အခန်း ၅၈၄
Vol. 39 Ch. 584
အခန်း (၅၈၄) - သတိပြန်လည်လာခြင်း ၂
သစ်ပင်အိမ်မှ ထွက်လာသည်နှင့် လုဖေးအာသည် ရွှီရှင်း ညွှန်ပြထားသော အရှေ့မြောက်ဘက်သို့ အမြန်ဦးတည်သွားခဲ့၏။
ထိုနေရာနှင့် နီးကပ်လာလေလေ၊ သူမ၏ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခုက ပို၍ပြင်းထန်လာလေလေ ဖြစ်လာလေသည်။
ထိုခံစားချက်မှာ...
သူမနှင့် အမျိုးအစားတူသည့် တစ်စုံတစ်ဦး ရှိနေသည့်ခံစားချက် ဖြစ်သည်။
ဒီနေရာတွင် သူမလို ဗီဇပြောင်းလူသားတစ်ဦး ရှိနေလေသည်။
သို့သော် ယခင်က ရွှီရှင်းနှင့်အတူ နှင်းထုအောက်တွင် တွေ့ခဲ့သည့် ဗီဇပြောင်း လူသားများ၏ အငွေ့အသက်နှင့်တော့ မတူညီပေ။
ဒီတစ်ကြိမ် သူမခံစားရသည့်အရာက...
ရွှီရှင်းတို့ ပြောလေ့ရှိသော အမွေးများနှင့်ဘီလူး ဖြစ်နိုင်ချေ အလွန်များလေသည်။
ထိုခံစားချက်ကို အာရုံခံရင်း လုဖေးအာသည် နှင်းဖုံးသစ်တောအတွင်းသို့ တိတ်တဆိတ် တိုးဝင်သွားခဲ့၏။
အကွာအဝေး လျော့နည်းလာသည်နှင့်အမျှ ထိုခံစားချက်ကလည်း ပို၍ရှင်းလင်းလာပေသည်။
တစ်ဖက်ကလည်း သူမကို အာရုံခံမိနေကြောင်း ချက်ချင်းနားလည်လိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ အာရုံခံနိုင်စွမ်းအရ တစ်ဖက်မှ တည်နေရာသည် သူမဘက်သို့ တဖြည်းဖြည်း နီးကပ်လာနေသောကြောင့် ဖြစ်သည်။
ထို့အပြင် ထိုအရာ ရောက်လာခြင်းမှာ မိတ်ဆွေလို သဘောထားမျိုး မဟုတ်ပေ။
တစ်ဖက်က တကယ်ပင် ဗီဇပြောင်းလူသားဖြစ်ပါက ဉာဏ်ရည်မှာ သူမထက် လျော့နည်းလိမ့်မည် မဟုတ်ချေ။
သူမ အလွယ်တကူ အဖော်ထုတ်ခံလို့ မဖြစ်ပေ။
အနီးကပ် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းသည် သူမ၏ တိုက်ခိုက်ရေးပုံစံနှင့်လည်း မကိုက်ညီပေ။ထို့ကြောင့် သူမသည် အာရွှယ်ကို အခြားတစ်နေရာသို့ သွားခိုင်းလိုက်ပြီး သူမတစ်ယောက်တည်းသာ
ထိုအငွေ့အသက်ရှိရာဘက်သို့ တိတ်တဆိတ် သွားခဲ့လေသည်။
သင့်တော်သည့် နေရာသို့ ရောက်သည်နှင့် ချက်ချင်း ရပ်တန့်လိုက်ကာ ကိုယ်ပျောက်ဝတ်ရုံ၏ စွမ်းရည်ကို အသုံးပြုလိုက်၏။
ခန္ဓာကိုယ်သာမကသူမ၏ အငွေ့အသက်ပါ အပြည့်အဝ ပျောက်ကွယ်သွားခဲ့သည်။
ကိုယ်ပျောက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် ရုတ်တရက် မမျှော်လင့်ထားသည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့၏။
သစ်ပင်တစ်ပင်၏ နောက်ကွယ်မှ အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ခေါင်းငုံ့ကာ ထွက်ကြည့်လာလေသည်။
အညိုရောင်အမွေးများပေါ်တွင် သွေးနီရောင် အမှတ်အသားများ အပြည့်ဖုံးလွှမ်းနေပြီး သွေးရောင်မျက်လုံးတစ်စုံက လုဖေးအာ ရှိနေသည့်နေရာကို စူးစိုက်ကြည့်နေ၏။
ထိုမြင်ကွင်းကြောင့် လုဖေးအာမှာ အသက်ရှူသံပင် မထွက်မိစေရန် အတင်းထိန်းထားလိုက်ရပေသည်။
ဒီကောင်က... ဘယ်လိုလုပ်ပြီး သစ်ပင်နောက်က ရုတ်တရက် ထွက်လာတာလဲ...
ဒီသစ်တောထဲတွင် သစ်ပင်များ ပေါသော်လည်း အားလုံးက အရွက်မရှိသည့် သစ်ပင်များဖြစ်သောကြောင့် မြင်ကွင်းကို သိပ်မကွယ်နိုင်ပေ။
ဒီအကောင်သာ သစ်ပင်နောက်တွင် လုံးဝမလှုပ်ဘဲ ပုန်းနေခဲ့ခြင်း မဟုတ်ပါက...သူမ မမြင်လိုက်ဘဲ နေမည်မဟုတ်။
ဒါပေမဲ့ သူမ အာရုံခံထားသည့်အတိုင်းဆိုလျှင် ဒီအကောင်က သူမဘက်သို့ တောက်လျှောက် ရွေ့လျားလာနေခဲ့တာပင်။
နှင်းထုအောက်ကနေ လာတာများလား...
......
ဒီနေရာအထိ လုဖေးအာ ပြောပြီးသည့်အချိန်တွင် ရွှီရှင်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။
ချက်ချင်းပင် သူ အရင်က ပေါက်ကွဲမြှားဖြင့် ပစ်ခဲ့သော အမွေးဖုံးဘီလူးကို သတိရသွားပေသည်။
ထိုအကောင်သည် မီတာရာချီ ပြေးထွက်သွားပြီးနောက် ရုတ်တရက် နှင်းထုအောက်သို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ပေသည်။
ဒါဆို...
ဘာလို့ အဝေးကြီး ရောက်မှ နှင်းထုအောက် ဝင်သွားတာလဲ။
အသက်ရှင်ကျန်သူတွေကို သူတို့က နှင်းထုအောက်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်ဆိုတာ မသိစေချင်လို့လား။
ဒီဖြစ်နိုင်ချေက အလွန်မြင့်ပေသည်။သူသာ အမြင်အာရုံမြှင့်တင်ခြင်းစွမ်းရည်နဲ့ ဖောက်ထွင်းမြင်နိုင်စွမ်းကို မသုံးထားခဲ့လျှင် ထိုအမွေးဖုံးဘီလူး နှင်းထုအောက်သို့ ဝင်သွားသည်ကို မြင်နိုင်မည် မဟုတ်ပေ။
......
လုဖေးအာက ဆက်လက်ပြောပြပေသည်။
သစ်ပင်နောက်မှ ရုတ်တရက် ထွက်ပေါ်လာသည့် အမွေးဖုံးနေသောခေါင်းကြီးကြောင့် သူမလည်း ထိတ်လန့်သွားခဲ့၏။သို့သော်သူမသည် အတင်းထိန်းထားပြီး လုံးဝ မလှုပ်ရှားခဲ့ပေ။
အမွေးဖုံးဘီလူး၏ ကိုယ်တစ်ဝက်ကျော် သစ်ပင်နောက်မှ ထွက်လာသည့်အချိန်မှသာ ထိုအကောင်၏ ခန္ဓာကိုယ်အရွယ်အစားကို အမှန်တကယ် မြင်လိုက်ရတော့သည်။
အနည်းငယ် ကုန်းနေသည့် အနေအထားမှာပင် အရပ်မှာနှစ်မီတာကျော် ရှည်ပေသည်။
လီဝမ်ရှီးနှင့် ချီရွှယ်ဖေးတို့ထံမှ အမွေးဖုံးဘီလူးအကြောင်း ကြားဖူးသော်လည်း ဒီလောက်အထိ ကြီးလိမ့်မည်ဟု မည်သူမှ မပြောခဲ့ဖူးပေ။
ထိုခဏမှာပင်...
ဒီအကောင်သည် အခြားအမွေးဖုံးဘီလူးများနှင့် မတူကြောင်း သူမ နားလည်လိုက်ပေသည်။
ဒီကောင်ကိုသာ သတ်နိုင်ရင် သားရဲလှိုင်းပြဿနာကို တစ်ခါတည်း ဖြေရှင်းနိုင်လောက်တယ်။
သူမသည် အသက်ရှူသံပင် မထွက်အောင် ငြိမ်သက်စွာ ရပ်နေခဲ့၏။
ဒီစကားကို ကြားလိုက်ရသည့် ရွှီရှင်းလည်း ချက်ချင်း သဘောပေါက်သွားပေသည်။
ဒါကြောင့် အဲဒီအချိန်တုန်းက လုဖေးအာရဲ့ အချက်ပြတည်နေရာက လုံးဝ မလှုပ်ရှားဘဲ ရပ်နေခဲ့တာကိုး။
အကြောင်းရင်းက အမွေးဖုံးဘီလူးက သူမနားမှာ ရှိနေခဲ့လို့ပဲ ဖြစ်သည်။
လုဖေးအာက ဆက်ပြီးပြောပြချေသည်။
အမွေးဖုံးဘီလူးသည် သူမရှိနေသည့်နေရာကို မသင်္ကာသလို အသံတစ်သံ အော်လိုက်၏။
ထိုအသံမှာ အလွန်စူးရှပြီး နားဝင်မချိုလှပေ။
တောင်ပေါ်က မျောက်များ အော်သံနှင့် ခပ်ဆင်ဆင်တူသော်လည်း ပို၍ပင် နားကလော်စရာ ကောင်းလှ၏။
ဒီလောက်ကြီးသည့် အကောင်က ဒီလိုအသံ ထွက်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။
သူမကတော့ မလှုပ်ရှားရသောကြောင့် တစ်ကိုယ်လုံးက အကြောများပင်တင်းနေသည်။
ဒီအကောင်သာ အနားရောက်လာသည်နှင့် ခါးမှ ခရမ်းရောင်အဆင့် ဓားမြှောင်ကို ချက်ချင်း ဆွဲထုတ်ကာ နှလုံးကို တစ်ချက်တည်း ထိုးသတ်ပစ်ပေမည်။
ခရမ်းရောင်ဓားမြှောင်၏ အထူးအကျိုးသက်ရောက်မှုနှင့်ဆိုလျှင် နှလုံးကို ထိုးခံရသောအကောင်မှာ အသက်ရှင်နိုင်စရာ မရှိပေ။
သူမသည် အသက်ရှူသံကို ဖြည်းဖြည်းချင်း ထိန်းချုပ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်၏။
သို့သော်...
အမွေးဖုံးဘီလူးက သူမထံ လာမည့်အစား ထိုနေရာကိုသာ စိုက်ကြည့်နေခဲ့သည်။
ထို့နောက် သစ်ပင်နောက်မှ ကိုယ်လုံးတစ်ခုလုံး ထွက်လာရာ လုဖေးအာ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ထိုအကောင်၏ လက်ထဲတွင် အနက်ရောင် သံဆူးများ တပ်ဆင်ထားသည့် ဝံပုလွေသွားတုတ် တစ်ချောင်းကို ကိုင်ထား၏။
တုတ်တစ်ချောင်းလုံးမှာ သွေးများစွန်းထင်းနေပြီး အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
အရေးအကြီးဆုံးက ထိုလက်နက်မှာ သတ္တုဖြင့် ပြုလုပ်ထားခြင်းပင် ဖြစ်သည်။
ထို့အပြင် သံထက်ပင် အဆင့်မြင့်သလို ခံစားရပေသည်။
“သူ့လက်ထဲက လက်နက်က ကျွန်မခါးမှာ ချိတ်ထားတဲ့ ခရမ်းရောင်ဓားမြှောင်ထက်တောင် အားမနည်းဘူးလို့ ခံစားရတယ်...”
လုဖေးအာက ခါးရှိ ဓားမြှောင်ကို လက်ဖြင့် ထိလိုက်ရင်း ပြောလိုက်၏။
ခရမ်းရောင်အဆင့် လက်နက်လား...
“ဒါပေမဲ့ သူ့မှာ သံချပ်ကာတော့ မရှိဘူး။ အဲဒီဝံပုလွေသွားတုတ်တစ်ချောင်းနဲ့ ကိုယ်ပေါ်က အမွေးတွေပဲ ရှိတာပါ...”
လုဖေးအာက ဆက်ပြောချေသည်။
အမွေးဖုံးဘီလူးမှာ အလွန် သတိကြီးသည့်အကောင် ဖြစ်သည်။
သူမ ပျောက်ကွယ်သွားသည့် နေရာတစ်ဝိုက်ကို သတိအပြည့်ဖြင့် အဆက်မပြတ် လှည့်ပတ် စောင့်ကြည့်နေခဲ့ပေသည်။
သူမမှာ လှုပ်ရှားခွင့် တစ်ချက်တောင် မရခဲ့ပေ။သတိကြီးလွန်းသဖြင့် အားနည်းချက် လုံးဝ မပေါ်လာခဲ့ချေ။
သူမကလည်း ငြိမ်ငြိမ်လေးသာ ရပ်နေပြီး အခွင့်အရေးကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့၏။
ဝံပုလွေသွားတုတ် ကိုင်ထားသော အမွေးဖုံးဘီလူးသည် အနီးအနားတွင် ဟိုလျှောက် ဒီလျှောက် လှည့်ပတ်နေသလို လုဖေးအာကလည်း သတ်ဖြတ်ရန် အချိန်ကောင်းကိုသာ စောင့်ဆိုင်းနေခဲ့လေသည်။
နောက်ဆုံးတွင် ထိုအကောင်မှာ လှုပ်ရှားလာခဲ့၏။
သို့သော်...
သူမကို တွေ့သွားလို့တော့ မဟုတ်ပေ။
ရုတ်တရက် ထိုအကောင်က အရှေ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး မကျေမနပ် ဖြစ်နေသည့် အသံတစ်သံဖြင့် အော်လိုက်၏။
ရွှီရှင်း၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားပေသည်။
အရှေ့ဘက်လား...
အဲဒီအချိန်တုန်းက သူ ရှိနေသည့်ဘက် မဟုတ်ဘူးလား။
တခြားအမွေးဖုံးဘီလူးတစ်ကောင်ကို သူ မောင်းထုတ်ပြီး သူတို့ တည်ဆောက်ထားတဲ့ ပို့ဆောင်ရေးအစီအရင်ကို ဖျက်ဆီးလိုက်လို့ ဒီအကောင် သတိထားမိသွားတာများလား။
“အဲဒီအမွေးဖုံးဘီလူးက အဲဒီဘက်ကို တောက်လျှောက် စိုက်ကြည့်နေတာ။ အရမ်း စိတ်တိုနေသလိုမျိုး အသံဆိုးကြီးကိုလည်း ဆက်တိုက် အော်နေတယ်။ ညည်းညူနေသလိုပဲ...”
လုဖေးအာက ဆက်ပြီး “ကျွန်မလည်း အခွင့်အရေးကို စောင့်နေခဲ့တယ်...”
“သူ သတိအလျော့ဆုံးဖြစ်ပြီး လုံးဝ မပြင်ဆင်ထားတဲ့ အခိုက်အတန့်ကို ရောက်တဲ့အချိန်မှာ...ကျွန်မ တိုက်ခိုက်လိုက်တာ”
ထိုအခိုက်အတန့်ကို ပြန်အမှတ်ရလာသည့်အခါ...
လုဖေးအာ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်လာပြီး ပါးပြင်များပင် အနည်းငယ် နီမြန်းလာသည်။
အချိန်အကြာကြီး စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့ပြီးနောက် နောက်ဆုံးတော့ သူမ၏ အပြင်းထန်ဆုံး လုပ်ကြံသတ်ဖြတ်မှုကို ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်သည်။
အဲဒီအချိန်မှာ...
အမွေးဖုံးဘီလူးက သူမဘက်သို့ ကျောပေးထားပြီး အားနည်းချက်တစ်ခုလုံး ပွင့်နေခဲ့၏။
သူမ၏ ခရမ်းရောင်ဓားမြှောင်က ကျောဘက်မှတစ်ဆင့် တိတိကျကျ စိုက်ဝင်သွားပြီး နှလုံးကို တစ်ချက်တည်း ဖောက်ထွင်းသွားခဲ့လေတော့သည်။
အခန်း ၅၈၄ ပြီး။