← Chapters

အခန်း ၅၈၅

Vol. 39 Ch. 585

အခန်း ၅၈၅

Vol. 39 Ch. 585

အခန်း (၅၈၅) - တတိယမြောက် အစီအရင်ကို အသက်သွင်းနိုင်ဖို့ မျှော်လင့်ချက်

ထို့နောက် အမွေးဖုံးဘီလူးက နားကွဲမတတ် စူးရှရှရှ အော်ဟစ်လိုက်ပေသည်။

“အဲဒီအသံကို ရှင်လည်း ကြားခဲ့မှာပေါ့... ဟုတ်တယ်မလား...”

လုဖေးအာက အချိန်ကြာကြာ ထိုင်ထားရသဖြင့် ပင်ပန်းလာပြီး ကုတင်ပေါ်သို့ ပြန်လှဲချလိုက်၏။ မျက်နှာကျက်ကို စိုက်ကြည့်ရင်း သူမက ဆက်ပြောလာချေသည်။

“အဲဒီအသံက အရင်တုန်းက ကြားခဲ့ရတဲ့ လေချွန်သံနဲ့ တော်တော်ဆင်တယ်။ အရမ်းနားဝင်ဆိုးတယ်။ အဲဒီအသံ ထွက်လာတဲ့ အခိုက်အတန့်မှာပဲ ကျွန်မခေါင်းက ပေါက်ကွဲတော့မလို ခံစားလိုက်ရတယ်...”

“အဲဒီအချိန်မှာ အဲဒီကောင်က ချက်ချင်း လှည့်ပြီး ဝံပုလွေသွားတုတ်နဲ့ ကျွန်မကို ရိုက်ချလိုက်တာ။ ကျွန်မလည်း နောက်ကို ခုန်ရှောင်လိုက်နိုင်ပေမဲ့... အဲဒီကောင်က လှည့်ပြီး ထွက်ပြေးသွားတယ်...”

“သူ ပြေးတာ အရမ်းမြန်တာ။ ကျွန်မလည်း အလောတကြီး လိုက်ဖို့လုပ်လိုက်ပေမဲ့...”

ဒီနေရာမှာတော့ သူမ၏ မျက်လုံးများက မှုန်ဝါးသွား၏။

“ဘာဖြစ်သွားတာလဲ... နောက်ဘာဆက်ဖြစ်လဲ...” ရွှီရှင်းက မေးလိုက်၏။

လုဖေးအာက မှတ်ဉာဏ်ကို ပြန်လည်ဆွဲခေါ်ရင်း ပြောလိုက်လေသည်။

“မီတာရာချီ အကွာလောက်မှာ... သွေးနီရောင် အလင်းတန်းကြီးကို ကျွန်မ မြင်လိုက်ရတယ်...”

“အဲဒီအလင်းက အရမ်းတောက်ပတယ်။ နှင်းထုအောက် မီတာအနည်းငယ်အနက်ကနေ တိုက်ရိုက် ထိုးထွက်လာတာ။ မီတာတစ်ရာပတ်လည် နှင်းပြင်တစ်ခုလုံးကို သွေးနီရောင်နဲ့ ဆေးခြယ်ထားသလို ဖြစ်သွားပြီး မျက်စိကျိန်းမတတ် တောက်ပနေတယ်...”

“ပြီးတော့... ကျွန်မရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်လို့ မရတော့ဘူး။ ခေါင်းထဲကနေ တစ်ခုခု ထွက်ပြေးတော့မလို ခံစားနေရတာ...”

ရွှီရှင်း၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။

ဒီခံစားချက်...

သူ အရင်က ကြုံဖူးပေသည်။ငွေရောင်ဘုရင်နှင့် မီမီတို့ ဓာတ်ရောင်ခြည်ကျောက်ကို အသုံးပြုပြီး အဆင့်တက်နေချိန်တုန်းကခံစားခဲ့ရသည့် ခံစားချက်နှင့် အလွန်ဆင်တူနေပေသည်။

လုဖေးအာ မြင်ခဲ့သည့် သွေးနီရောင်အလင်းသည် လွန်ခဲ့သော နှစ်ငါးဆယ်က ကမ္ဘာတစ်ဝက်ကို ဖုံးလွှမ်းခဲ့သည့် သွေးနီရောင်အလင်းနှင့် တူညီသည့် အရာဖြစ်နိုင်ပေသည်။

လုဖေးအာက ရွှီရှင်းကို တစ်ချက်ကြည့်လိုက်၏။

အိပ်ချင်နေသော်လည်း စကားကို ဆက်ပြောရန် ရွေးချယ်လိုက်ပေသည်။

“ကျွန်မ မြင်လိုက်တာက... ဒဏ်ရာရထားတဲ့ အမွေးဖုံးဘီလူးက အဲဒီ သွေးနီရောင်အလင်းထဲကို တန်းဝင်သွားပြီး ပျောက်သွားတာပဲ...”

“ပြီးတော့... ကျွန်မရဲ့ ခန္ဓာကိုယ်ကလည်း ကျွန်မ မထိန်းချုပ်နိုင်တော့ဘဲ အဲဒီအလင်းဆီကို တဖြည်းဖြည်း ရွေ့သွားတယ်...”

ရွှီရှင်း၏ မျက်လုံးများ အရောင်တောက်လာလေသည်။

အမွေးဖုံးဘီလူးက ပျောက်ကွယ်သွားခဲ့၏။

နှင်းထုအောက်မှ ပေါ်လာသော သွေးနီရောင်အလင်းသည် ပို့ဆောင်ရေးအစီအရင် တစ်ခု ဖြစ်နိုင်ခြေ အလွန်မြင့်နေချေသည်။

သို့သော်...

လုဖေးအာကိုပါ ထိန်းချုပ်နိုင်ခဲ့တာလား...

ရွှီရှင်းသည် ထိုအချိန်က သွေးရောင်သားရဲဝံပုလွေများ၏ အပြုအမူကို ပြန်အမှတ်ရသွားပေသည်။

ထိုအသံ ပေါ်လာသည်နှင့် တစ်ပြိုင်နက်...

ဝံပုလွေအားလုံးလည်း အဲဒီဘက်ကို အရူးအမူး ပြေးသွားခဲ့ကြ၏။

သူတို့လည်း လုဖေးအာလိုပင် တစ်စုံတစ်ခု၏ ထိန်းချုပ်မှုကို ခံခဲ့ရခြင်း ဖြစ်နိုင်ပေသည်။

လုဖေးအာက မျက်မှောင်ကြုတ်လိုက်၏။

“အဲဒီအချိန်မှာ ကျွန်မခေါင်းက ပိုပိုပြီး လေးလာတယ်။ အဲဒီသွေးနီရောင်အလင်းဆီကို ကျွန်မ မသိလိုက်ဘဲ တဖြည်းဖြည်း လျှောက်သွားနေခဲ့တယ်...”

“နောက်တစ်စက္ကန့်ဆိုရင် သတိလစ်တော့မယ်လို့တောင် ထင်လိုက်ရတာ...”

“အဲဒီအချိန်မှာပဲ ကျွန်မ နားလည်လိုက်တာ...အဲဒီ သွေးနီရောင်အလင်းထဲကို လုံးဝ မဝင်ရဘူးလို့”

“ဒါကြောင့် ကျန်ရှိနေသေးတဲ့ အသိစိတ်လေးနဲ့ပဲ... စွမ်းအားပေါက်ကွဲတဲ့ပုံစံကို ဖွင့်လိုက်တာ...”

ရွှီရှင်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပေသည်။

ဒါဆို...

လုဖေးအာသည် အသက်အန္တရာယ်ကြောင့် စွမ်းအားပေါက်ကွဲတဲ့ပုံစံထဲ ဝင်သွားခြင်း မဟုတ်ချေ။

အတင်းအကျပ် ဝင်ခိုင်းခံရခြင်းလည်း မဟုတ်ပေ။

သူမကိုယ်တိုင် အသိစိတ်ကျန်နေချိန်မှာ ဆုံးဖြတ်ပြီး ဖွင့်လိုက်ခြင်း ဖြစ်ပေသည်။

သို့သော်...

သူမ ပြောပြသည့် အခြေအနေအရ စိတ်စွမ်းအား ပြင်းထန်စွာ ထိခိုက်ခဲ့သည်မှာ သေချာလှပေသည်။

လုဖေးအာက ဆက်ပြီး “စွမ်းအားပေါက်ကွဲတဲ့ပုံစံထဲ ဝင်ပြီးတာနဲ့ ကျွန်မ အဲဒီနေရာကနေ အတင်း ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်...”

“ဒါပေမဲ့ စိတ်စွမ်းအား ကုန်ဆုံးနှုန်းက အရမ်းမြန်တယ်...”

“မီတာရာချီလောက်ပဲ လျှောက်နိုင်သေးတယ်... ခေါင်းက ကွဲတော့မလို နာလာပြီး သတိလစ်သွားတာ...”

“နိုးလာတော့... ဒီပြန်ရောက်နေတာပဲ...”

“ဒါပေမဲ့ ပြောရရင်... အခုတော့ ခေါင်းလုံးဝ မနာတော့ဘူး...”

ရွှီရှင်း၏ မျက်လုံးများ တောက်ပသွားလေသည်။

“စွမ်းအားပေါက်ကွဲတဲ့ပုံစံ ဝင်နေချိန်မှာ... မင်း အသိစိတ်ကို ထိန်းထားနိုင်တာလား...”

လုဖေးအာက ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်...”

“အဲဒါ... အရင်တုန်းက ကျွန်မ စားခဲ့တဲ့ ခရမ်းရောင် နှင်းကျားသစ်နှလုံးရဲ့ အကျိုးသက်ရောက်မှု ဖြစ်မယ်...”

ရွှီရှင်းက တိတ်တိတ်လေး ခေါင်းညိတ်လိုက်၏။သူ မထင်ထားခဲ့သော အချက်တစ်ခု ဖြစ်ပေသည်။

ဒီဗီဇပြောင်းလူသားတွေက ပို့ဆောင်ရေးအစီအရင်လို အရာမျိုးကိုတောင် ထိန်းချုပ်နိုင်ကြတာလား...

ဒါဆို...

အဲဒီအစီအရင်ရဲ့ တစ်ဖက်မှာ ဘာရှိနေတာလဲ။

မြေအောက်ကမ္ဘာလား ဒါမှမဟုတ်သွေးရောင်မျဉ်းမျိုးနွယ် နေထိုင်တဲ့နေရာလား...။

အသက်ရှင်ကျန်သူတွေကို အဲဒီနေရာကို ပို့ချင်တဲ့ ရည်ရွယ်ချက်ကဘာဖြစ်နိုင်မလဲ။

လုဖေးအာက စဉ်းစားခန်းဝင်နေသော ရွှီရှင်းကို ကြည့်ရင်း စိတ်ထဲမလုံမလဲ ဖြစ်လာလေသည်။

အဲဒီအချိန်တုန်းက သူမက တကယ်ပဲ မိမိခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်လို့ မရတော့ကြောင်း ခံစားခဲ့ရ၏။

တခြားသူရဲ့ ရုပ်သေးရုပ်လို ဖြစ်သွားသလိုမျိုးခံစားချက်မျိုးပင်။

“ကျွန်မ... နောက်ဆိုရင် အဲဒီလို ထိန်းချုပ်ခံရနိုင်တဲ့ သစ္စာဖောက်တစ်ယောက် ဖြစ်သွားမှာလား...”

ဒီလို ထိန်းချုပ်ခံရခြင်းက ရွှီရှင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ ခံစားချက်နဲ့တော့ မတူပေ။

ရွှီရှင်းနှင့် စာချုပ်ချုပ်ပြီးနောက် သူမသည် စိတ်ရင်းမှန်ဖြင့် နာခံလိုစိတ်သာ ရှိပြီး တော်လှန်ချင်သည့် အတွေးပင် မပေါ်လာတော့ပေ။

ဒါပေမဲ့...

အခု ထိန်းချုပ်မှုကတော့ခန္ဓာကိုယ်ကိုသာ အတင်းအကျပ် ထိန်းချုပ်ခြင်း ဖြစ်သည်။

သူမ၏ အသိစိတ်ကတော့ အပြင်းအထန် ဆန့်ကျင်နေခဲ့၏။ မဟုတ်လျှင်နောက်ဆုံးအချိန်မှာ စွမ်းအားပေါက်ကွဲပုံစံကို ဖွင့်ပြီး လွတ်မြောက်ဖို့ ကြိုးစားနိုင်မည် မဟုတ်ပေ။

ဒီအရာဟာသူမ စားခဲ့သော ခရမ်းရောင် နှင်းကျားသစ်နှလုံး နှင့်လည်း ဆက်စပ်နေမည် ဖြစ်သည်။

ထိုနှင်းကျားသစ်နှလုံးကြောင့်သာ ခန္ဓာကိုယ်ကို တခြားသူက ထိန်းချုပ်ထားသည့်တိုင် သူမ၏ အသိစိတ်က မပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ နှင်းကျားသစ်နှလုံးကိုသာ မစားထားခဲ့လျှင် သူမ၏ အသိစိတ်ပင် ကျန်ရှိနေမည် မဟုတ်တော့ပေ။

အခန်း ၅၈၅ ပြီး။

All Chapters