အခန်း ၅၃၁
Vol. 54 Ch. 531
အခန်း (၅၃၁)
"မင်းကို ငါ နောက်တစ်ကြိမ် ထပ်မေးမယ်.. ဘာဖြစ်လို့ ထုရှန်းကျင်းစီရဲ့ စာကြည့်ဆောင်အစေခံကို ပစ်မှတ်ထားခဲ့တာလဲ"
ဧကရာဇ်ချန်ပင်းက သေလူတစ်ယောက်ကို ကြည့်နေသည့်အလား ဝမ်ကျုံးအား အေးစက်စွာ ကြည့်လိုက်လေ၏။
"ကျွန်တော်မျိုး.. ကျွန်တော်မျိုး ရှောင်မိုကို တကယ် ပစ်မှတ်မထားခဲ့ပါဘူး။ အရာအားလုံးက.. အရာအားလုံးက တိုက်ဆိုင်မှုသက်သက်ပါပဲ"
ဝမ်ကျုံး၏ ပါးစပ်မှ သွေးစိမ်းရှင်ရှင်တစ်လုပ် ပန်းထွက်သွားချေပြီ။
သူ၏ မျက်လုံးများ၊ နှာခေါင်းနှင့် နားရွက်များမှလည်း သွေးများ စိမ့်ထွက်နေလေတော့သည်။
"ခေါင်းမာနေတုန်းပဲလား"
ဧကရာဇ်ချန်ပင်း၏ အသံတွင် ဒေါသအငွေ့အသက်များ ရောယှက်နေပေသည်။
နောက်တစ်ခဏ၌ ဝိညာဉ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော လက်ကြီးတစ်ဖက်က ဝမ်ကျုံး၏ လည်ပင်းကို ဆုပ်ကိုင်ကာ ဖြည်းညင်းစွာ မြှောက်တင်လိုက်လေ၏။
လေထဲတွင် တွဲလောင်းဖြစ်နေသော ဝမ်ကျုံးက ခြေထောက်များကို တဖျပ်ဖျပ်ခတ်နေပြီး ပြင်းပြသော ရှင်သန်လိုစိတ်ကြောင့် ထိုပုံရိပ်ယောင်လက်ကြီးကို အတင်းအကျပ် ဆုပ်ကိုင်ထားမိလေတော့သည်။
အသက်ကိုးနှစ်အရွယ် ချန်ကျွယ်ကမူ ခေါင်းငုံ့ကာ ခါးကိုကိုင်းထားပြီး ဝမ်ကျုံးကို တစ်ချက်လေးပင် လှည့်မကြည့်ဝံ့ချေ။
သို့သော်လည်း သူ၏ခန္ဓာကိုယ်လေးမှာမူ အလိုအလျောက် တဆတ်ဆတ် တုန်ယင်နေပေသည်။
"မင်းကို ငါ နောက်ဆုံးအကြိမ် မေးမယ်.. ဘာလို့ ထုရှန်းအိမ်တော်က အဲဒီအစေခံကို သွားပြီးရန်စရတာလဲ" ဧကရာဇ်ချန်ပင်း၏ သည်းခံနိုင်စွမ်းက ကုန်ခမ်းလုနီးပါး ဖြစ်နေပုံရကာ နောက်တစ်စက္ကန့်တွင် ဝမ်ကျုံး၏ နတ်ဘုရားဝိညာဉ်ကို အစတုံး ဖျက်ဆီးပစ်တော့မည့်ဟန် ရှိလေ၏။
"ကျွန်တော်မျိုး.. ကျွန်တော်မျိုး တကယ်ပဲ သူ့ကို ရန်စဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ အားလုံးက.. အားလုံးက တိုက်.. တိုက်ဆိုင်မှုပါ။ ရှောင်မိုက ဝင်.. ဝင်ပြီးစွက်ဖက်.. စွက်ဖက်ခဲ့လို့ပါ.." ဝမ်ကျုံး၏ မျက်လုံးများက ဆွေဝါးနေပြီဖြစ်ကာ အသံမှာလည်း အလွန်အမင်း အားနည်းနေပေပြီ။
"ဟမ့်"
ဧကရာဇ်ချန်ပင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း ကျယ်ဝန်းသော ဝတ်ရုံလက်ကို ခါယမ်းလိုက်လေ၏။
ဝမ်ကျုံးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရပြီး တွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားကာ လုံးဝ သတိလစ်မေ့မြောသွားလေတော့သည်။
"ပူဇော်ခံပညာရှင်ကျောက်.. ဝမ်ကျုံးကို ခေါ်သွားပြီး ဒဏ်ရာတွေ ကုပေးလိုက်။ သူ့ကို သေခွင့်မပေးနဲ့"
ဧကရာဇ်ချန်ပင်းက ထိုင်ခုံပေါ်တွင် ထိုင်လိုက်ရင်း ဘေးနားရှိ ပူဇော်ခံပညာရှင်အား အမိန့်ပေးလိုက်ပေသည်။
"မှန်လှပါ ဧကရာဇ်မင်းမြတ်"
ပူဇော်ခံပညာရှင်ကျောက်က အရိုအသေပေးကာ ဝမ်ကျုံးကို အလျင်အမြန် ခေါ်ဆောင်သွားလေ၏။
ယခုအခါ အခန်းထဲတွင် ဧကရာဇ်ချန်ပင်းနှင့် သားတော်ချန်ကျွယ်တို့ သားအဖနှစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့ချေပြီ။
ဧကရာဇ်ချန်ပင်းက လက်ဖက်ရည်တစ်ငုံကို ထပ်သောက်လိုက်ရာ လက်ဖက်ရည်ပန်းကန်နှင့် အစွန်းတို့ ပွတ်တိုက်မိသံက အခန်းထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားလေ၏။
အချိန်အတော်ကြာပြီးနောက် ဧကရာဇ်ချန်ပင်းက ဖြည်းညင်းစွာ စကားဆိုလာသည်။ "ဒုတိယဝန်ကြီးဝမ်ရဲ့ ဒီသားက တော်တော်လေး အသုံးကျသားပဲ။ သူက မင်းအပေါ် တော်တော်လေး သစ္စာရှိတယ်။ သေလုမျောပါး ဖြစ်နေတဲ့အချိန်တောင် မင်းကို ထုတ်မပြောခဲ့ဘူး"
"ခမည်းတော်.." ချန်ကျွယ်က တံတွေးမြိုချလိုက်ရင်း မည်သို့ ရှင်းပြရမည်ကို တွေးတောနေလေ၏။
"တော်တော့" ဧကရာဇ်ချန်ပင်းက လက်ကာပြလိုက်သည်။ "ဒီမှာ ငါတို့ သားအဖနှစ်ယောက်တည်း ရှိတာ။ မင်း ဘာမှ ဖုံးကွယ်နေစရာ မလိုဘူး။ ပြီးတော့ မင်းရဲ့ အဲ့ဒီ ဉာဏ်နီဉာဏ်နက်လောက်ကို ဘယ်သူကများ မရိပ်မိဘဲ နေမှာလဲ"
ဧကရာဇ်ချန်ပင်းက ခေါင်းမော့ကာ သားဖြစ်သူကို ကြည့်ရင်း ဆိုလေ၏။
"မင်းက ဝမ်ကျုံးကို ရှောင်မိုဆီ သွားပြီး ပြဿနာရှာခိုင်းခဲ့တာ။ လျိုရွှေဆိုတဲ့ လူသားကောင်မလေးက ကံဆိုးသွားတာပဲ။ သူက ဆေးဖော်စပ်တဲ့ခန်းမကို အမှတ်မထင် ရောက်လာပြီး ရှောင်မိုကို သတ်ဖို့ အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချခံလိုက်ရတာ။ သူ ကံဆိုးသွားတယ်လို့ပဲ ပြောရမှာပေါ့"
"ဒါပေမဲ့ ရှောင်မိုကို ပြဿနာရှာဖို့ နေနေသာသာ မင်းကိုယ်မင်းတောင် အညစ်အကြေးတွေ ပေကျံအောင် လုပ်လိုက်မိပြီ"
"ဘာလဲ.. မင်းက ရှောင်မိုဆိုတဲ့ လူသားကို အဲဒီလောက်တောင် ဂရုစိုက်နေတာလား"
ချန်ကျွယ်က သွားကြိတ်လိုက်ပြီး ဆက်လက်ဖုံးကွယ်မနေတော့ဘဲ လေးနက်စွာ လျှောက်တင်လေ၏။ "ခမည်းတော်ကို တင်ပြရရင် အဲဒီရှောင်မိုက ထုရှန်းကျင်းစီနဲ့ ဆက်ဆံရေး အရမ်းကောင်းနေပြီး သခင်မကြီးထုရှန်းကလည်း သူ့ကို အထင်ကြီးနေပါတယ်"
"အရေးအကြီးဆုံးက သခင်မကြီးထုရှန်းဟာ ဆန်ဝါမဟာအိပ်မက်ကို ရှောင်မိုကို သင်ပေးပြီးပြီလို့ ကြားသိရပါတယ်။ ဆန်ဝါမဟာအိပ်မက်က ထုရှန်းမျိုးနွယ်စုအတွက် သာမန်မဟုတ်တဲ့ အရေးပါမှုရှိတယ်လို့လည်း ကြားဖူးပါတယ်။ သားတော်က စိုးရိမ်မိလို့ပါ.."
"အဓိပ္ပာယ်မရှိတာ" ဧကရာဇ်ချန်ပင်းက စားပွဲကို ရိုက်ချလိုက်ရာ ချက်ချင်းပင် သစ်သားမှုန့်များအဖြစ် ပြောင်းလဲသွားလေတော့သည်။
"ခမည်းတော်.. အမျက်တော်ကို ရုပ်သိမ်းပေးတော်မူပါ" ချန်ကျွယ်မှာ လန့်ဖျပ်သွားပြီး အလျင်အမြန် ခါးကို ပို၍ ကိုင်းညွတ်လိုက်ပေသည်။
ဧကရာဇ်ချန်ပင်းက လက်သီးကိုဆုပ်ကာ အေးစက်စွာ ဆိုလေ၏။
"သခင်မကြီးထုရှန်းက ဆန်ဝါမဟာအိပ်မက်ကို ရှောင်မိုကို ပေးတော့ရော ဘာဖြစ်လဲ။ ဒါက သူမအနေနဲ့ သူ့ကို အထင်ကြီးတယ်ဆိုတာကိုပဲ ပြတာ။ ထုရှန်းမြေခွေးမျိုးနွယ်စုရဲ့ အဲဒီရှေးဟောင်းစည်းမျဉ်းက ပျောက်ကွယ်သွားတာ ကြာလှပြီ"
"မင်းရဲ့ ဦးနှောက်ကိုသုံးပြီး စဉ်းစားစမ်းပါ။ ယနေ့ခေတ် မိစ္ဆာကမ္ဘာမှာ ထုရှန်းမြေခွေးမျိုးနွယ်စုက သူတို့ရဲ့ သမီးတွေကို အနာဂတ်မှာ လူသားတစ်ယောက်နဲ့ လက်ထပ်ခွင့်ပြုဖို့ ဖြစ်နိုင်ပါ့မလား"
"ထုရှန်းရှင်းဟွာက ထုရှန်းမျိုးနွယ်စုရဲ့ အနာဂတ်ကို ထည့်မစဉ်းစားဘဲ နေပါ့မလား"
"ထုရှန်းမျိုးနွယ်စုက ဒီမိစ္ဆာကမ္ဘာနဲ့ ပတ်သက်ပြီး တကယ်ပဲ ရည်မှန်းချက် မရှိဘူးလို့ ထင်နေတာလား"
"တသီးတခြားနေတတ်တဲ့ ဖီးနစ်နီမျိုးနွယ်စုနဲ့ စိတ်အားထက်သန်နေတဲ့ ထန်ရှဲမျိုးနွယ်စုကလွဲရင် ရှေးဟောင်းခေတ်က အဲဒီ မွန်မြတ်တဲ့ နတ်ဘုရားသားရဲ သွေးဆက်နွယ်မှုတွေထဲမှာ အမြီးကိုးချောင်း ကောင်းကင်မြေခွေးမျိုးနွယ်စုနဲ့ မြောက်ပိုင်းပင်လယ်က စစ်မှန်တဲ့နဂါးပဲ ကျန်တော့တာ"
"ယခု မိစ္ဆာကမ္ဘာမှာ အခင်းအကျင်းတွေ အသစ်ပြန်လည် ဖွဲ့စည်းတော့မယ့်အချိန်မှာ ထုရှန်းမျိုးနွယ်စုက သူတို့မျိုးနွယ်စုက ဘယ်ကလေးရဲ့ တန်ဖိုးကိုမှ အလဟဿ အဖြစ်ခံမှာ မဟုတ်ဘူး"
"ခြေလှမ်းတစ်သောင်းလောက် နောက်ဆုတ်ပြီး စဉ်းစားကြည့်ရင်တောင်မှ ထုရှန်းကျင်းစီက ငယ်ငယ်တုန်းက လူသားတစ်ယောက်နဲ့ ခင်မင်ရင်းနှီးခဲ့တော့ရော ဘာဖြစ်လဲ"
"ထုရှန်းကျင်းစီက ငယ်ရွယ်သေးလို့ အခု ဘာမှမသိသေးတာ။ ဒါပေမဲ့ သူမ ကြီးပြင်းလာတဲ့အခါ သူမရဲ့ မွန်မြတ်မှုကို ပိုပြီး နားလည်သဘောပေါက်လာလိမ့်မယ်။ နောက်ဆုံးကျရင် အဲဒီလူသားကို အဝေးကြီးကို လွှင့်ပစ်လိုက်မှာပဲ"
"ပြီးတော့ ရှောင်မိုကို မင်းသတ်လိုက်တော့ရော ဘာအကျိုးထူးမှာလဲ။ ထုရှန်းကျင်းစီကို မင်းကို မုန်းတီးသွားစေပြီး တခြားမိသားစုက ကလေးတွေကို အခွင့်အရေး ပေးလိုက်သလိုပဲ ဖြစ်သွားမှာပေါ့"
"ဒါနဲ့ယှဉ်ရင် ငါတို့ ကောင်းကင်မိစ္ဆာနိုင်ငံတော်ရဲ့ မင်းသားကြီး၊ အနာဂတ် အိမ်ရှေ့မင်းသားနဲ့ ကောင်းကင်မိစ္ဆာနိုင်ငံတော်ရဲ့ အုပ်စိုးရှင်တစ်ယောက်အနေနဲ့ မင်းက စာကြည့်ဆောင်အစေခံတစ်ယောက်နဲ့ ပြဿနာတက်နေတယ်ဆိုတာက မင်းရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီဘူးလို့ မခံစားရဘူးလား"
ခမည်းတော်၏ စကားများကို ကြားသောအခါ ချန်ကျွယ်သည် ရုတ်တရက် အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး အနက်ရှိုင်းဆုံး အရိုအသေပေးလိုက်ပြန်သည်။ "သားတော် မှားသွားပါတယ်။ ခမည်းတော် အပြစ်ပေးတော်မူပါ"
"ဟူး.." ဧကရာဇ်ချန်ပင်းက သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ရင်း ဒေါသကို ငြိမ်သက်စေလိုက်လေ၏။
"မင်းမှားမှန်း မင်းသိရင် ကောင်းတာပေါ့"
ဧကရာဇ်ချန်ပင်းက မတ်တတ်ရပ်ကာ သားဖြစ်သူ၏ အနီးသို့ လျှောက်သွားပြီး ပခုံးကို ပုတ်ပေးလိုက်ပေသည်။
"ကျွယ်အာ.. မင်းက ရှားပါးတဲ့ ရှေးဟောင်းမိစ္ဆာကိုယ်ထည်ကို ပိုင်ဆိုင်ထားတယ်။ အနာဂတ်မှာ မင်းရဲ့ သွေးဆက်နွယ်မှုက ဘိုးဘေးအခြေအနေဆီကို သေချာပေါက် ပြန်လည်ရောက်ရှိသွားပြီး ငါတို့ ငှက်မျိုးနွယ်ရဲ့ ဘုန်းကျက်သရေကို ပြန်လည်ရယူနိုင်လိမ့်မယ်။ ဖီးနစ်နီမျိုးနွယ်စုတောင်မှ မင်းကို အထင်သေးဝံ့မှာ မဟုတ်ဘူး။ ဒါ့အပြင် မင်းက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး ရွယ်တူတွေထက် အများကြီး ရင့်ကျက်မှုရှိတယ်။ ဒါပေမဲ့ မင်းက ငယ်ရွယ်လွန်းသေးပြီး အတွေ့အကြုံလည်း အရမ်းနည်းနေသေးတယ်။ မင်း လျှောက်ရမယ့်လမ်းက အများကြီး ကျန်သေးတယ်"
"မနက်ဖြန် ထုရှန်းကျင်းစီဆီသွားပြီး တောင်းပန်လိုက်။ ယောကျာ်းပီသတဲ့ ကျက်သရေကို ပြသလိုက်စမ်း.. နားလည်လား"
ချန်ကျွယ်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "နားလည်ပါပြီ ခမည်းတော်"
"နားလည်ရင် ကောင်းပြီ"
ဧကရာဇ်ချန်ပင်းက ကျေနပ်စွာ ဆိုလိုက်ရာ သူ၏ မျက်လုံးများအတွင်း၌ ပြင်းပြသော ရည်မှန်းချက်များ တောက်လောင်နေလေ၏။
"ဒုတိယအကြိမ် လူသားနဲ့မိစ္ဆာ စစ်ပွဲမှာ ငါတို့ မိစ္ဆာမျိုးနွယ် ရှုံးနိမ့်သွားပြီးတဲ့နောက် မိစ္ဆာကမ္ဘာမှာရှိတဲ့ အင်အားစုအသီးသီးက ဂနာမငြိမ် ဖြစ်နေကြတယ်။ ငါတို့က ကြီးမားတဲ့ ပရမ်းပတာခေတ်ကြီးထဲကို ဝင်ရောက်နေပေမဲ့ အဲဒီလိုပဲ ငါတို့ ကောင်းကင်မိစ္ဆာနိုင်ငံတော်အတွက်ကလည်း အကြီးမားဆုံး အခွင့်အရေးပဲ"
"ငါတို့ ကောင်းကင်မိစ္ဆာနိုင်ငံတော်က ဒါကို အရယူရမယ်"
"ရှောင်မို.. နင် အဆင်ပြေရဲ့လား"
"ရှောင်မို.. နာနေလား"
"ရှောင်မို.. ဆေးခန်းမကို ပြန်သွားပြီး ထပ်ပြချင်သေးလား"
"ငါတို့ ဆေးခန်းမကို ထပ်သွားသင့်တယ်ထင်တယ်"
"ဘယ်လိုပဲဖြစ်ဖြစ် အစ်မယွဲ့ရှီက ဆေးကျင့်ကြံသူမှ မဟုတ်တာ။ စာအုပ်တွေထဲမှာ ပါတဲ့ နောက်ဆက်တွဲဆိုးကျိုး တစ်ခုခု ဖြစ်လာရင် ဘယ်လိုလုပ်မလဲ"
ခြံဝင်းထဲတွင်။
အစေခံမလေး ယွဲ့ရှီက ရှောင်မို၏ ဒဏ်ရာများကို ဆေးထည့်ပေးကာ ပတ်တီးစည်းပေးနေစဉ် ထုရှန်းကျင်းစီသည် သူမ၏ အမြီးလေးကို လှုပ်ယမ်းရင်း စိုးရိမ်တကြီးဖြင့် ရှောင်မိုအား ကြည့်နေလေ၏။
"သခင်မလေး.. ကျွန်တော် တကယ် အဆင်ပြေပါတယ်။ ဒါတွေက အပေါ်ယံဒဏ်ရာတွေပါ။ ရက်အနည်းငယ်ဆိုရင် သက်သာသွားပါလိမ့်မယ်။ ဆေးခန်းမကို သွားဖို့ မလိုပါဘူး"
ရှောင်မိုက ဘာလုပ်ရမှန်းမသိစွာ ပြုံးလိုက်ချေပြီ။
ထုရှန်းကျင်းစီက သူ့ကို ခြံဝင်းထဲသို့ ပြန်ခေါ်လာကတည်းက သူ၏ နားထဲတွင် တတွတ်တွတ် ပြောနေခဲ့ခြင်း ဖြစ်သည်။
ရှောင်မိုကမူ ယင်းကို စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ဟု မခံစားရပေ။
မည်သို့ပင်ဆိုစေ တစ်စုံတစ်ယောက်က မိမိအပေါ် ဤမျှလောက် ဂရုစိုက်ပေးခြင်းက ကံကောင်းခြင်းတစ်ရပ်ပင် မဟုတ်ပါလော။
မိဘများမှလွဲ၍ အခြားသူတစ်ယောက်အပေါ် ဤမျှလောက် ဂရုစိုက်မည့်သူ မည်မျှရှိမည်နည်း။
ဒီဘဝတွင် သူ၌ မိဘများပင် မရှိခြင်းကိုတော့ ထည့်ပြောစရာပင် လိုမည်မထင်ပေ..
သို့သော် သခင်မလေးက အလွန်အမင်း စိုးရိမ်လွန်နေသည်ဟုသာ ရှောင်မို ခံစားရခြင်း ဖြစ်လေသည်။
"ဟုတ်ပါတယ် သခင်မလေး.. ရှောင်မိုမှာ ကြီးကြီးမားမား အန္တရာယ် မရှိပါဘူး။ အပေါ်ယံဒဏ်ရာ တချို့လောက်ပါပဲ။ ခဏလောက် နားလိုက်ရင် အဆင်ပြေသွားမှာပါ။ စိတ်ချလက်ချသာ နေပါ"
ယွဲ့ရှီက ရှောင်မို၏ လက်မောင်းရှိ ပတ်တီးကို အထုံးချည်ပေးပြီးနောက် ထုရှန်းကျင်းစီအား နှစ်သိမ့်ပေးလိုက်၏။
ထိုသို့ ပြောလိုက်သော်လည်း ယွဲ့ရှီ၏ မျက်လုံးများထဲတွင် ခပ်ရေးရေး ဒေါသများက ပုန်းကွယ်နေပေသည်။
ရှောင်မို၏ လည်ပင်းမှ လက်သည်းရာ နှစ်ခုကို ကြည့်ခြင်းအားဖြင့် ဤအရာက သာမန် ပဋိပက္ခ သို့မဟုတ် ရန်ပွဲတစ်ခုမျှသာ မည်သို့ဖြစ်နိုင်မည်နည်း။
အဲဒီ စာကြည့်ဆောင်အစေခံတွေက ရှောင်မိုကို သတ်ဖို့ ကြိုးစားခဲ့တာ အထင်အရှားပင်။
အကယ်၍ ရှောင်မိုသာ အတော်အသင့် စွမ်းဆောင်နိုင်ရည် မရှိခဲ့လျှင် ယခုဆိုလျှင် ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်နေရလောက်ချေပြီ။
ထိုသို့သာဆိုလျှင် သခင်မလေး မည်မျှအထိ ရင်ကွဲနာကျမည်ကို မည်သူသိနိုင်မည်နည်း။
ဒီကိစ္စကို သခင်မလေးကိုတော့ ပြောပြမည် မဟုတ်သော်လည်း သခင်မကြီးကိုတော့ သေချာပေါက် သတင်းပို့ရပေမည်။
"ကျင်းစီ.. စိတ်ချပါ။ ရှောင်မို တကယ် အဆင်ပြေပါတယ်။ သိပ်ပြီး မစိုးရိမ်ပါနဲ့။ အဲဒီလိုမှမဟုတ်ရင် အဲဒီအချိန်ကတည်းက သမီးကို သူ့ကို ဆေးခန်းမဆီ ခေါ်သွားခိုင်းလိုက်မှာပေါ့"
ယွဲ့ရှီ တစ်ယောက် အတွေးလွန်နေစဉ်မှာပင် ခြံဝင်းအတွင်းသို့ သိမ်မွေ့သော အသံတစ်သံ လွင့်ပျံလာလေတော့သည်။