အခန်း ၅၃၆
Vol. 54 Ch. 536
အခန်း (၅၃၆)
ထုရှန်းကျင်းစီက ချန်ကျွယ်နှင့် သူ၏အစေခံအား ခြံဝင်းအတွင်းမှ နှင်ထုတ်သည့် အမိန့်ကို ချမှတ်လိုက်လေ၏။
"ငါတို့လည်း လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ မင်းကို ဆက်ပြီး အနှောင့်အယှက်မပေးတော့ပါဘူး ကျင်းစီ" ချန်ကျွယ်က ခါးကိုမတ်ကာ ပြုံးလျက် ဆိုလေသည်။
"လိုက်မပို့တော့ဘူး"
"သွားကြစို့"
ချန်ကျွယ်သည် ဝမ်ကျုံးကို ခေါ်ဆောင်ကာ ခြံဝင်းအတွင်းမှ ထွက်ခွာသွားလေတော့သည်။
"သခင်မလေး.. အဲဒီလောက်ထိ လုပ်စရာ မလိုပါဘူး" သခင်နှင့် အစေခံနှစ်ယောက် ထွက်သွားပြီးနောက် ရှောင်မိုက ခေါင်းခါရင်း ဆိုလေ၏။ "ထုရှန်းမျိုးနွယ်စုနဲ့ ကောင်းကင်မိစ္ဆာနိုင်ငံတော်က မဟာမိတ်တွေလေ။ ကျွန်တော့်အတွက်နဲ့ သခင်မလေးက ကောင်းကင်မိစ္ဆာနိုင်ငံတော်ရဲ့ အနာဂတ်အိမ်ရှေ့မင်းသားကို စော်ကားလိုက်တာက မတန်ပါဘူး"
"တန်တာ မတန်တာက ဘာကိုဆိုလိုတာလဲ"
ထုရှန်းကျင်းစီက ရင်ဘတ်တွင် လက်ပိုက်လိုက်ပြီး သူမ၏ မာနထောင်လွှားနေသော မေးစေ့လေးကို မော့ထားလိုက်ချေပြီ။
"နင့်အတွက် ဖြစ်နေသရွေ့တော့ အရာအားလုံးက တန်တယ်"
"သူက ချန်ကျွယ်ဖြစ်နေတော့ရော ဘာဖြစ်လဲ"
"နင်သာ ခေါင်းမညိတ်ပြရင် ငါက သူတို့ကို ခွင့်လွှတ်ပေးဖို့ လုံးဝ စဉ်းစားထားတာ မဟုတ်ဘူး"
"ကဲပါ ရှောင်မို.. နင့်ရဲ့ ကျင့်ကြံခြင်းကို ဆက်လုပ်တော့။ ငါလည်း ကျောင်းစာတွေ လုပ်ရဦးမယ်။ မဟုတ်ရင် နောက်နှစ်ရက်နေလို့ ကျောင်းတော်ကို ပြန်သွားတဲ့အခါ ဆရာက ငါ့လက်ဝါးတွေကို ကြိမ်လုံးနဲ့ ရိုက်လိမ့်မယ်"
ထုရှန်းကျင်းစီသည် သူမ၏အခန်းထဲမှ ကဗျာကျမ်း တစ်အုပ်ကို ထုတ်ယူလာကာ ခြံဝင်းထဲတွင်ထိုင်ရင်း အာဂုံဆောင်နေလေတော့သည်။
ထုရှန်းကျင်းစီ၏ အာရုံစူးစိုက်နေသော အမူအရာကို ကြည့်ကာ ရှောင်မိုကလည်း ခြံဝင်းထဲတွင် တင်ပျဉ်ခွေထိုင်၍ သူ၏ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်လေ၏။
သို့သော်လည်း ဤကိစ္စက တကယ်တမ်း ပြီးဆုံးသွားပြီဟု ရှောင်မို မထင်ထားခဲ့ပေ။
ချန်ကျွယ်နှင့် ဝမ်ကျုံးဟူသော ထိုသခင်နှင့် အစေခံနှစ်ယောက်သည် သူ့ကို အမှန်တကယ် တောင်းပန်ချင်နေခဲ့ခြင်း မဟုတ်ချေ။
သို့သော် ရှောင်မိုအနေဖြင့် ထိုမျှလောက်အထိ လိုက်လံစိုးရိမ်ပူပန်နေနိုင်စွမ်း မရှိသေးပေ။ ယခုလောလောဆယ်တွင် ကျင့်ကြံခြင်းကသာ အဓိကဖြစ်လေသည်။
သူ၏ စွမ်းအားကို မြှင့်တင်ပြီး ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်မှသာ အနာဂတ်တွင် ကိစ္စရပ်များကို လုပ်ဆောင်ရန် ပိုမိုလွယ်ကူလာမည် ဖြစ်ပေ၏။
ထိုသို့မဟုတ်ပါက သူသည် တစ်စုံတစ်ယောက်၏ စားပွဲပေါ်မှ ဟင်းလျာတစ်ခွက်ထက် ပိုလာမည်မဟုတ်ချေ။
ညဉ့်ယံအချိန်သို့ ရောက်ရှိလာလေပြီ။
မသေမျိုးမြေခွေးမြို့တော်ရှိ ထုရှန်းအိမ်တော်အတွင်း၌။
ထုရှန်းရှင်းဟွာသည် ဟန်ရှန်းကျောင်းတော်မှ ယွဲ့ရှီ ပေးပို့လိုက်သော စာတစ်စောင်ကို ဖတ်ရှုနေလေ၏။
ထိုစာထဲတွင် သူမ၏သမီးဖြစ်သူနှင့် ကျောင်းတော်ရှိ ရွယ်တူများကြားမှ ပဋိပက္ခအချို့အကြောင်း ရေးသားထားပေသည်။
ယွဲ့ရှီ ရေးသားထားသော အကြောင်းရင်းများနှင့် အကျိုးဆက်များကို ဖတ်ရှုပြီးနောက် အဖြစ်အပျက်များ၏ အစဉ်အဆက်ကို နားလည်သွားသောအခါ ထုရှန်းရှင်းဟွာ၏ လှပသောမျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားတော့သည်။
"ဒီချန်ကျွယ်က ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်လေး ရက်စက်တတ်တာပဲ"
ဖတ်ရှုပြီးနောက် ထုရှန်းရှင်းဟွာက စာကို မီးတောက်ပေါ်သို့ တင်လိုက်လေ၏။
မကြာမီမှာပင် စာလွှာလေးက ပြာအဖြစ် ပြောင်းလဲသွားကာ အခန်းထဲတွင် လွင့်စင်ပျောက်ကွယ်သွားလေတော့သည်။
အခြားသူများအတွက် ဤပဋိပက္ခက မတော်တဆမှုတစ်ခုဟု ထင်ရနိုင်ပေသည်။
သို့သော် ထုရှန်းရှင်းဟွာ၏ အမြင်တွင်မူ ချန်ကျွယ်သည် ရှောင်မိုကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု သူမ ခံစားမိလေ၏။
အကြောင်းရင်းအတွက်ကတော့..
ဆန်ဝါမဟာအိပ်မက် ကျင့်စဉ်ကြောင့် ဖြစ်ဖို့များပေသည်။
ထိုသို့မဟုတ်ပါက သာမန်စာကြည့်ဆောင်အစေခံ တစ်ယောက်က သူမသမီး၏ စာကြည့်ဆောင်အစေခံအပေါ် မည်သို့များ သေရာချထားသည်အထိ ပြုမူရဲမည်နည်း။
ပြီးတော့ သူတို့ လူသားကောင်မလေးတစ်ယောက်ကို အနိုင်ကျင့်နေချိန်မှာမှ ရှောင်မိုက ရောက်လာခဲ့သည်ဆိုသည်မှာ တိုက်ဆိုင်လွန်းနေပေသည်။
ဤအရာက ကြိုတင်ကြံစည်ထားခြင်းသာ ဖြစ်ဖို့များလေ၏။
ကံကောင်းထောက်မစွာဖြင့် ကောင်းကင်မိစ္ဆာနိုင်ငံတော်၏ ဘုရင်က ကြားဝင်စွက်ဖက်ခဲ့ပုံရပေသည်။ ကောင်းကင်မိစ္ဆာနိုင်ငံတော်နှင့် ထုရှန်းမျိုးနွယ်စုတို့ကြားက ဆက်ဆံရေးကို ထိခိုက်မည်စိုး၍ သူက ချန်ကျွယ်ကို ထိုအစေခံအားခေါ်ဆောင်ကာ သူမ၏သမီးထံ သွားရောက်တောင်းပန်စေခဲ့ခြင်း ဖြစ်ရမည်။
တစ်ဖက်လူက ဤကိစ္စ၏ မျက်နှာစာကို လုံလောက်စွာ ကောင်းမွန်အောင် ကိုင်တွယ်ဖြေရှင်းခဲ့သဖြင့် ပြဿနာက ပြီးဆုံးသွားပြီဟု ယူဆရမည်ဖြစ်သည်။
ထိုသို့သာမဟုတ်ပါက သူမကိုယ်တိုင် ကောင်းကင်မိစ္ဆာနိုင်ငံတော်၏ မြို့တော်ဆီသို့သွားကာ ဧကရာဇ်ချန်ပင်းနှင့် သွားရောက်၍ ကောင်းကောင်း စကားပြောရလိမ့်မည်သာ။
"ဒါနဲ့နေပါဦး.. အချိန်ကလည်း နီးကပ်လာပြီပဲ။ ငါ မျိုးနွယ်စုဆီ ပြန်သွားသင့်ပြီ"
ထုရှန်းရှင်းဟွာက လရောင်ကို မော့ကြည့်လိုက်ရာ သူမ၏ အမူအရာတွင် အကူအညီမဲ့မှုနှင့် ဆန့်ကျင်လိုစိတ် အရိပ်အယောင် ခပ်ဖျော့ဖျော့ ကိန်းအောင်းနေပေသည်။
"ဟူး.. တကယ်ကို စိတ်ရှုပ်စရာပဲ..."
ထုရှန်းရှင်းဟွာက တိုးတိတ်စွာ သက်ပြင်းချလိုက်ပြီး နှင်းပွင့်ကဲ့သို့ ဖြူဆွတ်နေသော အမြီးကိုးချောင်း ကောင်းကင်မြေခွေးအဖြစ် အသွင်ပြောင်းလိုက်ကာ မိုင်တစ်သန်းခန့်ဝေးကွာသော နေရာတစ်ခုဆီသို့ နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ ညလေပြေကိုနင်းကာ ပျံသန်းသွားလေတော့သည်။
နှစ်ရက်အကြာ နံနက်ခင်းအချိန်တွင် ထုရှန်းရှင်းဟွာသည် တောင်ထွတ်တစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့လေ၏။
ဤတောင်ထွတ်ပေါ်တွင် 'ထုရှန်း' ဟူသော စာလုံးကြီးနှစ်လုံးကို ထွင်းထုထားပေသည်။
တောင်ထွတ်ကို ဖြတ်ကျော်သွားသောအခါ ထုရှန်းရှင်းဟွာ၏ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ တောင်တန်းကြီးများနှင့် ၎င်းတို့ကြားတွင် ပြန့်ကျဲနေသော လွင်ပြင်ငယ်လေးများပင် ဖြစ်ချေပြီ။
လွင်ပြင်များပေါ်တွင် ကျေးရွာများနှင့် မြို့ငယ်များ တည်ရှိနေလေ၏။
မိစ္ဆာမျိုးနွယ်များ ကျင့်ကြံအားထုတ်လေ့ရှိသော တောင်စွယ်တောင်တန်းများပေါ်တွင်လည်း အိမ်လေးများ ရှိနေပေသည်။
မိုင်တစ်သောင်းခန့် ကျယ်ဝန်းသော ဤနယ်မြေသည် သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေကာ ကျင့်ကြံခြင်းအတွက် အလွန်တရာ ကောင်းမွန်သောနေရာတစ်ရပ် ဖြစ်လေသည်။
ဤနေရာသည် ထုရှန်းမျိုးနွယ်စု၏ ဘိုးဘေးပိုင်နယ်မြေဖြစ်သလို မိစ္ဆာကမ္ဘာရှိ မြေခွေးမျိုးနွယ်စုအားလုံး၏ ဘိုးဘေးမြေလည်း ဖြစ်ပေ၏။
သူတို့က အမြီးကိုးချောင်း ကောင်းကင်မြေခွေးများ ဖြစ်စေ၊ သာမန် မြေခွေးမျိုးနွယ်စုများ ဖြစ်စေ..
ဤနေရာတွင် မူလမျိုးရိုးအမည် တစ်ခုတည်းသာ ရှိလေသည်။ ထိုအမည်မှာ ထုရှန်း ပင်တည်း။
ထုရှန်းရှင်းဟွာသည် ဤဘိုးဘေးမြေဆီသို့ ပြန်မလာချင်သော်ငြား ထုရှန်းမျိုးနွယ်စုဝင် တစ်ယောက်အနေဖြင့် သူမတွင် ပြန်လာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။
သူမ၏ အာရုံစူးစိုက်မှုကို ရုပ်သိမ်းလိုက်ပြီးနောက် ထုရှန်းရှင်းဟွာက တောင်ထွတ်တစ်ခုဆီသို့ တိုက်ရိုက် ဦးတည်သွားလေ၏။
ဤတောင်ထွတ်သည် ထုရှန်းမျိုးနွယ်စု၏ ဆွေးနွေးပွဲတောင်ထွတ် ဖြစ်ပေသည်။
ဆွေးနွေးပွဲတောင်ထွတ်သည် အနှစ်သုံးရာလျှင် တစ်ကြိမ်သာ ဖွင့်လှစ်လေ့ရှိလေသည်။
ဤပွဲတွင် ပါဝင်ဆွေးနွေးခွင့်ရှိသူများမှာ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်သော အမြီးကိုးချောင်း ကောင်းကင်မြေခွေး ဆယ်ပါးသာ ဖြစ်လေ၏။
သူတို့သည် ထုရှန်းမျိုးနွယ်စု တစ်ခုလုံး၏ အကြီးအကဲဆယ်ပါးလည်း ဖြစ်ကြပေသည်။
ဆွေးနွေးပွဲတောင်ထွတ်သို့ ရောက်သောအခါ ထုရှန်းရှင်းဟွာက လူသားအသွင်သို့ ပြောင်းလဲလိုက်ပြီး ခန်းမဆောင်ကြီးအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားလေတော့သည်။
ထုရှန်းရှင်းဟွာ ခန်းမထဲသို့ ဝင်ရောက်လာချိန်တွင် အခြားသော အကြီးအကဲကိုးပါးက ရောက်ရှိနေနှင့်ပြီးဖြစ်ကာ သူတို့အားလုံးက သူမဆီသို့ လှမ်းကြည့်လာကြလေ၏။
"မဟာအကြီးအကဲ"
ထုရှန်းရှင်းဟွာက ထိပ်ဆုံးတွင်ထိုင်နေသော အဘိုးအိုအား ဦးညွှတ်အရိုအသေပေးလိုက်ပေသည်။
"ရှင်းဟွာ.. မင်း လာမှာမဟုတ်ဘူးလို့ ငါ ထင်နေခဲ့တာ" မဟာအကြီးအကဲထုရှန်းမန်က သူ၏ ကိုယ်ပိုင်တပည့်ဖြစ်သူအား ကြည့်လိုက်လေ၏။ "ဝင်ထိုင်ပါ"
"ဟုတ်ကဲ့ပါ"
ထုရှန်းရှင်းဟွာက ခေါင်းညိတ်လိုက်ပြီး ညာဘက်ရှိ တတိယမြောက် ခုံတွင် ဝင်ထိုင်လိုက်လေတော့သည်။
"လူစုံပြီဆိုတော့ အစည်းအဝေးကို စတင်လိုက်ကြရအောင်။ ပထမဆုံးအနေနဲ့ ငါတို့က မကြာသေးခင်က ပေါ်ထွက်လာတဲ့ လူသားမျိုးနွယ် မဟာမိတ်အဖွဲ့ အကြောင်းကို ဆွေးနွေးကြဖို့ လိုတယ်"
ထုရှန်းမန်က ဖြည်းညင်းစွာ ဆိုလေ၏။
နောက်ထပ် နှစ်နာရီကြာသောအခါ မဟာအကြီးအကဲ၏ ဦးဆောင်မှုအောက်တွင် ထုရှန်းမျိုးနွယ်စုမှ အကြီးအကဲဆယ်ပါးသည် ကိစ္စရပ်အမျိုးမျိုးကို ဆွေးနွေးခဲ့ကြပေသည်။
၎င်းတို့အနက် အများစုမှာ အခြားသော မိစ္ဆာမျိုးနွယ်စု အင်အားစုများနှင့် မဟာမိတ်ဖွဲ့ရေး၊ ထုရှန်းမျိုးနွယ်စု၏ အနာဂတ်ဦးတည်ချက်နှင့် မိစ္ဆာကမ္ဘာတွင် တဖြည်းဖြည်း ကြီးထွားလာနေသော လူသားမျိုးနွယ် မဟာမိတ်အဖွဲ့ တို့အကြောင်း ဖြစ်လေ၏။
သို့သော် မဟာအကြီးအကဲက မည်သို့ပင်ပြောစေကာမူ အစည်းအဝေး၏ စကားလုံးများကြားမှနေ၍ ထုရှန်းရှင်းဟွာသည် ယင်းကို စကားလုံးနှစ်လုံးတည်းဖြင့် အကျဉ်းချုံးလိုက်လေသည်။ ၎င်းမှာ 'စိုးမိုးလွှမ်းမိုးခြင်း' ပင်ဖြစ်ချေပြီ။
"ဒီနေ့ အစည်းအဝေးအတွက်ကတော့ ဒီလောက်ပါပဲ။ မင်းတို့အားလုံး သွားလို့ရပါပြီ။ မနက်ဖြန်ကျမှ ငါတို့ ဆက်ဆွေးနွေးကြတာပေါ့"
"မှန်လှပါ အကြီးအကဲ"
အစည်းအဝေးကို ယာယီရပ်နားလိုက်ပြီးနောက် ထုရှန်းရှင်းဟွာနှင့် အခြားသော အကြီးအကဲရှစ်ပါးတို့က အတူတကွ ဦးညွှတ်အရိုအသေပေးလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်ကြလေ၏။
သို့သော် ထုရှန်းရှင်းဟွာက လှည့်ထွက်သွားရန် ပြင်လိုက်ချိန်လေးမှာပင် မဟာအကြီးအကဲထုရှန်းမန်က သူမကို လှမ်းခေါ်လိုက်ပေသည်။ "ရှင်းဟွာ.. ခဏလောက် နေခဲ့ဦး"
အခြားသော အကြီးအကဲရှစ်ပါးက ထုရှန်းရှင်းဟွာကို တစ်ချက်လှမ်းကြည့်လိုက်ကြပြီးနောက် ခန်းမထဲမှ ထွက်ခွာသွားကာ တံခါးများကိုပါ ပိတ်ပေးခဲ့ကြလေတော့သည်။
"မဟာအကြီးအကဲမှာ နောက်ထပ် ညွှန်ကြားစရာများ ရှိသေးလို့လား" ဟု ထုရှန်းရှင်းဟွာက မေးမြန်းလိုက်၏။
ယခုအခါ ခန်းမထဲတွင် ထုရှန်းရှင်းဟွာနှင့် ထုရှန်းမန် နှစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့ချေပြီ။
"မင်းက ဆန်ဝါမဟာအိပ်မက် ကျင့်စဉ်ကို လူသားယောကျာ်းလေး တစ်ယောက်ကို သင်ပေးလိုက်တယ်လို့ ငါ ကြားထားတယ်"
ထုရှန်းမန်က မေးလိုက်ပေသည်။
"ဟုတ်ပါတယ် မဟာအကြီးအကဲ" ထုရှန်းရှင်းဟွာက ခေါင်းညိတ်ပြလိုက်လေ၏။
"မင်းကို ငါ ရွေးချယ်စရာ နှစ်ခုပေးမယ်"
ထုရှန်းမန်က နောက်ကျောဘက်တွင် လက်ကိုနောက်ပစ်ကာ မတ်တတ်ရပ်လိုက်ပြီး ထုရှန်းရှင်းဟွာ၏ မျက်လုံးများကို တိုက်ရိုက် စိုက်ကြည့်လာလေတော့သည်။
"သူ့ကို မင်းကိုယ်တိုင် သတ်မလား"
"ဒါမှမဟုတ် ငါကိုယ်တိုင် သတ်ပေးရမလား"