← Chapters

အခန်း ၅၃၂

Vol. 54 Ch. 532

အခန်း ၅၃၂

Vol. 54 Ch. 532

အခန်း (၅၃၂)

လူတိုင်းက လှည့်ကြည့်လိုက်ကြရာ ဝတ်ရုံစိမ်းဝတ်ဆင်ထားသော လူတစ်ယောက် သူတို့ဆီသို့ ဖြည်းညင်းစွာ လျှောက်လာသည်ကို မြင်လိုက်ရလေ၏။

"ဂါရဝပြုပါတယ် ဆရာရှန်း"

ထုရှန်းကျင်းစီနှင့် အခြားနှစ်ယောက်က အလျင်အမြန် ရှေ့တိုးသွားကာ ထိုလူအား အရိုအသေပေးလိုက်ကြပေသည်။

"မင်းတို့အားလုံးကိုလည်း နှုတ်ခွန်းဆက်ပါတယ်" ဆရာရှန်းက ခေါင်းညိတ်ကာ အရိုအသေ ပြန်ပေးလိုက်လေ၏။

"ဆရာ.. ဒီကို ဘာကိစ္စများရှိလို့ လာတာလဲဟင်" ထုရှန်းကျင်းစီက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

"သခင်လေးရှောင်နဲ့ စကားနည်းနည်းပြောချင်လို့ပါ" ရှန်းရှီးချွန်းက ရှောင်မိုအား ပြုံးလျက် ကြည့်လိုက်လေ၏။ "သခင်လေးရှောင် ငါနဲ့အတူ လမ်းလျှောက်ဖို့ အချိန်လေးများ ရနိုင်မလား"

"ဆရာက ဖိတ်ခေါ်မှတော့ ကျွန်တော်က ဘယ်ငြင်းဝံ့ပါ့မလဲ။ ဆရာ အရင်ကြွပါ" ရှောင်မိုက ခေါင်းညိတ်ပြလိုက်ပေသည်။

"သခင်လေးရှောင် အရင်သွားပါ"

ရှန်းရှီးချွန်းက ဖိတ်ခေါ်သည့်ဟန်ပန် ပြုလုပ်လိုက်ပြီး ရှောင်မို သူ၏အနီးသို့ ရောက်လာသည်ကို စောင့်ဆိုင်းကာ နှစ်ယောက်သား တောအုပ်လေးဆီသို့ အတူတကွ လျှောက်သွားကြလေတော့သည်။

ထုရှန်းကျင်းစီက နောက်မှလိုက်သွားချင်သဖြင့် ခြေတစ်လှမ်း ရှေ့တိုးလိုက်၏။

သို့သော်လည်း ယွဲ့ရှီက သူမ၏ သခင်မလေးကို ဆွဲထားပြီး ခေါင်းခါပြလိုက်ပေသည်။

ထုရှန်းကျင်းစီမှာ သူမ၏နှုတ်ခမ်းကို ဖွဖွလေးကိုက်ရင်း ဆရာရှန်းနှင့် ရှောင်မိုတို့ တဖြည်းဖြည်း ဝေးကွာသွားသည်ကိုသာ ရပ်ကြည့်နေနိုင်တော့သည်။

တောအုပ်လေးထဲသို့ ရောက်သောအခါ ရှန်းရှီးချွန်းက သူ၏ဝတ်ရုံလက်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ ရှောင်မိုအား ကမ်းပေးလိုက်လေ၏။

"ဒီဆေးလုံးက ဝိညာဉ်ကုစားခြင်းဆေးလုံးလို့ ခေါ်တယ်။ ဒဏ်ရာတွေကို ကုသတဲ့နေရာမှာ၊ အထူးသဖြင့် အသားနဲ့သွေးတွေ ပြန်လည်မွေးဖွားလာစေဖို့အတွက် အံ့မခန်းအာနိသင်ရှိတယ်။ သခင်လေးရှောင် သဘောမကျဖြစ်စရာမရှိရင် စမ်းသောက်ကြည့်လိုက်ပါ"

ရှောင်မိုက ရှန်းရှီးချွန်း၏ လက်ထဲရှိ ဆေးလုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်းရှီးချွန်းကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာတွင် သတိထားစောင့်ကြည့်နေသည့် အရိပ်အယောင်များ စွန်းထင်းနေချေပြီ။

"ဟားဟားဟား..." ရှန်းရှီးချွန်းက အားရပါးရ ရယ်မောလိုက်လေ၏။ "သခင်လေးရှောင်.. မင်းက ငယ်ပေမဲ့ ဒီလောက်အထိ အသေးစိတ်ကျလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ သခင်လေးရှောင် ဘာမှမစိုးရိမ်ပါနဲ့။ ဒီဆေးလုံးက ငါ့ရဲ့ တောင်းပန်မှုပါ၊ တခြားရည်ရွယ်ချက် ဘာမှမရှိပါဘူး။ ငါက ကလေးတစ်ယောက်ကို ဒုက္ခပေးလောက်တဲ့အထိ ယုတ်မာမယ့်သူမျိုး မဟုတ်ပါဘူး"

"ဆေးအတွက် ကျေးဇူးတင်ပါတယ် ဆရာရှန်း"

ရှောင်မိုက အားနာနေခြင်းမရှိဘဲ ဆေးလုံးကိုယူကာ မျိုချလိုက်လေတော့သည်။

ချက်ချင်းဆိုသလိုပင် ရှောင်မို၏ ခန္ဓာကိုယ်အတွင်း၌ နွေးထွေးသော စီးကြောင်းတစ်ခု စီးဆင်းသွားသည်ကို ခံစားလိုက်ရ၏။

အနည်းငယ် နာကျင်နေဆဲဖြစ်သော သူ၏ လက်မောင်းနှင့် လည်ပင်းတို့မှာ ရုတ်တရက် အများကြီး သက်သာသွားချေပြီ။

ရှောင်မိုသည် ဒဏ်ရာများ ပိုမိုမြန်ဆန်စွာ ကျက်သွားသည်ကိုပင် ခံစားလိုက်ရပေသည်။

"သခင်လေးရှောင်က ဒီဆေးလုံးကို ဘာဖြစ်လို့ ငါ့ရဲ့တောင်းပန်မှုလို့ သတ်မှတ်ရတာလဲဆိုတာကို မမေးချင်ဘူးလား" ရှန်းရှီးချွန်းက ရှောင်မိုကို ပြုံးလျက် ကြည့်လိုက်လေ၏။

"ကျွန်တော် တချို့တစ်ဝက်ကိုတော့ ခန့်မှန်းမိပါတယ်" ရှောင်မို၏ အမူအရာက အနည်းငယ် လေးနက်သွားပေသည်။ "ကျွန်တော်က လူသားတစ်ယောက်ဖြစ်ပေမဲ့ အနည်းဆုံးတော့ ထုရှန်းသခင်မလေးရဲ့ စာကြည့်ဆောင်အစေခံပါ။ ယုတ္တိကျကျ စဉ်းစားကြည့်ရင် ဝမ်ကျုံးနဲ့ တခြားလူတွေက ကျွန်တော့်ကို တိုက်ခိုက်ဖို့မပြောနဲ့ သတ်ဖို့တောင် မကြိုးစားသင့်ဘူးလေ။ ဒါတွေအားလုံးက သူတို့နောက်ကွယ်က သခင်ဖြစ်သူရဲ့ စေခိုင်းချက်ကြောင့် ဖြစ်ဖို့များတယ်"

ရှောင်မို၏ အဖြေကို ကြားသောအခါ ရှန်းရှီးချွန်း၏ မျက်လုံးများထဲတွင် အံ့ဩသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေတော့သည်။

"သခင်လေးရှောင်က တကယ်ကို ရွယ်တူတွေထက် အများကြီး ရင့်ကျက်လွန်းတယ်။ မင်းပြောတာ မှန်ပါတယ်။ ဝမ်ကျုံး မင်းကို တိုက်ခိုက်ခဲ့တဲ့ အကြောင်းရင်းက သူ့သခင်ရဲ့ ညွှန်ကြားချက်ကြောင့်ပါပဲ"

"တခြားစာကြည့်ဆောင်အစေခံတွေကတော့ ဝမ်ကျုံးရဲ့ လှည့်စားမှုကို ခံလိုက်ရတာ သက်သက်ပါပဲ"

"ကျွန်တော် နားမလည်ဘူး" ရှောင်မိုက ခေါင်းခါပြလိုက်၏။

ယုတ္တိကျကျ တွေးကြည့်လျှင် သူက စာကြည့်ဆောင်အစေခံ တစ်ယောက်မျှသာဖြစ်ပြီး ချန်ကျွယ်ကို စော်ကားမိခြင်းလည်း မရှိခဲ့ပေ။ ချန်ကျွယ်က သူ့ကို လူသားတစ်ယောက်အနေဖြင့် ရွံရှာမုန်းတီးလျှင်တောင် သေရာချထားသည်အထိ လုပ်ရန် မလိုအပ်ပေ။

ထိုသို့လုပ်ခြင်းဖြင့် သူ့အတွက် ဘာအကျိုးအမြတ် ရလာမှာမို့လို့လဲ။

ရှန်းရှီးချွန်းက လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ပြီး ရှောင်မိုအား ဦးညွှတ်အရိုအသေပေးလိုက်လေသည်။ "ဒီကိစ္စရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို သခင်လေးရှောင်ကို အလွယ်တကူတော့ ငါ ပြောပြလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် ချန်ကျွယ်က ငါ့ရဲ့ တပည့်ဖြစ်လျက်နဲ့ ဒီလို ရက်စက်တဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့တာက ငါ့ရဲ့ သင်ကြားမှု အားနည်းချက်ကြောင့်ပါပဲ။ ဒါပေမဲ့ သခင်လေးရှောင် စိတ်ချပါ။ ဒီလိုကိစ္စမျိုး နောက်ထပ် ထပ်ဖြစ်လာမှာ မဟုတ်တော့ပါဘူး"

"ဆရာက သူတို့ကို တရားစောင့်သိဖို့ သင်ပေးခဲ့ပေမဲ့ သူတို့က နားမထောင်ခဲ့တာပဲလေ။ ဒါက ဆရာနဲ့ ဘာဆိုင်လို့လဲ" ရှောင်မိုက ဦးညွှတ်ကာ အရိုအသေ ပြန်ပေးလိုက်၏။ "ဒါနဲ့ ကျောင်းတော်ရဲ့ စည်းမျဉ်းတွေအရဆိုရင် ဝမ်ကျုံးနဲ့ တခြားလူတွေကို ဘယ်လို အရေးယူရမှာလဲ"

ရှန်းရှီးချွန်းက မျက်လွှာချလိုက်ရာ အထီးကျန်ဆန်သော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာလေတော့သည်။ "ကျောင်းတော်ရဲ့ စည်းမျဉ်းတွေအရဆိုရင် အကြောင်းပြချက်မရှိဘဲ သူတစ်ပါးကို သတ်ဖြတ်တဲ့သူတွေဟာ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ကျောင်းတော်ကနေ ထုတ်ပယ်ခံရပြီး ဟန်ရှန်းကျောင်းတော်ကို နောက်ထပ် ခြေချခွင့် ရတော့မှာ မဟုတ်ဘူး"

ရှောင်မိုသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းမော့ကာ ထပ်မေးလိုက်လေ၏။ "ဒါဆိုရင် ခွင့်လွှတ်ပေးပါ ဆရာ.. တစ်စုံတစ်ယောက်က အကြောင်းပြချက်မရှိဘဲ မိစ္ဆာတစ်ကောင်ကို သတ်လိုက်ရင်ရော ဘာဖြစ်မလဲ"

"..."

ဤတစ်ကြိမ်တွင်မူ တိတ်ဆိတ်သွားသူမှာ ရှန်းရှီးချွန်း ပင်ဖြစ်ချေပြီ။

သူ၏ လည်စလုပ်က တစ်စုံတစ်ရာကို ပြောချင်သော်လည်း တွန့်ဆုတ်နေသည့်အလား လှုပ်ရှားသွားပေသည်။

နောက်ဆုံးတွင် ရှန်းရှီးချွန်းက သက်ပြင်းရှည်ကြီးတစ်ခုကို ရှူသွင်းလိုက်ပြီး ဆိုလေ၏။ "အကြောင်းပြချက်မရှိဘဲ မိစ္ဆာတစ်ကောင်ကို သတ်တဲ့သူက အသက်နဲ့ ပြန်ပေးဆပ်ရလိမ့်မယ်"

"သြော်.. ဒီလိုကိုး" ရှောင်မိုသည် သူလိုချင်သော အဖြေကို ရရှိသွားခဲ့ကာ သူ၏ မျက်လုံးများက ဆောင်းဦးရာသီမှ ရေပြင်ကဲ့သို့ တည်ငြိမ်အေးချမ်းနေလေတော့သည်။

"သခင်လေးရှောင်က ဒါကို မတရားဘူးလို့ ခံစားရလို့လား။ နှစ်ခုစလုံးက အသက်တွေဖြစ်လျက်နဲ့ ဘာလို့ မိစ္ဆာနဲ့ လူသားတွေက မတူညီရတာလဲဆိုတာမျိုးပေါ့" ရှန်းရှီးချွန်းက မေးလိုက်၏။

"မိစ္ဆာတစ်ကောင်ရဲ့ အသက်က မိစ္ဆာတစ်ကောင်ရဲ့ အသက်ပဲ။ လူသားတစ်ယောက်ရဲ့ အသက်က လူသားတစ်ယောက်ရဲ့ အသက်ပဲလေ" ရှောင်မိုက ပြန်ဖြေလိုက်လေသည်။ "ဒါက မိစ္ဆာကမ္ဘာပဲ။ ဒီနေရာမှာ လူသားတစ်ယောက်ရဲ့ အသက်က မြက်ပင်တစ်ပင်လိုပဲ တန်ဖိုးမရှိဘူးဆိုတာကို ကျွန်တော် နားမလည်နိုင်တာ မဟုတ်ပါဘူး"

"ဒါပေမဲ့..." ရှောင်မိုက ခေါင်းမော့လိုက်ပြီး ရှန်းရှီးချွန်း၏ မျက်လုံးများကို တိုက်ရိုက်စိုက်ကြည့်ကာ ဆိုလိုက်သည်။ "ကျွန်တော် နားလည်နိုင်ပေမဲ့.. ဒီလိုမျိုးတော့ မဖြစ်သင့်ဘူးလို့ ခံစားရတယ်"

ထိုသို့ပြောပြီးနောက် ရှောင်မိုက ခြေတစ်လှမ်း နောက်ဆုတ်ကာ ထပ်မံ၍ ဦးညွှတ်အရိုအသေပေးလိုက်ပြန်သည်။ "ဆေးလုံးအတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ပြီးတော့ ဒီကိစ္စတွေကို ပြောပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အချိန်လည်း လင့်နေပြီဆိုတော့ သခင်မလေးက ခြံဝင်းထဲမှာ ကျွန်တော့်ကို စောင့်နေလောက်ပြီ။ ဒီတပည့် ခွင့်ပြုပါဦး"

"ကောင်းကောင်း နားလိုက်ပါ" ဆရာရှန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်အရိုအသေပေးရင်း ရှောင်မိုအား နှုတ်ဆက်လိုက်လေ၏။

ရှောင်မိုက လှည့်ကာ ထွက်ခွာသွားလေတော့သည်။

အဝေးသို့ ရောက်သည်အထိ ရှောင်မို ပျောက်ကွယ်သွားသည့်တိုင် ရှန်းရှီးချွန်းက သူ၏ အကြည့်များကို ရုပ်သိမ်းခြင်းမရှိဘဲ ထွက်ခွာသွားသော လမ်းကြောင်းကိုသာ ဆက်လက် ငေးမောကြည့်ရှုနေပေသည်။

"ဒီလူသားကောင်လေးက မင်းနဲ့ တော်တော်လေး တူတာပဲ" စည်းမျဉ်းထိန်းသိမ်းရေးခန်းမမှ အုပ်ချုပ်ရေးမှူးကျန်းဖုန်းက ကျိုင်းပင်တစ်ပင်၏ နောက်ကွယ်မှ ထွက်လာခဲ့ပြီး ပင်စည်ကို မှီကာ ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားရင်း ရှန်းရှီးချွန်းအား ကြည့်လိုက်လေ၏။ "ပြီးတော့ ထုရှန်းမျိုးနွယ်စုက အဲဒီကောင်မလေးကလည်း သူမနဲ့ တော်တော်လေး တူတယ်"

"မတူပါဘူး။ ပြီးတော့ သူတို့တွေ တူမလာဖို့လည်း ငါ မျှော်လင့်ပါတယ်" ရှန်းရှီးချွန်း၏ မျက်လုံးများထဲတွင် အတိတ်ကို လွမ်းဆွတ်သတိရနေသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားချေပြီ။ "ငါတို့လိုမျိုး ဖြစ်လာရင် ဘာအဆုံးသတ်ကောင်းမှ ရှိလာမှာ မဟုတ်ဘူး..."

"ဒါနဲ့ စကားမစပ်" ရှန်းရှီးချွန်းက သူ၏ စိတ်ခံစားမှုများကို ပြန်လည်ထိန်းချုပ်လိုက်ပြီး အုပ်ချုပ်ရေးမှူးကျန်းဖုန်းအား ကြည့်လိုက်လေသည်။ "မင်းက ဘာလို့ အုပ်ချုပ်ရေးခန်းမကို ပြန်မသွားတာလဲ။ ဘာလို့ ငါ့နောက်ကို တစ်ချိန်လုံး လိုက်လာရတာလဲ"

အုပ်ချုပ်ရေးမှူးကျန်းဖုန်းက ဘေးဘက်သို့ မြက်မြစ်တစ်ချောင်းကို ထွေးထုတ်လိုက်လေ၏။ "ငါ မင်းကို ပြောရမယ့် ကိစ္စတစ်ခုရှိလို့။ ဒါပေမဲ့ အဲဒီကလေးဆိုးတွေကြောင့် ငါ လုံးဝ မေ့သွားခဲ့တာ"

"ဘာကိစ္စလဲ" ရှန်းရှီးချွန်းက သူ၏ မိတ်ဆွေကို မေးလိုက်ပေသည်။

"ငါ ကျောင်းတော်ကနေ ထွက်သွားတော့မလို့" အုပ်ချုပ်ရေးမှူးကျန်းဖုန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုလေ၏။ "မကြာသေးခင်က သမင်ဖြူကျောင်းတော်က ပညာရှင်တစ်ယောက် ငါတို့ မိစ္ဆာကမ္ဘာကို ရောက်လာခဲ့တယ်။ သူ့ရဲ့ ဓားချီက တော်တော်လေး အံ့မခန်းဖြစ်ပြီး မိစ္ဆာ ဓားကျင့်ကြံသူတွေနဲ့ပဲ သီးသန့် ဓားစမ်းသပ်လေ့ရှိတယ်လို့ ကြားရတယ်။ ငါ သွားပြီး သူနဲ့ ယှဉ်ပြိုင်ချင်လို့"

"ကောင်းပြီလေ.. ဒါပေမဲ့ သေတော့မသေစေနဲ့" မိမိ၏ မိတ်ဆွေဖြစ်သူ အဝေးသို့ ထွက်သွားတော့မည်ဖြစ်၍ ရှန်းရှီးချွန်းမှာ အထီးကျန်မှုကို မခံစားဘဲ မနေနိုင်သော်လည်း တားဆီးရန် မကြိုးစားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် တားဆီးနေလျှင်လည်း အချည်းနှီးသာဖြစ်မည်ကို သူ သိထားသောကြောင့်ပင်။

"မင်းလည်း အတူတူပဲ"

အုပ်ချုပ်ရေးမှူးကျန်းဖုန်းက ရှေ့တစ်လှမ်း တိုးလာပြီး ရှန်းရှီးချွန်း၏ ပခုံးကို ပုတ်ကာ လေးနက်စွာ ကြည့်လိုက်လေ၏။

"မသေစေနဲ့။ ဇွတ်ရူးပြီး ပြဿနာမရှာနဲ့။ အသက်ရှင်နေရတာက ဘာနဲ့မှမလဲနိုင်အောင် ကောင်းတယ်"

"မင်းသာ သေသွားရင် ငါကလွဲပြီး တမလွန်မှာတောင် သူမက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး"

All Chapters