အခန်း ၅၃၅
Vol. 54 Ch. 535
အခန်း (၅၃၅)
"ရှောင်မို"
နံနက်ခင်းအရုဏ်တက်ချိန်လေးမှာပင်။
ကောင်းကင်ယံက ယခုမှ စတင်လင်းလက်လာချိန်တွင် ထုရှန်းကျင်းစီသည် အိပ်ရာပေါ်မှ ရုတ်တရက် ထထိုင်လိုက်လေ၏။
သူမ၏ ဖိနပ်သေးသေးလေးများကို စီးပြီးနောက် ထုရှန်းကျင်းစီက အိပ်ရာမှ အလျင်အမြန်ဆင်းကာ အခန်းအပြင်သို့ ပြေးထွက်သွားလေတော့သည်။
တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ခြံဝင်းအတွင်း၌ တရားထိုင်နေသော ထိုပုံရိပ်လေးကို မြင်လိုက်ရသဖြင့် ထုရှန်းကျင်းစီ၏ မျက်လုံးများထဲတွင် ချစ်စရာကောင်းသော အပြုံးလေးတစ်ခု ကိန်းအောင်းသွားချေပြီ။
"ရှောင်မို.. နင် ပြန်ရောက်နေပြီပဲ"
ထုရှန်းကျင်းစီက ပျော်ရွှင်စွာဖြင့် ရှေ့သို့ ခုန်ပေါက်ပြေးလွှားသွားလေ၏။
ကောင်မလေး၏ ကမ္ဘာကြီးတစ်ခုလုံး လင်းထိန်သွားသည့်အလားပင်။
ရှောင်မိုက အာရုံစူးစိုက်မှုကို ရုပ်သိမ်းလိုက်ပြီး မျက်လုံးများဖွင့်ကာ ထုရှန်းကျင်းစီအား အပြုံးရေးရေးလေးဖြင့် ကြည့်လိုက်ပေသည်။ "ဟုတ်တယ်.. ကျွန်တော် ပြန်ရောက်ပါပြီ။ မနေ့က သခင်မလေးကို စိတ်ပူစေခဲ့မိပြီ"
"ဘယ်သူက နင့်ကို စိတ်ပူလို့လဲ။ ငါ နင့်ကို နည်းနည်းလေးမှ စိတ်မပူပါဘူးနော်" ထုရှန်းကျင်းစီက သူမ၏ ခေါင်းငယ်လေးကို တစ်ဖက်သို့လှည့်ကာ မသိချင်ယောင်ဆောင်ပြီး ငြင်းဆန်လိုက်လေ၏။
ရှောင်မိုက ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောတော့ဘဲ မျက်လုံးများကို မှိတ်ကာ နံနက်ခင်းနေရောင်ခြည်၏ အဆီအနှစ်ကိုသာ ဆက်လက်စုပ်ယူနေလေတော့သည်။
ထုရှန်းကျင်းစီက ရှောင်မိုကို ဆက်လက်ငေးကြည့်နေမိသည်။
သူမ၏ စိတ်ကူးယဉ်မှုသက်သက်ပဲလားဆိုတာ သူမ မသိသော်ငြား ရှောင်မိုက ယခင်ကထက် ပို၍ ချောမောလာသည်ဟု ခံစားနေရပေ၏။
ထို့အပြင် သူ့ထံမှ အလွန်တရာ သက်တောင့်သက်သာရှိလှသော ခံစားချက်တစ်ခု ဖြာထွက်နေလေသည်။
"ကျင်းစီ"
ထုရှန်းကျင်းစီ တစ်ယောက် ရှောင်မို ကျင့်ကြံနေသည်ကို ငေးကြည့်နေစဉ်မှာပင် ချန်ကျွယ်၏ အသံကို ကြားလိုက်ရလေ၏။
ထုရှန်းကျင်းစီက ခြံဝင်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မင်းသားကြီးနှင့် သူ၏ စာကြည့်ဆောင်အစေခံတို့ ရပ်နေသည်ကို မြင်လိုက်ရပေသည်။
ဝမ်ကျုံး အမည်ရသော ထိုအစေခံမှာ ညိုမည်းစွဲနေပြီး လက်များတွင်လည်း ပတ်တီးများ စည်းနှောင်ထားကာ အတော်လေး သနားစရာကောင်းသော အသွင်ရှိနေလေ၏။
ဝမ်ကျုံးက သူ၏ ရင်ခွင်ထဲတွင် သေတ္တာတစ်လုံးကို ပိုက်ထားပြီး အတွင်း၌ မည်သည့်အရာ ပါဝင်ကြောင်းကိုတော့ ရှင်းလင်းစွာ မသိရချေ။
မင်းသားကြီးနှင့် ဝမ်ကျုံးကို မြင်လိုက်ရသောအခါ ထုရှန်းကျင်းစီ၏ မိုးမခရွက်သဏ္ဌာန် မျက်ခုံးလေးများ တွန့်ချိုးသွားတော့သည်။
မူလက ထုရှန်းကျင်းစီသည် သူက သူမ၏ မွေးနေ့ပွဲတော်သို့ တက်ရောက်ခဲ့ခြင်းနှင့် ကောင်းကင်မိစ္ဆာနိုင်ငံတော်က ထုရှန်းအိမ်တော်နှင့် ဆက်ဆံရေးကောင်းမွန်ခြင်းတို့ကြောင့် သူ့အပေါ် ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ယမန်နေ့က ဖြစ်ပျက်ခဲ့သော ကိစ္စများပြီးနောက်တွင်မူ ထုရှန်းကျင်းစီ၏ ရင်ထဲ၌ ဤလူအပေါ် ရွံရှာမုန်းတီးမှုများသာ ပြည့်နှက်နေခဲ့ချေပြီ။
ထို့ကြောင့် ယခု သူမ၏ ခြံဝင်းထဲသို့ သူတို့လာရောက်ခြင်းကို သဘာဝကျကျပင် ကြိုဆိုလက်ခံလိုစိတ် မရှိတော့ချေ။
မင်းသားကြီး၏ အသံကို ကြားသောအခါ ရှောင်မိုကလည်း မျက်လုံးများ ဖွင့်လာပြီး ထိုသခင်နှင့် အစေခံနှစ်ယောက်ကို သတိကြီးစွာဖြင့် စောင့်ကြည့်လိုက်လေ၏။
"ချန်ကျွယ်.. နင် ငါ့ဆီမှာ ဘာလာလုပ်တာလဲ" ထုရှန်းကျင်းစီက ကုလားထိုင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး သူမ၏ ပါးစပ်လေးကို စူကာ လှပသော မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ရင်း မေးလိုက်ပေသည်။
"ကျင်းစီ.. မနေ့က ကိစ္စနဲ့ပတ်သက်ပြီး ငါက သေချာမဆုံးမနိုင်ခဲ့လို့ပါ။ ဒါကြောင့် ဒီနေ့ ငါ ဒီကောင် ဝမ်ကျုံးကို မင်းဆီ တောင်းပန်ဖို့ ခေါ်လာခဲ့တာပါ" ချန်ကျွယ်က အပြစ်ကင်းစင်ပြီး အန္တရာယ်ကင်းမဲ့သည့်ဟန်ဖြင့် ပြုံးပြလိုက်လေ၏။ "ငါတို့ ခြံဝင်းထဲဝင်ပြီး စကားပြောလို့ ရနိုင်မလား"
ထုရှန်းကျင်းစီက ငြင်းဆန်ရန် ပြင်လိုက်သော်လည်း သူမဘေးတွင် ရပ်နေသော ရှောင်မိုက သူမ၏ အဝတ်စွန်းလေးကို ဖွဖွလေးဆွဲကာ ခေါင်းခါပြလိုက်ပေသည်။
"ဟမ့်" ထုရှန်းကျင်းစီက ခေါင်းကို တစ်ဖက်သို့လှည့်လိုက်ပြီး အလွန်မကျေမနပ်ဖြစ်နေသော လေသံဖြင့် ဆိုလေ၏။ "ဝင်လာခဲ့ကြ"
"ကောင်းပါပြီ ကျင်းစီ" ချန်ကျွယ်က အလျင်အမြန်ပင် အတွင်းသို့ လျှောက်ဝင်လာလေတော့သည်။
"ပြောစရာရှိတာ ပြော။ မရှိရင်လည်း မြန်မြန် ထွက်သွားတော့" ထုရှန်းကျင်းစီက သူတို့ကို အနည်းငယ်မျှပင် မျက်နှာသာပေးခြင်း မရှိချေ။
သို့သော် ချန်ကျွယ်က ဒေါသထွက်ခြင်းမရှိဘဲ သူ၏ဘေးရှိ ဝမ်ကျုံးကို ခြေထောက်ဖြင့် ကန်ကာ ဆူပူကြိမ်းမောင်းလိုက်လေ၏။ "မင်း လုပ်ထားတာတွေကို ကြည့်စမ်း။ သခင်မလေးထုရှန်း ဘယ်လောက်တောင် ဒေါသထွက်နေရလဲဆိုတာ သေချာကြည့်။ ဘာလို့ သူ့ကို မတောင်းပန်သေးတာလဲ"
"ဟုတ်.. ဟုတ်ကဲ့ပါ"
ဝမ်ကျုံးက အလျင်အမြန် ရှေ့သို့ တိုးလာပေသည်။
"သခင်မလေးထုရှန်း.. မနေ့က ဒီကောင် ဉာဏ်တိမ်သွားလို့ပါ။ သခင်မလေးကို ဒေါသထွက်အောင် လုပ်ခဲ့မိတာတွေ အားလုံးက ကျွန်တော့်အမှားတွေချည်းပါပဲ။ သခင်မလေးကပဲ သဘောထားကြီးကြီးထားပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်မျိုးနဲ့ အဆင့်အတန်းတူ မသတ်မှတ်ပါနဲ့"
ထိုသို့ပြောရင်း ဝမ်ကျုံးက သူ၏ ရင်ခွင်ထဲရှိ သေတ္တာကို အလျင်အမြန် ဖွင့်ပြလိုက်လေ၏။ "ဒါက ကျွန်တော့်ရဲ့ သခင်လေးဆီက တောင်းပန်တဲ့ လက်ဆောင်ပါ။ နှစ်ငါးထောင် သက်တမ်းရှိတဲ့ ဝိညာဉ်လင်ဇီးမှိုပါ။ သိပ်ပြီး တန်ဖိုးမကြီးလှဘူးဆိုပေမဲ့ သခင်မလေးရဲ့ ကျင့်ကြံခြင်းနဲ့ ချီစွမ်းအင်ကို ဖြည့်တင်းဖို့အတွက်တော့ အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်"
ပြောပြီးနောက် ဝမ်ကျုံးက ဝိညာဉ်လင်ဇီးမှိုကို စားပွဲပေါ်သို့ တင်ထားလိုက်ပြီး ထုရှန်းကျင်းစီ၏ ရှေ့တွင် ဒူးထောက်ကာ ကြိမ်ဖန်များစွာ ဦးချကန်တော့လေတော့သည်။
ထုရှန်းကျင်းစီသည် မူလကတည်းက စိတ်သဘောထား နူးညံ့သိမ်မွေ့သော ကောင်မလေးတစ်ယောက် ဖြစ်ပေသည်။
ညိုမည်းစွဲကာ ပတ်တီးများဖြင့် ပြည့်နှက်နေသော ဝမ်ကျုံးက သူမ၏ ခြေရင်းတွင် ဦးချကန်တော့နေသည်ကို မြင်သောအခါ သူမ၏ နှလုံးသားက ခေတ္တမျှ ပျော့ပျောင်းသွားခဲ့လေ၏။
သို့သော် ထိုအချိန်တွင် ရှောင်မို၏ လည်ပင်းမှ ဒဏ်ရာအမာရွတ်များနှင့် သွေးထွက်နေခဲ့သော လက်ဖဝါးများကို သူမ ပြန်လည်သတိရသွားချေပြီ။
ထုရှန်းကျင်းစီ၏ ရင်ထဲမှ ဒေါသများက လျော့ကျမသွားတော့ချေ။ သူမက လက်သီးကိုဆုပ်ကာ ခေါင်းကို တစ်ဖက်သို့လှည့်လိုက်ပြီး သူ့ကို လျစ်လျူရှုထားလိုက်လေတော့သည်။
ယင်းကိုမြင်သောအခါ ချန်ကျွယ်က ရှေ့သို့တိုးလာပြီး ထုရှန်းကျင်းစီအား ဆိုလေ၏။ "ကျင်းစီ.. ငါက သူ့ရဲ့ သခင်ပါ။ သူ့ကို ကောင်းကောင်း မဆုံးမနိုင်ခဲ့တာက တကယ်တော့ ငါ့ရဲ့ အမှားပါပဲ။ ငါကိုယ်တိုင်လည်း မင်းကို ဒီနေရာမှာ တောင်းပန်ပါတယ်"
"ပြီးတော့ ကျင်းစီ.. စိတ်ချပါ။ မနက်ဖြန်ကျရင် ဒီခွေးကောင်ကို ကောင်းကင်မိစ္ဆာနိုင်ငံတော်ဆီကို ပြန်ပို့လိုက်ပါ့မယ်။ သူက မင်းရှေ့မှာ မျက်နှာပြပြီး အရှက်ကွဲခံမှာ မဟုတ်တော့ပါဘူး"
"မင်းအနေနဲ့ ဒီလို အဆင့်အတန်းနိမ့်တဲ့သူအပေါ် အငြိုးမထားဘူးလို့ ငါ မျှော်လင့်ပါတယ်"
"ဟမ့်.. နင်တို့က တောင်းပန်ဖို့လာတာဆိုပေမဲ့ ဘယ်သူ့ကို တောင်းပန်ရမလဲဆိုတာတောင် သေချာမသိဘူးပဲ။ နင်တို့ တောင်းပန်ရမယ့်သူက ငါမဟုတ်ဘူး။ ငါ့ရဲ့ ရှောင်မိုကို တောင်းပန်ရမှာ" ထုရှန်းကျင်းစီက ဒေါသတကြီး ပြောလိုက်ပေသည်။ "ဒီဝမ်ကျုံးက ငါ့ရှေ့မှာ ဒူးထောက်နေတော့ရော ဘာဖြစ်လဲ။ အဲဒါက ဘာအရေးပါလို့လဲ"
"..."
ထုရှန်းကျင်းစီ၏ စကားများကို ကြားသောအခါ ချန်ကျွယ်၏ မျက်ခုံးများ တွန့်ချိုးသွားလေတော့သည်။
"မင်းသားကြီး.." ဝမ်ကျုံးကလည်း သူ၏သခင်ဖြစ်သူကို လှမ်းကြည့်လိုက်၏။
ထုရှန်းမျိုးနွယ်စုကို တောင်းပန်ရခြင်းက လုံးဝ အရှက်ရစရာမဟုတ်ဟု ဝမ်ကျုံး ခံစားရပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က မွန်မြတ်လှသော သွေးဆက်နွယ်မှုကို ပိုင်ဆိုင်ထားသည့် အမြီးကိုးချောင်း ကောင်းကင်မြေခွေးများ ဖြစ်နေသောကြောင့်ပင်။
သို့သော် ယခုအခါ သူ့ကို ရှောင်မိုအား တောင်းပန်ရန် ခိုင်းစေနေလေပြီ။
ပုံမှန်ဆိုလျှင် သူသည် လူသားမျိုးနွယ်ကို ဟင်းလျာများအဖြစ် ဖန်တီးရန်သာ ထိုက်တန်သည်ဟု ခံစားရသဖြင့် တစ်ချက်လေးပင် အဖက်လုပ်ကြည့်မည် မဟုတ်ချေ။
လူသားတစ်ယောက်ကို တောင်းပန်ရခြင်းက ဝမ်ကျုံးအတွက် သတ်ဖြတ်ခံရသည်ထက်ပင် ပို၍ နာကျင်ရပေသည်။
"ငါ့ကို ဘာလာကြည့်နေတာလဲ။ မင်းလုပ်ခဲ့တဲ့ကိစ္စအတွက် တာဝန်မယူရဲဘူးလား။ ရှောင်မိုကို သွားတောင်းပန်လိုက်စမ်း"
ချန်ကျွယ်က လက်သီးများကို တင်းတင်းဆုပ်ကာ အလွန်အမင်း ဒေါသထွက်နေသည့်ဟန်ဖြင့် ဝမ်ကျုံးအား အော်ငေါက်လိုက်လေ၏။
တကယ်တမ်း သူ၏ ဒေါသက ဝမ်ကျုံးအပေါ် ရည်ရွယ်ခြင်းမဟုတ်ဘဲ ရှောင်မိုအပေါ်သို့သာ ဦးတည်နေခြင်း ဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင်တော့ သူက ယင်းကို ထုတ်ဖော်မပြဝံ့သဖြင့် ဝမ်ကျုံးအပေါ်တွင်သာ ဒေါသပုံချနေရလေတော့သည်။
မည်သို့ပင်ဆိုစေ သူ၏ လူယုံတစ်ယောက်ကို လူသားတစ်ယောက်အား တောင်းပန်စေခြင်းက သူ၏ မျက်နှာကို သူကိုယ်တိုင် ရိုက်ချလိုက်သကဲ့သို့ပင် ဖြစ်နေသည်မဟုတ်ပါလော။
သို့သော် သူ၏ ခမည်းတော် စကားများနှင့် ထုရှန်းမျိုးနွယ်စု၏ အင်အားကို တွေးမိသောအခါ ချန်ကျွယ်မှာ သည်းခံရုံမှတစ်ပါး အခြားမရှိတော့ချေ။
ဝမ်ကျုံးက သွားကိုတင်းတင်းကြိတ်ကာ ရှောင်မိုဘက်သို့ လှည့်လာပြီး မြေပြင်ကို သူ၏ လက်ချောင်းများ မြေကြီးထဲသို့ နစ်ဝင်သွားသည်အထိ အားပါးတရ ဆုပ်ကိုင်လိုက်လေ၏။
"အစ်ကိုရှောင်.. မနေ့က ငါလုပ်ခဲ့တာတွေ မှားသွားပါတယ်။ ငါ ဝမ်ကျုံး မင်းကို ဒီနေရာမှာ တောင်းပန်ပါတယ်။ မင်းအနေနဲ့ သဘောထားကြီးကြီးထားပြီး ငါ့ရဲ့ အမှားတွေကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောင်ကို ဒီလိုမျိုး လုံးဝ ထပ်မဖြစ်စေရပါဘူး"
ထိုသို့ပြောပြီးနောက် ဝမ်ကျုံးက မြေပြင်ပေါ်သို့ အားပြင်းပြင်းဖြင့် သုံးကြိမ်တိုင်တိုင် ဦးချကန်တော့လိုက်ရာ သူ၏ နဖူးပေါ်တွင် သဲများနှင့် မြေကြီးများ ပေကျံသွားလေတော့သည်။
ဝမ်ကျုံး၏ နဖူးမှ ဒဏ်ရာက တစ်ဖန် ပြန်ကွဲသွားပြီး သွေးများ စီးကျလာသဖြင့် သူက တကယ့်ကို ရိုးသားဖြူစင်စွာ တောင်းပန်နေသည့်အသွင် ပေါ်လွင်နေပေသည်။
ထိုအရာကို မြင်သော်ငြား ထုရှန်းကျင်းစီက ဘာမှမပြောသေးဘဲ ရှောင်မိုကိုသာ ငေးကြည့်နေလေ၏။
ထုရှန်းကျင်းစီအတွက်တော့ ရှောင်မိုက သူ့ကို ခွင့်လွှတ်သည်ဖြစ်စေ၊ ခွင့်မလွှတ်သည်ဖြစ်စေ သူမက သူ့ကို ထောက်ခံအားပေးနေမည်သာ ဖြစ်ပေသည်။
ရှောင်မိုကလည်း သူ၏ ခြေရင်းတွင် ဒူးထောက်နေသော ဝမ်ကျုံးကို စိုက်ကြည့်ကာ အတွေးတစ်ခုထဲ နစ်မြုပ်နေပုံရချေပြီ။
"အစ်ကိုဝမ်.. ထပါတော့။ အစ်ကို့အမှားကို ဝန်ခံမှတော့ ဘာတွေများ ထပ်ပြောစရာ ရှိတော့မှာလဲ။ ဒီကိစ္စကို ဒီမှာတင် ပြီးလိုက်ကြတာပေါ့"
အချိန်အတော်ကြာပြီးနောက် ရှောင်မိုက ဝမ်ကျုံးကို ပြောလိုက်ရာ ယင်းကိစ္စကို စိတ်ထဲမထားတော့သည့်ဟန် ပေါ်လွင်နေလေ၏။
"မြန်မြန် ထတော့လေ"
ရှောင်မိုက ဝမ်ကျုံးကို ခွင့်လွှတ်လိုက်ပြီဖြစ်ကြောင်း ကြားသောအခါ ချန်ကျွယ်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး အလျင်အမြန် ရှေ့သို့တိုးကာ ဝမ်ကျုံးအား ခြေထောက်ဖြင့် ကန်လိုက်လေတော့သည်။
ချန်ကျွယ်က ထုရှန်းကျင်းစီကို ကြည့်ကာ အပြုံးဖြင့် ဆိုလေ၏။ "ကျင်းစီ.. အခု ရှောင်မိုက ဝမ်ကျုံးကို ခွင့်လွှတ်လိုက်ပြီဆိုတော့ ရှောင်မို ပြောသလိုပဲ မနေ့က ကိစ္စကို ဒီမှာတင် ပြီးလိုက်ကြတာပေါ့။ ငါတို့ မိသားစုနှစ်ခုကြားက သဟဇာတဖြစ်မှုကိုတော့ မထိခိုက်စေနဲ့ပေါ့"
"ဒါပေမဲ့ ချန်ကျွယ်.. ဝမ်ကျုံးက နင့်ရဲ့လူလေ။ နင်က သေချာမဆုံးမနိုင်ခဲ့ဘူးလို့ ပြောခဲ့တယ်မလား။ အခု ဝမ်ကျုံးက သူ့အမှားကို ဝန်ခံပြီးသွားပြီ၊ ဒါဆို နင်ကရော ဘယ်လိုလုပ်မလဲ" ထုရှန်းကျင်းစီက ချန်ကျွယ်ကို လွယ်လွယ်နှင့် လွှတ်ပေးမည့်ဟန် မပေါ်ချေ။ "နင်လည်း ငါ့ရဲ့ ရှောင်မိုကို တောင်းပန်ရမယ်"
"..."
ထုရှန်းကျင်းစီ၏ စကားများ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ခြံဝင်းအတွင်း၌ နောက်ထပ်တစ်ကြိမ် တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။
အနီးအနားတွင် အဝတ်လှန်းနေသော ယွဲ့ရှီကလည်း ဤမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပေသည်။
သို့သော် သူမက ဝင်ရောက်တားဆီးခြင်း မပြုခဲ့ချေ။
ကျောဘက်တွင်ရှိနေသော ချန်ကျွယ်၏ ညာလက်က လက်သီးအဖြစ် တင်းတင်းကျပ်ကျပ် ဆုပ်ထားလျက်ရှိလေ၏။
သို့သော် သူ၏ ခမည်းတော် စကားများနှင့် ထုရှန်းမျိုးနွယ်စု၏ အင်အားကို တွေးမိသောအခါ သူ၏ လက်သီးကို ဖြည်းညင်းစွာ ပြန်လည်ဖြေလျှော့လိုက်လေတော့သည်။
"အစ်ကိုရှောင်.. ငါ ကောင်းကောင်း မဆုံးမနိုင်ခဲ့တာပါ။ အစ်ကိုရှောင့်ကို တောင်းပန်ပါတယ်"
ချန်ကျွယ်က ရှောင်မိုအား ဦးညွှတ်လိုက်ရာ အလွန်တရာ ရိုးသားဖြူစင်သည့်ဟန် ရှိနေပေသည်။
"သခင်လေးချန်.. သင်က သဘောကောင်းလွန်းနေပါပြီ။ လူတွေ အချင်းချင်း ဆက်ဆံကြတဲ့အခါ ပွတ်တိုက်မှုဆိုတာ ရှောင်လွှဲလို့မရပါဘူး။ သဟဇာတဖြစ်ဖို့က အရေးအကြီးဆုံးပါပဲ" ရှောင်မိုက ခေါင်းညိတ်ကာ အရိုအသေ ပြန်ပေးလိုက်လေ၏။
"ကောင်းပြီလေ.. ရှောင်မိုက အဲဒီလိုပြောမှတော့ နင့်ကို ခွင့်လွှတ်ပေးလိုက်မယ်။ လက်ဆောင်ကိုတော့ ငါတို့ ယူထားလိုက်မယ်။ နင်တို့ ထွက်သွားလို့ရပြီ။ ဘာလဲ.. ဒီမှာ မနက်စာစားသွားဖို့ ရည်ရွယ်ထားသေးလို့လား"