အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
အခန်း ၁၉၃
“ငါက ဒီအတိုင်း ကျောင်းပြန်လာပြီး ရက်ပိုင်းလောက် အနားယူမလို့ပါ။ တောရိုင်းထဲက အတွေ့အကြုံတွေကတော့ သိပ်ပြီး ပြောစရာမရှိပါဘူး။ ငါ့ သားရဲတွေဆီကနေ အပြေးအလွှား ထွက်ပြေးခဲ့ရတာပဲရှိတယ်။”
ကျန်းဟန်က ပခုံးတွန့်ပြရင်း ပြောလိုက်ပြီး အတန်းဖော်များ၏ တက်ကြွလှိုက်လှဲမှုကို လျစ်လျူရှုထားသည့် ပုံစံမျိုး ဖမ်းလိုက်သည်။
“ငါ ထင်တာတော့ နတ်ဘုရားကျန်းကပဲ သားရဲတွေကို လိုက်ပြီးမောင်းထုတ်နေခဲ့တာ ထင်တယ်။ အဆင့် ၃ ထဲမှာ ဘယ်သားရဲကများ နတ်ဘုရားကျန်းရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ။”
“မှန်လိုက်လေချင်း။ ငါ့စိတ်ထဲမှာတော့ သားရဲအုပ်စုလိုက်ကြီး လာရင်တောင် မင်းရဲ့ ပြိုင်ဘက် ဖြစ်မှာမဟုတ်ဘူး။”
အတန်းဖော်အချို့က ချက်ချင်းပင် စပ်စုချင်စိတ် ပြင်းပြလာကြသည်။ ကျန်းဟန်သည် တောရိုင်းထဲတွင် ၎င်းတို့ကဲ့သို့ပင် ဆင်းရဲဒုက္ခ ခံခဲ့ရသလော။ သို့သော်လည်း အများစုကမူ မယုံကြည်ကြချေ။ ရှန်းဟွာမြို့နယ် အနီးတဝိုက်ရှိ သားရဲများသည် ကျန်းဟန်ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ဟု ၎င်းတို့ ခံစားမိနေ၏။
“ကျန်းဟန်... ဒါ နင့်အတွက် ငါဝယ်လာပေးတဲ့ မနက်စာ။”
ဤအချိန်တွင် လီဇီဝေတစ်ယောက် စာသင်ခန်းထဲသို့ ရောက်ရှိလာခဲ့သည်။ သူမသည် စာပေကော်မတီဝင်တစ်ဦးဖြစ်သည့် သူမ၏ အရှိန်အဝါကို အသုံးပြု၍ သူမ၏ထိုင်ခုံကို ကျန်းဟန်၏ အရှေ့ဘက်ရှိ ထိုင်ခုံသို့ ပြောင်းရွှေ့ထားပြီး ဖြစ်သည်။
“ကျေးဇူးပဲ။”
ကျန်းဟန်က လှမ်းယူလိုက်သည်။ လီဇီဝေ ဝယ်လာပေးသည့် အီကြာကွေးနှင့် ပဲနို့မှာ သူ၏ အကြိုက်နှင့် အတော်လေး ကိုက်ညီလှပေသည်။
အနီးနားရှိ အတန်းဖော်များအားလုံးသည် ကျန်းဟန်နှင့် ယခုလို ရင်းနှီးသည့် ဆက်ဆံရေးမျိုးရှိသော လီဇီဝေကိုပင် အနည်းငယ် မနာလိုဖြစ်မိသွားကြ၏။ ယခင်က ကျန်းဟန်က လီဇီဝေကို ကူညီစောင်မပေး၍ အခြေခံသို့ ရောက်ရှိအောင် လုပ်ဆောင်ပေးခဲ့သည်ကိုလည်း ၎င်းတို့ မြင်တွေ့ခဲ့ရဖူးသည်။
အမှန်စင်စစ် ၎င်းတို့သည် ကျန်းဟန်နှင့် လီဇီဝေတို့၏ ဆက်ဆံရေးကို အလွန် စပ်စုချင်နေကြပြီး ၎င်းတို့ကို ချစ်သူရည်းစားများဟုပင် ထင်မှတ်နေကြသည်။ သို့သော်လည်း ၎င်းတို့နှစ်ဦး လွန်လွန်ကျူးကျူး ရင်းနှီးသည့် အပြုအမူမျိုး လုပ်သည်ကို မည်သူမျှ မမြင်ဖူးကြချေ။ အချို့သော ကျောင်းသူများက သီးသန့် လာရောက်မေးမြန်းသည့် အခါတိုင်းတွင်လည်း လီဇီဝေက ခေါင်းခါပြကာ ၎င်းတို့မှာ သူငယ်ချင်းကောင်းများသာ ဖြစ်ကြောင်း ပြောဆိုလေ့ရှိပြီး မည်သည့် ဝေဝါးဝါး စကားမျိုးကိုမျှ မပြောခဲ့ဖူးပေ။
“ငါ နင့်ကို သတင်းကောင်းတစ်ခု ပြောစရာရှိတယ်။ ငါ့ရဲ့ ‘မီးနတ်ဘုရားခွေးလည်း အဆင့် ၃ ကို ရောက်သွားပြီ။”
လီဇီဝေက ပြုံးကာ ပြောလိုက်သည်။
“ကောင်းတာပေါ့။ ငါ မျှော်လင့်ထားတဲ့ အတိုင်းပဲ။”
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်သည်။
“လီဇီဝေ... နင်က အရမ်းတော်တာပဲ။ ငါတို့ကို နင့်ရဲ့ ခေါင်းဆောင်အဆင့် မီးနတ်ဘုရားခွေးကို ပြပါဦး။”
“ဟုတ်တယ်။ အခုအချိန်မှာ ခေါင်းဆောင်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်တယ်ဆိုတော့ မင်းရဲ့ မီးနတ်ဘုရားခွေးက တကယ် ကြမ်းတာပဲ။ မင်းနဲ့ ကျန်းဟန် နှစ်ယောက်တည်းနဲ့တင် ငါတို့အတန်းရဲ့ အဆင့်အတန်းကို အထူးတန်းအဆင့်အထိ မြှင့်တင်ပေးလိုက်သလိုပဲ။”
အနီးနားရှိ အတန်းဖော်များသည် ထိုစကားကို ကြားသောအခါ အလွန် တုန်လှုပ်သွားကြပြီး ခေါင်းဆောင်အဆင့် မီးနတ်ဘုရားခွေးကို ပြသရန် တောင်းဆိုကြတော့သည်။ ၎င်းတို့သည် ကျန်းဟန်နှင့် သိပ်မရင်းနှီးကြသော်လည်း လီဇီဝေနှင့်မူ အလွန် ကျွမ်းဝင်ကြသဖြင့် ပိုမို ပွင့်ပွင့်လင်းလင်း ပြောဆိုရဲကြခြင်း ဖြစ်သည်။
“မွန်းလွဲပိုင်းမှ ကြည့်ကြတာပေါ့။ အတန်းစတော့မယ်။”
လီဇီဝေလည်း ငြင်းပယ်ရန် ခက်ခဲလှသဖြင့် ဤသို့သာ ပြောလိုက်ရတော့သည်။
ထိုအခါမှသာ အတန်းဖော်များလည်း တိတ်တဆိတ် ငြိမ်သက်သွားကြတော့သည်။ လီဇီဝေနှင့် ကျန်းဟန်တို့သည် အတန်း၏ ဗဟိုချက်မ ဖြစ်လာခဲ့ပြီဆိုသည်မှာ ထင်ရှားပေသည်။ အတန်းခေါင်းဆောင်မှာ ယခုတိုင် ချန်းလန် ဖြစ်နေဆဲ ဖြစ်သော်လည်း သူမတွင် မည်သည့် ဂုဏ်သတင်း အရှိန်အဝါမျှ မရှိတော့ချေ။ တစ်ခုခု ဖြစ်ပျက်တိုင်း လူတိုင်းက လီဇီဝေထံသို့သာ အရင်ဆုံး ဦးတည်သွားကြတော့သည်။
ကျန်းဟန်ကြောင့် ဤအစုအဖွဲ့ငယ်လေး၏ အာဏာဗဟိုချက်သည် လွန်ခဲ့သော နှစ်လအတွင်း တိတ်တဆိတ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ကျန်းဟန်နှင့် လီဇီဝေတို့ နှစ်ဦးလုံးသည် ဤအရာကို စီမံခန့်ခွဲရန် မည်သည့်အရာမျှ မလုပ်ဆောင်ခဲ့ကြချေ။ ၎င်းတို့နှစ်ဦးလုံး အထူးသဖြင့် ကျန်းဟန်က အလွန် သန်မာလွန်းသောကြောင့် အတန်းဖော်များဘက်က အလိုအလျောက် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် ကျန်းဟန်နှင့် မရင်းနှီးကြသော်လည်း ကျောင်း၏ ထိပ်တန်းကျောင်းသား၊ ကန်မြို့၏ အဆင့် ၉ ရှိသူနှင့် အတန်းတူတူ တက်နေရသည်ဟု ပြောနိုင်ခြင်းကပင် ၎င်းတို့အတွက် မျက်နှာပွင့်စရာ ဖြစ်စေ၏။ ဤကဲ့သို့ ခွန်အားအပေါ် ကိုးကွယ်ယုံကြည်မှုက သူ့အား လူတိုင်း၏ အာရုံစိုက်မှု ဗဟိုချက်မ ဖြစ်အောင် တိတ်တဆိတ် လုပ်ဆောင်ပေးခဲ့ပြီး ဤသည်မှာလည်း အတန်းဖော်များ တက်ကြွလှိုက်လှဲနေကြရသည့် အကြောင်းရင်းပင် ဖြစ်သည်။
ထို့အပြင် ကျန်းဟန် အတန်းမပြောင်းရခြင်းမှာ ဤအစုအဖွဲ့အပေါ် သံယောဇဉ်ရှိသောကြောင့် ဖြစ်လိမ့်မည်ဟု ၎င်းတို့ ယူဆနေကြသည်။ ဤအခြေအနေတွင် စိတ်မသက်မသာ ဖြစ်နေရသူများမှာ အတန်းခေါင်းဆောင် ချန်းးလန် အပါအဝင် လူနည်းစုသာ ရှိတော့သည်။
“မင်းတို့တွေ ဘာလို့ ဆူညံနေကြတာလဲ။ မြန်မြန်လုပ်။ မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန် စတော့မယ်။”
ဤအချိန်တွင် ဆရာ လီဖုန်းတစ်ယောက် စာသင်ခန်းထဲသို့ လျှောက်ဝင်လာပြီး ဆူညံနေသော လူအုပ်ကို လှမ်း၍ ဆူပူလိုက်တော့သည်။
ဆရာဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကြောင့် လူတိုင်း ချက်ချင်းပင် မိမိတို့ထိုင်ခုံများသို့ ပြန်သွားကြပြီး စာအုပ်များကို ထုတ်ကာ ရွတ်ဖတ်သရဇ္ဈာယ်ကြတော့သည်။
“ကျန်းဟန်... မင်း ဘာလို့ ပြန်ရောက်နေတာလဲ။”
ကျန်းဟန်ကို မြင်လိုက်ရသဖြင့် ဆရာ လီဖုန်းသည်လည်း အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပြသမိသွားခဲ့သည်။ ပြီးနောက် သူ့နား လျှောက်သွားကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ကျွန်တော် မနက်ဖြန် ခရိုင်လေးခုပူးတွဲပြိုင်ပွဲကို ဝင်ပြိုင်မလို့ပါ။”
ကျန်းဟန်က ရှင်းပြလိုက်သည်။
“ဩော်... ဒါဆို ပထမဆုကို ရည်မှန်းထားပြီးပြီပေါ့။”
ဆရာ လီဖုန်းက ပြုံးလိုက်၏။ သူသည်လည်း ထိုပြိုင်ပွဲအကြောင်းကို သဘာဝအတိုင်း သိရှိထားပြီး ဖြစ်သည်။
“ဟုတ်ကဲ့။ ကျွန်တော် မြို့နယ်အတွက် ဂုဏ်ဆောင်ပေးချင်လို့ပါ။”
ကျန်းဟန်က လှပသော အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။
“ဟားဟား... မင်းဝင်ပြိုင်မယ်ဆိုမှတော့ ဒီပြိုင်ပွဲက အေးဆေးဖြစ်သွားပြီပဲ။”
ဆရာ လီဖုန်းက ရယ်မောလိုက်ပြီးနောက် ထပ်မံမေးမြန်းလိုက်ပြန်သည်။
“ဒါနဲ့... မင်း ဒီတစ်ခေါက် တောတွင်းဈေးကွက်ကနေ ပြန်လာတာ မဟုတ်လား။”
“ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ။”
ကျန်းဟန်က ပဟေဠိဖြစ်သွားသည့် ပုံစံဖြင့် ကြည့်လိုက်သည်။
“တောတွင်းဈေးကွက်နဲ့ ငါတို့ ရှန်းဟွာမြို့နယ်ကြားထဲမှာ သွေးမျိုးဆက်ငှက်တစ်အုပ် ရှိတယ်မဟုတ်လား။ မကြာသေးခင်ကပဲ အဲဒီမှာ အရှင်သခင်အဆင့်သွေးမျိုးဆက်ငှက်တစ်ကောင် မွေးဖွားလာခဲ့တယ်။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ငါတို့ ရှန်းဟွာမြို့နယ်ရဲ့ ကုန်ထုတ်လုပ်ငန်းအချို့ကို စဉ်ဆက်မပြတ် ချုံခိုတိုက်ခိုက်နေပြီး ဝိညာဉ်အပင် အမြောက်အမြားကို ဖျက်ဆီးပစ်တဲ့အပြင် လူအချို့လည်း ဒဏ်ရာရထားကြတယ်။”
ဆရာ လီဖုန်းက ပြောလိုက်သည်။
“ကျွန်တော် အဲဒါကို သတိမထားမိလိုက်ဘူး။ ကျွန်တော်က အဲဒီနယ်မြေကို အမြဲတမ်း ရှောင်သွားခဲ့တာ။ သွေးမျိုးဆက်ငှက်တွေက တကယ် စိတ်ရှုပ်စရာကောင်းတယ်။”
ကျန်းဟန်သည် ဤသတင်းကို လုံးဝ မသိရှိခဲ့သဖြင့် ဇဝေဇဝါဖြစ်ဟန် ပြုလိုက်သည်။
သွေးမျိုးဆက်ငှက်သည် ၎င်း၏နာမည်တွင် သွေးဟူသော စကားလုံး ပါဝင်သော်လည်း အမှန်စင်စစ်တွင်မူ သတ္တုဓာတ်စွမ်းအင် သားရဲတစ်မျိုး ဖြစ်သည်။ ထို့ပြင် ၎င်းတို့ အုပ်စုလိုက် စုဝေးမိကြသည့်အခါ ရွှေရောင်အလင်းမုန်တိုင်း တစ်ခုကို ဖန်တီးနိုင်ကြသည်။ ၎င်းတို့၏ ကြောက်ရွံ့မှုကင်းမဲ့သော သဘာဝနှင့် ပေါင်းစပ်လိုက်လျှင် ၎င်းတို့ကို ရှင်းလင်းသုတ်သင်ရန်မှာ ရိုးရှင်းသည့် ကိစ္စတစ်ခု မဟုတ်ပေ။
အထူးသဖြင့် အဆင့် ၄ အရှင်သခင်အဆင့် သွေးမျိုးဆက်ငှက်၏ အရှင်သခင်အရှိန်အဝါ၏ မြှင့်တင်ပေးမှုကြောင့် ထိုသွေးမျိုးဆက်ငှက်များ ပျံသန်းလာကြသည့်အခါ စဉ်ဆက်မပြတ် ရွေ့လျားနေသော ရွှေရောင်မုန်တိုင်းတိမ်တိုက်ကြီးတစ်ခုနှင့် ပို၍ပင် တူနေတော့သည်။ သာမန် အဆင့် ၄ သားရဲထိန်းချုပ်သူများသည် ၎င်းတို့ကို မယှဉ်နိုင်ကြသဖြင့် ရှန်းဟွာမြို့နယ်အပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိစေခဲ့သည်မှာ အမှန်ပင်။
သို့သော်လည်း ထိုအရာသည် အတိုင်းအတာတစ်ခုအထိသာ ဖြစ်ပြီး ၎င်းကို ရှင်းလင်းရန်မှာမူ ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။
“ငါတို့ကျောင်းက သားရဲထိန်းချုပ်ခြင်း စီမံခန့်ခွဲရေးဌာနက ဒီတာဝန်ကို လွှဲပြောင်းရယူထားပြီးပြီ။ ဒီအမဲလိုက်ပွဲမှာ ပါဝင်ဖို့ ဆရာအချို့နဲ့ ကျောင်းသားအချို့ကို စေလွှတ်ဖို့ ပြင်ဆင်နေတယ်။ ဒါက ငါတို့ကျောင်းက ကျောင်းသားတွေအတွက် လေ့ကျင့်မှုတစ်မျိုးလို့လည်း သတ်မှတ်လို့ရတာပေါ့။ လူဦးရေစာရင်းကိုတော့ အတည်မပြုရသေးဘူး။ မင်း ပါဝင်ချင်သလား။”
ဆရာ လီဖုန်းက ပြောလိုက်သည်။ အဆင့် ၄ အရှင်သခင်အဆင့် သားရဲတစ်ကောင်မှာ သန်မာသော်လည်း ရှင်းလင်းရန်မှာ လွယ်ကူပေသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းတွင် အဆင့် ၄ သားရဲထိန်းချုပ်သူ ဆရာအချို့ရှိပြီး အချို့ဆရာများတွင် အဆင့် ၅ သားရဲများပင် ရှိနေကြသောကြောင့် ဖြစ်သည်။
ဆရာများက အဓိကအင်အားစုအဖြစ် ဆောင်ရွက်ပြီး သွေးမျိုးဆက်ငှက်အများစုကို ကိုင်တွယ်ဖြေရှင်းပေးမည်ဖြစ်ရာ ကျောင်းသားများသည်လည်း လေ့ကျင့်ခွင့်ရမည့်အပြင် အဆင့် ၄ အရှင်သခင်အဆင့် သားရဲများ၏ တိုက်ပွဲကို မြင်တွေ့နိုင်မည်ဖြစ်သဖြင့် အလွန် ပညာရပေသည်။
ဆရာ လီဖုန်းက ကျန်းဟန်ကို ဤအကြောင်း ပြောပြရခြင်းမှာ သူ စိတ်ဝင်စားလိမ့်မည်ဟု ထင်မှတ်သောကြောင့် ဖြစ်သည်။ အဆုံးတွင် ကျန်းဟန်သည် ယခုအခါ အဆင့် ၃ တွင် ပြိုင်ဘက်မရှိတော့သဖြင့် အဆင့် ၄ အရှင်သခင်အဆင့် သားရဲများအကြား တိုက်ပွဲများကို တောင့်တနေလိမ့်မည်ဟု ယူဆ၍ ဖြစ်သည်။
သို့သော် သူ မသိရှိသည်မှာ ကျန်းဟန်သည် အရှင်သခင်အဆင့် သားရဲတစ်ကောင်နှင့် ၎င်း၏ သားရဲအုပ်ကြီးကို တစ်ကိုယ်တော် သတ္တိရှိရှိ ရင်ဆိုင်ခဲ့ပြီးဖြစ်ကာ အဆင့် ၄ မိုးကြိုးအစွယ်တောဝက်ကိုပင် တိုက်ရိုက် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်ဟူသောအချက်ပင်။ ၎င်းကိုသာ ဆရာသိရှိသွားပါက မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားဖြင့် လုံးဝ မှင်တက်သွားမည်မှာ အသေအချာပင်။
“ရတာပေါ့။ အဲဒါ အတိအကျ ဘယ်တော့လဲ။”
ကျန်းဟန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ အမှန်စင်စစ် သူ စိတ်မဝင်စားသော်လည်း ထိုအချက်ကို သူ ထုတ်မပြနိုင်ပေ။ ယခု သူ ပြသနေသည့် အခြေအနေအရ သူ စိတ်ဝင်စားနေရန် လိုအပ်သည်။
“နောက်အပတ်ထဲမှာပဲ။ အဲဒီအချိန်ကျရင် ကျောင်းကနေ ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်လိမ့်မယ်။”
ဆရာ လီဖုန်းက ပြောလိုက်သည်။
“မင်းအတွက်ကတော့ ကျောင်းက မင်းပြန်ရောက်နေပြီဆိုတာ သိတာနဲ့ တစ်နေရာစာကတော့ သေချာပေါက် ရမှာပါ။”
“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ဆရာ။”
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်သည်။ သူသည် ၁၀ ရက်နေ့မတိုင်ခင်အထိ မည်သည့်နေရာမှ သွားရန်မရှိသဖြင့် သွားရောက်ကြည့်ရှုခြင်းက အဆင်ပြေပေသည်။ တစ်ခါတရံတွင် မျှော်လင့်မထားသော ရလဒ်အချို့ပင် ရရှိနိုင်သေးသည်။
ထို့အပြင် သွေးမျိုးဆက်ငှက်၏ အသိုက်တွင် သတ္တုဓာတ်စွမ်းအင် ရတနာများစွာ ရှိနေတတ်သဖြင့် သူ၏ သတ္တုပုရွက်ဆိတ်ကို ကျွေးမွေးရန်အတွက် အချို့တစ်ဝက် စုဆောင်းနိုင်မည် ဖြစ်သည်။
အခြား အတန်းဖော်များသည်လည်း ထိုစကားကို ကြားရသောအခါ စပ်စုလိုသော မျက်နှာများဖြင့် ကြည့်လိုက်ကြပြီး မည်သည့်ရွေးချယ်မှုမျှ လုပ်ရန်မလိုဘဲ အမဲလိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ခွင့်ရမည့် ကျန်းဟန်ကို အနည်းငယ် မနာလိုဖြစ်မိသွားကြသည်။
တစ်ဖက်တွင်မူ ကျန်းဟန်သည် မနက်ဖြန်ကျင်းပမည့် ခရိုင်လေးခုပူးတွဲပြိုင်ပွဲအကြောင်းကိုသာ တွေးတောနေခဲ့သည်။
မွန်းလွဲပိုင်း ကျောင်းဆင်းချိန်တွင် လီဇီဝေက ကျန်းဟန်ကို လာရောက်ရှာဖွေ၏။
“ဟွမ်ထောင်း၊ လျူဝမ်ဝမ်နဲ့ ဟွေ့ရှင်းတို့အားလုံး ကျောင်းပေါက်ဝမှာ ငါတို့ကို စောင့်နေကြတယ်။”
“ကောင်းပြီလေ။ ဒါဆိုလည်း သွားကြတာပေါ့။”
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး လီဇီဝေနှင့်အတူ အပြင်သို့ လျှောက်လာခဲ့လိုက်သည်။ ယနေ့ သူတို့အားလုံးသည် မနက်ဖြန်ပြိုင်ပွဲအတွက် ပြင်ဆင်ရန် ကန်မြို့ရှိ ထျန်းယွဲ့အားကစားရုံသို့ သွားကြရမည် ဖြစ်သည်။
အခန်း ၁၉၄
နိုဝင်ဘာလ၏ ဆောင်းဦးနှောင်းပိုင်း ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ သစ်ရွက်များအားလုံး ကြွေကျကုန်ကြပြီး ဂင်ဂို သစ်ရွက်ဝါ အမြောက်အမြားသည်လည်း ပန်းခင်းတစ်ခုလုံးကို ရွှေရောင်ကော်ဇောကြီး ခင်းကျင်းထားသည့်အလား ဖုံးလွှမ်းထားသည်။
ယခင်ခေတ်ကဆိုလျှင် လူများသည် ယခုလိုအချိန်တွင် အနွေးထည်အထူကြီးများကို ဝတ်ဆင်ထားကြပြီဖြစ်သော်လည်း သားရဲထိန်းချုပ်သူခေတ် စတင်ကတည်းက လူသားများ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုသည် ယေဘုယျအားဖြင့် ပိုမိုကောင်းမွန်လာခဲ့ရာ အထူးသဖြင့် သားရဲထိန်းချုပ်သူများတွင် ပိုမိုသိသာထင်ရှားလှပေသည်။
ကျန်းဟန်ကို ဥပမာထားကြည့်ရလျှင် သူသည် ရှပ်အင်္ကျီအပေါ်မှ အနက်ရောင် ကုတ်အင်္ကျီအရှည် တစ်ထည်ကိုသာ ထပ်ဝတ်ထားသည်။ လီဇီဝေမှာမူ ပို၍ပင် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး အနက်ရောင် စကတ်တိုနှင့် ဂျုံရောင် သိုးမွှေးဆွယ်တာကို ဝတ်ဆင်ထားသည်။ သူမသည် ခြေအိတ်ရှည်များကိုပင် ဝတ်ဆင်ထားခြင်းမရှိဘဲ သူမ၏ ဖြူဖွေးနုနယ်သော ခြေတံများကို ဖော်ပြထား၏။ သို့သော်လည်း အနည်းငယ်မျှပင် အေးပုံမရပေ။
ဤသည်မှာ သဘာဝကျပေသည်။ အဆုံးတွင် ၎င်းတို့နှစ်ဦးစလုံးမှာ အခြေခံအဆင့် သားရဲထိန်းချုပ်သူများ ဖြစ်ကြသည်။ ၎င်းတို့၏ သားရဲများထံမှ ရရှိသော တန်ပြန်အကျိုးသက်ရောက်မှု စွမ်းအားကြောင့် မြောက်ဝင်ရိုးစွန်း၏ ရေခဲပြင်ထဲတွင် ရေကူးလျှင်ပင် ၎င်းတို့အတွက် ပြဿနာရှိလိမ့်မည်မဟုတ်ပေ။ ၎င်းတို့၏ ရုပ်ခန္ဓာကြံ့ခိုင်မှုသည် လွန်စွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
“သူတို့ ဟိုမှာပဲ။”
လီဇီဝေက ရှေ့ဘက် ပန်းခင်းဘေးတွင် စကားစမြည်ပြောနေကြသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“နောက်ဆုံးတော့ ရောက်လာကြပြီပဲ။”
ကျန်းဟန်နှင့် လီဇီဝေတို့ လျှောက်လာသည်ကို မြင်သောအခါ ဟွေ့ရှင်းက ထိုသုံးဦးကို ကြည့်ရင်း ပြောလိုက်သည်။
“ဟုတ်တယ်။ ပြီးခဲ့တဲ့အပတ်က လူရွေးပွဲမှာ ငါတို့ ဝင်ပြိုင်တုန်းကတော့ ငါတို့ထဲကနေ ဒီလို ထူးခြားပြောင်မြောက်တဲ့သူတစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး။ အစ်ကိုကျန်း... နင်က အရမ်း အံ့ဩဖို့ကောင်းတာပဲ။ ငါတို့ အချင်းချင်း ဖရန့်အပ်ကြရအောင်။”
လျူဝမ်ဝမ်သည် ကျန်းဟန်ကို တောက်ပပြီး စပ်စုလိုသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။
သူမသည် စက်တင်ဘာလတုန်းက ကျန်းဟန်နှင့် နောက်ဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က စာမေးပွဲကြီး မကျင်းပရသေးသလို ပထမအကြိမ် တောရိုင်းရှင်သန်မှု လေ့ကျင့်ရေးကိုပင် မပြုလုပ်ရသေးပေ။ ထိုအချိန်က ပိုင်လင်းမှာ နဂါးအဖြစ် မပြောင်းလဲသေးသလို ဟုတ်ဟုတ်တွင်လည်း သွေးနတ်ဆိုးစွမ်းရည် မရှိသေးချေ။ ကျန်းဟန်တွင်လည်း ယခုကဲ့သို့ နဂါးတစ်ကောင်ကဲ့သို့ ထည်ဝါစူးရှသော အရှိန်အဝါနှင့် ကြယ်တာရာကဲ့သို့ တောက်ပသော မျက်လုံးအစုံတို့ မရှိသေးပေ။
သူ့ထံတွင် ယခုမြင်တွေ့နေရသည့် အထက်တန်းဆန်ပြီး ဖော်ပြရခက်သော အရှိန်အဝါမျိုး မရှိခဲ့ဖူးသလို အထူးသဖြင့် ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်သည့် တစ်မူထူးခြားသော ဆွဲဆောင်မှုမျိုးလည်း မရှိခဲ့ပေ။
“ဟုတ်တယ်။ အဲဒီတုန်းကတော့ အစ်ကိုကျန်းတစ်ယောက် အနာဂတ်မှာ ကောင်းကင်အထိ ပျံတက်သွားပြီး ကျောင်းခြောက်ကျောင်းထဲမှာ ပထမနဲ့ ကန်မြို့မှာ အဆင့် ၉ ဆိုတဲ့ ကြောက်စရာကောင်းတဲ့ အောင်မြင်မှုကို တိုက်ရိုက်ရယူနိုင်လိမ့်မယ်လို့ ငါ လုံးဝ မတွေးဝံ့ခဲ့ဘူး။”
ဟွမ်ထောင်းကလည်း တုန်လှုပ်အံ့ဩစွာဖြင့် ပြောဆိုလိုက်သည်။ စာမေးပွဲကြီးအတွင်း ကျန်းဟန်၏ ရလဒ်များကို တွေ့လိုက်ရစဉ်က ၎င်းတို့အားလုံး အံ့အားသင့်ခဲ့ကြရသည်။ လူကိုယ်တိုင် မတွေ့ရသေးခင်အထိ နာမည်တူလူတစ်ယောက်ဟုပင် ထင်မှတ်နေခဲ့ကြခြင်း ဖြစ်ပေသည်။
“ဒါတော့ အရမ်းလွန်လွန်းသွားပြီ။ မင်းရဲ့ခွန်အားက သန်မာရုံတင်မကဘူး ကျန်းဟန်... မင်းက အခု အရမ်းကို ချောမောခန့်ညားလွန်းနေပြီပဲ။ ငါ မင်းဘေးမှာတောက် မရပ်ရဲတော့ဘူး။ မင်းရဲ့ သားရဲဆီကရတဲ့ တန်ပြန်အကျိုးသက်ရောက်မှုက တကယ်ကို မယုံနိုင်စရာပဲ။ မင်းက ကျင့်ကြံပြီး နတ်ဘုရားတစ်ပါး ဖြစ်သွားသလိုတောင် ငါခံစားရတယ်။”
ဟွေ့ရှင်းတစ်ယောက် မနာလိုလွန်း၍ မျက်ရည်ပင် ကျလုမတတ် ဖြစ်နေခဲ့သည်။ သူ့သားရဲဖြစ်သော မဟာရွှံ့ညွန်ဖားထံမှ ရရှိသည့် စွမ်းအားတုံ့ပြန်မှုသည် သူ့ကို သန်မာစေသော်လည်း သူ့မျက်နှာပုံစံကို ပိုမိုကြီးမားကျယ်ပြန့်လာစေသည့် လက္ခဏာမျိုး ရှိနေသည်။
ကျန်းဟန်၏ သားရဲသည်မူ သူ့ကို ပြင်းထန်သော ခွန်အားများ ပေးစွမ်းရုံတင်မကဘဲ ဘာကြောင့်များ ယခုကဲ့သို့ နတ်ဘုရားတစ်ပါးအလား ချောမောခန့်ညားစေရသနည်း။
“ဟုတ်ပါ့...ငါဆို မနာလိုဖြစ်လို့ သေတော့မလိုပဲ။ သူ့ရဲ့အသားအရေက ငါ့ထက်တောင် ကောင်းနေသေးတယ်။ ငါတို့ အပြင်ထွက်တဲ့ အခါတိုင်း လူတွေအားလုံးက သူ့ကိုပဲ ဝိုင်းကြည့်နေကြတာ။”
လီဇီဝေကလည်း မနာလိုစွာဖြင့် ကလေးဆန်ဆန် ညည်းတွားလိုက်သည်။
ယခင်က သူမသည် ကျန်းဟန်နှင့် အပြင်ထွက်လျှင် လူများစွာက သူမကို ကြည့်ရှုကြသော်လည်း ယခုမူ အကြည့်အားလုံးက ကျန်းဟန်ထံသို့သာ ရောက်ရှိသွားကြသည်။ ဤသည်မှာ သူ့၏ ခန့်ညားမှုကြောင့်သာမက အဓိကအချက်မှာ ကျန်းဟန်ပိုင်ဆိုင်ထားသည့် လူသားများထဲမှ နဂါးတစ်ကောင်ကဲ့သို့သော ဖုံးကွယ်၍မရသည့် ထူးခြားသောအရှိန်အဝါကြောင့်ဖြစ်ပြီး လူများကို မသိမသာ ငေးမောကြည့်ရှုမိစေရန် ဆွဲဆောင်နေခြင်း ဖြစ်သည်။
သူ၏ လုပ်ဖော်ကိုင်ဖက်များထံမှ ချီးကျူးစကားများနှင့် ပတ်သက်၍မူ ကျန်းဟန်က ပခုံးတွန့်ပြရင်း ခါးသက်သက် ပြုံးလိုက်ရုံသာ တတ်နိုင်တော့သည်။
“ငါလည်း ဘာမှမတတ်နိုင်ဘူးလေ။ စွမ်းအားတုံ့ပြန်မှုရဲ့ သက်ရောက်မှုကို ငါလည်း ထိန်းချုပ်လို့ မရဘူး။”
“နင်က ရနေတော့ ပြောအားရှိတာပေါ့။”
လျူဝမ်ဝမ်က မျက်စောင်းထိုးရင်း ပြောလိုက်သည်။
“ထားလိုက်ပါတော့။ ဒီအကြောင်းတွေ ဆက်မပြောကြနဲ့တော့။ ငါတို့ ထွက်ခွာကြစို့။”
ကျန်းဟန်က ထိုအကြောင်းအရာကို အဆုံးသတ်လိုက်ပြီး အားလုံး၏ အဆက်အသွယ်များကို လက်ခံပေးကာ ထွက်ခွာရန် ထရပ်လိုက်သည်။
“ကောင်းပြီ...သွားကြစို့။”
ကျန်းဟန်က ၎င်းတို့၏ အဆက်အသွယ် တောင်းဆိုမှုကို လက်ခံပေးလိုက်သဖြင့် ၎င်းတို့သုံးဦးစလုံး လွန်စွာ ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။
မြို့နယ်အတွင်းသို့ သွားရာလမ်းတွင် လျူဝမ်ဝမ်သည် ကျန်းဟန်၏ ဘေးသို့ တိုးကပ်လျှောက်လှမ်းနေ၏။ သူမသည်လည်း စကတ်တိုတစ်ထည် ဝတ်ဆင်ထားပြီး အထူးသဖြင့် စာလုံးဒီဇိုင်းများပါရှိသော အနက်ရောင် ခြေအိတ်ရှည်ကို ဝတ်ဆင်ထားသဖြင့် လမ်းသွားလမ်းလာများ၏ အကြည့်ကို မသိမသာ ဆွဲဆောင်နေခဲ့သည်။
သို့သော်လည်း ထိုသို့ဖြစ်လင့်ကစား ဖြတ်သန်းသွားလာသူ အများစုမှာ ကျန်းဟန်ကိုသာ မသိစိတ်က အာရုံစိုက်မိနေကြဆဲပင်။
မကြာမီ ၎င်းတို့သည် စုရပ်ဖြစ်သော မြို့နယ်ရုံးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြလေသည်။ မကြာမီမှာပင် မြို့နယ်မှ စီစဉ်ပေးထားသော နည်းပြနှင့် အခြားဝန်ထမ်းများ ရောက်ရှိလာတော့မည် ဖြစ်သည်။
ရုံးခန်းထဲသို့ လှမ်းဝင်လိုက်သည့်အခါ နည်းပြမှာ ရောက်ရှိနေနှင့်ပြီး ဖြစ်သည်။ သူမသည် အသက်သုံးဆယ်ကျော်အရွယ် နည်းပြ ကျိုးဟယ်ဖြစ်ပြီး အနက်ရောင် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားသည်။
သူမသည် လက်ရှိတွင် စိတ်ကြည်လင်မနေပေ။ အဘယ်ကြောင့်ဆိုသော် မြို့နယ်တာဝန်ရှိသူများက သူမ ထောက်ခံတင်ပြထားသော လူကို အသုံးမပြုဘဲ သုံးသန်းအထိ တောင်းဆိုထားသည့် ကျန်းဟန်ကိုသာ စီစဉ်ပေးခဲ့သောကြောင့် ဖြစ်သည်။
၎င်းတို့က ကျန်းဟန်၏ ခွန်အားမှာ အဆင့် ၃ အတွင်း ပြိုင်ဘက်မရှိသလောက် အစွမ်းထက်ကြောင်း၊ ကျောင်းဘက်ကိုလည်း အတည်ပြုပြီးပြီဖြစ်ကြောင်း ပြောဆိုကာ သူမအနေဖြင့် ကျန်းဟန်နှင့် အဆင်ပြေပြေ ဆက်သွယ်ဆောင်ရွက်ရန်သာ မှာကြားခဲ့ကြသည်။
သို့သော် သူမသည် ဤအချက်ကို လုံးဝ မယုံကြည်ချေ။ အဆင့် ၃ အတွင်း ပြိုင်ဘက်ကင်းဆိုသည်မှာ ကြွားဝါလွန်းရာ ကျလွန်းသည်။ သူသည် ရှန်းဟွာအထက်တန်းကျောင်းတွင် နံပါတ်တစ် ဖြစ်နေလျှင်ပင် လက်နှစ်ဖက်က လက်လေးဖက်ကို ယှဉ်ပြိုင်ရန် ခဲယဉ်းလှပေသည်။ ပြိုင်ဘက်ဖြစ်သော ဟုန်ယဲ့မြို့နယ်က အလွန်အမင်း သန်မာလှရာ မြို့နယ်ခေါင်းဆောင်များ မည်သည့်အတွက်ကြောင့် ယခုလို ယုံကြည်မှုလွန်ကဲနေကြသည်ကို သူမ နားမလည်နိုင်တော့ချေ။
ယခုအချိန်တွင် ကျန်းဟန်သည် ဘေးတစ်ဖက်တစ်ချက်၌ မိန်းကလေးများ ဝန်းရံလျက် ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ သူမ၏ စိတ်ထဲတွင် ရှိနှင့်ပြီးသားဖြစ်သော အမြင်မကြည်လင်မှုများက ပို၍ပင် ဆိုးဝါးသွားတော့သည်။
သူမသည် ဤလူငယ်ကို အားကိုး၍မရဘဲ အပျော်အပါးမက်လွန်းသူတစ်ဦးဟု ခံစားမိနေပြီး ဤပြိုင်ပွဲတွင် ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ပါ့မလားဆိုသည်ကို လွန်စွာ သံသယဝင်နေမိသည်။ ကျန်းဟန်၏ ချောမောခန့်ညားသော မျက်နှာသွင်ပြင်သည်ပင် သူမ၏ အမြင်၌ လျှာအရိုးမရှိ စကားပြောကောင်းပြီး ထောင်လွှားကာ အလေးအနက်မရှိသော ပုံစံမျိုးအဖြစ် ပြောင်းလဲထင်ဟပ်နေတော့သည်။
“ရောက်ပြီဆိုရင်လည်း မြန်မြန် လူစုကြတော့။ ဒီနေရာက မင်းတို့ ပရောပရည်လုပ်ဖို့ နေရာမဟုတ်ဘူး။”
နည်းပြ ကျိုးဟယ်က ချက်ချင်းပင် အော်ဟစ်လိုက်ပြီး ကျန်းဟန်နှင့် အခြားလူများကို စတင်၍ အစွမ်းပြကာ အနိုင်ကျင့်လိုက်တော့သည်။
လီဇီဝေနှင့် အခြားသူများမှာမူ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ဤနည်းပြသည် ယခင်က အတော်လေး နူးညံ့သိမ်မွေ့ခဲ့ဖူး၏။ ယခုမူ ဘာကြောင့် ယခုလို ဖြစ်နေရသနည်း။
ကျန်းဟန်က နည်းပြ ကျိုးဟယ်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူမသည် သူ့အပေါ် တစ်စုံတစ်ခုကြောင့် အမြင်မကြည်မလင်ဖြစ်နေကြောင်း ရိပ်မိလိုက်သည်။ သူ မည်သို့ ပြစ်မှားမိသွားသည်ကို မသိသော်လည်း လုံးဝ ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ ပြိုင်ပွဲပြီးလျှင် လမ်းခွဲကြရမည်ဖြစ်ရာ သူမတွင် အမြင်ရှိပါကလည်း ရှိခိုင်းလိုက်ရုံပင်။
၎င်းတို့ လျှောက်သွားပြီး ထိုင်ရန် ပြင်လိုက်စဉ်မှာပင် နည်းပြ ကျိုးဟယ်က ထပ်ပြောလာပြန်သည်။
“မင်းတို့က ဒီလောက် နောက်ကျမှ ရောက်လာတာကိုတောင် အနားယူဖို့ ကြံနေသေးတာလား။ ပစ္စည်းတွေအမြန်သိမ်းစမ်း။ ငါတို့ သွားကြမယ်။ အခြားအဖွဲ့တွေက မြို့ထဲကို ရောက်နှင့်နေကြပြီ။”
“ကျွန်မတို့လည်း ကျောင်းဆင်းတာနဲ့ ဒီကို တန်းလာခဲ့တာပဲ။”
လီဇီဝေက မနေနိုင်ဘဲ ဝင်ပြောလိုက်၏။
“ကျောင်းဆင်းတာနဲ့ တန်းလာတာကို လမ်းလျှောက်တာ နာရီဝက်တောင် ကြာရသလား။”
နည်းပြ ကျိုးဟယ်က သူမ၏ လက်ပတ်နာရီကို လက်ညွှတ်ထိုးပြရင်း မေးလိုက်၏။
ထိုစကားကြောင့် လီဇီဝေလည်း ဘာမှ ထပ်မပြောချင်တော့ပေ။ ဤနည်းပြသည် ၎င်းတို့ကို အသားလွတ် ပြဿနာရှာပြီး အနိုင်ကျင့်နေခြင်းသာ ဖြစ်ကြောင်း သူမ ကောင်းကောင်း နားလည်လိုက်ပြီဖြစ်သည်။ သူမသည် ချက်ချင်းပင် စာရွက်စာတမ်းများကို စတင်သိမ်းဆည်းလိုက်၏။ အမှန်စင်စစ် ယူဆောင်ရန် ပစ္စည်းများစွာ မရှိချေ။ အဓိကအားဖြင့် ပြိုင်ဘက်များ၏ အချက်အလက် ဆန်းစစ်ချက်အချို့သာ ဖြစ်သည်။
“သိမ်းပြီးရင် သွားကြမယ်။ လမ်းမှာ ဒီအချက်အလက်တွေကို သေချာဖတ်ထားကြ။ ပြိုင်ပွဲကွင်းထဲရောက်မှ ပြိုင်ဘက်က ဘယ်သူမှန်းတောင် မသိတာမျိုး မဖြစ်စေနဲ့။ ခေါင်းထဲက အချစ်ရေးကိစ္စရာတွေ လျှော့ပြီး အလုပ်ကို ပိုအာရုံစိုက်ကြစမ်း။”
သူမသည် ၎င်းတို့ကို ခေတ္တမျှ ဆူပူကြိမ်းမောင်းပြီးနောက် နောက်ဆုံးတွင် မြို့ထဲသို့ သွားရောက်ရန် ပျံသန်းနိုင်သော သားရဲဖြစ်သည့် ခြောက်တောင်ပံခုပါမြွေပျံပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။
ရှန်းဟွာမြို့နယ်သည် ဆင်ခြေဖုံးရပ်ကွက်တွင် တည်ရှိပြီး မြို့လယ်နှင့် ကီလိုမီတာ နှစ်ဆယ်ခန့်သာ ကွာဝေးသည်။ ဆယ်မိနစ်ကျော်အတွင်းမှာပင် ၎င်းတို့သည် ထျန်းယွဲ့အားကစားရုံဘေးရှိ ဟိုတယ်သို့ ရောက်ရှိလာခဲ့ကြလေသည်။ ကျန်သုံးဖွဲ့သည်လည်း ယနေ့မွန်းလွဲပိုင်းတွင် ဤနေရာသို့ ရောက်ရှိလာကြမည်ဖြစ်ပြီး အနီးနားရှိ ဟိုတယ်များတွင် တည်းခိုကြမည် ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို မနက်ဖြန် စနေနေ့တွင် ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကိုမူ သန်ဘက်ခါ တနင်္ဂနွေနေ့တွင် ကျင်းပမည် ဖြစ်သည်။
ဤပြိုင်ပွဲသည် မြို့နယ်တိုင်းအတွက် အလွန် အရေးကြီး၏။ ယခုခေတ်တွင် အခြေအနေများက ပြောင်းလဲသွားပြီဖြစ်ရာ မြို့နယ်တစ်ခုချင်းစီရှိ မျိုးဆက်သစ် သားရဲထိန်းချုပ်သူများ၏ အရေအတွက်နှင့် အရည်အသွေးသည် အရေးကြီးသော အကဲဖြတ်မှု ညွှန်းကိန်းတစ်ခုဖြစ်ပြီး ဤပြိုင်ပွဲသည်လည်း ထိုအကဲဖြတ်မှုအတွက် အရေးပါသော အချက်အလက်တစ်ခု ဖြစ်ပေသည်။
ပြိုင်ပွဲတွင် အနိုင်ရရှိပါက အထက်လူကြီးများထံမှ လာမည့်နှစ်အတွက် ရန်ပုံငွေ အမြောက်အမြား ရရှိမည်ဖြစ်သည်။ ဤသည်မှာလည်း ဤပြိုင်ပွဲကို အားစိုက်ကျင်းပရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်သည်။
ဤပြိုင်ပွဲသည် ဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် ထိုမြို့နယ်တွင် အိမ်ထောင်စုစာရင်းရှိရမည်ဖြစ်ပြီး အနည်းဆုံး ဆယ်နှစ်ထက်မနည်း နေထိုင်ခဲ့ဖူးသူ ဖြစ်ရန် လိုအပ်သည်။ ဤအချက်ကြောင့် ပြင်ပမှ ကူညီမည့်သူကို ငှားရမ်းရန် ကုန်ကျစရိတ် မြင့်မားလှသည်။ ထို့ကြောင့် ဤပြိုင်ပွဲက မြို့နယ်တစ်ခုချင်းစီ၏ အဆင့်အတန်းကို တိကျမှန်ကန်စွာ ဖော်ပြနိုင်မည် ဖြစ်သည်။
၎င်းတို့ တည်းခိုရန် အခန်းများကို ကြိုတင်ဘိုကင်လုပ်ထားပြီး ဖြစ်သည်။ အလယ်တွင် အစည်းအဝေးပြုလုပ်နိုင်ရန် ဧည့်ခန်းပါရှိသော လှုပ်ရှားမှုအခန်းကျယ်ကြီး ရှိပြီး ဘေးတစ်ဖက်တစ်ချက်တွင် အိပ်ခန်းများ ရှိကြသည်။
“ဒီကိုလာပြီး အခန်းကတ်တွေ လာယူကြ။ ပြီးရင် ငါတို့ ပြိုင်ပွဲကွင်းပြင်ကို သွားကြည့်ဖို့နဲ့ စာရင်းသွင်းဖို့ အားကစားရုံကို သွားရဦးမယ်။”
နည်းပြ ကျိုးဟယ်က ပြောလိုက်သည်။ သူမသည် အခန်းကတ်များကို ဝေငှပေးသည့်အခါ ကျန်းဟန်အား လီဇီဝေ၊ လျူဝမ်ဝမ်တို့နှင့် တမင်တကာ သီးခြားခွဲထုတ်ပေးလိုက်ပြီး ကျန်းဟန်တစ်ယောက် ဒေါသထွက်ကာ ပြန်လည်ခုခံသည်ကို မြင်ချင်နေဟန် ရရှိသည်။
“ကျေးဇူးတင်ပါတယ် နည်းပြ။”
သို့သော် ကျန်းဟန်က ကျေးဇူးတင်စကားသာ ဆိုလိုက်ပြီး အနည်းငယ်မျှ ဒေါသထွက်ခြင်းမရှိသလို အခန်းပြောင်းလဲပေးရန်လည်း မပြောဆိုခဲ့ပေ။
“မင်းတို့တွေ အချင်းချင်း အခန်းလဲခွင့်မရှိဘူး။ မဟုတ်ရင် အကျိုးဆက်ကို မင်းတို့ဘာသာ ခံစားရလိမ့်မယ်။”
သူမ၏ ဒေါသကို ပုံချရန် မတတ်နိုင်သဖြင့် နည်းပြ ကျိုးဟယ်က ၎င်းတို့ကို သတိပေးစကားသာ ပြောကြားနိုင်တော့သည်။