အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
အခန်း ၁၉၇
အစီအစဉ်တင်ဆက်သူက ပြိုင်ပွဲစဉ်စတင်ကြောင်း ကြေညာလိုက်သည်နှင့် ဟုန်ယဲ့မြို့နယ်အဖွဲ့က စတင်ဦးဆောင်ကာ အမျိုးသမီးအသင်းဝင်တစ်ဦးဖြစ်သူ ချန်ကျွမ်းကို စင်ပေါ်သို့ တက်ရောက်စေခဲ့သည်။ သူမသည် ကွင်းလယ်ဗဟိုသို့ ရောက်ရှိလာပြီးနောက် သူမ၏ သားရဲဖြစ်သော ခေါင်းဆောင်အဆင့် နွယ်ပင်လိပ်ကို ထုတ်လွှတ်လိုက်သည်။
ထိုလိပ်ကြီးမှာ တစ်ကိုယ်လုံး စိမ်းစိုနေပြီး ကျောပြင်ပေါ်တွင် စိမ်းလန်းသော နွယ်ပင်များစွာ ပေါက်ရောက်နေသည်။ ၎င်းသည် အမြင့်နှစ်မီတာကျော်ရှိပြီး အလျားငါးမီတာအပြည့်ရှိရာ ကုန်းမြင့်အသေးစားလေးတစ်ခုအလားပင် ထင်မှတ်ရသည်။
“ဒါက နွယ်ပင်လိပ်ပဲ။ သူက ခံစစ်နဲ့ တိုက်စစ်ဆွဲဆန့်တဲ့စနစ် နှစ်ခုစလုံး မျှတအောင် ပိုင်ဆိုင်ထားတဲ့ သားရဲပဲ။ ဟုန်ယဲ့မြို့နယ်က ရှန်းဟွာမြို့နယ်ရဲ့ စွမ်းရည်အဆင့်ကို စမ်းသပ်ဖို့ ပြင်ဆင်နေတဲ့ပုံပဲ။”
“အမှန်ပဲ။ ပထမဆုံးတက်လာတဲ့ ပြိုင်ပွဲဝင်ရဲ့ သားရဲကတောင် ခေါင်းဆောင်အဆင့် ရှိနေပြီ။ သတင်းတွေထွက်နေတဲ့အတိုင်း ဟုန်ယဲ့မြို့နယ်ရဲ့ တစ်ဖွဲ့လုံးက တကယ်ပဲ ခေါင်းဆောင်အဆင့်ကို ရောက်ရှိနေကြပြီပဲ။”
“ရှန်းဟွာမြို့နယ်အတွက်တော့ အခြေအနေတွေက ခက်ခဲတော့မှာပဲ။ သူတို့ဆီမှာ ခေါင်းဆောင်အဆင့် သားရဲမရှိသေးတဲ့သူအချို့ ရှိနေသေးပုံရတယခ။”
နွယ်ပင်လိပ်ကြီးကို မြင်လိုက်ရသောအခါ ပရိသတ်များမှာ ရှန်းဟွာမြို့နယ်အတွက် မနေနိုင်ဘဲ စိုးရိမ်ပူပန်လာကြသည်။ အချို့က ရေစင်ဘေးတွင် ထိုင်ကာ အေးအေးလူလူ ရေသောက်နေသည့် ကျန်းဟန်ကို လှမ်းကြည့်လိုက်ကြသည်။ သူသည် အနည်းငယ်မျှ စိုးရိမ်ပူပန်ပုံမရချေ။
“ဘယ်သူ ငါနဲ့ လာတိုက်မှာလဲ။”
ချန်ကျွမ်းက ကျန်းဟန်နှင့် အခြားသူများကို ကြည့်ကာ မေးလိုက်သည်။
ဟွမ်ထောင်းနှင့် လျူဝမ်ဝမ်တို့က နည်းပြ ကျိုးဟယ်ကို လှမ်းကြည့်လိုက်ကြသော်လည်း သူမမှာ မည်သည့်နည်းဗျူဟာကိုမျှ စီစဉ်ပေးရန် ရည်ရွယ်ချက် မရှိပေ။
“ကျန်းဟန်... ငါတို့ထဲက ဘယ်သူ အရင်သွားရမလဲ။”
ဟွေ့ရှင်းက မေးလိုက်၏။ သူနှင့် လျူဝမ်ဝမ်တို့မှာ အလုပ်သင်အဆင့် သားရဲထိန်းချုပ်သူများသာ ဖြစ်ကြပြီး ၎င်းတို့၏ သားရဲများမှာ ခေါင်းဆောင်အဆင့်သို့ မရောက်ရှိသေးပေ။
ကျန်းဟန်၊ လီဇီဝေနှင့် ဟွမ်ထောင်းတို့ သုံးဦးတည်းသာ ခေါင်းဆောင်အဆင့် သားရဲများကို ပိုင်ဆိုင်ထားကြသည်။ သာမန်အခြေအနေအရဆိုလျှင် ၎င်းတို့အနေဖြင့် ပြိုင်ဘက်ကို အနိုင်ယူရန် မဖြစ်နိုင်သလောက်ဖြစ်ရာ ၎င်းတို့ကိုယ်တိုင်ပင် ယုံကြည်မှု ကင်းမဲ့နေကြသည်။
“ဘယ်သူသွားသွား အဆင်ပြေပါတယ်။ မစိုးရိမ်ကြပါနဲ့။ ငါရှိတယ်။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။
“ဒါဆို ငါပဲ အရင်သွားလိုက်မယ်။ ဒီနွယ်ပင်လိပ်ရဲ့ စွမ်းရည်တွေကို ငါအရင် စမ်းသပ်ပေးမယ်။”
လျူဝမ်ဝမ်က အကြံပြုလိုက်သည်။
“ဟွန့်... ဒီနေ့ နင်တို့ ဘယ်လိုအနိုင်ယူမလဲဆိုတာ ငါလည်း စောင့်ကြည့်ချင်ပါသေးတယ်။”
နည်းပြ ကျိုးဟယ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“ဒါဆိုရင်လည်း မင်းပဲ သွားလိုက်ပါ။”
ကျန်းဟန်က နည်းပြကျိုးဟယ်၏ ဟောင်ဖွာ ဟောင်ဖွာလုပ်နေသည့် အသံများကို မကြားချင်ယောင်ဆောင်ကာ လျူဝမ်ဝမ်ကို ပြောလိုက်သည်။
“ငါ နင်နဲ့ တိုက်မယ်။”
လျူဝမ်ဝမ်သည် ကွင်းပြင်ထဲသို့ လျှောက်သွားပြီး သူမ၏ သားရဲဖြစ် အစိမ်းရောင်စပျစ်မြွေကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည်လည်း သစ်သားစွမ်းအင် သားရဲဖြစ်၏။ သို့သော်လည်း အဆင့်မှာ လက်ရွေးစင်အဆင့် နှောင်းပိုင်းတွင်သာ ရှိသေးသည်။
“ဒါဆိုရင်... ပြိုင်ပွဲ စတင်ပြီ။”
အစီအစဉ်တင်ဆက်သူက နှစ်ဖက်စလုံးကို ကြည့်ကာ ကြေညာလိုက်၏။
“ဟွန်း... လက်ရွေးစင်အဆင့် သားရဲလေးနဲ့ လာပြီး ဟန်ရေးပြနေသေးတယ်လား။ အိမ်ပြန်ပြီး သေချာလေ့ကျင့်ဦး။ နွယ်ပင်လိပ်... မြက်ရွက်ကခုန်ခြင်းစွမ်းရည်ကို သုံးလိုက်စမ်း။”
လျူဝမ်ဝမ်၏ အစိမ်းရောင်စပျစ်မြွေကို ကြည့်ရင်း ချန်ကျွမ်း၏ မျက်နှာ၌ အထင်သေးရိပ်များ ဖြတ်ပြေးသွားခဲ့သည်။
သူမတင်မကဘဲ ပရိသတ်များနှင့် လျူဝမ်ဝမ်ကိုယ်တိုင်ပင် သူမ နိုင်မည်ဟု မထင်ကြပေ။ လက်ရွေးစင်အဆင့် သားရဲနှင့် ခေါင်းဆောင်အဆင့် သားရဲတို့အကြား တိုက်ပွဲမှာ ယှဉ်ရန် လုံးဝ မဖြစ်နိုင်ချေ။
တစ်ဖက်က ဝိညာဉ်စွမ်းအင် ထုတ်လွှတ်ခြင်းကို တစ်ကြိမ်သာ ထုတ်လွှတ်နိုင်ချိန်တွင် အခြားတစ်ဖက်ကမူ အကန့်အသတ်မရှိ ထုတ်လွှတ်နိုင်သဖြင့် တိုက်ခိုက်ရန် လုံးဝ မဖြစ်နိုင်ပေ။
“ရှောင်လိုက်....။”
လျူဝမ်ဝမ်သည်လည်း မိမိသည် ၎င်း၏ ပြိုင်ဘက်မဟုတ်မှန်း သိထားပြီး ရှောင်တိမ်းသည့် နည်းဗျူဟာကိုသာ ရွေးချယ်လိုက်သည်။ သူမသည် နောက်က လိုက်လာမည့် အသင်းဖော်များ အနိုင်ရရှိနိုင်ခြေ ပိုများစေရန် ပြိုင်ဘက်၏ ဝှက်ဖဲများကို တတ်နိုင်သမျှ စမ်းသပ်ထုတ်ဖော်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။
သို့သော်လည်း အဆင့် ၃ သားရဲတစ်ကောင်၏ အဆင့် ၂ သားရဲအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်မှုမှာ လွန်စွာ ကြီးမားလှ၏။ နွယ်ပင်လိပ်ကြီးမှာ နှေးကွေးသော်လည်း ဝိုင်းရံတိုက်ခိုက်လာသော မြက်ရွက်များက အစိမ်းရောင်စပျစ်မြွေကို လျင်မြန်စွာ ပိတ်ဆို့သွားခဲ့သည်။
အရေးကြီးသော အဆုံးအဖြတ် အချိန်တွင် အစိမ်းရောက်စပျစ်မြွေသည် ၎င်း၏ ဝိညာဉ်စွမ်းအင် ထုတ်လွှတ်ခြင်း စွမ်းရည် မြစိမ်းဒိုင်းကို အသုံးပြုလိုက်၏။
သို့သော် တစ်ဆင့်ပိုမိုမြင့်မားသော ဝိညာဉ်စွမ်းအားရှေ့မှောက်တွင် ထိုဒိုင်းမှာ လျင်မြန်စွာ ကွဲအက်ပျက်စီးသွားခဲ့သည်။ အစိမ်းရောက်စပျစ်မြွေသည် မြက်ရွက်များကြောင့် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် လဲကျသွားပြီး တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားခဲ့ရတော့သည်။
“ဟုန်ယဲ့မြို့နယ်အဖွဲ့က ကွင်းကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပါပြီ။ ရှန်းဟွာမြို့နယ်အဖွဲ့အနေနဲ့ စိန်ခေါ်ဖို့အတွက် ပြိုင်ပွဲဝင်တစ်ဦး ထပ်မံစေလွှတ်ပေးပါ။”
အစီအစဉ်တင်ဆက်သူက ဆိုင်းဘုတ်ကို မြှောက်ပြရင်း ကြေညာလိုက်သည်။
“ရှန်းဟွာမြို့နယ်ဘက်က ခွန်အားက အရမ်း ကွာခြားလွန်းနေတယ်။”
“ဟုတ်တယ်။ လက်ရွေးစင်အဆင့် သားရဲက ခေါင်းဆောင်အဆင့် သားရဲကို လုံးဝ မယှဉ်နိုင်ဘူး။ သူတို့က အဆင့်ချင်းကို မတူတာ။”
“နှစ်ဖက်စလုံးရဲ့ ခွန်အားကွာဟချက်က ကြီးမားလွန်းတယ်။ ရှန်းဟွာမြို့နယ်တော့ ရှုံးတော့မှာပဲ။ ကြည့်ရတာ ဘာမှ စိတ်လှုပ်ရှားစရာ မရှိတော့ဘူး။”
“ဒါကလည်း အမြဲတမ်းတော့ မမှန်နိုင်ဘူး။ သူတို့ဆီမှာ ဝှက်ဖဲတွေ ရှိနေနိုင်သေးတာပဲ မဟုတ်ဘူးလား။”
“ပြိုင်ဘက်ရဲ့ ဒီလိုလူစာရင်းနဲ့ဆိုရင် ဘယ်လိုဝှက်ဖဲပဲရှိရှိ အလကားပဲ။ သူတို့ မနိုင်နိုင်ဘူး။”
ပရိသတ်များမှာ မနေနိုင်ဘဲ ခေါင်းခါယမ်းကြတော့သည်။ နှစ်ဖက်စလုံး၏ ကွာဟချက်မှာ ကြီးမားလွန်းလှ၏။ နောက်မှတက်မည့်သူများက တစ်ပြိုင်နက်တည်း ပြိုင်ဘက်နှစ်ယောက်ကို တိုက်ခိုက်နိုင်လျှင်ပင် အလွန်ခက်ခဲလိမ့်မည်ဖြစ်ပြီး ပြိုင်ဘက်တွင်လည်း သေချာပေါက် ဝှက်ဖဲများ ရှိနေပေလိမ့်မည်။
လင်းဝေယွဲ့နှင့် အခြားသူများမှာမူ ထိုအရာများကို အရေးမစိုက်ကြချေ။ ၎င်းတို့၏ အာရုံစိုက်မှုအားလုံးမှာ ကျန်းဟန်အပေါ်တွင်သာ ရှိနေပြီး အခြားသူများမှာမူ အရေးမပါလှပေ။
“ဟေး... ငါပြောမယ်။ ရှုံးပွဲပေးဖို့အတွက် အားနည်းတဲ့သူတွေကိုပဲ တောက်လျှောက် လွှတ်မနေနဲ့။ တကယ်တိုက်နိုင်တဲ့သူကိုပဲ တက်ခိုင်းလိုက်စမ်းပါ။”
ဟုန်ယဲ့မြို့နယ်အဖွဲ့၏ အသင်းခေါင်းဆောင်ဖြစ်သူ ကျန်းလုံက ကျန်းဟန်နှင့် အခြားသူများကို လှမ်းအော်လိုက်သည်။
“အမှန်ပဲ။ အဟင်းဟင်း ဒါမှမဟုတ်လည်း ကျန်းဟန်... နင်ကိုယ်တိုင်ပဲ တက်လာခဲ့လိုက်ပါလား။ တခြားဘယ်သူတက်တက် ပွဲလာအရှုံးပေးသလိုပဲ ဖြစ်နေမှာပဲလေ။”
ဒုတိယအသင်းခေါင်းဆောင်ဖြစ်သူ ဝူရွှယ်ချင်းကလည်း ပါးစပ်ကိုအုပ်ကာ တခစ်ခစ် ရယ်မောလိုက်သည်။
ကျန်းဟန်တို့ဘက်တွင် စိတ်ပျက်စရာကောင်းသော လူစာရင်း ရှိနေရုံသာမက ၎င်းတို့၏ နည်းပြနှင့်ပါ အဆင်မပြေဖြစ်နေကြရာ မည်သို့လျှင် အနိုင်ရရှိနိုင်ပါမည်နည်း။
“ငါသွားမယ်။”
ဟွမ်ထောင်းက မတ်တတ်ရပ်ကာ ကွင်းထဲသို့ လျှောက်လှမ်းသွားခဲ့သည်။
သူ့၏ သားရဲမှာ ခေါင်းဆောင်အဆင့် ငွေရောင်လွှသွားရှိခိုးကောင်ဖြစ်သည်။ ၎င်းသည် တစ်ကိုယ်လုံး ငွေဖြူရောင်တောက်ပနေပြီး ခေါင်းဆောင်အဆင့်သို့ ရောက်ရှိပြီးနောက် ခန္ဓာကိုယ်အလျားမှာ ငါးမီတာအထိ ရှည်လျားလာခဲ့သည်။
“ပြိုင်ပွဲ... စတင်ပါပြီ။”
အစီအစဉ်တင်ဆက်သူက ထပ်မံကြေညာလိုက်၏။ ကွင်းကာကွယ်ခြင်းပြိုင်ပွဲ၏ ပုံစံမှာ တစ်ဖက်မှ အဖွဲ့ဝင်အားလုံး ရှုံးနိမ့်သွားပါက ကျန်ရှိနေသည့်အဖွဲ့က အနိုင်ရရှိမည် ဖြစ်သည်။
“ငွေရောင်လွှသွားရှိခိုးကောင်... အတင်းပြေးဝင်ပြီး ကိုက်သတ်ပစ်လိုက်စမ်း။”
ဟွမ်ထောင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ ငွေရောင်လွှသွားရှိခိုးကောင်မှာ သတ္တုစွမ်းအင်ဖြစ်သဖြင့် သစ်သားစွမ်းအင် သားရဲများကို အပြည့်အဝ တန်ပြန်နှိမ်နင်းနိုင်စွမ်းရှိသည်။
“ငါက နင်လာမှာကို စောင့်နေတာပဲ။ နွယ်ပင်ကြိမ်လုံးတိုက်စစ်...။”
ချန်ကျွမ်းက နွယ်ပင်လိပ်အား နွယ်ပင်ကြိမ်လုံးစွမ်းရည်ကို အသုံးပြုရန် အမိန့်ပေးလိုက်၏။ ချက်ချင်းပင် နွယ်ပင်ကြိမ်လုံးအမြောက်အမြားက ငွေရောင်လွှသွားရှိခိုးကောင်ဆီသို့ ရိုက်ချလိုက်တော့သည်။
သို့သော် ငွေရောင်လွှသွားရှိခိုးကောင်သည် ထိုအရာကို အနည်းငယ်မျှ မကြောက်ရွံ့ပေ။ ၎င်း၏ခန္ဓာကိုယ် ဘေးတစ်ဖက်တစ်ချက်စီတွင် ထက်ရှသော လွှသွားအစွန်းများ စီတန်းနေ၏။ ၎င်းသည် နွယ်ပင်ကြိမ်လုံးများကို ပွတ်တိုက်ဖြတ်ကျော်ကာ အလွယ်တကူပင် ဖြတ်တောက်ပစ်လိုက်သည်။
ငွေရောင်လွှသွားရှိခိုးကောင်သည် နွယ်ပင်လိပ်ကြီးဆီသို့ ရောက်ရှိတော့မည်ကို မြင်သောအခါ ချန်ကျွမ်းက ချက်ချင်းပင် နည်းဗျူဟာကို ပြောင်းလဲလိုက်သည်။
“နွယ်ပင်လှောင်အိမ်...။”
ထိုခဏတွင် ငွေရောင်လွှသွားရှိခိုးကောင် ဖြတ်တောက်ခဲ့သော နွယ်ပင်များသည် ရုတ်တရက် အသက်ပြန်ဝင်လာပြီး မြေကြီးထဲသို့ အမြစ်တွယ်ဝင်ရောက်ကာ အရပ်မျက်နှာအနှံ့မှ ၎င်းကို ဝိုင်းရံပိတ်ဆို့လိုက်ပြီး ၎င်းအား ပိတ်လှောင်ရန် ကြီးမားသော နွယ်ပင်လှောင်အိမ်ကြီးတစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်တော့သည်။
“ဟင်း... ဒါဆိုရင်တောင် မင်းဘာတတ်နိုင်ဦးမှာလဲ။”
ဟွမ်ထောင်းက လုံးဝမစိုးရိမ်ဘဲ လှောင်ပြုံးပြုံးလိုက်သည်။ သူသည် သူ၏သားရဲထိန်းချုပ်သူပါရမီဖြစ်သော ဧရာမဖြစ်စေခြင်း စွမ်းရည်ကို ငွေရောင်လွှသွားရှိခိုးကောင်အပေါ်၌ တိုက်ရိုက်အသုံးပြုလိုက်သည်။
ချက်ချင်းပင် ငွေရောင်လွှသွားရှိခိုးကောင်၏ ခန္ဓာကိုယ်သည် တစ်ဟုန်ထိုး ကြီးထွားလာပြီး အလျား ၁၅ မီတာအထိ ရှိလာခဲ့သည်။ ထို့နောက် ၎င်းသည် ဦးခေါင်းနှင့် အမြီးကို ချိတ်ဆက်ကာ ငွေရောင်ဓားသွားအဝိုင်းအဖြစ်သို့ ထပ်မံပြောင်းလဲလိုက်ပြန်သည်။
လက်ရွေးစင်အဆင့်တွင် ရှိခဲ့စဉ်ကနှင့်မတူဘဲ ယခုငွေရောင်ဓားသွားအဝိုင်းကြီးမှာ ပိုမိုထက်မြက်ပြီး ပိုမိုကြီးမားလာခဲ့သည်။ အရေးအကြီးဆုံးမှာ ငွေရောင်လွှသွားရှိခိုးကောင်သည် ယခုအခါ ဝိညာဉ်စွမ်းအင် တိုက်စစ်ကို အသုံးပြုနိုင်ပြီဖြစ်ရာ လည်ပတ်နေစဉ်အတွင်း ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုများကို အဆက်မပြတ် ထုတ်လွှတ်နိုင်ပေသည်။
ထိုကြီးမားလှသော ငွေရောင်ဓားသွားဝိုင်းကြီးကြောင့် ပရိသတ်အားလုံး၏ မျက်လုံးများ တောက်ပသွားကြရသည်။ ၎င်းသည် လွန်စွာဆန်းသစ်ပြီး တစ်ခါမျှမမြင်ဖူးသေးသော စွမ်းရည်တစ်ခု ဖြစ်သည်။ လင်းဝေယွဲ့နှင့် အခြားသူများပင်လျှင် ဤစွမ်းရည်မှာ ရင်ဆိုင်ရန် အတော်အတန် ခက်ခဲလိမ့်မည်ဟု ခံစားလိုက်ရသည်။
“ဟားဟားဟား... နင် ဒီစွမ်းရည်ကို သုံးမယ်ဆိုတာ ငါကြိုသိထားပြီးသား။ သူ့ကို တိုက်စားတတ်သော အဆိပ်ရည်ရဲ့ စွမ်းအားကို ပြလိုက်စမ်း။”
ချန်ကျွမ်းသည် ကိစ္စအားလုံးကို ကြိုတင်သိရှိထားသည့်အလား အံ့သြခြင်းမရှိပေ။ နောက်တစ်စက္ကန့်တွင် သူမသည်လည်း သူမ၏ သားရဲထိန်းချုပ်သူပါရမီဖြစ်သော သစ်သားနယ်မြေကို တိုက်ရိုက်အသုံးပြုလိုက်သည်။
သူမ၏ပါရမီသည် သစ်သားစွမ်းအင် သားရဲများအပေါ် သက်ရောက်နိုင်ပြီး ပတ်ဝန်းကျင်ကို ၎င်း၏ ကိုယ်ပိုင်နယ်မြေအဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။
အဆင့်မြှင့်တင်မှု ခံယူပြီးနောက် ၎င်းကို ဗဟိုပြု၍ မီတာတစ်ရာအတွင်းရှိ ပတ်ဝန်းကျင်တစ်ခုလုံးတွင် နွယ်ပင်များ အုံလိုက်ကျင်းလိုက် ပေါက်ရောက်လာခဲ့သည်။ ဤနွယ်ပင်များသည် နွယ်ပင်လိပ်ကြီးကို ဝိညာဉ်စွမ်းအားများ အဆက်မပြတ် ထောက်ပံ့ပေးရုံသာမက မူလနွယ်ပင်လှောင်အိမ်ကိုပါ ပိုမိုခိုင်ခံ့အောင် အားဖြည့်ပေးလိုက်ကြသည်။
ထိုမြင်ကွင်းကြောင့် ဟွမ်ထောင်းမှာ အလစ်အငိုက် မိသွားခဲ့ရ၏။ ငွေရောင်ဓားသွားဝိုင်းအဖြစ် ပြောင်းလဲထားသော ငွေရောင်လွှသွားရှိခိုးကောင်သည် လှောင်အိမ်ကို ဖြတ်တောက်တော့မည့်ဆဲဆဲတွင်ပင် မထင်မှတ်ဘဲ ထပ်မံပိတ်လှောင်ခြင်းကို ခံလိုက်ရပြန်သည်။
“ဟမ့်... မင်း ငါ့ကို ပိတ်လှောင်ထားလို့မရဘူး။ မြက်ပင်တွေ ဘယ်လောက်ပဲများများ ဓားတစ်လက်ကို မယှဉ်နိုင်ဘူးကွ။”
ဟွမ်ထောင်းက အေးစက်စွာ အော်ဟစ်လိုက်၏။
“ခစ် ခစ်...ဒါက အစပဲ ရှိသေးတယ်ရယ်။ တကယ့်ပွဲက အခုမှလာမှာ။”
ချန်ကျွမ်းက တခစ်ခစ် ရယ်မောလိုက်သည်။
မကြာမီမှာပင် ဟွမ်ထောင်းသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိလိုက်၏။ ငွေရောင်ဓားသွား၏ လည်ပတ်နှုန်းမှာ နှေးကွေးသွားခဲ့သည်။ သေချာစွာ စိုက်ကြည့်လိုက်သည့်အခါ ငွေရောင်လွှသွားရှိခိုးကောင်၏ ခန္ဓာကိုယ်အစွန်းများမှာ အနီရင့်ရောင်အဖြစ်သို့ ပြောင်းလဲနေသည်ကို တွေ့လိုက်ရတော့သည်။
၎င်းသည် အဆိပ်မိသွားခြင်းဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်ကို အဓိကဦးတည်တိုက်ခိုက်ကာ ထက်မြက်သော ခြေတံများကို ပျော့ခွေသွားစေပြီး စတင်ပုပ်ဆွေးစေသည့် အဆိပ်မျိုး ဖြစ်သည်။
“ဟားဟားဟား... အရှုံးပေးလိုက်စမ်း။ ငါ့ရဲ့ ဒီတိုက်စားတတ်သော အဆိပ်ရည်ဆိုကို နင့်အတွက် သီးသန့်ပြင်ဆင်ထားတာပဲ။”
ချန်ကျွမ်းက ကျယ်လောင်စွာ ရယ်မောလိုက်၏။ ၎င်းတို့သည် ဟွမ်ထောင်း၏ အချက်အလက်များကို ကြိုတင်ရယူထားခဲ့ပြီးဖြစ်သလို ငွေရောင်လွှသွားရှိခိုးကောင်၏ ထင်ရှားလှသော အမှတ်သညာ စွမ်းရည်ကိုလည်း လေ့လာဆန်းစစ်ထားခဲ့ကြခြင်း ဖြစ်သည်။
ဤစားတတ်သော အဆိပ်ရည်မှာ ၎င်းအတွက် အထူးရည်ရွယ်ပြင်ဆင်ထားခြင်း ဖြစ်သည်။
“မင်း အောင်မြင်လိမ့်မယ်လို့ မထင်နဲ့။ ငွေရောင်လွှသွားရှိခိုးကောင်...သတ္တုပဲ့တင်သံကို သုံးလိုက်စမ်း။”
ဟွမ်ထောင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။ နောက်တစ်စက္ကန့်တွင် ငွေရောင်လွှသွားရှိခိုးကောင်၏ ခန္ဓာကိုယ်မှ ငွေဖြူရောင်အလင်းတန်းများ တောက်ပလာပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အနီရင့်ရောင် အဆိပ်များမှာ စတင်၍ ဆုတ်ခွာသွားခဲ့သည်။
“ငါ့ရဲ့ နယ်မြေထဲကို ဝင်လာပြီးမှတော့ လိမ်လိမ်မာမာနဲ့ အရှုံးပေးလိုက်တာ ပိုကောင်းလိမ့်မယ်။”
ချန်ကျွမ်းက အေးစက်စွာ အော်ဟစ်လိုက်သည်။ သူမသည် ပြိုင်ဘက်ကို ယခုကဲ့သို့ အခွင့်အရေးမျိုး သဘာဝအတိုင်း ပေးမည်မဟုတ်ပေ။ နွယ်ပင်လှောင်အိမ်သည် ချက်ချင်းပင် ကျုံ့ဝင်သွားပြီး ငွေရောင်လွှသွားရှိခိုးကောင်ကို လုံးဝ ချုပ်ကိုင်ပိတ်ဆို့ပစ်လိုက်တော့သည်။
“ချန်ကျွမ်း နိုင်တယ်။ ရှန်းဟွာမြို့နယ်အဖွဲ့အနေနဲ့ စိန်ခေါ်ဖို့အတွက် ပြိုင်ပွဲဝင်တစ်ဦး ထပ်မံစေလွှတ်ပေးပါ။”
ထိုခဏတွင် အစီအစဉ်တင်ဆက်သူ၏ ဆုံးဖြတ်ချက်သံ ထွက်ပေါ်လာခဲ့တော့သည်။
အခန်း ၁၉၈
“ပြီးသွားပြီ။ ရှန်းဟွာမြို့နယ်အတွက် အခွင့်အရေး လုံးဝမရှိတော့ဘူး။”
“အမှန်ပဲ။ သူက တစ်ယောက်တည်းနဲ့ သုံးယောက်စလုံးကို အလဲထိုးသွားတာပဲ။”
ပရိသတ်များသည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ လွန်စွာ နှမြောတသ ဖြစ်သွားခဲ့ကြသည်။ ၎င်းတို့သည် ငွေရောင်လွှသွားရှိခိုးကောင်အပေါ် လွန်စွာ အလားအလာကောင်းမွန်သည်ဟု ထင်မြင်ခဲ့ကြပြီး အထူးသဖြင့် ၎င်း၏ ငွေရောင်ဓားသွားဝိုင်း စွမ်းရည်ကို ထုတ်ဖော်ပြသလိုက်ချိန်၌ သေချာပေါက် အနိုင်ရရှိတော့မည်ဟု အားလုံးက ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ကွင်းပြင်အတွင်း အခြေအနေမှာ အမြဲတစေ ပြောင်းလဲနေတတ်သည်။ နောက်တစ်စက္ကန့်တွင်ပင် ပြိုင်ဘက်က တန်ပြန်ခြေလှမ်းတစ်ရပ်ကို ထုတ်ဖော်ပြသခဲ့ပြီး ငွေရောင်လွှသွားရှိခိုးကောင်ကို အဓိကဦးတည်သည့် တိုက်စားတတ်သော အဆိပ်ရည် စွမ်းရည်ကို အမှန်တကယ်ပင် လေ့လာပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။
ငွေရောင်လွှသွားရှိခိုးကောင်၏ သွေးထဲတွင် ပြဒါးဓာတ်များ ပါဝင်ပြီး သာမန်အဆိပ်များကို ခုခံနိုင်စွမ်းရှိသော်လည်း ထိုတိုက်စားတတ်သော အဆိပ်ရည်မှာ သတ္တုများကို အဓိကတိုက်ခိုက်ရန် အထူးဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းဂုဏ်ယူရသော သတ္တုခွံမာကြီးအပေါ် ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။
“ငါ တောင်းပန်ပါတယ် “
ဟွမ်ထောင်းက ကျန်းဟန်နှင့် အခြားသူများကို ရင်မဆိုင်ရဲတော့ဘဲ ခေါင်းငိုက်စိုက်ချကာ ပြန်လျှောက်လာခဲ့သည်။
“ဟင့်...အခုလို အခြေအနေမျိုးကို နင် ဘယ်လိုကယ်တင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။”
နည်းပြ ကျိုးဟယ်သည် စိတ်မကောင်းဖြစ်ရမည့်အစား စိတ်ကျေနပ်သွားပုံရပြီး လှောင်ပြောင်သရော်လာတော့သည်။ ဤသည်မှာ သူမ၏လမ်းညွှန်မှုကို မနာခံခဲ့ခြင်း၏ နောက်ဆက်တွဲရလဒ်ပင် ဖြစ်သည်။ အမှန်စင်စစ် သူမသည် ပြိုင်ဘက်တွင် ငွေရောင်လွှသွားရှိခိုးကောင်ကို တန်ပြန်တိုက်ခိုက်နိုင်သည့် နည်းလမ်းရှိနေနိုင်ကြောင်း ကြိုတင်ခန့်မှန်းမိခဲ့သော်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် မပြောဘဲ ချန်ထားခဲ့ခြင်း ဖြစ်သည်။
သူမသည် ကျန်းဟန် ဘာလုပ်မည်ကို စောင့်ကြည့်ချင်နေခဲ့သည်။ မည်သို့ပင်ဆိုစေ သူကိုယ်တိုင်က ချန်ပီယံဆုကို ရယူပေးမည်ဟု အာမခံထားခဲ့သည်မဟုတ်ပါလော။ အကယ်၍ ရှုံးနိမ့်သွားပါက ၎င်းသည် ကျန်းဟန်၏အပြစ်သာဖြစ်ပြီး သူမနှင့် လုံးဝသက်ဆိုင်လိမ့်မည်မဟုတ်ပေ။
နည်းပြ ကျိုးဟယ်၏ စကားများကြောင့် ဟွမ်ထောင်းသည် ပို၍ပင် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ သူသည် အမှန်တကယ်ပင် ပေါ့ဆခဲ့မိ၏။ အစပိုင်းတွင် ခံစစ်ဖြင့် ကစားခဲ့နိုင်သော်လည်း သတ္တုစွမ်းအင်သည် သစ်သားစွမ်းအင်သားရဲကို အနိုင်ရရှိနိုင်ခြေ လွန်စွာများပြားသည်ဟု တွေးတောမိကာ ပြိုင်ဘက်ကို တိုက်ရိုက်အလဲထိုးရန် ကြိုးပမ်းခဲ့မိခြင်းကြောင့် ၎င်းတို့၏ ထောင်ချောက်ထဲသို့ သက်ဆင်းသွားခဲ့ရသည်။ မဟုတ်လျှင် သူသည် ယခုကဲ့သို့ လျင်မြန်စွာ ရှုံးနိမ့်သွားလိမ့်မည်မဟုတ်ပေ။
“ရပါတယ်။ ငါပြောပြီးသားပဲ... မင်းတို့ စိတ်ကြိုက်သာ တိုက်ကြ။ ဘာမှမဖြစ်ဘူး။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။
“ငါသွားလိုက်မယ်။”
လီဇီဝေက ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။ ထိုသို့ ပြောပြီးနောက် သူမသည် ကွင်းပြင်ထဲသို့ ဆင်းသွားခဲ့၏။ ယခုအချိန်တွင် သူမတစ်ဦးတည်းသာ တက်ရောက်နိုင်တော့သည်။ ဟွေ့ရှင်း၏ မသာရွှံ့ညွန်ဖားမှာ ရေနှင့်မြေစွမ်းအင် နှစ်မျိုးစလုံး ပါဝင်နေပြီး ၎င်းစွမ်းအင်နှစ်ခုစလုံးမှာ သစ်သားစွမ်းအင်၏ တန်ပြန်နှိမ်နင်းခြင်းကို ခံရနိုင်သည်။ ထို့ပြင် ၎င်းသည် လက်ရွေးစင်အဆင့်သာ ရှိသေးသဖြင့် တက်ရောက်ယှဉ်ပြိုင်ပါက ပွဲလာအရှုံးပေးသလိုသာ ဖြစ်ပေလိမ့်မည်။
လီဇီဝေသည် ကွင်းလယ်ဗဟိုသို့ လျှောက်သွားပြီး သူမ၏ သားရဲ မီးနတ်ဘုရားခွေးကို တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။ ယခုအချိန်တွင် မီးနတ်ဘုရားခွေးမှာ ခေါင်းဆောင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အမြင့်သုံးမီတာကျော်နှင့် အလျားခုနစ်မီတာရှိပြီး ဧရာမသားရဲကြီးတစ်ကောင်အလား ခန့်ညားထည်ဝါလှသည်။
၎င်းသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး လျှာတန်းလန်းဖြင့် မောဟိုက်နေ၏။ ၎င်း၏ တောက်ပသော မီးနီရောင်အမွှေးအမျှင်များက လေထဲတွင် လွင့်ပျံနေပြီး ၎င်း၏ဘေးတွင် မီးများ တောက်လောင်နေသော မီးလုံးကိုးလုံး ဝန်းရံလျက် ရှိနေသည်။ မီးလုံးတစ်လုံးစီမှာ ၅၀ စင်တီမီတာခန့်ရှိသော နေမင်းအသေးစားလေးများအလား ထင်မှတ်ရပေသည်။
မီးနတ်ဘုရားခွေးသည် ခေါင်းဆောင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့်အတွက် ထိုမီးတောက်ဝိညာဉ်များသည်လည်း ကြီးထွားလာခဲ့ပြီး ၎င်းနှင့် လုံးဝခွဲခြား၍မရအောင် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။
“အာဝူးးးး”
မီးနတ်ဘုရားခွေးသည် ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက်၏။ ခန့်ညားထည်ဝါပြီး ချစ်စရာကောင်းသော မီးနတ်ဘုရားခွေးကြီးသည် မီးနီရောင် နေမင်းငယ်ကိုးလုံးနှင့် ပေါင်းစပ်လိုက်သောအခါ အမှန်တကယ် ခန့်ညားထည်ဝါပြီး ခမ်းနားလှပေသည်။
“ဝိုး...မိုက်တယ်ဟေ့။ ဒါက မီးတောက်ခွေးရဲ့ အလွန်ရှားပါးတဲ့ အဆင့်မြင့်ဆင့်ကဲပြောင်းလဲမှုဖြစ်တဲ့ မီးနတ်ဘုရားခွေးပဲ။”
“ဘုရားရေ... တကယ်ကို မီးနတ်ဘုရားခွေးပဲ။ ရှန်းဟွာမြို့နယ်မှာ ဒီလိုဝှက်ဖဲမျိုး ရှိနေလိမ့်မယ်လို့ ငါ တကယ်မမျှော်လင့်ထားမိဘူး။”
“လှပတဲ့ မိန်းကလေးရယ်၊ လှပတဲ့ မီးနတ်ဘုရားခွေးရယ်။ ငါတော့ သူတို့ရဲ့ ပရိသတ် ဖြစ်သွားပြီ။”
ပရိသတ်စင်မြင့်များသာ ဆူညံပွက်လောရိုက်သွားသည်မဟုတ်ဘဲ ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးလှသော ဒိုင်လူကြီးခုံတန်းနှင့် ဟုန်ယဲ့မြို့နယ်မှ လူများပင်လျှင် အံ့အားသင့်သွားသည့်ရိပ်များကို မဖုံးကွယ်နိုင်တော့ပေ။ နည်းပြ ကျိုးဟယ်ပင်လျှင် မတ်တတ်ရပ်လိုက်မိပြီး မီးနတ်ဘုရားခွေးကို စကားတစ်လုံးမှမဆိုဘဲ ငေးကြည့်နေမိသည်။
ကွင်းပြင်အပြင်ဘက်တွင် လင်းဝေယွဲ့၊ ချင်းယွမ်နှင့် အခြားသူများသည်လည်း အံ့အားသင့်သော မျက်နှာအမူအရာများ ဖြစ်ပေါ်လာကြသည်။ ရှန်းဟွာအထက်တန်းကျောင်းတွင် ဤကဲ့သို့သော မိန်းကလေးတစ်ဦး ရှိနေလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားခဲ့ကြပေ။ မီးတောက်ဝိညာဉ် ပိုင်ဆိုင်ထားသော မီးစွမ်းအင်သားရဲများသည် ၎င်းတို့၏ အလားအလာနှင့် ခွန်အားကို အဆမတန် မြှင့်တင်နိုင်သည်မှာ အများသိထားကြသည့် အချက်ပင် ဖြစ်သည်။
ရှန်းဟွာအထက်တန်းကျောင်းမှ နောက်ထပ် ပါရမီရှင်တစ်ဦး ထွက်ပေါ်လာခဲ့ပြီဖြစ်ကြောင်း အားလုံး ရှင်းလင်းစွာ သိရှိသွားကြတော့လေသည်။
“ပြိုင်ပွဲ... စတင်ပြီ။”
ဒိုင်လူကြီးတစ်ဖြစ်လည်း အစီအစဉ်တင်ဆက်သူသည် ကြေညာခြင်းမပြုမီ ခေတ္တမျှ မှင်တက်သွားခဲ့၏။ ဤမီးနတ်ဘုရားခွေးသည် တကယ့်ကို မျက်စိကျစရာ ကောင်းလွန်းလှသည်။
“မီးနတ်ဘုရားခွေး... အရင်ဆုံး မီးလုံးစွမ်းရည် လှမ်းပစ်လိုက်။”
လီဇီဝေသည် ပြိုင်ဘက်နှင့် နီးကပ်လွန်းပါက ၎င်း၏စွမ်းရည်များကြောင့် ထိခိုက်နိုင်ခြေရှိသည်ကို စိုးရိမ်သဖြင့် မီးနတ်ဘုရားခွေးကို အဝေးထိန်းတိုက်စစ် ဆင်နွှဲရန် တိုက်ရိုက်အမိန့်ပေးလိုက်သည်။
“ဝု ဝု ဝု...”
မီးနတ်ဘုရားခွေးသည် သူမ၏ စနစ်တကျ လေ့ကျင့်ပေးထားမှုကြောင့် လွန်စွာ လိမ်မာလှ၏။ ၎င်းသည် အကြိမ်အနည်းငယ် ဟောင်လိုက်ပြီးနောက် မီးလုံးများကို ဆက်တိုက် ထွေးထုတ်လိုက်တော့သည်။ ဤမီးလုံးများသည် မူလက အခြေခံအကျဆုံး စွမ်းရည်သာဖြစ်သော်လည်း မီးတောက်ဝိညာဉ်များ၏ အားဖြည့်ပေးမှုအောက်တွင် မျက်နှာသစ်ဇလုံတစ်ခုထက်ပင် ပိုမိုကြီးမားလာပြီး ထိမှန်သည့်အခါ ဝုန်းကနဲ ပေါက်ကွဲသွားတော့သည်။
ချန်ကျွမ်း၏ မျက်နှာအမူအရာမှာ လေးနက်တည်ကြည်သွားပြီး နွယ်ပင်လိပ်ကို တန်ပြန်တိုက်ခိုက်ရန် အမိန့်ပေးလိုက်သော်လည်း ထိရောက်မှု သိပ်မရှိလှပေ။ ၎င်း၏စွမ်းရည်အများစုမှာ နွယ်ပင်များကို အခြေခံထားခြင်းဖြစ်ပြီး ဝိညာဉ်စွမ်းအင်ရောင်ပြန်ဟပ်ခြင်း စွမ်းရည်ဖြစ်သော မြက်ရွက်ကခုန်ခြင်းကို အသုံးပြုသည့်တိုင် ထိုမီးလုံးများကို မယှဉ်နိုင်သေးချေ။
အရေးအကြီးဆုံးမှာ ၎င်း၏စွမ်းရည်များသည် မီးနတ်ဘုရားခွေးကို ထိမှန်ခဲ့လျှင်ပင် ပြိုင်ဘက်၏ စွမ်းအင်သဘာဝက မိမိကို တန်ပြန်နှိမ်နင်းထားသဖြင့် ဖြစ်ပေါ်စေသည့် ဒဏ်ရာမှာ အလွန်တရာ အားနည်းလှသည်။
သူမသည် ဤမီးနတ်ဘုရားခွေးက ခေါင်းဆောင်အဆင့်သို့ တက်လှမ်းထားပြီးဖြစ်လိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ပေ။ ဤအချက်မှာ အချက်အလက်များထဲတွင် မပါရှိခဲ့ချေ။ ခေါင်းဆောင်အဆင့် မီးနတ်ဘုရားခွေးတစ်ကောင်၏ ခွန်အားမှာ တကယ့်ကို အားကောင်းလွန်းလှသည်။
“ကြီးထွားခြင်းစွမ်းရည်ကို သုံးလိုက်။”
အခြားရွေးချယ်စရာမရှိတော့သဖြင့် ချန်ကျွမ်းသည် တိုက်စစ်ကို ရပ်တန့်လိုက်ပြီး ခံစစ်အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်လိုက်တော့သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် သူမ၏ပါရမီကို နွယ်ပင်လိပ်အပေါ် စောစီးစွာကတည်းက သက်ရောက်ထားခဲ့သည်။ ကြီးထွားခြင်းစွမ်းရည်နှင့် ပေါင်းစပ်လိုက်သောအခါ ပျက်စီးသွားသော နွယ်ပင်များသည် လျင်မြန်စွာ ပြန်လည်ပေါက်ရောက်လာပြီး နွယ်ပင်လိပ်ကို ဝိညာဉ်စွမ်းအားအချို့ ပြန်လည်ရရှိစေရုံသာမက မီးလုံးများကိုလည်း ထပ်မံခုခံနိုင်စေခဲ့သည်။
“ဝု ဝု ဝု...”
လီဇီဝေသည် မီးလုံးများဖြင့်သာ ထပ်မံဗုံးကြဲတိုက်ခိုက်ရန် ရွေးချယ်ခဲ့ပြီး ပြိုင်ဘက်၏ နယ်မြေစွမ်းရည်များကို တစ်ဖန်ပြန်လည် ဖျက်ဆီးပစ်လိုက်ပြန်သည်။ မီးနတ်ဘုရားခွေး၏ ပြင်းထန်သော အရှိန်အဝါကြောင့် မီးတောက်ဝိညာဉ်များ၏ ကြောက်မက်ဖွယ်ကောင်းမှုကို ပရိသတ်များအား တစ်ဖန် ထပ်မံမြင်တွေ့စေခဲ့ပြန်သည်။
မီးတောက်ဝိညာဉ်များသည် ဝိညာဉ်စွမ်းအားများကို သိုလှောင်ထားနိုင်ရုံသာမက သဘာဝတရားထဲမှ မီးစွမ်းအင်ဝိညာဉ်များကိုပါ သန့်စင်ပေးနိုင်သည်။ မီးတောက်ဝိညာဉ် ကိုးလုံး ပိုင်ဆိုင်ထားခြင်းသည် သာမန်သားရဲတစ်ကောင်ထက် စုပ်ယူမှုနှုန်း ကိုးဆ ပိုမိုမြန်ဆန်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှရာ မည်သည့်နည်းဗျူဟာမျှ မလိုဘဲ မီးလုံးများဖြင့်သာ ဗုံးကြဲတိုက်ခိုက်နေရုံဖြင့် လုံလောက်ပြီဖြစ်သည်။
ပြင်းထန်သော မီးလုံးများသည် အမြောက်ဆန်များကဲ့သို့ ကွင်းအတွင်း၌ အဆက်မပြတ် ပေါက်ကွဲနေ၏။ မီးတောက်များနှင့် ပြင်းထန်သောအပူရှိန်က အရာအားလုံးကို ဝါးမြိုသွားခဲ့ပြီး လီဇီဝေကမူ အနောက်တွင် မလှုပ်မယှက် တည်ငြိမ်စွာ မတ်တတ်ရပ်နေခဲ့သည်။
“ဒီအစ်မကြီးက တကယ် ကြမ်းတာပဲ။ ဒါက အရိုင်းဆန်ဆန် ဗုံးကြဲတိုက်ခိုက်နေတာမဟုတ်ဘူးလား။”
“ဟုတ်တယ်။ သူမက တကယ် မိုက်တယ်။ စစ်နတ်ဘုရားမတစ်ပါးလိုပဲ။”
“အစ်မကြီး... ကျွန်တော့်ကိုပါ လာပြီး ဗုံးကြဲပေးပါဦး QAQ~”
ပရိသတ်များ၏ နှလုံးသားများကို လီဇီဝေက သိမ်းပိုက်သွားခဲ့ပြီ ဖြစ်သည်။ နုနယ်သိမ်မွေ့သော မိန်းကလေးငယ်နှင့် ဗုံးကြဲတိုက်ခိုက်ရေးရူးသွပ်သူတို့၏ ပေါင်းစပ်မှုက ထူးခြားဆန်းကြယ်လှသည့် ဆန့်ကျင်ဘက် အလှတရားကို ဖြစ်ပေါ်စေပြီး လူအများကို မသိစိတ်မှ စိတ်လှုပ်ရှားစေကာ နှစ်သက်သဘောကျစေခဲ့သည်။ အချို့ ကောင်စုတ်များမှာမူ လီဇီဝေ၏ ဗုံးကြဲတိုက်ခိုက်ခြင်းကိုပင် ခံချင်နေကြသေးသည်။
“ဝူးးးး”
တစ်ဖန် နွယ်ပင်လိပ်ကြီးမှာ တစ်ကိုယ်လုံး မည်းတူးသွားခဲ့ရပြန်သည်။ ဤတစ်ကြိမ်တွင် လီဇီဝေသည် ပြိုင်ဘက်ကို နောက်ထပ် အခွင့်အရေးမပေးတော့ဘဲ မီးနတ်ဘုရားခွေးအညး တိုက်ရိုက်ပြေးဝင်စေပြီး နွယ်ပင်လိပ်ကို ချုပ်ကိုင်လိုက်တော့သည်။
“ရှန်းဟွာမြို့နယ်က လီဇီဝေ နိုင်တယ်။ ဟုန်ယဲ့မြို့နယ်အဖွဲ့အနေနဲ့ ကွင်းကို စိန်ခေါ်ဖို့ ပြိုင်ပွဲဝင်တစ်ဦး စေလွှတ်ပေးပါ။”
အစီအစဉ်တင်ဆက်သူက ထိုသို့ ကြေညာလိုက်သည်နှင့် ပတ်ပတ်လည်မှ သောင်းသောင်းဖျဖျ လက်ခုပ်သံများနှင့် အော်ဟစ်အားပေးသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။
“ အားရစရာကောင်းလိုက်တာ။ ဒီလက်မှတ်က ပေးရတဲ့ဈေးနဲ့ တကယ်တန်သွားပြီ။”
“အမှန်ပဲ။ မီးနတ်ဘုရားခွေးကို ကိုယ်တိုင်မြင်လိုက်ရပြီးဆိုမှတော့ လက်မှတ်ဝယ်ရတာကို လုံးဝမနှမြောတော့ဘူး။”
“မဟုတ်သေးဘူး။ ငါ ဒီအစ်မကြီးကို သွားရှာပြီး ငါ့ရဲ့ ဆမိုရက်ဒ် ခွေးလေးနဲ့ မီးနတ်ဘုရားခွေးကို မျိုးစပ်လို့ရမလားလို့ သွားမေးကြည့်ရမယ်။”
“...”
“ဟမ့်... ဒီမီးနတ်ဘုရားခွေးက သန်မာတယ်ဆိုပေမယ့် သူက ပြိုင်ဘက်ကင်းနေတာမျိုးတော့ မဟုတ်ဘူး။ မင်းတို့ ဒီနေ့ သေချာပေါက် ရှုံးမှာပဲ။”
ဟုန်ယဲ့မြို့နယ်အဖွဲ့၏ အသင်းခေါင်းဆောင်ဖြစ်သူ ကျန်းလုံက အထင်သေးစွာ ပြောလိုက်သည်။
၎င်းတို့၏ နည်းပြဖြစ်သူ ကျန်းကျန့်သည် ကျန်းဟန်ကို လှမ်းကြည့်လိုက်၏။ ၎င်းတို့ဘက်မှ လူတစ်ယောက်တည်းသာ ရှုံးနိမ့်သေးသော်လည်း မည်သည့်အတွက်ကြောင့်မှန်းမသိ သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပိုမိုကြီးထွားလာခဲ့သည်။ သူသည် သူ့နောက်ရှိ အသင်းသား လျူချဲ့ကို ကြည့်ကာ ပြောလိုက်သည်။
“မင်း သွားလိုက်။”
“ဟုတ်ကဲ့ပါ...နည်းပြ။”
လျူချဲ့က ခေါင်းညိတ်လိုက်ပြီး ကွင်းထဲသို့ လျှောက်လှမ်းသွားခဲ့သည်။ သူသည် သူ၏ သားရဲ ခေါင်းဆောင်အဆင့် အစောပိုင်း ရေစွမ်းအင်သားရဲဖြစ်သည့် ရောင်စုံငန်းကို ထုတ်လွှတ်လိုက်သည်။
“နှစ်ဖက်စလုံး အဆင်သင့်ထားပါ။ ပြိုင်ပွဲ... စတင်ပြီ။”
အစီအစဉ်တင်ဆက်သူက ကြေညာလိုက်၏။ ပရိသတ်များသည်လည်း စိတ်အားထက်သန်လာကြသည်။ ၎င်းတို့အနေဖြင့် လီဇီဝေကို ပိုမိုကြည့်ရှုချင်ကြပြီး သူမ ရှုံးနိမ့်သွားသည်ကို မမြင်ချင်ကြပေ။ သို့သော်လည်း ရေစွမ်းအင်သားရဲနှင့် ရင်ဆိုင်ရချိန်တွင် မီးစွမ်းအင်သည် တိုက်ခိုက်ရန် အလွန်ခက်ခဲသွားမည်မှာ အမှန်ပင် ဖြစ်သည်။
“မင်း စောစောစီးစီး အရှုံးပေးလိုက်တာ ပိုကောင်းမယ်။ မီးနတ်ဘုရာူခွေးက အားကောင်းတယ်ဆိုပေမယ့် ရေစွမ်းအင်သားရဲရှေ့မှာတော့ အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိဘူး။”
လျူချဲ့က လီဇီဝေကို ကြည့်ကာ ပြောလိုက်သည်။
“ဒါဆိုရင် ငါလည်း စမ်းကြည့်ချင်ပါသေးတယ်။”
လီဇီဝေက အနည်းငယ် ပြုံးပြလိုက်ပြီး သူမ၏ လက်ကလေးကို ဝှေ့ယမ်းလိုက်သည်။ မီးနတ်ဘုရားခွေးသည် အမိန့်ကို လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် ဗုံးကြဲတိုက်ခိုက်မှုကို စတင်လိုက်တော့သည်။