အခန်း ၅၈၀
Vol. 39 Ch. 580
အခန်း (၅၈၀) - အံ့ဩဖွယ် ဆုလာဘ်များ ၃
ကပ်ပါးသစ်ပင်အိမ်များသည် သိသာသာ တစ်မီတာခန့် မြင့်တက်လာပြီး ယခင်ထက် ပိုမိုလုံခြုံသည့် ခံစားချက်ကို ပေးစွမ်းလာခဲ့သည်။
ရွှီရှင်း၏ စိတ်ထဲတွင် "အခုမှ ရောက်လာတဲ့ အသက်ရှင်ကျန်ရစ်သူတွေက ကပ်ပါးသစ်ပင်အိမ်ကို စိုက်လိုက်ရင်... အစကတည်းက လေးမီတာမြင့်တဲ့ သစ်ပင်အိမ်ကို ရသွားမှာလား" ဟူသော အတွေးတစ်ခု ပေါ်လာခဲ့၏။
"အစ်ကိုရွှီရှင်း"
မာဟုန်ဝေသည် သစ်ပင်အိမ်အနီး၌ ရှိနေပြီး ရွှီရှင်းကို မြင်သည်နှင့် စကိတ်ဘုတ်စီးကာ ချက်ချင်း ရောက်လာခဲ့၏။
"အီး"
ခဲခဲကလက်ကလေးကို ဝှေ့ယမ်းကာ မာဟုန်ဝေကို နှုတ်ဆက်
လိုက်ပေသည်။
"အခြေအနေ ဘယ်လိုရှိလဲ။ အခု လူဘယ်နှယောက် ရောက်နေပြီလဲ"
ရွှီရှင်းက မေးလိုက်၏။
မာဟုန်ဝေက ခေါင်းညိတ်ကာ "လေးဘက်လေးတန်ကနေ အသက်ရှင်ကျန်ရစ်သူတွေ ဆက်တိုက် ရောက်လာနေတယ်။
အခုဆို စုစုပေါင်း ၃၄ ယောက် ရှိပြီ။အများစုက ခိုလှုံဖို့လာကြတာ။အားလုံးကို ကျွန်တော့်သစ်ပင်အိမ်ထဲမှာ နေရာချပေးထားပါတယ်။"
သုံးဆယ့်လေးယောက်လား...
အရေအတွက် မနည်းတော့ပေ။
ရွှီရှင်း ကယ်တင်လာခဲ့သည့် အဖွဲ့မှာ လူကိုးယောက်သာ ရှိခဲ့သည်။
ယခုရောက်လာသူများမှာ လမ်းကြောင်းမျိုးစုံမှ ရောက်လာ
ကြခြင်း ဖြစ်သည်။
ဝံပုလွေအုပ်က မြောက်ဘက်နှင့် အရှေ့ဘက်ကိုသာ ပိတ်ဆို့ထားခဲ့သောကြောင့် တချို့ကအန္တရာယ်မကြုံဘဲ အောင်မြင်စွာ ရောက်လာနိုင်ခဲ့ကြ၏။
တချို့ကိုတော့ ကျီချောင်ယန်က ကယ်တင်ခဲ့လေသည်။
"ကျီချောင်ယန် ရောက်လာသေးလား"
ရွှီရှင်းက ထပ်မေးလိုက်၏။
"မရောက်သေးဘူး။ဒီလူတွေက တစ်ယောက်ချင်းစီ ရောက်လာတာ။သူပို့လာတာတော့ မဟုတ်ဘူး။"
"ဒီလူတွေရဲ့ အခြေအနေကရော"
"တချို့က ကြောက်လန့်နေကြတယ်။တချို့က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်။ဒါပေမဲ့ အစ်မရွှယ်ဖေး ရှိနေလို့... အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။"
စကားပြောရင်း နှစ်ယောက်သား သစ်ပင်အိမ်သို့ ရောက်လာခဲ့ကြ၏။
ပြီးနောက် သစ်ပင်မြစ်ကို ကိုင်လိုက်ပြီး အပေါ်သို့ တက်ဝင်သွားကြတော့သည်။
သစ်ပင်အိမ်အတွင်းမှာတော့ လူအပြည့် ဖြစ်နေကာ မတ်တပ်ရပ်နေသူ၊ထိုင်နေသူ နှင့် ဒဏ်ရာရပြီး လှဲနေရသူများမှာတစ်ထပ်လုံး ပြည့်နှက်နေတော့၏။
သစ်ပင်အိမ်တစ်ခုလုံး ယခင်က မရှိဖူးသည့် စည်ကားသိုက်မြိုက်သော အသံများဖြင့် ပြည့်နှက်နေတော့သည်။
ဒဏ်ရာရသူများပင် တစ်ယောက်နှင့်တစ်ယောက် စိတ်အားထက်သန်စွာ စကားပြောနေကြ၏။
ဒီလူတွေအတွက်တော့ ဤကမ္ဘာသို့ ရောက်လာပြီးနောက်ပိုင်းမျက်နှာချင်းဆိုင်ကာ လူများစွာနှင့် စကားပြောနိုင်ခြင်းမှာ အလွန်ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် မိမိသစ်ပင်အိမ်ကို ကိုယ်တိုင်ဖျက်ပြီး တစ်ယောက်တည်း ခိုလှုံလာရဲသူများမှာ အများအားဖြင့် အထီးကျန်နေတတ်သော လူစားမျိုး မဟုတ်ကြပေ။
သူတို့အားလုံးသည် အဖွဲ့လိုက် နေထိုင်ရခြင်းကို နှစ်သက်သူများ ဖြစ်ကြပြီး လူမှုဆက်ဆံရေးလည်း ကောင်းကြပေသည်။
ထို့ကြောင့်...
ယခုကဲ့သို့ စည်ကားလှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။
ဒီလို လူအများကြီး စည်ကားနေသည့် မြင်ကွင်းကို ကြည့်ရင်း
ရွှီရှင်းသည် အနည်းငယ် မယုံနိုင်သလို ခံစားလိုက်ရ၏။
စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားခဲ့ပေမယ့် ဤကမ္ဘာသို့ ရောက်လာပြီးနောက်လူအများကြီးကိုတစ်နေရာတည်းတွင်
ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
ခဏမျှ ကမ္ဘာမြေပေါ်သို့ ပြန်ရောက်သွားသလိုပင်ခံစားလိုက်ရ၏။
ချီရွှယ်ဖေးလည်းလူအုပ်ကြားထဲတွင် ဒဏ်ရာရသူများကို ပတ်တီးစည်းပေးနေချေသည်။
သူမကို ကူညီနေသူ အနည်းငယ်လည်း ရှိနေ၏။
အလုပ်ရှုပ်နေသောကြောင့် ရွှီရှင်း ပြန်ရောက်လာသည်ကို
သူမ သတိမထားမိသေးပေ။
ထိုအချိန်၌ အနီးရှိ လူအချို့က ရွှီရှင်းနှင့် မာဟုန်ဝေကို သတိထားမိသွားကြ၏။
"အစ်ကိုဝေ ပြန်လာပြီ။နောက်ထပ် အစ်ကိုတစ်ယောက်လည်း ခေါ်လာတယ်။မင်္ဂလာပါ အစ်ကို"
လူတစ်ယောက်က ချက်ချင်း နှုတ်ဆက်လိုက်၏။
မာဟုန်ဝေမှာတော့ စကားမပြောနိုင်အောင် ဆွံ့အသွားလေသည်။
"အစ်ကိုဝေ ဆိုတဲ့ နာမည်က ဘာကြီးလဲ..." ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။
"ဟားဟား... လူအများကြီးပဲ။မလာခင်က အရမ်းစိုးရိမ်နေတာ။
အခုတော့ ဒီကိုလာတာ... ငါ့ဘဝရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ"
ဘေးနားမှ လူတစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာဖြင့်"အရက်လေးသာ ရှိရင် ပိုကောင်းမှာ"ဟု ဆိုလိုက်၏။
ရွှီရှင်း ကယ်တင်လာခဲ့သော လူများကတော့သူ့ကို မြင်သည်နှင့်
ချက်ချင်း အော်ပြောလိုက်ကြလေသည်။
"အား အစ်ကိုရွှီရှင်း ရောက်လာပြီ"
"အစ်ကိုရွှီရှင်းပဲ"
သူတို့၏ အော်သံကြောင့် တစ်ထပ်လုံး ချက်ချင်း တိတ်ဆိတ်သွားလေသည်။
လူတိုင်း၏ အကြည့်များက ရွှီရှင်းထံသို့ စုပြုံရောက်လာကြ၏။
"ဘယ်သူက အစ်ကိုရွှီရှင်းလဲ"
"အသိသာဆုံး တစ်ယောက်ပဲလေ။ပုခုံးပေါ်မှာ ပန်ဒါနီလေး တင်ထားတဲ့သူ"
"ဝါး... အစ်ကိုရွှီရှင်းက တကယ် ဒီလောက်တောင် ချောတာလား..."
လူတိုင်း လည်ပင်းများ ဆန့်ကာ ရွှီရှင်းကို ကြည့်နေကြ၏။
တချို့ကတော့ အသံတိုးတိုးဖြင့် တီးတိုးပြောဆိုနေကြပေသည်။
အကြောင်းမှာ "ရွှီရှင်း" ဟူသော နာမည်တစ်ခုတည်းကပင်
သူတို့စိတ်ထဲတွင် ဖိအားကြီးမားလွန်းနေသောကြောင့် ဖြစ်သည်။
"ပြန်လာပြီလား။"
ချီရွှယ်ဖေးက ဒဏ်ရာရသူများကို ကုသပြီးမှ ထရပ်ကာ ပြော
လိုက်၏။
"ဒဏ်ရာရသူတွေ အားလုံးနီးပါး အဆင်ပြေသွားပြီ။"
ရွှီရှင်း ခေါင်းညိတ်လိုက်၏။ထို့နောက်လူတိုင်းကို ကြည့်ကာ
နွေးထွေးသော အပြုံးဖြင့် ပြောလိုက်လေသည်။
"အားလုံးပဲ...ဒီကို ရောက်လာပြီဆိုတာနဲ့အခုကစပြီး ခင်ဗျားတို့အားလုံးက ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေပဲ။ဆရာကြီး လို့ မခေါ်ပဲ ကျွန်တော့်နာမည်နဲ့ပဲ ခေါ်ပါ။"
ဒေသချန်နယ်နှင့်ကမ္ဘာလုံးဆိုင်ရာ ချန်နယ်ထဲတွင် "ဆရာကြီး" ဟု ခေါ်နေကြသည်မှာ အဆင်ပြေပေသည်။
သို့သော်...
ကိုယ့်အနီးအနားရှိ လူများကပါ ထိုသို့ ခေါ်လာသောအခါ
အနည်းငယ် ထူးဆန်းနေသလို ခံစားရ၏။
"အဲဒါ ဘယ်ဖြစ်မလဲ"
သစ်ပင်အိမ်အောက်တွင် ပထမဆုံး တွေ့ခဲ့သော အရပ်ရှည်ရှည်ပိန်ပိန်နှင့် အမျိုးသားကချက်ချင်း အော်ပြောလိုက်၏။
"ဒါဆို ဆရာကြီးလို့ မခေါ်တော့ဘူး...ဘောစ့် လို့ ခေါ်မယ်"
"ဟုတ်တယ် ဘောစ့် လို့ ခေါ်မယ်"
"ဟေ့... ဒါဆို တခြားအကြီးအကဲတွေကိုရော"
ရွှီရှင်းက ခေါင်းခါလိုက်၏။
"ဘောစ့် လည်း မခေါ်နဲ့"
စူးစမ်းရှာဖွေသူ အဖွဲ့ဝင်တိုင်းတွင် ကိုယ်ပိုင် အရေးကြီးသော
စွမ်းရည်များ ရှိကြပေသည်။
သူတစ်ယောက်တည်းကို ဘောစ့် ဟု ခေါ်ရန် မသင့်တော်ဟု သူ ခံစားရလေသည်။
"ကျွန်တော့်ကို... အစ်ကိုရွှီရှင်းလို့ပဲ ခေါ်ပါ"
"ဟုတ်ကဲ့ အစ်ကိုရွှီရှင်း"
"ဝိုး ငါက တကယ်ကို အစ်ကိုရွှီရှင်းရဲ့ လူဖြစ်သွားပြီ"
"အစ်ကိုရွှီရှင်း... မြန်မြန် သစ်ပင်အိမ် စိုက်ခိုင်းပါတော့။
ကျွန်တော် မစောင့်နိုင်တော့ဘူး။ချန်နယ်ထဲမှာ ကြွားချင်လွန်း
နေပြီ"
ယခုအချိန်တွင်သူတို့အားလုံးမှာ ကိုယ်ပိုင် သစ်ပင်အိမ် မရှိတော့ပေ။
ထို့ကြောင့်ဒေသချန်နယ်နှင့်ကမ္ဘာလုံးဆိုင်ရာ ချန်နယ်တွင်
ကြွားချင်စိတ်ကို အတင်း ချုပ်တည်းထားရသလို ဖြစ်နေကြ၏။
"အားလုံး ခဏလောက် စောင့်ပေးပါဦး။အစ်မရွှယ်ဖေး... ခဏ ဒီဘက်ကို လာပေးပါ။"
ရွှီရှင်းနှင့် ချီရွှယ်ဖေးတို့သည် အခန်းတစ်ခန်းအတွင်းသို့ ဝင်သွားကြ၏။
"ဘာဖြစ်လို့လဲ"
ချီရွှယ်ဖေးက မေးလိုက်၏။
ရွှီရှင်းက လက်ပတ်ကို လှည့်လိုက်ပြီး သတိလစ်နေသော
လုဖေးအာကို ထုတ်ပေးလိုက်သည်။
"ဖေးအာ ဘာဖြစ်သွားတာလဲ"
ချီရွှယ်ဖေး၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
လုဖေးအာ၏ မျက်နှာပေါ်တွင် သွေးကြောပုံစံ အမှတ်အသားများ ပြန့်နှံ့နေဆဲ ဖြစ်သော်လည်း နာကျင်သည့် အမူအရာတော့ မရှိတော့ပေ။
ရွှီရှင်းက ဖြစ်ပျက်ခဲ့သမျှကို အတိုချုံး ရှင်းပြလိုက်၏။
"ကျွန်မ စစ်ကြည့်လိုက်မယ်။ရှင် အပြင်ထွက်ပြီး လူတွေကို စီစဉ်လိုက်ပါ။"
ချီရွှယ်ဖေးက လုဖေးအာ၏ ဘေးတွင် ထိုင်လိုက်ရင်း ပြောလိုက်၏။
"ကောင်းပြီ။ဖြစ်နိုင်ရင်... သူ့ရဲ့ အားနည်းနေမယ့် အချိန်ကို လျှော့ပေးနိုင်အောင် ကြိုးစားပေးပါ။မနက်ဖြန် သူ့ အလုပ်ရှိသေးတယ်။"
"နယ်မြေ ၁၈၇ က ကိစ္စလား"
"ဟုတ်တယ်။"
"ကောင်းပြီလေ။ ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"
ရွှီရှင်း ခေါင်းညိတ်ကာ အခန်းထဲမှ ထွက်လာခဲ့၏။
သူထွက်လာသည်နှင့် လူအုပ်ကြီးမှာ သူ့ကို ချက်ချင်း ဝိုင်းအုံလာကြတော့သည်။
အခန်း ၅၈၀ ပြီး။