အခန်း (၁၉၅-၁၉၆)
Vol. 20 Ch. 195-196
အခန်း ၁၉၅
အခန်းကတ်များကို လက်ခံရရှိပြီးနောက် နည်းပြ ကျိုးဟယ်သည် အားလုံးကို အခန်းပြန်၍ အနားယူရန်နှင့် ပြင်ဆင်ရန် နာရီဝက်အချိန်ပေးခဲ့၏။ ထို့နောက် အားကစားရုံသို့သွား၍ စာရင်းသွင်းရန် ပြန်လည်စုဝေးကြရမည် ဖြစ်သည်။
ကျန်းဟန်နှင့် အခြားသူများ အခန်းထဲသို့ ပြန်ဝင်သွားကြပြီးနောက်တွင်လည်း နည်းပြ ကျိုးဟယ်၏ မျက်နှာအမူအရာမှာ ပြေလျော့မသွားခဲ့ချေ။ ကျန်းဟန်တစ်ယောက် အခန်းချင်း အတင်းလဲလှယ်ရန် ကြိုးပမ်းမလားဆိုသည်ကို စောင့်ကြည့်လိုဟန်ဖြင့် စင်္ကြံလမ်းတစ်လျှောက် ဆက်လက်ကင်းလှည့်နေခဲ့သည်။
သို့သော် သူမသည် ကျန်းဟန်ကို လုံးဝ အထင်လွဲနေခြင်း ဖြစ်၏။ ကျန်းဟန်မှာမူ လီဇီဝေတို့နှင့် တတ်နိုင်သမျှ ဝေးဝေးနေရန်သာ ဆန္ဒရှိနေပြီး ၎င်းတို့က သူ့ထံ အမြဲတမ်းလာရောက်ရှာဖွေကာ သူ၏ စိတ်တည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေမည့် အခြေအနေကို ရှောင်လွှဲချင်နေခြင်း ဖြစ်သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် အဖွဲ့သားများ ပြန်လည်စုစည်းကာ ထျန်းယွဲ့အားကစားရုံသို့ ထွက်ခွာလာခဲ့ကြသည်။ ဤအားကစားရုံမှာ သာမန်အားကစားရုံများထက် များစွာ ပိုမိုကြီးမားကျယ်ဝန်းလှသည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် လူသားများ၏ လေ့ကျင့်ရေးကွင်းများသာမက သားရဲထိန်းချုပ်မှု လေ့ကျင့်ရေးခန်းမများနှင့် သားရဲချင်း တိုက်ခိုက်ယှဉ်ပြိုင်နိုင်သည့် စင်မြင့်များကိုပါ တည်ဆောက်ထားသောကြောင့် ဖြစ်သည်။
၎င်းတို့ ပြိုင်ပွဲကွင်းပြင်သို့ ရောက်ရှိချိန်တွင် အခြားမြို့နယ်နှစ်ခုမှ အဖွဲ့များလည်း ရောက်ရှိနေကြပြီးဖြစ်ည်။ ၎င်းတို့ထဲတွင် မနက်ဖြန် ဆီမီးဖိုင်နယ်၌ ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်ဖြစ်သော ဟုန်ယဲ့မြို့နယ်အဖွဲ့လည်း ပါဝင်သည်။
“ဟေး... နည်းပြ ကျိုးဟယ် လူစာရင်းအသစ် ပြောင်းလိုက်တာလား။”
ကျန်းဟန်နှင့် အခြားသူများ ရောက်ရှိလာသည်ကို မြင်သောအခါ ဟုန်ယဲ့မြို့နယ်အဖွဲ့မှ နည်းပြကျန်းကျန့်က ပြုံးရွှင်စွာ နှုတ်ဆက်လိုက်၏။ ကျန်းကျန့်မှာ ကတုံးဆံပင်နှင့် သန်မာတောင့်တင်းသော အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦး ဖြစ်သည်။
“အဲဒါ ဘာဖြစ်လဲ။ ဒါက ငါတို့ မူလလူစာရင်းထဲက အရံကစားသမားပဲ။ အခု သူ့ကို လူစားလဲပြီး ထည့်သွင်းလိုက်တာ ပြဿနာရှိလို့လား။”
နည်းပြ ကျိုးဟယ်က သူ့ကို တစ်ချက်စောင်းကြည့်ရင်း ပြန်လည်တုံ့ပြန်လိုက်သည်။
“ဟားဟားဟား...ဒါက သဘာဝအတိုင်း ပြဿနာမရှိပါဘူး။ ကြားရသလောက်တော့ ဒီတစ်ခေါက် မင်းတို့ လူစားလဲလိုက်တဲ့သူက ရှန်းဟွာအထက်တန်းကျောင်းရဲ့ နံပါတ်တစ်ဖြစ်ပြီး ပြီးခဲ့တဲ့ စာမေးပွဲကြီးတုန်းက ကန်မြို့မှာ အဆင့် ၉ ရခဲ့တဲ့သူဆို။”
ကျန်းကျန့်သည် ကျန်းဟန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ၏ခွန်အားအပေါ် အနည်းငယ် စပ်စုလိုစိတ် ဖြစ်ပေါ်နေခဲ့သည်။ အပေါ်ယံတွင် ကျန်းဟန်နှင့် ပတ်သက်၍ မှတ်တမ်းတင်ထားသော တစ်ခုတည်းသော အချက်အလက်မှာ လွန်ခဲ့သောတစ်လက စာမေးပွဲကြီးရလဒ်သာ ရှိသည်။
ထိုအချိန်က သူ၏သားရဲမှာ လက်ရွေးစင်အဆင့်သာ ရှိသေးသည်။ ထို့နောက်ပိုင်းတွင်မူ မည်သည့်မှတ်တမ်းမှ မရှိတော့ပေ။ သူသည် ကျောင်းမှထွက်ခွာပြီး တောရိုင်းထဲသို့ သွားရောက်ခဲ့သည်ဟု ကြားသိရသဖြင့် သူ၏အစစ်အမှန်ခွန်အားကို လုံးဝ မခန့်မှန်းနိုင်ချေ။
“ဟမ့်... ရှင်တို့ အချက်အလက် ရယူတာ တော်တော်မြန်တာပဲ။ ငါတို့ လူပြောင်းလိုက်တာကိုတောင် ချက်ချင်း သိနေတယ်။”
နည်းပြ ကျိုးဟယ်က သူ့ကို မျက်စောင်းထိုးရင်း ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ရှင်တို့ ဘယ်လောက်ပဲ စုံစမ်းစုံစမ်း အလကားပဲ။ မြန်မြန်ပဲ အရှုံးပေးလိုက်ကြတာ ပိုကောင်းလိမ့်မယ်။”
ထိုသို့ ပြောပြီးနောက် သူမသည် ကျန်းဟန်နှင့် အခြားသူများကို ခေါ်ဆောင်ကာ စာရင်းသွင်းရန် ထွက်ခွာသွားခဲ့ပြီး ဟုန်ယဲ့မြို့နယ်အဖွဲ့ကို ထိုနေရာ၌ပင် ထားရစ်ခဲ့လိုက်တော့သည်။
“နည်းပြ ကျွန်တော်တို့ သေချာပေါက် အနိုင်ရမှာပဲ။ သူတို့က ဒီကျန်းဟန်ကို ပြန်ခေါ်လာတယ်ဆိုပေမဲ့ ခေါင်းဆောင်အဆင့် သားရဲပိုင်ဆိုင်တဲ့သူ တစ်ယောက် တိုးလာဂုံပဲ ရှိတယ်။ ကျွန်တော်တို့ ငါးယောက်စလုံးမှာက ခေါင်းဆောင်အဆင့် သားရဲတွေ ရှိကြတယ်။ အထူးသဖြင့် ကျွန်တော့်လက်ထဲမှာဆို ခေါင်းဆောင်အဆင့် သားရဲနှစ်ကောင်ရှိတယ်။ သူတို့ လုံးဝ မယှဉ်နိုင်ဘူး။”
စကားပြောဆိုလိုက်သူမှာ ဟုန်ယဲ့အဖွဲ့၏ အသင်းခေါင်းဆောင် ကျန်းလုံဖြစ်သည်။ သူ့တွင် လွန်စွာ စူးရှထက်မြက်ပြီး လူများကို စိုက်မကြည့်ဝံ့အောင် ခြောက်ခြားစေသော သိမ်းငှက်မျက်လုံးမျိုး ရှိသည်။
“ဟုတ်တယ်။ အဲဒီကျန်းဟန်ကို ကြည့်ရတာ ရုပ်ချောတဲ့ မင်းသားလေးပုံစံကလွဲရင် ဘာမှ ထူးထူးခြားခြား ရှိပုံမရဘူး။ လုံးဝ စိုးရိမ်စရာ မလိုပါဘူး။”
ဒုတိယအသင်းခေါင်းဆောင် ဝူရွှယ်ချင်းကလည်း ကျန်းဟန်၏ ကျောပြင်ကို လှမ်းကြည့်ရင်း အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“အမှန်ပဲ ဒီပြိုင်ပွဲက တစ်ယောက်ချင်း အလှည့်ကျစိန်ခေါ်ရတဲ့ ကစားကွင်းစနစ်ပဲ။ သူတစ်ယောက်တည်းနဲ့ အခြေအနေကို ပြောင်းလဲပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
အခြားအသင်းသားများကလည်း မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေကြသည်။ ၎င်းတို့အားလုံးမှာ မိမိတို့၏ သားရဲများကို ခေါင်းဆောင်အဆင့်သို့ ရောက်ရှိစေရန် ငွေကြေးအမြောက်အမြား အကုန်အကျခံ ပေးခဲ့ကြရသည်ဖြစ်ရာ မည်သို့ အရှုံးပေးနိုင်ပါမည်နည်း။
သို့သော်လည်း နည်းပြ ကျန်းကျန့်မှာမူ စိတ်မအေးနိုင်ဖြစ်နေပြီး သူ့နှလုံးသားထဲ၌ ဖော်ပြရခက်သော ခံစားချက်တစ်ခု ရှိနေခဲ့လေသည်။ အထူးသဖြင့် ရှန်းဟွာမြို့နယ်သည် ၎င်းတို့၏ သန်မာမှုကို သိရှိထားလျက်နှင့် ကျန်းဟန်တစ်ဦးတည်းကိုသာ လူစားလဲထည့်သွင်းခဲ့ခြင်းမှာ ကျန်းဟန်အပေါ် အလွန်အမင်း ယုံကြည်မှုရှိကြောင်း ပြသနေခြင်းဖြစ်သည်။ မဟုတ်ပါက ဤသို့ ရွေးချယ်စရာ အကြောင်းမရှိပေ။
“ခဏနေရင် သူတို့လည်း ကွင်းပြင်ကို လာပြီးစစ်ဆေးကြလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းတို့ သွားပြီး ကျန်းဟန်ရဲ့ အဆင့်က ဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်ကြည့်ကြ။”
ကျန်းကျန့်က သူ၏အသင်းသားများကို ကြည့်ရင်း ပြောလိုက်သည်။
“ကောင်းပါပြီ။ ခဏနေရင် ကျွန်တော် သွားပြီး သူ့အဆင့်ကို စမ်းသပ်ပေးပါ့မယ်။ ကျွန်တော့်ရဲ့ ငွေလက်သည်းမြွေပါက တိုက်ပွဲမဝင်ရတာ တော်တော်ကြာနေပြီ။”
စကားပြောလိုက်သူမှာ တိုက်ပွဲဝင်ရန် အလွန်ဆန္ဒစောနေသည့် အသင်းသား လျူရှီဖြစ်သည်။
၎င်းတို့ စကားပြောနေစဉ်မှာပင် ပတ်ဝန်းကျင်အခြေအနေကို စစ်ဆေးရန် အားကစားကွင်း၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုအချိန်တွင် ကျန်းဟန်နှင့် အခြားသူများသည်လည်း စာရင်းသွင်းခြင်းကို အပြီးသတ်ကာ ကွင်းအတွင်းသို့ လာရောက်စစ်ဆေးနေကြပြီ ဖြစ်သည်။
အားကစားကွင်းကြီးတစ်ခုလုံးသည် သာမန်မြေသားမျက်နှာပြင်ဖြစ်ပြီး ကစားကွင်းတစ်ခုနှင့် မခြားနားပေ။ သို့သော်လည်း ပတ်ပတ်လည်တွင် အထူးအကာအကွယ်စွမ်းအင်များကို ထုတ်လွှတ်သည့် စက်ပစ္စည်းများ တပ်ဆင်ထားသည်။ ပြိုင်ပွဲစတင်သည်နှင့် တိုက်ပွဲကြောင့် ဘေးပတ်ဝန်းကျင်ရှိ အဆောက်အဦးများ ပျက်စီးခြင်းနှင့် ပရိသတ်များကို ထိခိုက်ဒဏ်ရာရရှိစေခြင်းတို့မှ ကာကွယ်ရန် စွမ်းအင်အတားအဆီးဖြင့် ဖုံးအုပ်ထားမည် ဖြစ်သည်။
ကွင်းတစ်ခုလုံးသည် စတုရန်းမီတာ တစ်သောင်းခန့် ကျယ်ဝန်းပြီး မြေပြင်မှာ ပြုပြင်မွမ်းမံထားခြင်းမရှိဘဲ မူလမြေသားနှင့် ကျောက်ခဲများအတိုင်းသာ ရှိနေသည်။
ကျန်းဟန် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုနေစဉ်မှာပင် ရုတ်တရက် အမြင့်သုံးမီတာခန့်ရှိသော ငွေလက်သည်းမြွေပါတစ်ကောင်သည် သူ့ကို တိုက်ခိုက်တော့မည့်အလား တစ်ဟုန်ထိုး ပြေးဝင်လာ၏။
ထိုငွေလက်သည်းမြွေပါတွင် မီးခိုးဖြူရောင် အမွေးအမှင်များရှိပြီး ၎င်း၏ စင်တီမီတာ သုံးဆယ်ကျော်ရှည်လျားသော အလွန်ထက်ရှသည့် ငွေရောင်လက်သည်းများဖြင့် ကျန်းဟန်ထံသို့ တည့်တည့် ဦးတည်ပြေးဝင်လာခြင်း ဖြစ်သည်။
ကျန်းဟန်သည် အဝေးတွင် ရပ်နေကြသော ဟုန်ယဲ့မြို့နယ်အဖွဲ့ဝင်များကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူသည် မျက်နှာအမူအရာပင် ပြောင်းလဲခြင်းမရှိရုံသာမက သူ၏သားရဲကို ထုတ်လွှတ်ရန်လည်း အနည်းငယ်မျှ စိတ်ကူးမရှိဘဲ ရပ်မြဲအတိုင်း ရပ်နေခဲ့သည်။
မကြာမီမှာပင် လျူရှီသည် ငွေလက်သည်းမြွေပါကို ရပ်တန့်ရန် အမိန့်ပေးလိုက်ရတော့သည်။ အဘယ်ကြောင့်ဆိုသော် မရပ်တန့်ပါက အားကစားရုံဝန်ထမ်းများက ဝင်ရောက်တားဆီးမည်ဖြစ်ပြီး တရားဝင်ပြိုင်ပွဲမဟုတ်ဘဲ လူကို တိုက်ရိုက်တိုက်ခိုက်ခြင်းမှာ ဥပဒေချိုးဖောက်ရာ ရောက်သောကြောင့် ဖြစ်သည်။
“မင်းက ကျန်းဟန်မလား။ ဒီကိုလာပြီး ငါနဲ့ သွေးပူလေ့ကျင့်ခန်း တိုက်ပွဲတစ်ပွဲလောက် နွှဲကြည့်ရအောင်။ မင်းမှာ ဘယ်လောက်စွမ်းရည်ရှိလဲဆိုတာ ငါကြည့်ချင်တယ်။”
လျူရှီက စိန်ခေါ်လိုက်၏။ သူ့အသံမှာ လွန်စွာကျယ်လောင်သဖြင့် အားကစားကွင်းအတွင်းရှိ မြို့နယ်လေးခုလုံးမှ လူများ၏ အာရုံစိုက်မှုကို တိုက်ရိုက်ရရှိသွားခဲ့သည်။
ဤသည်မှာလည်း လျူရှီ၏ ရည်ရွယ်ချက် ဖြစ်သည်။ လူများစွာ စောင့်ကြည့်နေစေခြင်းဖြင့် ကျန်းဟန်ကို တိုက်ပွဲလက်ခံရန် အကျပ်ကိုင်ခြင်းပင် ဖြစ်သည်။
“စိတ်မဝင်စားဘူး။”
ကျန်းဟန်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အခြားတစ်ဖက်သို့ လှည့်ထွက်ကာ လျှောက်လှမ်းသွားခဲ့၏။ သူ၏အမူအရာမှာ အလွန်အမင်း တည်ငြိမ်အေးဆေးနေပေသည်။
ဤသည်က အားကစားကွင်းအတွင်းရှိ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ ကျန်းဟန်က တိုက်ခိုက်ရမှာကို ကြောက်ရွံ့နေခြင်းလော။
ကျန်းဟန်၏ ပြတ်သားရှင်းလင်းသော အဖြေကြောင့် လျူရှီမှာ ဆွံ့အသွားခဲ့ပြီး ချက်ချင်းပင် ဆက်လက်၍ ရန်စစိန်ခေါ်လိုက်ပြန်သည်။
“မင်းက ကြည့်ရတာ ရုပ်ချောတဲ့ မင်းသားလေးလိုပဲ။ လုပ်ပုံကိုင်ပုံကလည်း ပျော့ညံ့လွန်းတယ်။ ငါနဲ့ မတိုက်ရဲရင်လည်း မင်းက ငါ့ထက်ညံ့ပါတယ်ဆိုတာ ဝန်ခံပြီး အရှုံးပေးလိုက်တော့။ မဟုတ်ရင် မင်းက ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ အရည်အချင်းမရှိတဲ့ သူရဲဘောကြောင်တဲ့ အကောင်ပဲ။”
“အဟင်းဟင်း သွေးပူလေ့ကျင့်တဲ့ ပွဲလေးကိုတောင် မပြိုင်ရဲဘူး။ မင်းတို့ ရှန်းဟွာမြို့နယ်က လူတွေအားလုံးက မင်းလိုပဲ သူရဲဘောကြောင်ကြတာလား။”
ဒုတိယအသင်းခေါင်းဆောင် ဝူရွှယ်ချင်းကလည်း ပါးစပ်ကိုလက်ဖြင့်အုပ်ကာ လှောင်ပြောင် သရော်လိုက်သည်။
ထိူစကားများက လျူဝမ်ဝမ်နှင့် ဟွမ်ထောင်းတို့အဖွဲ့ကို သည်းမခံနိုင် ဖြစ်စေခဲ့သည်။
“မင်းတို့ကမှ သူရဲဘောကြောင်တဲ့ကောင်တွေကွ။ တိုက်ချင်တာလား။ ငါ့ကို အရင်နိုင်အောင် တိုက်လိုက်ဦး။”
ဟွမ်ထောင်းက ရှေ့သို့ လှမ်းထွက်လာပြီး ပြောလိုက်သည်။
“ဒါက မင်းနဲ့ မဆိုင်ဘူး။ ကျန်းဟန်ပဲ ဖြစ်ရမယ်။”
လျူရှီက ဟွမ်ထောင်းကို အထင်သေးသော မျက်လုံးများဖြင့် အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။
သို့သော် ကျန်းဟန်က ၎င်းတို့ကို လုံးဝ အရေးမစိုက်ဘဲ နည်းပြ ကျိုးဟယ်ကိုသာ ကြည့်ကာ ပြောလိုက်သည်။
“နည်းပြ ကျွန်တော် ကွင်းအခြေအနေကို စစ်ဆေးပြီးပါပြီ။ ကျွန်တော်တို့ အခန်းပြန်ပြီး အနားယူလို့ ရပြီလား။”
နည်းပြ ကျိုးဟယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
“သူတို့က နင်တို့မျက်နှာရှေ့အထိ လာပြီး စိန်ခေါ်စော်ကားနေကြတဲ့အပြင် ငါတို့မြို့နယ်ရဲ့ ဂုဏ်သိက္ခာကိုပါ ဆွဲသွင်းပြောဆိုနေကြတယ်။ နင်က မတိုက်ချင်တဲ့အပြင် အခန်းပြန်ပြီး အနားယူဖို့ပဲ တွေးနေတာလား။ နင့်မှာ သိက္ခာတရားနဲ့ ဂုဏ်သိက္ခာဆိုတာ လုံးဝ မရှိဘူးလား။ နင်သာ ယောက်ျားတစ်ယောက်ဆိုရင် သူ့ကို အလဲထိုးပြပြီး နင့်ကိုယ်နင့် သက်သေပြလိုက်စမ်း။”
နည်းပြ ကျိုးဟယ်၏ စကားကြောင့် ကျန်းဟန် အံ့အားသင့်သွားခဲ့ရသည်။ သူ၏မျက်နှာထားမှာ ချက်ချင်းတည်တင်းသွားပြီး မျက်ခုံးအစုံကို တွန့်ချိုးကာ သူမကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“နည်းပြ... ခင်ဗျား ဘာပြောနေလဲဆိုတာ ခင်ဗျားကိုယ်တိုင် ကောင်းကောင်း သိထားသင့်တယ်။”
သူ နားမလည်နိုင်တော့ပေ။ ပြိုင်ဘက်က သူ့ခွန်အားကို စမ်းသပ်ချင်နေသည်မှာ ထင်ရှားနေပါလျက်နှင့် နည်းပြဖြစ်သူက သူ့အား ထိုစိန်ခေါ်မှုကို လက်ခံရန် တိုက်တွန်းနေသေးသည်။ သူမ ရူးနေသလော။
သူသည် ကြောက်ရွံ့နေခြင်းမဟုတ်ဘဲ အလုပ်ရှုပ်မခံချင်ခြင်းသာ ဖြစ်သည်။ ယခုတိုက်ခိုက်ခြင်းသည် မနက်ဖြန်ပြိုင်ပွဲရလဒ်အပေါ် မည်သည့်ကောင်းကျိုးမှ သက်ရောက်မည်မဟုတ်သည့်အပြင် သူ့ခွန်အားအချို့ကို ကြိုတင်ပေါက်ကြားစေကာ မနက်ဖြန်တိုက်ပွဲကို ပိုမိုခက်ခဲသွားစေလိမ့်မည်။
ထို့အပြင် ၎င်းတို့က သူ့ကို ပြိုင်ပွဲမဝင်နိုင်အောင် ယုတ်မာသော နည်းလမ်းအချို့ကို သုံးလာနိုင်ချေပင် ရှိသည်။ နည်းပြတစ်ဦးအနေဖြင့် လုပ်ဆောင်ရမည့် မှန်ကန်သော အပြုအမူမှာ သူ့ကို ထွက်ခွာခွင့်ပေးရန်ဖြစ်ပြီး ယခုကဲ့သို့ မီးလောင်ရာလေပင့် မလုပ်သင့်ပေ။
သို့သော် ကျန်းဟန်၏ ဤစကားများက နည်းပြ ကျိုးဟယ်ကို ပို၍ပင် ဒေါသပေါက်ကွဲစေခဲ့ပြီး သူမက အေးစက်စက်ဖြင့် အော်ငေါက်တော့လေသည်။
“နင်က ညွှန်ကြားချက်ကို မနာခံဘဲ ဖီဆန်နေတာပေါ့ ဟုတ်လား။ ငါက နင့်ကို တိုက်ခိုက်ခိုင်းနေရင် သွားတိုက်စမ်း။ လျှာမရှည်နဲ့။”
သူမသည် ယနေ့ ကျန်းဟန်ကို ဒုက္ခပေးချင်နေသလို သုံးသန်းအထိ တောင်းဆိုရဲလောက်အောင် သူ ဘာတွေများ မောက်မာထောင်လွှားစရာ အရင်းအနှီးရှိနေလဲဆိုသည်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ချင်နေ၏။
ဒေါသစိတ်များက သူမ၏ ရင်ဝသို့ လှိုက်တက်လာခဲ့ပြီး နည်းပြတစ်ဦးအနေဖြင့် ထားရှိရမည့် တာဝန်ဝတ္တရားများကိုပင် သူမ လုံးဝ မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။ သူမသည် ကျန်းဟန်ကို အမြင်ကတ်ရုံသက်သက်ဖြင့် သူ့ကို သူမ၏ရှေ့တွင် ဦးညွှတ်လာစေရန်သာ ဆန္ဒရှိနေခြင်း ဖြစ်သည်။
သို့သော် ကျန်းဟန်၏ နောက်ထပ်စကားလုံးများကမူ သူမအတွက် မည်သည့်မျက်နှာမျှပင် မချန်ထားခဲ့တော့ချေ။
“ခင်ဗျား ရူးနေတာလား။ ခင်ဗျား တိုက်ချင်ရင်လည်း ခင်ဗျားဘာသာ သွားတိုက်လေ။ ကျွန်တော်ကတော့ ပြန်ပြီး အနားယူတော့မယ်။”
ထိုသို့ ပြောပြီးနောက် သူ လှည့်ထွက်သွားခဲ့၏။ တစ်ခဲနက် ဆူညံပွက်လောရိုက်သွားသော သူ့နောက်ကွယ်ရှိ လူအုပ်ကြီးကို လုံးဝ လျစ်လျူရှုထားခဲ့တော့သည်။
“နင် အခုချက်ချင်း ရပ်လိုက်စမ်း။ နင်က ညွှန်ကြားချက်ကို ငြင်းဆန်နေတာပဲ။”
နည်းပြ ကျိုးဟယ်သည် ဒေါသပုန်ထလျက် ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲလုမတတ် ဖြစ်သွားရပြီး ခြေဆောင့်ကာ အော်ဟစ်ပေါက်ကွဲတော့သည်။
ဘေးပတ်ဝန်းကျင်ရှိ မြို့နယ်သုံးခုမှ အဖွဲ့သားများအားလုံးသည် စပ်စုချင်စိတ်ဖြင့် စောင့်ကြည့်နေကြပြီး ရှန်းဟွာမြို့နယ်အဖွဲ့တွင် နည်းပြနှင့် အသင်းသားအကြား ယခုကဲ့သို့ စိတ်ဝမ်းကွဲပြားနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
သာမန်အသင်းသားများမှာ ထိုအဖြစ်အပျက်ကို သဘောကျကာ ပျော်ရွှင်နေကြသော်လည်း နည်းပြများမှာမူ ကျန်းဟန်အပေါ် ပို၍ပင် စပ်စုလိုစိတ် ပြင်းပြလာကြသည်။ မိမိ၏နည်းပြကိုပင် ယခုကဲ့သို့ ပြတ်ပြတ်သားသား ဆန့်ကျင်ရဲသူတစ်ယောက်သည် ကြီးမားသော နောက်ခံအင်အား ရှိနေခြင်း သို့မဟုတ် အလွန် သန်မာလွန်းနေခြင်းသာ ဖြစ်ရပေလိမ့်မည်။
အခန်း ၁၉၆
ကျန်းဟန် ထွက်ခွာသွားသည်နှင့် လီဇီဝေသည်လည်း နည်းပြ ကျိုးဟယ်ကို အနည်းငယ်မျှပင် မျက်နှာသာမပေးဘဲ သူ့နောက်သို့ ချက်ချင်း လိုက်သွားခဲ့သည်။ သူမသည် ယခုအခါ ကျန်းဟန်၏ အမာခံ ပရိသတ်စစ်စစ် ဖြစ်နေပြီ ဖြစ်သည်။
ဟွမ်ထောင်း၊ လျူဝမ်ဝမ်နှင့် ဟွေ့ရှင်းတို့မှာမူ အနည်းငယ် ဝေခွဲမရဖြစ်သွားခဲ့သော်လည်း နည်းပြကို တိုက်ရိုက်မဆန့်ကျင်လိုသဖြင့် နောက်ချန်နေရစ်ခဲ့ကြသည်။
တစ်ဖက်တွင်လည်း ဟုန်ယဲ့မြို့နယ်မှ လူများသည် ကျန်းဟန် ထွက်ခွာသွားသည်ကို မြင်သောအခါ ခဏမျှ သရော်လှောင်ပြောင်ပြီးနောက် အသီးသီး ထွက်ခွာသွားကြတော့သည်။
၎င်းတို့အနေဖြင့် ကျန်းဟန်၏ အစစ်အမှန်ခွန်အားကို မမြင်တွေ့ခဲ့ရသော်လည်း တစ်ဖွဲ့တည်းသားချင်း အချင်းချင်း ရန်ဖြစ်သည့် ပြဇာတ်ကောင်းတစ်ခုကို ကြည့်လိုက်ရသဖြင့် ကျေနပ်အားရနေကြသည်။
“ဒီနှစ်ယောက်က စည်းကမ်းတကျ စီစဉ်ပေးတာကို နာခံဖို့ ငြင်းဆန်ခဲ့ကြတယ်။ နင်တို့အားလုံး ငါ့အတွက် သက်သေလုပ်ပေးကြရမယ်။ ပြန်ရောက်တာနဲ့ သူ တစ်ပြားတစ်ချပ်မှ မရစေရဘူး။”
နည်းပြ ကျိုးဟယ်က စိတ်ကို အနည်းငယ် ပြန်လည်ထိန်းချုပ်လိုက်ရင်း ဟွမ်ထောင်းနှင့် အခြားသူများကို ပြောလိုက်သည်။
“နည်းပြ... ဒါကို ဒီအတိုင်းပဲ ထားလိုက်ပါတော့လား။ အချင်းချင်း သဟဇာတဖြစ်ဖို့က အရေးကြီးဆုံးပဲလေ။”
ဟွမ်ထောင်းက တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။ ဤကိစ္စတွင် အမှန်စင်စစ် နည်းပြ ကျိုးဟယ်ကသာ လုံးဝ မှားယွင်းနေခြင်း ဖြစ်သည်။
“မဖြစ်နိုင်ဘူး။ သူသာ ငါ့ကို မတောင်းပန်ရင် သူ့ကို တစ်ပြားမှ မရစေရဘူး။”
နည်းပြ ကျိုးဟယ်က အေးစက်စက်ဖြင့် အော်ငေါက်လိုက်၏။ သူမသည် အမုန်းတရားထဲသို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့ပြီဖြစ်သည်။ ကျန်းဟန်အပေါ် ကောင်းသောခံစားချက် တစ်စက်မျှ မရှိတော့ဘဲ သူ့ကို ပြန်လည်ပေးဆပ်စေရန်သာ ဆန္ဒရှိတော့သည်။
သို့သော်လည်း သူမသည် ဟွမ်ထောင်းတို့အဖွဲ့နှင့်အတူ ဟိုတယ်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် မြို့နယ်ရုံးမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့လေသည်။
သူမ ဖုန်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်မှ မေးခွန်းထုတ်သည့်အသံ ထွက်ပေါ်လာခဲ့သည်။
“နည်းပြ ကျိုးဟယ်... မင်း အဖွဲ့ကို ဘယ်လိုဦးဆောင်နေတာလဲ။ ငါ မင်းကို အသင်းသားတွေနဲ့ အဆင်ပြေအောင် ဆက်သွယ်ဖို့ ပြောထားရဲ့သားနဲ့ မင်းက ပုဂ္ဂိုလ်ရေးအာဃာတတွေကိုပါ ဒီထဲ ဆွဲသွင်းနေတာလား။”
ထိုစကားကို ကြားလိုက်ရသောအခါ နည်းပြ ကျိုးဟယ်တစ်ယောက် ပို၍ပင် ဒေါသထွက်သွားတော့သည်။
ဒီကောင်စုတ်သည် ညွှန်ကြားချက်ကို မနာခံရုံတင်မကဘဲ တိုင်စာပါ တန်းတင်လိုက်တယ်ပေါ့။
သူမက ချက်ချင်းပင် ပြန်လည်ငြင်းခုံလိုက်သည်။
“မဟုတ်ပါဘူး။ သူကသာ စည်းကမ်းကို မလိုက်နာတာပါ။ သူက မြို့နယ်ရဲ့ ဂုဏ်သိက္ခာကို လုံးဝ ဂရုမစိုက်တဲ့အပြင် ကျွန်မတို့မြို့နယ်ရဲ့ နာမည်ကိုပါ ဖျက်ဆီးနေတယ်။ ပြီးတော့ မိန်းမတွေနဲ့ ပရောပရည်လုပ်ပြီး အသင်းအဖွဲ့ရဲ့ စိတ်ဓာတ်ကိုပါ ပျက်ပြားအောင် လုပ်နေသေးတယ်။ သူက ပြိုင်ပွဲကို လုံးဝ အလေးမထားဘူး။”
သို့သော် သူမ၏ မျက်နှာအမူအရာမှာ လျင်မြန်စွာ ပျက်ယွင်းသွားခဲ့သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့ပါ။ ကျွန်မ သတိထားပါ့မယ်။ နောက်တစ်ခါ မဖြစ်စေရဘူးလို့ အာမခံပါတယ်။”
ဖုန်းချလိုက်ပြီးနောက် သူမသည် ဒေါသထွက်လွန်း၍ ဖုန်းကို ပေါက်ကွဲပျက်စီးသွားသည်အထိ မြေပြင်ပေါ်သို့ ဆောင့်ချပစ်လိုက်သော်လည်း ဒေါသများမှာ မပြေနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် အထက်လူကြီးက သူမကို ကျန်းဟန်ထံ သွားရောက်တောင်းပန်ရန် တိုက်ရိုက်အမိန့်ပေးလိုက်သောကြောင့် ဖြစ်သည်။
ထိုစက်ဆုပ်ဖွယ်ကောင်းသော ကျန်းဟန်သည် ၎င်းတို့ပြောသမျှ စကားများကို အသံဖမ်းယူထားခဲ့ခြင်း ဖြစ်သည်။ ခိုင်မာသော သက်သေအထောက်အထားများ၏ ရှေ့မှောက်တွင် သူမအနေဖြင့် မည်သို့မျှ ငြင်းဆို၍ မရတော့ပေ။
“ဒုန်း ဒုန်း ဒုန်း...”
သူမသည် ကျန်းဟန်၏ အခန်းတံခါးကို ဝုန်းကနဲ တွန်းဖွင့်လိုက်ပြီး သူ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။
“နင်က တော်တော် တော်တဲ့ကောင်ပဲ။ အသံဖမ်းပြီး တိုက်ရိုက်တိုင်ရဲတယ်ပေါ့။ မနက်ဖြန် ပြိုင်ပွဲမှာ ရှုံးခဲ့ရင် နင် မြို့နယ်ကို ဘယ်လိုရှင်းပြမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့။”
ကျန်းဟန်သည် သူမ၏ တံခါးကို ဆောင့်ကန်ဖွင့်သည့် ရိုင်းစိုင်းသော အပြုအမူကြောင့် လွန်စွာ စိတ်မသက်မသာ ဖြစ်သွား၏။ သူသည် ဤအမျိုးသမီးကို မည်သည့်အခါကမျှ မပြစ်မှားခဲ့ဖူးချေ။ သူမ ဘာဖြစ်နေသည်ကို သူ မသိသော်လည်း ပထမဦးဆုံး စတွေ့ကတည်းက သူ့ကို အမြင်မကြည် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ကြိုတင်ပြင်ဆင်မှုအဖြစ် အသံဖမ်းမထားခဲ့ပါက သူမ၏ စွပ်စွဲပုတ်ခတ်မှုများကို မည်သို့ ဖြေရှင်းရမည်ကို မသိတော့ပေ။
“ကျုပ် အခုထိ တောင်းပန်စကား မကြားရသေးဘူးနော်။ မြန်မြန်လုပ်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ကျုပ် အနားယူတော့မယ်။”
ကျန်းဟန်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ ယဉ်ကျေးပျူငှာမှုမျက်နှာဖုံးကို ခွာချလိုက်ပြီးနောက် သူသည်လည်း ရိုသေပျော့ပျောင်းပြနေစရာ မလိုတော့ပေ။
“နင်...”
နည်းပြ ကျိုးဟယ်မှာ ဒေါသလွန်ကာ စကားပင် မပြောနိုင်တော့ပေ။ အကယ်၍သာ တောရိုင်းထဲတွင် ဖြစ်ပါက သူမသည် ကျန်းဟန်ကို အမှန်တကယ် သတ်ပစ်ချင်မိသည်။
သို့သော် သူမ သဘောမပေါက်ခဲ့သည်မှာ အကယ်၍ တောရိုင်းထဲတွင်သာ ဆိုပါက သူမကဲ့သို့ အဆင့် ၂ အခြေခံသားရဲထိန်းချုပ်သူတစ်ဦးမှာ ကျန်းဟန်၏လက်ထဲတွင် အကြိမ်ပေါင်းများစွာ သေဆုံးသွားခဲ့ပြီး ဖြစ်လိမ့်မည်။
“ငါ အရင်က လုပ်ခဲ့တာတွေအတွက် နင့်ကို တောင်းပန်တယ်။”
ဤသို့ ပြောပြီးနောက် သူမသည် လှည့်ပင်မကြည့်ဘဲ ထွက်ခွာသွားပြီး မကြာမီမှာပင် တံခါးကို ဒုန်းကနဲ ဆောင့်ပိတ်လိုက်သည့် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မိုက်တယ်ကွာ...”
ဟွမ်ထောင်းက ကျန်းဟန်ကို လက်မထောင်ပြရင်း သူ့၏ ပြတ်သားမှုကို လေးစားအားကျကြောင်း ဖော်ပြလိုက်သည်။
လျူဝမ်ဝမ်၏ မျက်လုံးများမှာလည်း ပိုမိုတောက်ပလာခဲ့သည်။ သူမသည် ကျန်းဟန်ကို လွန်စွာ ထူးခြားလှသည်ဟု ခံစားမိနေသည်။ သူသည် ရန်သူ၏ စိန်ခေါ်စော်ကားမှုများကို လျစ်လျူရှုထားနိုင်သော်လည်း နည်းပြဖြစ်သူ၏ တမင်တကာ ဦးတည်တိုက်ခိုက်မှုများကိုမူ တိုက်ရိုက် ပြတ်ပြတ်သားသား တုံ့ပြန်ရင်ဆိုင်ရဲခဲ့သည်။
“သွားကြရအောင်လေ။ အပြင်ထွက်ပြီး လျှောက်လည်ပျော်ပါးကြမယ်။”
လျူဝမ်ဝမ်က အကြံပြုလိုက်သည်။
“တော်ပြီ။ ငါအရင်အနားယူတော့မယ်။ ပြိုင်ပွဲပြီးမှပဲ ပြောကြတာပေါ့။”
ကျန်းဟန်က ခေါင်းခါပြလိုက်သည်။
“ကောင်းပြီလေ။ ဒါဆိုလည်း...”
လျူဝမ်ဝမ်လည်း ထပ်ပြီးအတင်းမတိုက်တွန်းတော့ဘဲ သူမ၏အခန်းသို့သာ ပြန်သွားခဲ့လိုက်သည်။
ညစာစားချိန်မှလွဲ၍ ကျန်းဟန် အခန်းထဲမှ အပြင် မထွက်ခဲ့ပေ။ နည်းပြ ကျိုးဟယ်ကလည်း မည်သည့်နည်းဗျူဟာကိုမျှ စီစဉ်ပေးခြင်းမရှိဘဲ လက်လျှော့ထားလိုက်၏။
ကျန်းဟန်က သန်မာတယ်မလား။ ကောင်းပြီလေ။ ဒါဆိုရင်လည်း သူမအနေနဲ့ ဘာကိုမှ ဝင်ရောက်စွက်ဖက်တော့မှာမဟုတ်ဘူး။
နောက်တစ်နေ့မနက် ၇ နာရီတွင် အားလုံး နံနက်စာစားပြီးနောက် ဧည့်ခန်းတွင် စုဝေးလိုက်ကြသည်။ နည်းပြ ကျိုးဟယ်သည် ဆိုဖာပေါ်တွင် စကားတစ်လုံးမှမဆိုဘဲ ထိုင်နေ၏။ ဟွမ်ထောင်းက သူမကိုကြည့်ကာ မေးလိုက်သည်။
“နည်းပြ အချိန်နီးနေပြီ။ ကျွန်တော်တို့ နည်းဗျူဟာတွေ ဘာတွေ မစီစဉ်တော့ဘူးလား။”
“ဘာလို့ စီစဉ်ရမှာလဲ။ ကျန်းဟန်က တစ်ဖွဲ့လုံးကို သူ့ဘာသာသူ ထမ်းပိုးပြီး အနိုင်ယူပေးမယ်လို့ ပြောထားတာမဟုတ်ဘူးလား။ သူ့ကိုပဲ တစ်ယောက်တည်း တက်တိုက်ခိုင်းလိုက်ပေါ့။ ငါက ဘာနည်းဗျူဟာတွေ စီစဉ်ပေးရဦးမှာလဲ။”
နည်းပြ ကျိုးဟယ်က ရွဲ့စောင်းသရော်သော လေသံဖြင့် စတင်ပြောဆိုတော့သည်။ ကျန်းဟန်က အထင်သေးစွာ ပြုံးလိုက်၏။
“ဒါဆိုရင်လည်း စောင့်ကြည့်လိုက်ပေါ့။ သူမကို ထားလိုက်တော့။ ငါတို့ သွားကြမယ်။”
ထိုသို့ပြောပြီးနောက် သူသည် ကွင်းပြင်ဆီသို့ ဦးတည်ထွက်ခွာခဲ့လိုက်သည်။ လီဇီဝေသည်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ သူ့နောက်သို့ လိုက်ပါသွားခဲ့၏။ ဟွမ်ထောင်းနှင့် အခြားနှစ်ဦးမှာမူ အနည်းငယ် ဝေခွဲမရဖြစ်သွားခဲ့သော်လည်း နောက်ဆုံးတွင် ထွက်ခွာသွားကြရာ နည်းပြ ကျိုးဟယ်တစ်ယောက်တည်း ထိုနေရာတွင် ကျန်ရစ်ခဲ့တော့သည်။
သူမသည် အံကို တင်းတင်းကြိတ်ကာ ဒေါသထွက်နေသော်လည်း သူမ၏မိသားစုက ပင်ပန်းကြီးစွာ ရှာဖွေပေးထားသော ဤအလုပ်အကိုင်ကို လက်လွှတ်မခံလိုပါက နောက်မှ လိုက်လာရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။
ကွင်းပြင်သို့ ရောက်လာသောအခါ ကျန်းဟန်နှင့် အခြားသူများက ဦးစွာ စာရင်းသွင်းရမည် ဖြစ်သည်။ ပြိုင်ပွဲမှာ နံနက် ၉ နာရီတွင် စတင်မည်ဖြစ်ပြီး ကွင်းအတွင်း၌ ပရိသတ်အမြောက်အမြား ရောက်ရှိနေကြပြီ ဖြစ်သည်။
ဤပြိုင်ပွဲသည် အထူးအာရုံစိုက်ခြင်း ခံထားရ၏။ ကျောင်းများစွာက အခြေခံကျောင်းသားများကို လာရောက်လေ့လာကြည့်ရှုရန် စီစဉ်ပေးထားကြသည်။ ယနေ့ကျင်းပမည့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပိုမိုစိတ်ဝင်စားစရာကောင်းလှသဖြင့် လက်မှတ်များစွာ ရောင်းချထားရပြီး ဖြစ်သည်။
“ကြည့်စမ်း။ ရှန်းဟွာမြို့နယ်က လူတွေ ရောက်လာကြပြီ။ သူတို့ လူစားလဲလိုက်တယ်လို့ ကြားတယ်။ အရှေ့ကနေ လျှောက်လာတဲ့ အစ်ကိုကြီးက အရမ်းချောတာပဲ။”
“ဒါက ရှန်းဟွာမြို့နယ်ရဲ့ ဝှက်ဖဲလား။ သူ့ရဲ့ အရှိန်အဝါက တကယ် ထူးခြားတာပဲ။ သူ့ခွန်အားကလည်း သေချာပေါက် သန်မာလိမ့်မယ်။”
“အစ်ကိုကြီး... ကျွန်မကို လက်မှတ်လေး ထိုးပေးပါဦး။”
စောစီးစွာ ရောက်ရှိနေကြသော ကလေးငယ်အများအပြားက သံဇကာအတားအဆီး၏ အပြင်ဘက်မှ လှမ်းအော်နေကြ၏။ ထိုဖြူစင်သော ကလေးငယ်များသည် ကျန်းဟန်၏ ခန့်ညားသောရုပ်ရည်နှင့် ထူးခြားသောအရှိန်အဝါတို့ကြောင့် ဆွဲဆောင် ခံထားရခြင်း ဖြစ်သည်။
ကျန်းဟန်က ၎င်းတို့ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ရှေ့ရှိ စာရင်းသွင်းရာနေရာသို့ တည့်တည့် လျှောက်လှမ်းသွားလိုက်သည်။
စာရင်းသွင်းပြီးနောက် ၎င်းတို့သည် အနီးနားတွင် အနားယူကာ မနက် ၉ နာရီတွင် ပြိုင်ပွဲစတင်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
“စိန်ခေါ်တာကိုတောင် မတိုက်ရဲတဲ့ ငကြောက်က ဒီနေ့ လာရဲသေးတာပဲ။ အချိန်ကျရင် မင်း ထွက်မပြေးဖို့ ငါ မျှော်လင့်ပါတယ်။”
ကျန်းဟန်ကို မြင်သောအခါ ဟုန်ယဲ့မြို့နယ်မှ လျူရှီက မနေနိုင်ဘဲ လာရောက်သရော်ပြန်သည်။
“မင်းရဲ့ ခွန်အားက မင်းရဲ့ ပါးစပ်တွေလောက် အားကောင်းဖို့ပဲ ငါ မျှော်လင့်ပါတယ်။”
ကျန်းဟန်က ခနဲ့လိုက်၏။ ဤကောင်သည် ခွန်အားကြီးကြီးမားမား မရှိသော်လည်း ရန်စကားပြောရာတွင်မူ ဆရာကျလှသည်။
“ဟားဟားဟား...အချိန်ကျရင် မင်း သိရမှာပေါ့။ ငါ့အတွက် မင်းတို့ကို အလဲထိုးဖို့ဆိုတာ မိနစ်ပိုင်းပဲ လိုတယ်။”
ပြင်းထန်သော စကားတစ်ခွန်း ချန်ထားခဲ့ပြီးနောက် လျူရှီသည် အခြားတစ်ဖက်၌ သွားထိုင်နေလိုက်တော့သည်။
နံနက် ၈ နာရီခွဲခန့် ရောက်မှသာ နည်းပြ ကျိုးဟယ်တစ်ယောက် ရောက်ရှိလာခဲ့သည်။ သူမသည် စာရင်းသွင်းပြီးနောက် ကျန်းဟန်နှင့် အခြားသူများကို ပြဇာတ်ပွဲကြည့်မည့် အမူအရာမျိုးဖြင့် လှမ်းကြည့်နေခဲ့သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ပရိသတ်များမှာလည်း ပိုမိုများပြားလာခဲ့သည်။ ကွင်းတစ်ခုလုံးတွင် လူဦးရေ တစ်သောင်းခန့် ဆံ့သော်လည်း ယနေ့တွင် လူသုံးလေးထောင်ခန့် ရောက်ရှိနေပြီ ဖြစ်သည်။
ထို့အပြင် ကျန်းဟန်သည် အရှေ့ဘက်တန်း အခင်းအကျင်းများတွင် ရင်းနှီးသော မိတ်ဆွေအချို့ကိုလည်း တွေ့ရှိခဲ့ရသည်။ ၎င်းတို့ထဲတွင် ဟော့ဟွာယောင်အလယ်တန်းကျောင်းမှ လင်းဝေယွဲ့နှင့် ကျန်းနန်အမှတ် (၂) အထက်တန်းကျောင်းမှ ချင်းယွမ်တို့လည်း ပါဝင်သည်။
၎င်းတို့နှစ်ဦးသည်လည်း ကျန်းဟန်က မိမိတို့ကို ကြည့်နေသည်ကို သတိပြုမိလိုက်ပြီး ခေါင်းညိတ်နှုတ်ဆက်လိုက်ကြသည်။ ၎င်းတို့၏ကျောင်းမှာ ဤနေရာနှင့် မဝေးလှပေ။ ထို့ကြောင့် ကျန်းဟန် ပြိုင်ပွဲဝင်မည်ကို ကြားသည်နှင့် သူ၏လက်ရှိအဆင့် မည်သို့ရှိသည်ကို လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် စာမေးပွဲကြီးတွင် ကျန်းဟန်၏ ကွာခြားလွန်းသော ရမှတ်များဖြင့် ကျော်ဖြတ်ခြင်းကို ခံခဲ့ရသည်ဖြစ်ရာ ၎င်းတို့အနေဖြင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြဆဲပင်။ ထို့ကြောင့် ယခုအခါ သူ မည်မျှအထိ သန်မာနေပြီလဲဆိုသည်ကို ကိုယ်တိုင် လာရောက်ကြည့်ရှုချင်နေကြခြင်း ဖြစ်သည်။
၎င်းတို့အပြင် အခြားကျောင်းများမှ ကျောင်းသားများသည်လည်း မိမိတို့နှင့် သက်တူရွယ်တူများ၏ စွမ်းရည်အဆင့်အတန်းကို လာရောက်လေ့လာရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိနေကြသည်။
မကြာမီ ၉ နာရီသို့ နီးကပ်လာခဲ့ပြီး အစီအစဉ်တင်ဆက်သူသည် စင်ပေါ်သို့တက်ကာ အဖွင့်အမှာစကား ပြောကြားလိုက်သည်။ မိတ်ဆက်စကား ပြောကြားပြီးနောက် ယနေ့နံနက်ပိုင်း ပွဲစဉ်တွင် ယှဉ်ပြိုင်ကြမည့် နှစ်ဖက်စလုံးမှ ပြိုင်ပွဲဝင်များ စင်ပေါ်သို့ တက်ရောက်လာကြသည်။
လက်ဆွဲနှုတ်ဆက်ပြီးနောက် အစီအစဉ်တင်ဆက်သူက လက်နှစ်ဖက်လုံးကို၏ လက်များကို ကိုင်မြှောက်ကာ ကျယ်လောင်စွာ ကြေညာလိုက်တော့သည်။
“အခုချိန်ကစပြီး ကျွန်တော်တို့ရဲ့ ခရိုင်လေးခုပူးတွဲပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမဆုံးပွဲစဉ်ကို တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာအပ်ပါတယ်။ ဦးစွာပထမ ကာကွယ်သူအဖြစ် ယှဉ်ပြိုင်မယ့် ဟုန်ယဲ့မြို့နယ်အဖွဲ့က ပြိုင်ပွဲဝင်တစ်ဦး စင်ပေါ်သို့ တက်ရောက်ပေးပါရန် ဖိတ်ခေါ်အပ်ပါတယ်။”