အခန်း ၅၃၄
Vol. 54 Ch. 534
အခန်း (၅၃၄)
တစ်ချိန်တည်းမှာပင် ချန်းရွှယ်တောင်ထွတ်ရှိ ခြံဝင်းတစ်ခုအတွင်း၌ ကွန်ဖြူးရှပ် ဂန္ထဝင်ကျမ်းများကို လှန်လှောဖတ်ရှုနေသော ရှန်းရှီးချွန်းသည် ကျန့်တောင်ဆီသို့ မော့ကြည့်လိုက်ပြီးနောက် သူ၏အကြည့်ကို ရုပ်သိမ်းကာ စာအုပ်ကို ဆက်လက်ဖတ်ရှုနေလေ၏။
သို့သော်လည်း ပညာရှင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေးတစ်ခု ပေါ်ပေါက်လာကာ "မဆိုးပါဘူး" ဟု မိမိဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်ပေသည်။
ဟန်ရှန်းကျောင်းတော်၏ အဓိကတောင်ထွတ်တွင်မူ ဟန်ရှန်းကျောင်းတော်၏ ကျောင်းအုပ်ကြီးဖြစ်သူ ချွန်းချိုက်ကွမ်းသည် လွှဲကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း ဖြည်းညင်းစွာ လွှဲယမ်းနေလေတော့သည်။
မိုးကြိုးစွမ်းအား၏ အရိပ်အယောင် ခပ်ဖျော့ဖျော့ ပါဝင်နေသော လေပြေတစ်သုတ် တိုက်ခတ်သွားရာ ဟန်ရှန်းကျောင်းတော်၏ ကျောင်းအုပ်ကြီးက သူ၏ အိုမင်းနေသော မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ချေပြီ။
သို့သော် မကြာမီမှာပင် ကျောင်းအုပ်ကြီးသည် မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး နှုတ်ခမ်းကိုသပ်ကာ ပြန်လည်အိပ်မောကျသွားလေ၏။
ကျောင်းအုပ်ကြီး၏ ရင်ဘတ်ပေါ်တွင်မူ စာအုပ်တစ်အုပ် တင်ထားလျက်ရှိပေသည်။
ဤစာအုပ်၏ စာရေးသူမှာ အနန္တဓမ္မလောကမှ ဖျက်ဆီးဖယ်ရှားခြင်း ခံလိုက်ရပြီး ဖြစ်လေ၏။
မည်သူကမျှ ထိုနာမည်ကို ထုတ်မပြောကြတော့သလို မည်သူကမျှလည်း ထုတ်ပြောဝံ့ခြင်း မရှိတော့ချေ။
ထိုကွန်ဖြူးရှပ် ဂန္ထဝင်ကျမ်းစာအုပ်၏ မျက်နှာဖုံးပေါ်တွင်မူ "အသိနှင့်အလုပ် ပေါင်းစပ်ခြင်း ရှင်းလင်းချက်" ဟူသော စာလုံးကြီးများကို အမျိုးသမီးတစ်ဦး၏သပ်ရပ်လှပသော လက်ရေးဖြင့် ရေးသားထားလေတော့သည်။
မွန်းလွဲပိုင်းမှ ညနေခင်းဆီသို့၊ နေဝင်ဆည်းဆာမှ ညဉ့်နက်ယံဆီသို့ အချိန်များ ကူးပြောင်းသွားခဲ့ချေပြီ။
ချန်းရွှယ်တောင်ထွတ် တစ်ဝက်ခန့်တွင်ရှိသော ခြံဝင်းအတွင်း၌မူ ပုံမှန်ဆိုလျှင် လိပ်ပြာဖမ်းဆော့ရသည်ကို အလွန်နှစ်သက်တတ်သော ကောင်မလေးသည် ယခုအခါ လိပ်ပြာမဖမ်းတော့ချေ။
ပုံမှန်ဆိုလျှင် ထမင်းသုံးပန်းကန်လုံးလုံး အပြည့်စားတတ်သော သူမသည် ယနေ့ညတွင်တော့ အနည်းငယ်မျှသာ စားဝင်လေ၏။
အိမ်စာလုပ်နေစဉ်တွင်လည်း သူမသည် စာအုပ်များကိုသာ ငေးမောကြည့်နေမိပြီး မင်ရည်စက်များ စက္ကူပေါ်သို့ တစ်စက်ပြီးတစ်စက် ကျဆင်းနေသည်ကိုပင် သတိမထားမိတော့ပေ။
အချိန်တွေ ပိုကြာလာလေလေ၊ ကောင်မလေးက ပို၍ စိုးရိမ်ပူပန်လာလေလေ ဖြစ်ပေသည်။
ရှောင်မို ဘေးဒဏ်ခံယူတာ အောင်မြင်သွားပြီလား။
တကယ်လို့ အောင်မြင်သွားတယ်ဆိုရင် သူက ဘာလို့ ပြန်မလာသေးတာလဲ။
တကယ်လို့များ ရှောင်မို ဘေးဒဏ်ခံယူတာ မအောင်မြင်ခဲ့ရင် ဘယ်လိုလုပ်မလဲ။
ဘေးဒဏ်ခံယူခြင်းသာ မအောင်မြင်ခဲ့ပါက အသက်ကိုပင် ဆုံးရှုံးသွားနိုင်လေ၏။
ကြယ်များစုံလင်နေသော ကောင်းကင်ယံအောက်တွင် ကောင်မလေးသည် ခြံတံခါးဝ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေတော့သည်။
တောအုပ်လေးထဲတွင်မူ နွေရာသီ ပုစဉ်းရင်ကွဲများက ပျော်ရွှင်စွာ အော်မြည်နေကြပေသည်။
အတိတ်ကဆိုလျှင် ထိုပုစဉ်းရင်ကွဲများက အလွန်ဆူညံသည်ဟု ကောင်မလေး ခံစားခဲ့ရမည်သာ။
သို့သော် ယခုအချိန်တွင်တော့ ကောင်မလေးက ထိုအော်မြည်သံများကို လုံးဝ ဂရုမစိုက်နိုင်တော့ချေ။
"သခင်မလေး.. အချိန်လည်း လင့်နေပြီ။ နွေလေပြေကလည်း အေးစိမ့်လာပြီဆိုတော့ အခန်းထဲပြန်ပြီး အိပ်ကြရအောင်"
သူမ၏ သခင်မလေး စိုးရိမ်ပူပန်နေသည်ကို မြင်သောအခါ အစေခံမလေး ယွဲ့ရှီက ရှေ့သို့တိုးလာကာ ပြောလိုက်လေ၏။
"အစ်မယွဲ့ရှီ.. သမီး အိပ်လို့မပျော်ဘူး..." ထုရှန်းကျင်းစီက ခေါင်းခါပြလိုက်ပြီး သူမ၏ မျက်လုံးများက ယွဲ့ရှီအား ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေလေသည်။ "အစ်မယွဲ့ရှီ.. ရှောင်မိုက ဘာလို့ ပြန်မလာသေးတာလဲ။ အချိန်ငါးနာရီလောက်တောင် ရှိနေပြီကို"
"မိစ္ဆာမျိုးနွယ်ပဲဖြစ်ဖြစ်၊ လူသားမျိုးနွယ်ပဲဖြစ်ဖြစ် အုတ်မြစ်ချခြင်းအဆင့်ဆိုတာက ကျင့်ကြံသူတွေအတွက် အသက်နဲ့သေခြင်းကြားက အတားအဆီးတစ်ခုပဲလေ။ တချို့လူတွေက သူတို့ရဲ့ အုတ်မြစ်ကိုတည်ဆောက်ဖို့ နာရီဝက်ပဲ အချိန်ယူရပေမဲ့ တချို့ကတော့ နေ့တစ်ဝက်၊ ညတစ်ဝက်လောက် အချိန်ယူရတတ်တယ်။ အချိန်က ပုံသေမရှိဘူး" ဟု ယွဲ့ရှီက ရှင်းပြလိုက်ပေသည်။
"ဒါပေမဲ့ ရှောင်မိုက သခင်မကြီး တန်ဖိုးထားတဲ့သူ တစ်ယောက်ပါ။ သူ့ရဲ့ ပါရမီနဲ့ စိတ်သဘာဝ နှစ်ခုစလုံးက ကောင်းမွန်ပါတယ်။ ရှောင်မို သေချာပေါက် အဆင်ပြေမှာပါလို့ အစ်မယုံကြည်တယ်"
ယွဲ့ရှီက ထိုသို့ပြောလိုက်သော်ငြား သူမ၏ စိတ်နှလုံးထဲတွင်တော့ အတော်လေး မသေချာမရေရာ ဖြစ်နေလေ၏။
အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်က မည်မျှပင် ပါရမီရှင်တစ်ယောက် ဖြစ်နေပါစေ၊ သို့မဟုတ် မိစ္ဆာတစ်ကောင်၏ သွေးဆက်နွယ်မှုက မည်မျှပင် မွန်မြတ်နေပါစေ.. အုတ်မြစ်ချခြင်းအဆင့်နှင့် ရင်ဆိုင်ရချိန်တွင် ကျရှုံးနိုင်ခြေ အမြဲတမ်း ရှိနေတတ်ပြီး ခန္ဓာကိုယ်ပျက်စီးကာ တာအိုကွယ်ပျောက်သွားမည့် အန္တရာယ်ပင် ရှိနေသောကြောင့် ဖြစ်ပေသည်။
အုတ်မြစ်ချခြင်း မိုးကြိုးဘေးဒဏ်ကို သေချာပေါက် ကျော်ဖြတ်နိုင်မည်ဟု မည်သူကမျှ အာမခံနိုင်ခြင်း မရှိချေ။
ယွဲ့ရှီ၏ နှစ်သိမ့်စကားများကို ကြားသောအခါ ထုရှန်းကျင်းစီက မျက်လွှာကို အနည်းငယ်ချလိုက်ပြီး သူမ၏ လက်သေးသေးလေးများဖြင့် စကတ်ကို ဆုပ်ချေလိုက်လေ၏။ "ဒါဆိုလည်း အစ်မယွဲ့ရှီ အရင်သွားအိပ်နှင့်ပါ။ သမီး ခဏလောက် ထပ်စောင့်လိုက်ဦးမယ်"
"ဒါဆိုရင်လည်း သခင်မလေးနဲ့အတူတူ အစ်မစောင့်ပေးပါ့မယ်" ဟု ယွဲ့ရှီက ဆိုလိုက်သည်။
"ရပါတယ် အစ်မယွဲ့ရှီရယ်.. အစ်မ အရင်သွားအိပ်ပါ။ သမီးအတွက် မစိုးရိမ်ပါနဲ့။ သမီး ဘယ်မှ ထွက်မပြေးပါဘူးလို့ ကတိပေးပါတယ်"
ထုရှန်းကျင်းစီက သူမ၏ လက်သေးသေးလေးများကို မြှောက်ကာ ယွဲ့ရှီ၏ သွယ်လျသောခါးကို တွန်းဖယ်ရင်း သူမကို အခန်းထဲသို့ သွင်းပေးလိုက်ပြီးနောက် တံခါးကို ပိတ်လိုက်လေတော့သည်။
အိမ်ရှေ့ခြံဝင်းသို့ ပြန်ရောက်သောအခါ ကောင်မလေးသည် ကုလားထိုင်ပေါ်တွင် တစ်ယောက်တည်း ထိုင်လျက် ခြေထောက်များကို စုကာ လက်သေးသေးလေးများကို ပေါင်ပေါ်တင်ထားပြီး ခြံဝင်းအပြင်ဘက်သို့ မျက်နှာမူကာ နက်ရှိုင်းသော ညဉ့်ယံထဲသို့ အလေးအနက် စိုက်ကြည့်နေပေသည်။
သို့သော် အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်လာသည်နှင့်အမျှ ထုရှန်းကျင်းစီသည် ပို၍ပို၍ အိပ်ချင်လာသလို ခံစားလာရပြီး သူမ၏ ခေါင်းငယ်လေးမှာ နောက်တစ်စက္ကန့်တွင် အိပ်ပျော်သွားတော့မည့်အလား ဆက်တိုက် ငိုက်မြည်းလာလေတော့သည်။
ယွဲ့ရှီက ပြတင်းပေါက်မှတစ်ဆင့် သူမ၏ သခင်မလေး အိပ်ငိုက်နေသည့်ပုံစံကို ကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
သွေးဆက်နွယ်မှု မွန်မြတ်လေလေ၊ ကလေးဘဝတွင် အိပ်စက်ချိန် ပိုမိုလိုအပ်လေလေ ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် အိပ်စက်နေစဉ်အတွင်း၌သာ ခန္ဓာကိုယ်ထဲရှိ သွေးဆက်နွယ်မှုက တဖြည်းဖြည်း နိုးကြားလာပြီး ရုပ်ခန္ဓာနှင့် ဝိညာဉ်ကို အာဟာရ ဖြည့်တင်းပေးနိုင်သောကြောင့်ပင်။
ထို့အပြင် မိစ္ဆာမျိုးနွယ် ကလေးငယ်များသည် အိပ်စက်နေစဉ်အတွင်း၌ သူတို့၏ ဝိညာဉ်အမှတ်အသားများထဲမှ နတ်ဘုရားစွမ်းရည်များကို တဖြည်းဖြည်း နားလည်သဘောပေါက်လာလေ့ ရှိပေသည်။
ထို့ကြောင့် မွန်မြတ်သော သွေးဆက်နွယ်မှုရှိသည့် မိစ္ဆာမျိုးနွယ်များအတွက် ကလေးဘဝတွင် မှော်ပညာရပ်များကို လေ့ကျင့်ရန် မလိုအပ်ပေ။ အကြောင်းမှာ အိပ်စက်ခြင်းက အကောင်းဆုံးသော ကျင့်ကြံခြင်းပုံစံ ဖြစ်သောကြောင့်တည်း။
သခင်မလေး၏ အမြီးကိုးချောင်း ကောင်းကင်မြေခွေးမျိုးနွယ်စုဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
ထို့ကြောင့်ပင် သခင်မလေးက အတန်းထဲတွင် အိပ်ငိုက်နေတတ်ပြီး တစ်ရေးအိပ်ရန် ပြန်လာပြီးနောက် မှောင်သည်အထိ အိပ်စက်ကာ ညဘက်တွင်လည်း အစောကြီး အိပ်ရာဝင်လေ့ရှိခြင်း ဖြစ်လေ၏။
ဤအရာများအားလုံးသည် သူမ၏ သွေးဆက်နွယ်မှုမှလာသော ဗီဇသဘာဝသာဖြစ်ပြီး သခင်မလေး၏ ဆန္ဒဖြင့် ထိန်းချုပ်ထားနိုင်သော အရာများ မဟုတ်ပေ။
ထင်သည့်အတိုင်းပင် မကြာမီမှာပင် သူမ၏ သခင်မလေး ဆက်လက်တောင့်ခံမထားနိုင်တော့သည်ကို ယွဲ့ရှီ မြင်လိုက်ရလေ၏။ သူမက အေးစက်နေသော စားပွဲပေါ်သို့ မှောက်ကျသွားကာ အိပ်ပျော်သွားပြီး သူမ၏ ပခုံးလေးများက တည်ငြိမ်သော အသက်ရှူသံများနှင့်အတူ နိမ့်ချည်မြင့်ချည် ဖြစ်နေလေတော့သည်။
ယွဲ့ရှီက အခန်းထဲမှ ထွက်လာပြီး သခင်မလေး၏ အနီးသို့ လျှောက်သွားကာ သူမကို အခန်းထဲသို့ ပြန်လည်ပွေ့ချီသွားရန် ရည်ရွယ်လိုက်ပေသည်။
သို့သော် ထိုအချိန်လေးမှာပင် ယွဲ့ရှီက တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ခြံတံခါးဝဆီသို့ မော့ကြည့်လိုက်လေ၏။
လရောင်အောက်တွင် စုတ်ပြတ်သတ်နေသော ကောင်လေးက ခြံတံခါးကိုဖွင့်ကာ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာချေပြီ။
ရှောင်မို ပြန်ရောက်လာသည်ကို မြင်သောအခါ ယွဲ့ရှီက သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်လေသည်။ "အုတ်မြစ်ချနိုင်သွားပြီလား"
"နည်းနည်းတော့ ကြမ်းတမ်းခဲ့ပေမဲ့ ရလဒ်ကတော့ ကောင်းပါတယ်"
သူ၏ အုတ်မြစ်ချခြင်းအဆင့်က ဤမျှလောက် အချိန်ကြာလိမ့်မည်ဟု ရှောင်မို မျှော်လင့်မထားခဲ့ပေ။
အဓိကအားဖြင့် မိုးကြိုးဘေးဒဏ်ကို ခံနိုင်ရည်ရှိစွာ ကျော်ဖြတ်ပြီးနောက် မှော်ပညာရပ်ကြောင့်ပင် ဖြစ်နိုင်သည်.. ရှောင်မိုသည် နောက်ထပ် မဟာအိပ်မက်ကြီးတစ်ခုကို မက်ခဲ့လေ၏။
ရှောင်မိုက ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မိုးကြိုးတိမ်တိုက်များကို ဖြတ်သန်းပျံသန်းနေကြောင်း အိပ်မက်မက်ခဲ့ခြင်း ဖြစ်သည်။
အိပ်မက်မှ နိုးလာသောအခါ သူ၏ အုတ်မြစ်ကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း ရှောင်မို တွေ့ရှိလိုက်ရပြီး အချိန်ကလည်း မှောင်မိုက်နေခဲ့ချေပြီ။
"သခင်မလေးက ဘာလို့ ခြံဝင်းထဲမှာ အိပ်နေတာလဲ" ကျောက်တုံးစားပွဲပေါ်တွင် မှောက်လျက်အိပ်ပျော်နေသော ထုရှန်းကျင်းစီကို ကြည့်ကာ ရှောင်မိုက နားမလည်နိုင်စွာ မေးလိုက်လေ၏။
"ဘာလို့ရမှာလဲ။ မင်း ဘေးဒဏ်ခံယူဖို့ သွားမယ်ဆိုတာကို သခင်မလေး သိနေလို့ နေ့လယ်ကတည်းက မင်းပြန်အလာကို စောင့်နေခဲ့တာလေ။ သူမက ဒီညအထိ စောင့်နေခဲ့ပြီး ခုနလေးတင်မှ ဆက်မတောင့်ခံနိုင်တော့ဘဲ အိပ်ပျော်သွားတာ" ယွဲ့ရှီက သက်ပြင်းချလိုက်ပေသည်။
"..."
နေ့လယ်ပိုင်းက ကျင်းစီ သူ့ကိုပြောခဲ့သော အသိပညာပေးစကားများကို ရှောင်မို ပြန်လည်သတိရလိုက်လေ၏။
ထိုစကားများကို သူမ ပြောခဲ့ခြင်း၊ ထိုမျှလောက် စိတ်ရှုပ်ထွေးနေခဲ့ခြင်းက သူ ဘေးဒဏ်ခံယူရာတွင် ကျရှုံးသွားမည်ကို စိုးရိမ်ပူပန်နေခဲ့သောကြောင့်ဆိုသည်မှာ ထင်ရှားသွားခဲ့ချေပြီ။
"ရှောင်မို... ရှောင်မို.. နင် ဘယ်တော့ ပြန်လာမှာလဲ..."
ရှောင်မိုနှင့် ယွဲ့ရှီတို့ စကားပြောနေစဉ်မှာပင် အိပ်ပျော်နေသော ကောင်မလေး၏ နှုတ်ခမ်းများက အနည်းငယ် ပွင့်ဟသွားကာ တိုးတိတ်ဝေဝါးသော အိပ်မက်ယောင်စကားများ ထွက်ပေါ်လာလေတော့သည်။
ရှောင်မိုနှင့် ယွဲ့ရှီတို့ အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီးနောက် သူက ကောင်မလေး၏ ဘေးသို့ လျှောက်သွားကာ ဖြည်းညင်းစွာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ၏ အိပ်မောကျနေသော မျက်နှာလေးကို ကြည့်ရင်း တိုးတိတ်စွာ ရေရွတ်လိုက်ပေသည်။ "သခင်မလေး.. ကျွန်တော် ပြန်ရောက်ပါပြီ..."
"ပြန်ရောက်ပြီ..."
အိပ်ပျော်နေသော ကောင်မလေးသည် တည်ငြိမ်စွာ အသက်ရှူနေလျက် သူမ၏ ပါးလျသော နှုတ်ခမ်းလေးများက အနည်းငယ် ကွေးညွတ်သွားကာ မှိတ်ထားသော မျက်လုံးများထဲတွင် အပြုံးရေးရေးလေးတစ်ခု ကိန်းအောင်းသွားသည့်အလား ထင်မှတ်ရလေ၏။
"နင် ပြန်ရောက်လာတာ ကောင်းတာပေါ့..."
"တကယ်ပဲ... အရမ်းကောင်းတာပဲ..."