်။ ယခုအခါ သူ သန်မာလာပြီဖြစ်၍ သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ဖြန့်ကြက်နိုင်ပြီဖြစ်ရာ ကျန်းဟန်က သူမထံ လာရောက်စာရင်းရှင်းမည်ကို ထိတ်လန့်တုန်လှုပ်ကာ ကြောက်ရွံ့နေသော ထိုအမျိုးသမီး၏ ခံစားချက်ကို သူ အာရုံခံမိနေ၏။
သို့သော် ကျန်းဟန်က တစ်ချက်မျှသာ လှမ်းကြည့်ပြီးနောက် ထွက်ခွာသွားခဲ့သည်။ ထိုကဲ့သို့သော လူမျိုးများကို သူ လုံးဝ အရေးမစိုက်ပေ။ သူသည် ထာဝရအသက်ကို ရှာဖွေနေသူတစ်ဦးဖြစ်ရာ ဤကဲ့သို့ သက်တမ်းတိုတောင်းလှသော သတ္တဝါများနှင့် ဘာကြောင့် အငြင်းပွားနေရဦးမည်နည်း။ ထိုအမျိုးသမီး ပြာအဖြစ် ပြောင်းလဲသွားသည့်တိုင် သူကမူ ကျန်းကျန်းမာမာဖြင့် ဆက်လက် အသက်ရှင်နေဦးမည်သာ ဖြစ်သည်။
သူသည် ရှေ့သို့ ဆက်လျှောက်သွားပြီး မကြာမီမှာပင် စောစောက ပိန်ပိန်ပါးပါး လူငယ်လေး စွန်းချန်၏ အိမ်ကို ရှာတွေ့သွားခဲ့သည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင်ကို အသာအယာ ဖြန့်ကြက်ကြည့်လိုက်ရုံဖြင့် ထိုလူငယ်နှင့် သူ၏မိခင်တို့ နှစ်ခြိုက်စွာ အိပ်မောကျနေပြီဖြစ်ကြောင်း သူ အတည်ပြုလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူသည် ပိုင်လင်းကို တိတ်တဆိတ် ထုတ်ယူလိုက်၏။ မြူခိုးမျက်နှာဖုံးကို အသုံးပြု၍ ၎င်း၏ အရှိန်အဝါကို ဖုံးကွယ်ပြီးနောက် သူ ပြောလိုက်တော့သည်။
“စလိုက်တော့။”
“နားလည်ပါပြီ သခင်။”
ပိုင်လင်းက ခေါင်းညိတ်ပြပြီး ၎င်း၏အရှိန်အဝါကို အနည်းငယ် ထုတ်ဖော်လိုက်သည်။ မကြာမီမှာပင် အတွင်းမှ မြွေစိမ်းလေးတစ်ကောင် တွားသွားလျက် ထွက်လာခဲ့လေသည်။ ၎င်းသည် ပိုင်လင်းကို ဦးညွှတ်ကာ မြေပြင်ပေါ်၌ ဝပ်စင်းခစားလိုက်လေသည်။
ပိုင်လင်းက ထိုမြွေငယ်လေးကို တစ်ချက် ကြည့်လိုက်၏။ ၎င်း၏ ပါးစပ်မှ ခရမ်းနုရောင် သွေးတစ်စက် ပျံသန်းထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအားများနှင့် ရောနှောကာ မြွေစိမ်းလေး၏ နဖူးပေါ်သို့ ကျရောက် သက်ဆင်းသွားတော့သည်။
မြွေစိမ်းလေး၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ဤအချိန်မှစ၍ ၎င်းသည် ပိုင်လင်း၏ လက်အောက်ခံတစ်ယောက် ဖြစ်လာခဲ့ပြီး ပိုင်လင်း၏ ထိန်းချုပ်မှုကို ခံယူကာ ပိုင်လင်းအတွက် အစေခံရတော့မည် ဖြစ်သည်။
ဝိညာဉ်စွမ်းအားကြောင့် ကူးစက်ခံရသည့် သားရဲများနှင့်မတူဘဲ ဤကဲ့သို့ နဂါးသွေးမျိုးဆက် ကူးစက်ခံရသည့် လက်အောက်ခံများသည် ပိုမိုကြီးမားသော အလားအလာရှိကြပြီး ပိုမိုမြန်ဆန်စွာ တိုးတက်လာနိုင်ကြသည်။ အနာဂတ်တွင် ဤသွေးမျိုးဆက်သည် ၎င်း၏ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းချင်း ပေါင်းစပ်သွားကာ ရုပ်ခန္ဓာဖွဲ့စည်းပုံကို ပြောင်းလဲစေပြီး ၎င်း၏အလားအလာကို တစ်စတစ်စ မြင့်တက်လာစေမည် ဖြစ်သည်။
“ဝေါင်း...”
ထိုသို့ ပြုလုပ်ပြီးနောက် ပိုင်လင်းက ၎င်းအနေဖြင့် ထွက်ခွာနိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်သော်လည်း မြွေစိမ်းလေးမှာမူ ၎င်းနောက်သို့ လိုက်ပါချင်နေခဲ့ရာ ပိုင်လင်းက လုံးဝ ခွင့်မပြုခဲ့ပေ။ ပိုင်လင်း၏ အကြည့်တစ်ချက်အောက်မှာတင် ၎င်းသည် ကပျာကယာ လှည့်ထွက်သွားပြီး အိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။
“ငါတို့လည်း ပြန်ကြစို့။”
ကျန်းဟန်သည် ပိုင်လင်းကို ပြန်ရုပ်သိမ်းလိုက်ပြီး မိမိအိမ်ဘက်သို့ ပြန်လှည့်လာခဲ့လိုက်သည်။ မျိုးစေ့တစ်ခုကိုတော့ စိုက်ပျိုးပြီးခဲ့ပြီ ဖြစ်သည်။
အနာဂတ်တွင် ဤမျိုးစေ့ ကြီးထွားလာမည်လော သို့မဟုတ် ၎င်းကို သူ အသုံးပြုရန် လိုအပ်ပါဦးမည်လော ဆိုသည်ကို သူ မသိသော်လည်း ဤသည်မှာ သတိကြီးစွာဖြင့် ကြိုတင်၍ အခြေခံအုတ်မြစ်တစ်ခုကို ပြင်ဆင်ထားခြင်းမျှသာ ဖြစ်သည်။ ကမ္ဘာကြီး၏ အနာဂတ်အခြေအနေသည် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု သူ ခံစားမိနေသည်။
လူသားများက အလုံးစုံ ပြန်လည်တိုက်စစ်ဆင်ပြီး ကမ္ဘာကြီးတစ်ခုလုံးကို ပြန်လည်သိမ်းပိုက်နိုင်ရုံမျှဖြင့် ပြီးဆုံးသွားမည့် ပုံစံမျိုး မဟုတ်ဘဲ အခြား အပြောင်းအလဲများလည်း ရှိလာနိုင်ချေ အလွန်များပြားသည်။ အကယ်၍ ထိုအချိန်တွင် သူ့၌ အဖွဲ့အစည်းတစ်ခု လိုအပ်လာပါက စောစောစီးစီး မြှုပ်နှံထားခဲ့သော ဤမျိုးစေ့များဖြင့် ကြီးမားသော အဖွဲ့အစည်းတစ်ခုကို သူ လျင်မြန်စွာ စုစည်း တည်ထောင်နိုင်မည် ဖြစ်သည်။
အိမ်သို့ ပြန်ရောက်သောအခါ ကျန်းဟန် ဆက်လက် အိပ်စက်လိုက်တော့သည်။
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် သူသည် တံခါးရှေ့ရှိ ပစ္စည်းများနှင့် ပိုက်ဆံများကို ဂရုမစိုက်ဘဲ ကျောင်းသို့ တန်း၍ ထွက်ခွာခဲ့လိုက်သည်။ သို့သော်လည်း ထိုသတ်မှတ်နယ်မြေအတွင်းရှိ လူများမှာမူ နေမင်းကြီး အနောက်ဘက်က ထွက်လာသည့်အလား ပြုမူလှုပ်ရှားကြလေသည်။ ၎င်းတို့သည် တံမြက်စည်းများနှင့် ကြမ်းတိုက်ဖတ်များကို ကိုယ်စီယူကာ သူ၏အိမ်ကို အထက်မှအောက်အထိ အလိုအလျောက် ဝိုင်းဝန်းသန့်ရှင်းပေးနေကြပြီး အရာရာကို သေသပ်သပ်ရပ်ရပ် စီစဉ်ပေးထားကြသည်။
“အို... ငါကတော့ ဒီကလေး ကျန်းဟန်ကို တောက်ပတဲ့ အနာဂတ်ရှိမယ့်သူလို့ အမြဲ ထင်နေခဲ့သားပဲ။”
“ဟုတ်ပါ့...ငါကြားတာတော့ သူက အခု ငါတို့ ရှန်းဟွာအထက်တန်းကျောင်းမှာ နံပါတ်တစ် ဖြစ်နေပြီတဲ့။ ကန်မြိုမှာတောင် အဆင့် ၉ ရှိတယ်လို့ ပြောတယ်။”
“မှန်တယ်။ ဒီကလေးခမျာ တကယ်ကို ပင်ပန်းဆင်းရဲခဲ့ရှာတာ။ သူ့မိဘတွေ စောစောစီးစီး ဆုံးပါးသွားပြီး တစ်ယောက်တည်း ရုန်းကန်ခဲ့ရတာတောင် အခုလို အောင်မြင်မှုတွေ ရအောင် လုပ်နိုင်သေးတယ်...။”
ထိုလူများသည် ယခင်က ကျန်းဟန်ကို ဆိုးရွားသည့်စံပြတစ်ခုအဖြစ် သတ်မှတ်ကာ ကဲ့ရဲ့ရှုတ်ချပြီး ခေါင်းပုံဖြတ်ခဲ့ကြသော်လည်း ယခုမူ ၎င်းတို့သည် ကျန်းဟန်၏ ပြန်ကြားရေးအရာရှိများအဖြစ် ပြောင်းလဲသွားကြပြီး နေရာအနှံ့တွင် ကျန်းဟန်၏ အကြောင်းကို ကောင်းချီးသြဘာ ပေးနေကြတော့သည်။ ကြီးသူကိုရိုသေ၍ ငယ်သူကိုလေးစားခြင်း ကဲ့သို့သော အရာများမှာ အခြေခံမျှသာ ဖြစ်ပြီး အချို့ဆိုလျှင် သူ ငယ်စဉ်ကတည်းက လက်ဗလာဖြင့် လက်ရွေးစင်အဆင့် သားရဲတစ်ကောင်ကို သတ်ဖြတ်ခဲ့ဖူးသည်ဟုပင် ပြောဆိုကြနေသည်။ အချုပ်အားဖြင့်ဆိုရသော် ဆန်းကြယ်ထူးခြားပုံပေါက်မည့် စကားမှန်သမျှကို လျှောက်ပြောနေကြခြင်း ဖြစ်သည်။
ထို့အပြင် အိမ်သို့ ပြန်ရောက်သည့်အခါ ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ကျန်းဟန်အိမ်ရှိ ပစ္စည်းမှန်သမျှကို နောက်နောင် ဘယ်တော့မှ မထိရဲရန် ပြတ်ပြတ်သားသား သတိပေးလိုက်ကြ၏။ ဤလူများသည် မျက်နှာလိုမျက်နှာရ နေနိုင်ကြသော်လည်း လောကနီတိ အကွက်များကိုမူ ကောင်းကောင်း နားလည်ကြသည်။
၎င်းတို့သည် ကျန်းဟန်ကို မြင့်မြတ်သော ကိုယ်ကျင့်တရားများရှိသူအဖြစ် ပုံကြီးချဲ့ ချီးမွမ်းခြင်းဖြင့် သူ့၏ပုခုံးပေါ်သို့ ကိုယ်ကျင့်တရားဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတစ်ခု တင်ပေးရန် ကြံရွယ်နေကြခြင်းဖြစ်၏။ သို့မှသာ သူသည် ၎င်းတို့အပေါ် ပြန်လည် လက်စားချေရန် ခက်ခဲသွားမည် ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် သနားစရာကောင်းအောင် ဟန်ဆောင်ပြီး မိမိတို့ ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများနှင့် အခက်အခဲများကို ပြောပြကာ ယခင်က အနိုင်ကျင့် ခေါင်းပုံဖြတ်ခဲ့သည့် အမှန်တရားကို ဖုံးကွယ်ရန် ကြိုးစားကြလိမ့်မည်။ ၎င်းတို့မှာ ထိုသို့လုပ်ဆောင်ရန် ဖိအားပေးခံခဲ့ရပြီး အမှန်တကယ်တွင် ကိုယ်ပိုင် လျှို့ဝှက် အခက်အခဲများ ရှိခဲ့၍ဖြစ်ကြောင်း ဆင်ခြေပေးကြမည် ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် အတွေ့အကြုံမရှိသေးသော လူငယ်တစ်ဦးသည် ၎င်းတို့၏ ဤကဲ့သို့သော တရစပ်အကွက်များအောက်တွင် ခိုင်မြဲစွာ ထိန်းချုပ်ခြင်း ခံလိုက်ရမည် ဖြစ်သည်။ လက်စားမချေနိုင်ရုံတင်မကဘဲ ၎င်းတို့အတွက် ဖန်တီးပေးထားသည့် မြင့်မြတ်သော ဂုဏ်သတင်းကိုပါ ဝိုင်းဝန်းထိန်းသိမ်းပေးမိသွားပေလိမ့်မည်။ သို့သော်လည်း ကျန်းဟန်မှာမူ ထိုအရာများကို လုံးဝ ဂရုမစိုက်သည့်အပြင် ဘာမှလည်း သိရှိခြင်းမရှိပေ။ သူ သိခဲ့လျှင်ပင် နှာခေါင်းရှုံ့ လှောင်ပြောင်မိမည်ဖြစ်ပြီး “ကိုယ်ကျင့်တရားက တစ်ပိဿာကို ဘယ်လောက်ပေးရလဲ။” ဟုပင် ပြန်လည် မေးခွန်းထုတ်မိပေလိမ့်မည်။
ဤလှုပ်ရှားမှုများ စီးရီးသည် ကျန်းဟန်အပေါ် သက်ရောက်မှု မရှိခဲ့သော်လည်း စွန်းချန်၏ ငယ်ရွယ်သော နှလုံးသားလေးအတွက်မူ ကြီးမားသော တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ သူသည် ကြီးမားသော ခွန်အားကြောင့် ပြောင်းလဲလာသည့် အလွန်လေးနက်သော အခြေအနေများကို မြင်တွေ့ခဲ့ရပြီး ကျန်းဟန်၏ စကားများကို ပြန်လည်သတိရကာ လေ့ကျင့်ရန်အတွက် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ သူသည် ကျန်းဟန်ကဲ့သို့ ဖြစ်ချင်သည်။ ဤလူများကို ဒူးထောက်တောင်းပန်စေချင်သည်။ သူ့မိခင်ကို နောက်နောင် ဘယ်သူမှ အတင်းအဖျင်း မပြောရဲအောင် လုပ်ဆောင်ချင်သည်။ ထို့ပြင် သူ့ကို အနိုင်ကျင့်ခဲ့သော ဤလူများကို ကြောက်ရွံ့ စိုးရိမ်စိတ် ဝင်လာစေချင်သည်။
အခြားတစ်ဖက်တွင်မူ ကျန်းဟန်မှာ ကျောင်းသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
ယနေ့က သောကြာနေ့ဖြစ်ပြီး နံနက်အစောပိုင်းတွင် ကျောင်းသားများသည် ကျန်းဟန် စာသင်ခန်းထဲသို့ လျှောက်ဝင်လာသည်ကို မြင်လိုက်ရသောအခါ သရဲသဘက်တစ်ကောင်ကို မြင်လိုက်ရသည့်အလား ဖြစ်သွားခဲ့ကြ၏။
“ဟင်...ဘုရားသကြား...ကျန်းဟန် မင်း ဘယ်လိုဖြစ်လို့ အတန်း လာတက်တာလဲ။”
အတန်းဖော်တစ်ယောက်က အာမေဍိတ်သံဖြင့် မေးလိုက်သည်။
“ဟုတ်ပါ့ နတ်ဘုရားကျန်း... မင်း တောရိုင်းထဲမှာ ရတနာတွေ သွားမရှာဘဲ ဘာလို့ ကျောင်းပြန်လာပြီး စာသင်ဖို့ အချိန်ရနေသေးတာလဲ။”
နောက်ထပ် အတန်းဖော်တစ်ယောက်ကလည်း ပြုံးကာ မေးသည်။
“နင်တို့ကလည်း အဲလိုကြီးတော့ ပြောလို့ဘယ်ရမလဲ။ နတ်ဘုရားကျန်းက တောရိုင်းထဲမှာ ပင်ပန်းလာလို့ ကျောင်းပြန်လာပြီး အနားယူတာက သဘာဝကျပါတယ်နော်။”
“မှန်တယ်။ နတ်ဘုရားကျန်း... မင်း တောရိုင်းထဲမှာ သားရဲတွေကို လိုက်လံနှိမ်နင်းခဲ့တဲ့ အတွေ့အကြုံတွေကို ငါတို့ကို ဝေမျှပေးပါဦး။”
...
ကျောင်းသားများသည် ကျန်းဟန်နှင့် အလွန် ရင်းနှီးကျွမ်းဝင်နေသည့်အလား တစ်ယောက်တစ်ပေါက် ပြောဆိုနေကြ၏။ ကျန်းဟန်၏ ခွန်အားသည် ဤအတန်းဖော်များ၏ အမြင်ကို လုံးဝ ပြောင်းလဲသွားစေခဲ့ပြီ ဖြစ်သည်။
ကျန်းဟန်နှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသည့် အတန်းခေါင်းဆောင်နှင့် အခြားလူအနည်းငယ်မှလွဲ၍ ကျန်ရှိနေသည့် အတန်းဖော်များအားလုံးသည် သူနှင့် ရင်းနှီးအောင် ကြိုးစားနေကြပြီး ၎င်းတို့၏ မျက်လုံးများထဲတွင် ကိုးကွယ်အားကျသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။