အခန်း ၅၇၈
Vol. 39 Ch. 578
အခန်း (၅၇၈) - အံ့ဩဖွယ် ဆုလာဘ်များ
အဆင့်သတ်မှတ်ချက်စာရင်း ပြန်လည် ပြောင်းလဲသွားလေပြီ။
သို့သော်...
လျှို့ဝှက်ဆန်းကြယ်သော အသံမှာ စကားမဆုံးပေ။
[အဆင့်သတ်မှတ်ချက် ထိပ်ဆုံး (၁၀) နယ်မြေအတွက် ဆုလာဘ်များကို ယခု ကြေညာပါမည်။]
ပထမနေရာ - နယ်မြေအတွင်းရှိ မြေသံလိုက်စက်ကွင်း ပြောင်းလဲမှုကြောင့် နယ်မြေအတွင်းရှိ သစ်ပင်အိမ်အားလုံး အမြင့် ၁ မီတာ တိုးမြင့်မည်။ ပင်မသစ်ပင်အိမ် ၏ ကာကွယ်ရေးနယ်မြေကို ၂ ကီလိုမီတာ ထပ်မံ ချဲ့ထွင်ပေးမည်။
ဒုတိယနေရာမှ ပဉ္စမနေရာအထိ နယ်မြေအတွင်းရှိ သံလိုက်စက်ကွင်း ပြောင်းလဲမှုကြောင့် ပင်မသစ်ပင်အိမ်အားလုံး ၏ ကာကွယ်ရေးနယ်မြေကို ၂ ကီလိုမီတာ ချဲ့ထွင်ပေးမည်။
ဆဋ္ဌမနေရာမှ ဒသမနေရာအထိ - နယ်မြေအတွင်းရှိ သံလိုက်စက်ကွင်း ပြောင်းလဲမှုကြောင့် ပင်မသစ်ပင်အိမ်အားလုံး ၏ ကာကွယ်ရေးနယ်မြေကို ၁ ကီလိုမီတာ ချဲ့ထွင်ပေးမည်။
"ဒီဆုလာဘ်က..."
ရွှီရှင်း အနည်းငယ် အံ့ဩသွား၏။သံလိုက်စက်ကွင်း ပြောင်းလဲမှု
ဆိုသည်မှာ ဂြိုဟ်၏ အတွင်းဗဟိုရှိ အရည်ပျော်ကျောက်သားများမှ ဖြစ်ပေါ်လာသော စွမ်းအင်ဖြစ်ပြီး မြေမျက်နှာပြင်အထိ သွေးကြောများသဖွယ် ဖြန့်ကျက်နေသည့် သဘာဝစွမ်းအားတစ်မျိုး ဖြစ်သည်။
ရွှီရှင်း မထင်ထားခဲ့သည်မှာ ဒီနယ်မြေအဆင့်သတ်မှတ်ချက်၏ ဆုလာဘ်က သံလိုက်စက်ကွင်းကိုပင် ပြောင်းလဲစေပြီး
သစ်ပင်အိမ်များကို အကျိုးသက်ရောက်စေမည်ဟူသော အချက်ပင် ဖြစ်သည်။
သို့သော်...
မြေအောက်ကမ္ဘာထဲတွင် လှုပ်ရှားနေကြသည့် ဧရာမသတ္တဝါများကို တွေးကြည့်လိုက်သောအခါ ဒီလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက သံလိုက်စက်ကွင်းကို ပြောင်းလဲနိုင်တာလည်း ထူးဆန်းလှသည်တော့ မဟုတ်ပေ။
ကြည့်ရတာ ဒီသွေးရောင်မျဉ်းမျိုးနွယ်နှင့်မြေအောက်ကမ္ဘာကြားတွင်အလွန်နီးကပ်သော ဆက်နွယ်မှုတစ်ခု ရှိနေပြီ ဖြစ်သည်။
ရွှီရှင်းသည် နာရီကို ဖွင့်လိုက်ပြီး နယ်မြေအင်အား အဆင့်သတ်မှတ်ချက် ကို ကြည့်လိုက်၏။
မျှော်လင့်ထားသည့်အတိုင်း နယ်မြေ ၁၈၈ သည် နယ်မြေအားလုံး၏ ထိပ်ဆုံးတွင် ရပ်တည်နေဆဲ ဖြစ်သည်။
အဆင့်၁ - တောတွင်းနယ်မြေ (၁၈၈)
လူဦးရေ - ၃၀၁၂ ဦး
နယ်မြေအင်အား - ၆၁,၈၄၁ မှတ်
အဆင့်၂ - တောတွင်းနယ်မြေ (၁)
လူဦးရေ - ၂၁၃၀ ဦး
နယ်မြေအင်အား - ၂၃,၅၅၈ မှတ်
အဆင့်၃ - တောတွင်းနယ်မြေ (၂၃)
လူဦးရေ - ၁၉၈၂ ဦး
နယ်မြေအင်အား - ၁၉,၁၇၄ မှတ်
ထိပ်ဆုံး သုံးနေရာ၏ အဆင့်များမှာ မပြောင်းလဲသေးပေ။
သို့သော်...
အမှတ်များကတော့ သိသိသာသာ ပြောင်းလဲသွားပေသည်။
နယ်မြေ ၁၈၈ ၏ အမှတ်စုစုပေါင်းသည် ခြောက်သောင်းကျော် အထိ ရောက်ရှိသွားပြီ ဖြစ်သည်။
ဒုတိယနှင့် တတိယနေရာမှ နယ်မြေ ၁ နှင့် နယ်မြေ ၂၃ တို့၏ စုစုပေါင်းအမှတ်ကိုပင် တစ်သောင်းနီးပါး ကျော်လွန်နေပေသည်။
သူသည် ဆက်၍ အောက်သို့ ရွှေ့ကြည့်လိုက်ရာ မကြာမီ နယ်မြေ ၁၈၇ ကို တွေ့လိုက်ရပေသည်။
အဆင့် ၂၈ ပင်။
"မဆိုးဘူး..."
ရွှီရှင်းက ခေါင်းညိတ်လိုက်၏။
အရင်တစ်ကြိမ်က နယ်မြေ ၁၈၇ သည် အဆင့်ခြောက်ဆယ်ကျော် တွင်သာ ရှိခဲ့၏။
ယခုတော့ အဆင့်သုံးဆယ်ကျော် ခုန်တက်လာခဲ့သည်။
မကြာသေးမီက နယ်မြေ ၁၈၇ ဘက်တွင် ထူးထူးခြားခြား လှုပ်ရှားမှု မရှိခဲ့ပေ။
လူဦးရေလည်း တဖြည်းဖြည်း လျော့ကျနေခဲ့၏။
ယခုဆိုလျှင် လူဦးရေ ၃၀၀ အောက်သို့ပင် ကျဆင်းတော့ပေမည်။
ကြည့်ရသည်မှာ ဒီအဆင့်တိုးလာခြင်းသည် လုဖေးအာ က
ဆီးနှင်းတောင်ထိပ်ကို တက်ပြီး ဆီးနှင်းတောင် တယ်လီပို့စက်
ဝိုင်း၏ အသက်သွင်းသူ ဖြစ်လာခဲ့ခြင်းနှင့် ဆက်စပ်နေပေသည်။
လုဖေးအာ တစ်ယောက်တည်းက နယ်မြေ ၁၈၇ ကို အဆင့် ၃၀ကျော် တိုးတက်လာအောင် ဆွဲတင်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်...
သစ်ပင်အိမ်အားလုံး အမြင့် ၁ မီတာ တိုးလာမည် ဆိုသော
ဆုလာဘ်က တကယ်ကို အလွန်ကောင်းလွန်းလှ၏။
အထူးသဖြင့် သေးငယ်သော အနိမ့်ပိုင်း သစ်ပင်အိမ်များအတွက်
ဒီဆုလာဘ်က အလွန်တန်ဖိုးရှိလှသည်။
သူတို့၏ သစ်ပင်အိမ်များသည် မူလက မြေပြင်မှ သုံးမီတာခန့် သာ မြင့်နေသောကြောင့် သစ်ပင်အိမ်ထဲတွင် ရှိနေရင်းပင်
သားရဲများ၏ တိုက်ခိုက်မှုကို ခံရ၏။
ယခုတစ်မီတာ ထပ်မြင့်သွားသည်နှင့် လုံခြုံရေးကလည်း သိသိသာသာ တိုးတက်လာပေမည်။
တစ်မီတာသာ ဆိုသော်လည်းမူလ သုံးမီတာ နှင့် နှိုင်းယှဉ်လျှင်
တကယ်ကို ကြီးမားသော တိုးတက်မှု ဖြစ်၏။
ထို့အပြင် ရွှီရှင်းသည် ယုံကြည်မှု အပြည့်ရှိ၏။
နယ်မြေ ၁၈၈ သည် ရှေ့ဆက်ပြီးလည်း ပထမနေရာ ကို
ဆက်လက် ထိန်းသိမ်းလာနိုင်လိမ့်မည်။
ဆိုလိုသည်မှာဒီဆုလာဘ်ကိုသုံးရက်တစ်ကြိမ် ရရှိနိုင်၏။
နောင်တွင် ဆုလာဘ်များက ဒီပုံစံအတိုင်းသာ ဆက်သွားမည်ဆိုလျှင်နယ်မြေ ၁၈၈ ၏ အားသာချက်က တခြားနယ်မြေများထက် အလွန်ကြီးမားသွားပေလိမ့်မည်။
သာမန် အသက်ရှင်ကျန်ရစ်သူတစ်ယောက်၏ သစ်ပင်အိမ်ပင်မှာအချိန်ကြာလာသည်နှင့်အမျှ ခံတပ်တစ်ခုကဲ့သို့ ဖြစ်လာနိုင်သည်။
တစ်ချိန်တည်းမှာပင်ကမ္ဘာလုံးဆိုင်ရာ ချန်နယ် အတွင်း၌
ဒီအကြောင်းကို ဆွေးနွေးသံများဖြင့် ဆူညံပွက်လောရိုက်
နေပေတော့သည်။
အခန်း ၅၇၈ ပြီး။