← Chapters

အခန်း ၅၃၃

Vol. 54 Ch. 533

အခန်း ၅၃၃

Vol. 54 Ch. 533

အခန်း (၅၃၃)

ရှောင်မိုနှင့် ထိုမိစ္ဆာမျိုးနွယ် စာကြည့်ဆောင်အစေခံများကြား ပဋိပက္ခဖြစ်ပွားပြီးနောက် နောက်တစ်နေ့နံနက်ခင်းသို့ ရောက်ရှိလာလေ၏။

ယခုရက်ပိုင်းသည် ဟန်ရှန်းကျောင်းတော် တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ဖြစ်သောကြောင့် ချန်းရွှယ်တောင်ထွတ်ကို ငါးရက်တာ အားလပ်ရက် ပေးထားပေသည်။

ထို့ကြောင့် ထုရှန်းကျင်းစီသည် ယနေ့ အတန်းတက်ရန် မလိုသေးသလို ရှောင်မိုကလည်း သူမနှင့်အတူ စာသင်ဆောင်သို့ လိုက်ပါရန် မလိုအပ်ချေ။

ဤငါးရက်တာ အားလပ်ရက်ကို အခွင့်ကောင်းယူကာ ရှောင်မိုက အုတ်မြစ်ချခြင်းအဆင့်သို့ တက်လှမ်းရန် သူ၏ မိုးကြိုးဘေးဒဏ်ကို ခံယူရန် ရည်ရွယ်ထားလေသည်။

ရှောင်မို၏ ပြင်ပဒဏ်ရာများ အပြည့်အဝ မပျောက်ကင်းသေးသော်ငြား ယင်းက ပြဿနာကြီးတစ်ရပ် မဟုတ်ဟု သူ ခံစားရပေသည်။

ထို့အပြင် ယနေ့သည် နေ့ကောင်းရက်မြတ်တစ်ရက် ဖြစ်နေပေ၏။ ယနေ့ကိုသာ လက်လွတ်ခံလိုက်ရပါက နောက်ထပ် ခြောက်လအတွင်း ဤကဲ့သို့ ကောင်းမွန်သောနေ့မျိုး ရှိလာတော့မည်မဟုတ်ဟု ရှောင်မို ခံစားမိလေသည်။

သူက ခြောက်လတိုင်တိုင် ထပ်မံစောင့်ဆိုင်းရန် အချိန်မရှိတော့ချေ။

အိပ်ရာမှထကာ အဝတ်အစားလဲလှယ်ပြီးနောက် ရှောင်မိုသည် ပုံမှန်အတိုင်း နံနက်ခင်းနေရောင်ခြည်၏ အဆီအနှစ်ကို စုပ်ယူပြီး မွန်းလွဲပိုင်းရောက်မှသာ ဘေးဒဏ်ခံယူရန် သွားရန် စီစဉ်လိုက်လေတော့သည်။

သို့ရာတွင် ရှောင်မိုက အခန်းတွင်းမှ ထွက်လာသောအခါ မှင်တက်အံ့အားသင့်သွားရချေပြီ။

ထုရှန်းကျင်းစီသည် ခြံဝင်းထဲရှိ ကျောက်တုံးထိုင်ခုံလေးပေါ်တွင် ထိုင်နေလေ၏။

အတိတ်ကဆိုလျှင် စာသင်ဆောင် အားလပ်ရက်ဖြစ်တိုင်း ထုရှန်းကျင်းစီသည် အမြဲတမ်း အိပ်ရာထနောက်ကျလေ့ရှိပေသည်။

နေမင်းကြီး ဖင်ထိုးလုမတတ် ပူပြင်းလာသည်အထိ သူမက အိပ်ရာမှ ထလေ့မရှိချေ။

သို့သော် ယနေ့တွင်မူ ကျင်းစီက ဤမျှစောစောစီးစီး ထနေခြင်းက တကယ်ကို အနည်းငယ် ထူးဆန်းနေပေသည်။

ထုရှန်းကျင်းစီသည် မေးထောက်ထားလျက် သူမ၏ အမွေးပွမြေခွေးအမြီးလေးက ဘယ်ညာ ယိမ်းနွဲ့နေကာ ခြံဝင်းအပြင်ဘက်သို့ ငေးမောကြည့်နေလေ၏။

ပုံမှန်အားဖြင့် လွတ်လွတ်လပ်လပ်နှင့် ပူပင်သောကကင်းစွာ နေတတ်သော သူမသည် ယခုအခါတွင် အနည်းငယ် ဝမ်းနည်းညှိုးငယ်နေပုံရလေသည်။

သူမ၏ ခေါင်းငယ်လေးက အလွန်အရေးကြီးသော အရာတစ်ခုကို အလေးအနက် စဉ်းစားနေပုံရပေသည်။

"သခင်မလေး.. ဒီနေ့ အစောကြီး ထနေပါလား" ရှောင်မိုက ရှေ့သို့လျှောက်သွားကာ အပြုံးဖြင့် နှုတ်ဆက်လိုက်လေ၏။

"အမလေး"

အတွေးထဲ နစ်မြုပ်နေသော ထုရှန်းကျင်းစီမှာ လန့်ဖျပ်သွားပြီး သူမ၏ နားရွက်နှင့် အမြီးပေါ်ရှိ အမွေးများ ရုတ်တရက် ထောင်မတ်သွားချေပြီ။

"ရှောင်မို.. နင် ငါ့ကို လန့်သေအောင် လုပ်နေတာလား" ထုရှန်းကျင်းစီက သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ပြီး သူမ၏ လက်သေးသေးလေးဖြင့် ရင်ဘတ်ကို ဆက်တိုက် ပုတ်နေလေတော့သည်။

"တောင်းပန်ပါတယ် သခင်မလေး.. ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး" ရှောင်မိုက ပြုံးလိုက်၏။ "ဒါနဲ့ သခင်မလေးက ဘာလို့ ငေးနေတာလဲ။ စိတ်ညစ်စရာ တစ်ခုခုများ ရှိနေလို့လား"

"စိတ်ညစ်စရာ.. ဘယ်ကသာ မရှိပါဘူး" ထုရှန်းကျင်းစီက မတ်မတ်ထိုင်လိုက်ပြီး သူမ၏ ခေါင်းငယ်လေးကို ခါယမ်းပြလိုက်ပေသည်။

“ သေချာလို့လား" ရှောင်မိုက မြေခွေးမလေး၏ မျက်လုံးများကို စိုက်ကြည့်လိုက်လေ၏။ "သခင်မလေးမှာ စိတ်ညစ်စရာရှိရင် ကျွန်တော့်ကို ပြောပြလို့ရပါတယ်။ ကျွန်တော် အကြံဉာဏ် တစ်ခုခု ပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်"

"ငါ့မှာ ဘာစိတ်ညစ်စရာ ရှိနိုင်မှာမို့လို့လဲ။ ငါ့မှာ ဘာစိတ်ညစ်စရာမှ မရှိဘူး"

ထုရှန်းကျင်းစီက ခေါင်းကို သွက်လက်စွာ ခါယမ်းလိုက်သော်ငြား သူမ၏ အကြည့်များက ရှောင်မိုကို အခါအားလျော်စွာ ခိုးကြည့်နေပြီး တစ်ခုခုပြောချင်နေသော်လည်း မျိုသိပ်ထားသည့်ဟန် ပေါ်လွင်နေပေသည်။

"သြော်.. ဒါဆိုလည်း ကောင်းတာပေါ့"

ထုရှန်းကျင်းစီ၏ စိတ်ထဲတွင် တစ်စုံတစ်ခု သေချာပေါက် ရှိနေသည်ကို ရှောင်မို ခံစားမိလေ၏။

သို့သော် သူမက ဖွင့်မပြောသဖြင့် ရှောင်မိုကလည်း ထပ်မံ၍ အတင်းအကျပ် မေးမြန်းရန် မသင့်တော်ဟု တွေးလိုက်ချေပြီ။

ခပ်မြန်မြန် မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် ရှောင်မိုသည် နေမင်းကို မျက်နှာမူကာ ထိုင်ချလိုက်ပြီး နံနက်ခင်းနေရောင်ခြည်၏ အဆီအနှစ်ကို စုပ်ယူရန် ဆန်ဝါမဟာအိပ်မက် ကျင့်စဉ်ကို စတင်လည်ပတ်လိုက်လေတော့သည်။

အလွန်တရာ စစ်မှန်ပြီး ရှေးကျသော တာအိုမှော်ပညာရပ်တစ်ခုအနေဖြင့် ဆန်ဝါမဟာအိပ်မက်သည် နေနှင့်လ၏ အဆီအနှစ်ကို စုပ်ယူရန်၊ ကောင်းကင်နှင့်မြေကြီး၏ နိယာမများကို နားလည်သဘောပေါက်ရန်နှင့် မိမိကိုယ်ကိုယ် သဘာဝတရားထဲသို့ ပေါင်းစပ်စီးမျောသွားစေရန် လိုအပ်ပေသည်။

ထို့အပြင် လွန်ခဲ့သောတစ်နှစ်တာ ကာလအတွင်း ရှောင်မိုသည် ဆန်ဝါမဟာအိပ်မက်ကို ပိုမိုကျင့်ကြံလေလေ၊ ဤကျင့်စဉ်၏ အချုပ်အနှောင်ကင်းမဲ့မှုနှင့် သဘာဝကျကျ လွတ်လပ်မှုတို့ကို ပိုမိုနက်ရှိုင်းစွာ ခံစားသိရှိလာရလေလေ ဖြစ်ပေသည်။

ဤကျင့်စဉ်တွင် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ လုံးဝမရှိချေ။ ယင်းအစား မိမိ၏ နှလုံးသားဆန္ဒနောက်သို့ လိုက်နာခြင်း၊ မိမိကိုယ်ကိုယ် စောင့်ထိန်းကျင့်ကြံခြင်းနှင့် မိမိ၏ ဗီဇသဘာဝကို ပြုစုပျိုးထောင်ခြင်းတို့သာ အဓိကဖြစ်လေ၏။

ဤအချက်ကြောင့်ပင် ရှောင်မိုသည် ဆန်ဝါမဟာအိပ်မက်ကို ၎င်း၏ အထွတ်အထိပ်အထိ ကျင့်ကြံနိုင်မည်ဆိုပါက နိယာမတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ခြင်းမှတစ်ဆင့် နိယာမအားလုံးကို ထိုးထွင်းသိမြင်နိုင်မည့် အခြေအနေတစ်ရပ်သို့ ဆိုက်ရောက်နိုင်မည်ဟု ယုံကြည်နေမိလေတော့သည်။

ဘေးဘက်တွင် ထိုင်နေသော ထုရှန်းကျင်းစီကမူ ရှောင်မို၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ထပ်မံတောက်ပလာသည်ကို မြင်သော်လည်း ယခုအခါတွင် ယင်းအရာနှင့် အသားကျနေခဲ့ချေပြီ။

သို့သော်လည်း ထုရှန်းကျင်းစီက ရှောင်မိုကို ငေးကြည့်နေသည့် အမူအရာတွင် ကလေးဆန်ဆန် ညှိုးငယ်ဝမ်းနည်းမှု အရိပ်အယောင်များ ကိန်းအောင်းနေပုံရပေသည်။

တစ်နာရီခန့် ကြာပြီးနောက် ရှောင်မို မျက်လုံးဖွင့်ကြည့်လိုက်ရာ ထုရှန်းကျင်းစီသည် ကျောက်တုံးထိုင်ခုံပေါ်တွင် ထိုင်လျက် ငေးမောနေဆဲဖြစ်သည်ကို တွေ့လိုက်ရလေ၏။

သူမ၏ ခန္ဓာကိုယ်အထက်ပိုင်းက စားပွဲပေါ်သို့ မှောက်ချထားကာ သူမ၏ ကြီးမားသော မြေခွေးအမြီးကြီးက ရှေ့နောက် ယမ်းခါနေပြီး မြေပြင်ပေါ်ရှိ ကျောက်စရစ်ခဲလေးများကို သူမ၏ ခြေထောက်များဖြင့် ဟိုသည် တွန်းကန်ဆော့ကစားနေပေသည်။

အကြိမ်ပေါင်းများစွာပင် ထုရှန်းကျင်းစီက သူ့ကို တစ်စုံတစ်ခု ပြောချင်နေသည်ကို ရှောင်မို အာရုံခံမိလေ၏။

သို့သော်လည်း နောက်ဆုံးတွင်မူ သူမသည် မည်သို့ စတင်ပြောရမှန်းမသိသည့်အလား လက်လျှော့သွားခဲ့လေတော့သည်။

နေ့လယ်စာစားချိန် ရောက်သောအခါ ထုရှန်းကျင်းစီက အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ ရှောင်မိုအား အသိပညာပေး စကားတချို့ကို ရုတ်တရက် စတင်ပြောပြလာချေပြီ။

ဥပမာအားဖြင့် ဆိုရသော်..

"တကယ်တော့ လူတစ်ယောက်အတွက် ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့က အရေးအကြီးဆုံးလို့ ငါထင်တယ်"

"စာအုပ်တွေထဲမှာတော့ အရာရာတိုင်းကို အတင်းအကျပ် ဆုပ်ကိုင်ထားလို့ မရဘူးလို့ ရေးထားတယ်"

"ရှောင်မို.. နင့်ရဲ့ လက်ရှိပုံစံလေးကတင် တော်တော်လေး ကောင်းနေပြီလို့ ငါထင်တယ်"

"တကယ်ပြောတာ.. တော်တော်လေးကို ကောင်းနေပါပြီ"

ရှောင်မိုက ထုရှန်းကျင်းစီ ဘာကိုဆိုလိုမှန်း နားမလည်သဖြင့် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြရုံသာ တတ်နိုင်ခဲ့လေ၏။

ရှောင်မိုက သူမ၏ ဆိုလိုရင်းကို နားမလည်သည်ကို မြင်သောအခါ ထုရှန်းကျင်းစီက ပါးဖောင်းလိုက်ပြီး အစားအစာများကို ပါးစပ်ထဲသို့ အလွေးကြီးလွေးကာ သွတ်သွင်းလိုက်ပြီးနောက် စကားတစ်ခွန်းမှ ဆက်မပြောတော့ချေ။

ရှောင်မိုကမူ သူမကို မည်သို့မည်ပုံ ဒေါသထွက်အောင် လုပ်မိသွားမှန်းပင် မသိလိုက်ပေ။

နေ့လယ်စာစားပြီးနောက် ထုရှန်းကျင်းစီသည် တစ်ရေးအိပ်ရန် သူမ၏ အခန်းထဲသို့ ပြန်ဝင်သွားလေ၏။

ထုရှန်းကျင်းစီ၏ အခန်းတွင်းမှ လှုပ်ရှားသံများ ငြိမ်သက်သွားပြီး သူမ အိပ်ပျော်သွားပြီဖြစ်ကြောင်း သေချာသွားသောအခါ ရှောင်မိုက တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့လေတော့သည်။

"အုတ်မြစ်ချခြင်းအဆင့်အတွက် ဘေးဒဏ်သွားခံယူမလို့လား"

ရှောင်မို ခြံတံခါးဝမှ ထွက်ခွာခါနီးအချိန်လေးမှာပင် ယွဲ့ရှီ၏ အသံက သူ၏ ကျောဘက်ဆီမှ ထွက်ပေါ်လာလေ၏။

ရှောင်မိုက လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ် အစ်မယွဲ့ရှီ။ ကျွန်တော် ချီသန့်စင်ခြင်း ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားပြီဖြစ်သလို ဆေးလုံးကိုလည်း ရရှိပြီးပါပြီ။ အုတ်မြစ်ချခြင်းအဆင့်ဆီ တက်လှမ်းဖို့ ကြိုးစားရမယ့်အချိန် ရောက်ပါပြီ"

"ဘေးဒဏ်ခံယူတယ်ဆိုတာ ကိစ္စသေးသေးလေး မဟုတ်ဘူး။ သခင်မလေးကို တစ်ခုခု နှုတ်မဆက်သွားတော့ဘူးလား" ယွဲ့ရှီက မေးလိုက်ပေသည်။

"ကိစ္စသေးသေးလေး မဟုတ်လို့ကိုပဲ သူမကို ကျွန်တော် ဖွင့်မပြောရက်တာပါ"

ရှောင်မိုက ပြုံးလျက် ခေါင်းခါပြလိုက်လေ၏။

"သခင်မလေးက အပြစ်ကင်းစင်ပြီး ပွင့်လင်းလွတ်လပ်ပေမဲ့ ဘေးဒဏ်ခံယူတယ်ဆိုတာ ဘာကိုဆိုလိုလဲ သူမ ကောင်းကောင်းသိပါတယ်။ သူမကိုသာ ပြောပြလိုက်ရင် သူမကို ပိုပြီး စိုးရိမ်ပူပန်စေရုံပဲ ရှိမှာပါ"

"အဲဒီအစား ဘာမှမပြောဘဲ နေတာက ပိုကောင်းပါတယ်။ ဒါပေမဲ့ တကယ်လို့ ကျွန်တော် ပြန်မလာနိုင်ခဲ့ရင်တော့ သူမရဲ့ အမြဲတမ်း ဂရုစိုက်ပေးမှုတွေအတွက် ကျေးဇူးတင်တယ်လို့ သခင်မလေးကို ပြောပြပေးပါ"

"ဟက်"

ယွဲ့ရှီက အေးစက်စွာ ရယ်မောလိုက်ပြီး ရှောင်မိုထံသို့ ဆေးပုလင်းတစ်ပုလင်းကို လှမ်းပစ်ပေးလိုက်လေ၏။

"ဒီဆေးပုလင်းကို သခင်မကြီးက ပေးထားတာ။ မင်း ဘေးဒဏ်ခံယူတဲ့အချိန် မင်းကို ပေးဖို့ သခင်မကြီးက မှာထားခဲ့တယ်။ မင်း သေတော့မယ်လို့ ခံစားရတဲ့အချိန်ရောက်ရင် ဒီဆေးကို သောက်လိုက်။ တကယ်လို့များ.. တကယ်လို့များလို့ပဲ ငါ ပြောနိုင်တယ်.. တကယ်လို့များ ဒါက မင်းရဲ့အသက်ကို ကယ်တင်ပေးနိုင်ကောင်း ကယ်တင်ပေးနိုင်လိမ့်မယ်"

"သခင်မလေးအတွက် အဲဒီကျေးဇူးတင်စကားတွေကိုတော့ မင်းကိုယ်တိုင် အသက်ရှင်လျက်ပြန်လာပြီးမှ ပြောလိုက်တာက အကောင်းဆုံးပဲ"

ယွဲ့ရှီ၏ စကားများ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရှောင်မိုက ကျေးဇူးတင်စကားဆိုသည်ကိုပင် မစောင့်ဆိုင်းတော့ဘဲ လှည့်ကာ ထုရှန်းကျင်းစီ၏ အခန်းထဲသို့ ဝင်သွားလေတော့သည်။

"နောက်ထပ် ကျေးဇူးကြွေး တစ်ခုပါလား..."

သူ၏ လက်ထဲရှိ ဆေးပုလင်းကို ကြည့်ကာ ရှောင်မိုက တိုးတိတ်စွာ သက်ပြင်းချလိုက်ပြီး ဆေးပုလင်းကို သူ၏ ဝတ်ရုံလက်ထဲသို့ သိမ်းဆည်းလိုက်ကာ ခြံဝင်းအတွင်းမှ ထွက်ခွာသွားလေတော့သည်။

"သခင်မလေး.. သူရဲ့နောက်ကို တကယ် လိုက်မသွားတော့ဘူးလား"

အခန်းထဲတွင်မူ ယွဲ့ရှီက ကုလားထိုင်ပေါ်တွင် ထိုင်နေသော သူမ၏ သခင်မလေးကို ကြည့်ကာ နားမလည်နိုင်စွာ မေးမြန်းလိုက်ပေသည်။

ထုရှန်းကျင်းစီက အိပ်မပျော်သေးပေ။ ရှောင်မိုက ယမန်နေ့ကတည်းက အုတ်မြစ်ချခြင်း ဆေးလုံးကို ရရှိထားခဲ့သောကြောင့် ယနေ့ အားလပ်နေစဉ်အတွင်း ဘေးဒဏ်ခံယူရန် သေချာပေါက် သွားမည်ဆိုသည်ကို သူမ ကြိုတင်သိရှိထားပြီး ဖြစ်လေ၏။

"ဟင့်အင်း" ထုရှန်းကျင်းစီက ခေါင်းခါပြလိုက်သည်။ "ငါ သူ့နောက်ကို လိုက်သွားရင် ရှောင်မိုက စိတ်အနှောင့်အယှက် ဖြစ်သွားလိမ့်မယ်"

"ဒါ့အပြင် ငါ ဒီမနက် သူ့ကို အများကြီး စကားစမ်းကြည့်ခဲ့ပေမဲ့ သူ လုံးဝ နားမထောင်ဘူးလေ။ ရိုးရိုးသားသားပြောရရင် ဘာလို့များ ဘေးဒဏ်ခံယူချင်ရတာလဲ။ တကယ်လို့ သူ သေသွားရင် ဘယ်လိုလုပ်မလဲ။ အခုအတိုင်းလေးက အရာအားလုံး အဆင်ပြေနေတာ သိသာကြီးကို..."

ထုရှန်းကျင်းစီက တိုးတိတ်စွာ ရေရွတ်လိုက်ရာ သူမ၏ လေသံတွင် ကလေးဆန်ဆန် စိတ်ကောက်နေသည့် အရိပ်အယောင်တစ်ခု ရောယှက်နေပေသည်။

သူမ၏ သခင်မလေး ပြောစကားများကို ကြားသောအခါ "သခင်မလေး.. သခင်မလေးက အဲဒီလောက်တောင် သွယ်ဝိုက်ပြီး ဝေဝေဝါးဝါး ပြောနေမှတော့ သခင်မလေး ဆိုလိုချင်တာကို ဘယ်သူကများ သိနိုင်မှာလဲ" ဟု ယွဲ့ရှီ အမှန်တကယ်ပင် အော်ပြောပစ်ချင်နေမိတော့သည်။

သို့သော်လည်း သခင်မလေးက ပွင့်ပွင့်လင်းလင်း တားဆီးခြင်း မပြုခဲ့သည့် အကြောင်းရင်းမှာ အုတ်မြစ်ချခြင်းအဆင့်သို့ တက်လှမ်းရန်က ရှောင်မို အမှန်တကယ် လုပ်ချင်နေသောအရာ ဖြစ်သောကြောင့်ဆိုသည်ကို ယွဲ့ရှီ ကောင်းကောင်း နားလည်ထားပေသည်။

ပြီးတော့ ယင်းက ရှောင်မို အမှန်တကယ် ဆန္ဒရှိသည့်အရာ ဖြစ်နေသရွေ့ သခင်မလေးက သူ့ကို တစ်ခါဖူးမျှ တားဆီးခဲ့ခြင်း မရှိခဲ့ချေ။

"အစ်မယွဲ့ရှီ" ထုရှန်းကျင်းစီက မော့ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများက ယွဲ့ရှီကို လေးနက်စွာ စိုက်ကြည့်လာလေ၏။ "ရှောင်မို သေချာပေါက် အဆင်ပြေမှာပါနော်... ဟုတ်တယ်မလား"

ရှောင်မိုသည် ဆန်ဝါမဟာအိပ်မက် ကျင့်စဉ်ထဲမှ လေနောက်လိုက် ခြေလှမ်းပညာရပ်ကို လည်ပတ်အသုံးပြုလိုက်ရာ ခြေတစ်လှမ်းလျှင် ကိုက်ဆယ်ခန့်အထိ အကွာအဝေးကို ဖြတ်ကျော်နိုင်ပြီး ဟန်ရှန်းကျောင်းတော်အတွင်းရှိ ကျန့်တောင် ဟုခေါ်သော လူသူကင်းမဲ့သည့် တောင်စွယ်တစ်ခုဆီသို့ အလျင်အမြန် ရောက်ရှိသွားလေတော့သည်။

ဟန်ရှန်းကျောင်းတော်သည် အလွန်တရာ ကျယ်ပြန့်သော ဧရိယာကို ပိုင်ဆိုင်ထားသော်ငြား တောင်ထွတ်တိုင်းကိုတော့ အသုံးချ ဖော်ဆောင်ထားခြင်း မရှိပေ။

၎င်းတို့အနက် ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝသော်လည်း လူသူအရောက်အပေါက်နည်းပါးသည့် ဖုန်းဆိုးတောင်ထွတ်အချို့လည်း ကျန်ရှိနေသေးလေ၏။

ကျန့်တောင်သည် ၎င်းတို့အနက်မှ တစ်ခုဖြစ်ပြီး ဟန်ရှန်းကျောင်းတော်၏ အဓိက တောင်ထွတ်များနှင့် အလွန်ဝေးကွာသော နေရာတွင် တည်ရှိပေသည်။

ရှောင်မို၏ အမြင်တွင် ဤနေရာသည် သူ၏ မိုးကြိုးဘေးဒဏ်ကို ခံယူရန်အတွက် အသင့်တော်ဆုံးနေရာတစ်ရပ် ဖြစ်လေသည်။

ရှောင်မိုက တောင်ပေါ်ရှိ ကျယ်ပြန့်ပြန့်ပြူးသော နေရာတစ်ခုသို့ လျှောက်သွားကာ ဘေးဒဏ်ခံယူရန်အတွက် မှော်အစီအရင်ကို ခင်းကျင်းလိုက်ပြီး ကောင်းကင်နှင့်မြေကြီးကို ပူဇော်ရန် နံ့သာတိုင်များ ထွန်းညှိလိုက်လေ၏။ ထို့နောက် အုတ်မြစ်ချခြင်း ဆေးလုံးကို မျိုချလိုက်ကာ လုပ်ငန်းစဉ်ကို စတင်လိုက်တော့သည်။

သူ၏ ဝတ်ရုံကို သပ်ရပ်အောင် ပွတ်သပ်လိုက်ရင်း ရှောင်မိုက ရှင်းလင်းနေသော မြေကွက်လပ်အလယ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ကာ သူ၏ ချီစွမ်းအင်များအားလုံးကို အပြင်သို့ လွှတ်ထုတ်လိုက်လေ၏။

တစ်ချိန်တည်းမှာပင် ရှောင်မိုသည် နက်နဲဆန်းကြယ်သော အခြေအနေတစ်ခုအတွင်းသို့ ဝင်ရောက်သွားချေပြီ။

ရှောင်မိုက မျက်လုံးများကို မှိတ်ထားသဖြင့် မည်သည့်အရာကိုမျှ မမြင်နိုင်သော်ငြား သူ၏ ပတ်ဝန်းကျင်ရှိ မြက်ပင်တိုင်းနှင့် သစ်ပင်တိုင်းကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။ ထို့အပြင် ကောင်းကင်ယံထက်တွင် စုဝေးနေသော်လည်း ပစ်ချလာခြင်း မရှိသေးသော လျှပ်စီးများကို အာရုံခံသိမြင်နိုင်ကာ သူ၏ ပတ်ဝန်းကျင်ရှိ ဖော်ပြ၍မရနိုင်လောက်အောင် နက်နဲသော တာအို၏ ကျက်သရေကိုပါ ထိတွေ့ခံစားနိုင်နေလေတော့သည်။

"ဝုန်း..."

ကြမ်းတမ်းသော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီးနောက် မိုးကြိုးတိမ်တိုက်များ ဟက်တက်ကွဲသွားလေ၏။

ဧရာမ မိုးကြိုးဘေးဒဏ်ကြီးက ကောင်းကင်မှ ဆင်းသက်လာကာ ရှောင်မိုဆီသို့ တိုက်ရိုက် ဦးတည်ရိုက်ချလာလေတော့သည်။

All Chapters