အခန်း ၅၃၇
Vol. 54 Ch. 537
အခန်း (၅၃၇)
မဟာအကြီးအကဲ၏ စကားများကို ကြားသောအခါ ထုရှန်းရှင်းဟွာ၏ မျက်ခုံးများက တွန့်ချိုးသွားပြီး သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်လေ၏။
"ရှင်းဟွာ..."
မဟာအကြီးအကဲထုရှန်းမန်က လေးလံသော သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်ပေသည်။
"ကွေ့နင်က သူ့မြေးမလေးအတွက် ဗေဒင်တွက်ချက်ပေးခဲ့တယ်ဆိုတာ ငါသိပါတယ်။ ပြီးတော့ ရှောင်မိုလို့ခေါ်တဲ့ အဲဒီလူသားကလေးက ကျင်းစီနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာလည်း ငါသိတယ်။ အနာဂတ်မှာ သူက ကျင်းစီအတွက် ကြီးမားတဲ့ စိတ်နှလုံးမိစ္ဆာဘေးဒဏ်ကြီး ဖြစ်လာဖို့ အလွန်များပြားလှတယ်လေ"
"ဒါပေမဲ့ ကံကြမ္မာဆိုတာနဲ့ ပတ်သက်လာရင် ဗေဒင်ဟောကိန်းတစ်ခုတည်းက အရာအားလုံးကို ဘယ်လိုလုပ် ဆုံးဖြတ်နိုင်မှာလဲ။ မသေမျိုးလမ်းစဉ်ဆိုတာက ကိုယ်တိုင်လျှောက်လှမ်းရမယ့်အရာ မဟုတ်ဘူးလား"
ထုရှန်းရှင်းဟွာက ခေါင်းမော့ကာ စကားဆိုရန် ပြင်လိုက်သော်ငြား ထုရှန်းမန်က လက်ကာပြရင်း သူမ၏ စကားကို ဖြတ်ပြောလိုက်လေတော့သည်။
"မင်း ဘာပြောချင်လဲဆိုတာ ငါသိတယ်။ ဒီ ဆန်ဝါမဟာအိပ်မက် ကျင့်စဉ်က ရှေးဟောင်းခေတ်တုန်းက ကျေးဇူးရှင်တစ်ယောက်ဆီကနေ ငါတို့ ထုရှန်းမြေခွေးမျိုးနွယ်စုဆီကို လက်ဆင့်ကမ်းလာခဲ့တာပါ။ အဲဒီ ကျေးဇူးရှင်သာ မရှိခဲ့ရင် ငါတို့ရဲ့ အမြီးကိုးချောင်း ကောင်းကင်မြေခွေးမျိုးနွယ်စုကလည်း တခြားသော ရှေးဟောင်းသားရဲမျိုးနွယ်တွေလိုမျိုး ပျောက်ကွယ်သွားခဲ့လောက်ပြီ"
"အဲဒီတုန်းက ငါတို့ရဲ့ ဘိုးဘေးတွေက ဆန်ဝါမဟာအိပ်မက် ကျင့်စဉ်ကို သင်ယူတတ်မြောက်တဲ့ ဘယ်လူသား၊ ဘယ်မိစ္ဆာမဆို အနာဂတ်မှာ ငါတို့ ထုရှန်းမြေခွေးမျိုးနွယ်စုရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တော်ဖြစ်လာပြီး ငါတို့မျိုးနွယ်စုထဲက အထူးချွန်ဆုံး အမျိုးသမီးနဲ့ လက်ဆက်ပေးမယ်လို့ မှတ်တမ်းတင် ပြောဆိုခဲ့ကြတယ်"
"ဒါပေမဲ့ ကျင်းစီက ငါတို့ ထုရှန်းမြေခွေးမျိုးနွယ်စုအတွက် အရမ်းကို အထူးခြားလွန်းတယ်။ ငါတို့ အမြီးကိုးချောင်း ကောင်းကင်မြေခွေးမျိုးနွယ်စုရဲ့ မျှော်လင့်ချက်၊ ဒါတင်မကသေးဘူး.. တစ်မိစ္ဆာကမ္ဘာလုံးမှာရှိတဲ့ မြေခွေးမျိုးနွယ်စုတွေအားလုံးရဲ့ မျှော်လင့်ချက်က သူမအပေါ်မှာ တည်မှီနေတာ"
"အဲဒီရှောင်မိုကသာ မိစ္ဆာမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ခဲ့ရင် အဆင်ပြေနိုင်ပေမဲ့ သူက လူသားမျိုးနွယ် ဖြစ်နေတယ်လေ"
"မမေ့နဲ့.. အနန္တဓမ္မလောကနဲ့ ဖြစ်ပွားခဲ့တဲ့ ဒုတိယအကြိမ် စစ်ပွဲကြီးမှာ ငါတို့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း မိစ္ဆာကမ္ဘာထဲက လူသားတွေက ဂနာမငြိမ် ဖြစ်လာကြပြီ။ ငါတို့ ထုရှန်းမျိုးဆက်က လူသားမျိုးနွယ်ကို သေချာပေါက် ဖိနှိပ်ထားရမယ်။ ငါတို့က မိစ္ဆာကမ္ဘာရဲ့ ပူးတွဲအုပ်စိုးရှင်နေရာကိုတောင်မှ တစ်ဟုန်ထိုး အရယူရလိမ့်မယ်"
"မဟာအကြီးအကဲ ပြောတာတွေ အားလုံးက မှန်ကန်ပါတယ်။ အကြီးအကဲက ငါတို့ မြေခွေးမျိုးနွယ်စုတွေအတွက် အရမ်းကို ပင်ပန်းဆင်းရဲခံခဲ့ပြီးပြီမို့လို့ ကျွန်မအနေနဲ့ ဘာမှပြောပိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့..."
ထုရှန်းရှင်းဟွာက ခေါင်းမော့ကာ တစ်ဖက်လူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ချေပြီ။
"ရှောင်မိုက ကျင်းစီရဲ့ သူငယ်ချင်းပါ။ ပြီးတော့ သူက သူ့အသက်အန္တရာယ်ကိုတောင် ဂရုမစိုက်ဘဲ ကျင်းစီကို တစ်ကြိမ် ကယ်တင်ပေးခဲ့ဖူးသေးတယ်။ ကျွန်မအနေနဲ့ ကျေးဇူးကန်းတဲ့ လုပ်ရပ်ကို မလုပ်နိုင်သလို တခြားသူတွေက ရှောင်မိုကို ဒုက္ခပေးလာမှာကိုလည်း သည်းခံနေနိုင်မှာ မဟုတ်ဘူး"
"သည်းမခံနိုင်ဘူး။ ဟားဟားဟား..."
ထုရှန်းမန်က အားရပါးရ ရယ်မောလိုက်လေ၏။
"ရှင်းဟွာ.. မင်းကို ငါ ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်လာခဲ့တာ။ မင်းက ငါ့ရဲ့ တပည့်ဆိုပေမဲ့ ငါ့သမီးအရင်းလိုပါပဲ။ မင်းရဲ့ စိတ်သဘာဝကို ငါက မသိဘဲ နေပါ့မလား"
"ဒီလူသားကို မင်းက တကယ် သဘောကျကျေနပ်နေလို့လား။ မင်းက သူ့ကို တကယ်ပဲ ဒုက္ခမပေးချင်လို့လား၊ ဒါမှမဟုတ် သူ့ကိုသာ မင်း ဒုက္ခပေးလိုက်တာကို ကျင်းစီ သိသွားရင် တစ်သက်လုံး မင်းကို အငြိုးထားသွားမှာ စိုးရိမ်နေလို့လား"
ထုရှန်းရှင်းဟွာမှာ ဆွံ့အသွားလေတော့သည်။
"နှစ်တွေဒီလောက်ကြာသွားတာတောင် မင်းက ဆုံးဖြတ်ချက် မပြတ်သားနိုင်သေးပါလား"
ထုရှန်းမန်က လှည့်ထွက်သွားရင်း သူမ၏ လက်ကို ခါယမ်းပြလိုက်ပေသည်။
"ထားလိုက်ပါတော့လေ။ မင်း အခု သွားလို့ရပါပြီ။ ဒီကိစ္စကို ငါပဲ ကိုင်တွယ်ဖြေရှင်းလိုက်ပါ့မယ်"
"စိတ်ချပါ။ အဲဒီရှောင်မိုက လောလောဆယ် သေမှာမဟုတ်သေးဘူး။ သူက အသုံးဝင်နေသေးတယ်"
"ကျင်းစီ ကြီးပြင်းလာတဲ့အခါ.. တကယ်လို့များ သူမက ဒီလူသားကို တကယ် ချစ်မိသွားခဲ့ရင်..."
"အဲဒီကျရင် ရှောင်မို မသေခင်မှာ ကျင်းစီအတွက် အမြင့်မားဆုံး ခြေနင်းတုံးကြီးတစ်ခု ဖြစ်လာအောင် ငါ လုပ်ပေးလိုက်မယ်"
.....
ဟန်ရှန်းကျောင်းတော်၏ အားလပ်ရက်အပြီး ပထမဆုံး ကျောင်းဖွင့်ရက်သို့ ရောက်ရှိလာလေ၏။
ထုရှန်းကျင်းစီသည် ချန်းရွှယ်စာသင်ဆောင်သို့ အတန်းတက်ရန် လျှောက်သွားနေသော်လည်း အတော်လေး မပျော်မရွှင် ဖြစ်နေပုံရပေသည်။
အချိန်တွေ ဤမျှလောက် လျင်မြန်စွာ ကုန်ဆုံးသွားလိမ့်မည်ဟု သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရချေပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးရက်တာ အချိန်ကုန်လွန်သွားလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပေ။
ဤပျော်ရွှင်ဖွယ် အချိန်ကာလလေးက အလွန်တရာ တိုတောင်းလွန်းလှလေသည်။
သို့သော် ထုရှန်းကျင်းစီ မည်မျှပင် စိတ်လေးလံနေစေကာမူ သူမသည် အတန်းကို သေချာပေါက် တက်ရောက်ရမည်သာ ဖြစ်လေ၏။
ရှောင်မိုကမူ ပုံမှန်အတိုင်းပင် စာသင်ဆောင်အပြင်ဘက်တွင် ရပ်ကာ စာလိုက်နားထောင်နေပေသည်။
သို့ရာတွင် ယခုအခါ ဝမ်ကျုံးနှင့် အခြားသော စာကြည့်ဆောင်အစေခံ သုံးယောက်တို့မှာ ထိုနေရာတွင် မရှိကြတော့ချေ။
ဆေးခန်းမ အပြင်ဘက်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်ပြီးနောက် ဝမ်ကျုံးနှင့် အခြားသူများအားလုံးသည် ဟန်ရှန်းကျောင်းတော်မှ ထုတ်ပယ်ခံလိုက်ရပြီး မျက်နှာသစ် လေးယောက်ဖြင့် အစားထိုးခံလိုက်ရလေတော့သည်။
အတန်းနားချိန်အတွင်းတွင် လိုဟော်နှင့် အခြားသူများအားလုံးက ထုရှန်းကျင်းစီကို လာရောက်တောင်းပန်ကြလေ၏။
ချန်ကျွယ်ကို ဆက်ဆံခဲ့သကဲ့သို့ပင် ထုရှန်းကျင်းစီက ပြတ်သားစွာ ပြောလိုက်သည်။ "ရှောင်မိုက နင်တို့ရဲ့ တောင်းပန်မှုကို လက်ခံသရွေ့ ငါ နင်တို့ကို ခွင့်လွှတ်ပေးမယ်"
လိုဟော်နှင့် အခြားနှစ်ယောက်က စာသင်ဆောင် အပြင်ဘက်ရှိ ထိုလူသားကို လှမ်းကြည့်လိုက်ကြရာ အလွန်တရာ အနေခက်နေသည့်ဟန် ပေါ်လွင်နေကြချေပြီ။
ချန်ကျွယ်နည်းတူ သူတို့ကလည်း လူသားတစ်ယောက်ကို တောင်းပန်ရခြင်းသည် မိမိတို့ကိုယ်မိမိတို့ အကြီးအကျယ် စော်ကားခံရခြင်း၊ အရှက်ခွဲခံရခြင်းဖြစ်သည်ဟု ခံစားနေကြရပေသည်။
သို့သော် သူတို့၏ လူကြီးမိဘများထံမှ သတင်းစကားများကို တွေးမိသောအခါ လူရှင်းသောအချိန်ကို အခွင့်ကောင်းယူ၍ ရှောင်မိုအား သီးသန့်သွားရောက် တောင်းပန်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ကြချေ။
ရှောင်မိုကလည်း သူတို့၏ တောင်းပန်မှုများကို လက်ခံပေးလိုက်လေ၏။
ဤမိစ္ဆာမျိုးနွယ် မွန်မြတ်သော မိသားစုများမှ သခင်လေးများကို သူက အထင်ကြီးလေးစားမှု မရှိသော်ငြား ယခင်အဖြစ်အပျက်နှင့် ပတ်သက်၍ ဤမွန်မြတ်သော မိစ္ဆာလူငယ်လေးများသည် မထင်မှတ်ထားသော ဘေးဒုက္ခတစ်ခုကို ခံစားခဲ့ရသည်ကတော့ အမှန်ပင်ဖြစ်သည်။
သူတို့၏ ကိုယ်ပိုင် စာကြည့်ဆောင်အစေခံများ ကိုယ်တိုင် လှည့်စားခံရပြီး ရှောင်မိုကို ပူးပေါင်းတိုက်ခိုက်ကြလိမ့်မည်ဟု သူတို့ မျှော်လင့်ထားခဲ့မည် မဟုတ်ပေ။
ထိုလူများ ပေးပို့လာသော ရတနာများနှင့် ပတ်သက်၍ ရှောင်မိုက တစ်ခုလေးမျှပင် သိမ်းဆည်းမထားခဲ့ချေ။
လျိုရွှေ အမည်ရှိသော ကောင်မလေးကို ပေးရန်အတွက် ထိုအရာများအားလုံးကို ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်ရန် သူ စီစဉ်ထားလိုက်လေသည်။
မည်သို့ပင်ဆိုစေ လျိုရွှေသည် အမှန်တကယ် အပြစ်ကင်းစင်သူဖြစ်ပြီး သူမက ရှောင်မိုကြောင့်သာ အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ပေ၏။
ကံကောင်းထောက်မစွာဖြင့် အခြားဆိုးရွားသော အဖြစ်အပျက်များ မရှိဘဲ ပြီးဆုံးသွားခဲ့လေသည်။
ထို့ကြောင့် သူတို့ အမှန်တကယ် တောင်းပန်သင့်သူမှာ မိမိမဟုတ်ဘဲ လျိုရွှေသာဖြစ်သည်ဟု ရှောင်မို ခံစားမိလေသည်။
သို့သော် ထိုကဲ့သို့သော အရာမျိုးက မည်သို့လုပ် ဖြစ်နိုင်မည်နည်း။
သူတို့က ရှောင်မိုကို တောင်းပန်ရခြင်းမှာ ထုရှန်းမျိုးနွယ်စု၏ အင်အား၊ ကျင်းစီ၏ အဆင့်အတန်းနှင့် သူက ကျင်းစီ၏ ယုံကြည်ရသူတစ်ဦး ဖြစ်နေခြင်းတို့ကို လေးစားသောကြောင့်သာ ဖြစ်ပေသည်။
အကယ်၍ သာမန်လူသားတစ်ယောက်ကိုသာ တောင်းပန်ခိုင်းမည်ဆိုပါက ဤမိစ္ဆာမျိုးနွယ် လူငယ်လေးများသာမက သူတို့၏ ဖခင်များပင်လျှင် လိုလားကြလိမ့်မည် မဟုတ်ချေ။
လျိုရွှေအား ငွေကြေးအဖြစ် ပေးအပ်ရန် ရှောင်မိုက ဤလျော်ကြေးလက်ဆောင်များကို ရောင်းချလိုကြောင်း ကြားသောအခါ ထုရှန်းကျင်းစီကလည်း ဘာမှ ကန့်ကွက်ခြင်း မရှိခဲ့ပေ။
တိုက်ဆိုင်စွာပင် ဟန်ရှန်းကျောင်းတော် အနီး၌ ကောင်းကင်နှင့်မြေကြီး ရတနာအမျိုးမျိုးကို ရောင်းချနိုင်သော မြို့ငယ်လေးတစ်ခု ရှိနေလေ၏။
ထိုမြို့လေးကို "ဟန်ရှန်းမြို့" ဟု အမည်ပေးထားပြီး ယင်းက ဟန်ရှန်းကျောင်းတော်၏ လက်အောက်ခံ နယ်မြေတစ်ခု ဖြစ်ပေသည်။
ဟန်ရှန်းမြို့တွင် သေတတ်သောလူသားများအတွက် ဈေးတန်းများနှင့် အရက်ဆိုင်များရှိသကဲ့သို့ ကျင့်ကြံသူများအတွက် စုဝေးရာနေရာများစွာလည်း ရှိလေသည်။
ဥပမာအားဖြင့် ဟန်ရှန်းမြို့ရှိ ဝမ်ပေါက်ဂေဟာသည် အနီးအနားတစ်ဝိုက်ရှိ ကျင့်ကြံသူများအတွက် အကြီးဆုံးသော ကုန်သွယ်ရေး နေရာတစ်ခု ဖြစ်လေ၏။
သာမန်ကျင့်ကြံသူများသည် သူတို့လိုအပ်သော ကောင်းကင်နှင့်မြေကြီး ရတနာများကို ထိုနေရာတွင် ဝယ်ယူနိုင်ပေသည်။
ထို့အပြင် ကျင့်ကြံသူများကလည်း သူတို့၏အခွင့်အလမ်း သို့မဟုတ် တိုက်ဆိုင်မှုများမှတစ်ဆင့် ရရှိလာသော ရတနာများ သို့မဟုတ် မိစ္ဆာသားရဲအမြူတေများကို ထိုနေရာတွင် ရောင်းချလေ့ရှိကြသည်။
သို့ရာတွင် ကုန်သည်များက ဉာဏ်နီဉာဏ်နက် များတတ်ကြလေ၏။ ထုရှန်းကျင်းစီက ရှောင်မိုအနေဖြင့် ထိုအကျိုးအကြောင်းမသင့်သော လူကြီးများ၏ လိမ်လည်လှည့်စားမှုကို ခံရမည်စိုးသဖြင့် အစ်မယွဲ့ရှီကို ရှောင်မိုနှင့်အတူ အဖော်လိုက်သွားပေးရန် တောင်းဆိုခဲ့လေသည်။
ဝမ်ပေါက်ဂေဟာသို့ ရောက်ရှိလာချိန်တွင်။
ရှောင်မိုက ထိုပစ္စည်းများကို ရောင်းချပြီးနောက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးရာနှင့် လဲလှယ်ရရှိခဲ့လေ၏။
ဝိညာဉ်ကျောက်တုံးများကို ၎င်းတို့၏ အရည်အသွေးအပေါ် မူတည်၍ အနိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားပေသည်။
ကျင့်ကြံခြင်းလောကက သတ်မှတ်ပြဋ္ဌာန်းထားသော စံသတ်မှတ်ချက် အရွယ်အစားတစ်ခု ဖြစ်လေသည်။
ဤအရွယ်အစားက အနည်းငယ် အတက်အကျ ရှိနိုင်ပြီး အနည်းငယ်သော ကွာဟမှုများကို လက်ခံနိုင်သော်လည်း အရမ်းကြီး ကွာခြားသွား၍တော့ မရချေ။
အဆင့်တစ်ခုစီကြားရှိ လဲလှယ်နှုန်းမှာ တစ်နှင့် တစ်ရာ အချိုးဖြစ်ပေသည်။
ဥပမာအားဖြင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာ၊ သို့မဟုတ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းနှင့် လဲလှယ်နိုင်လေ၏။
ဟန်ရှန်းကျောင်းတော်ရှိ ဆရာရှန်းကဲ့သို့သော သာမန်ဆရာတစ်ယောက်သည် လစဉ်လစာအဖြစ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ် ရရှိပေသည်။
သေချာပေါက် ယင်းက အခြေခံအကျဆုံး လစာမျှသာ ဖြစ်လေ၏။
ဆရာရှန်းက ကျောင်းတော်အတွက် မစ်ရှင်များထမ်းဆောင်ခြင်း သို့မဟုတ် အပြင်ထွက်စဉ် အခွင့်အလမ်းများ ရှာဖွေတွေ့ရှိခြင်းမှ ရရှိလာသော အရာများကိုမူ သီးခြား တွက်ချက်ရမည်ဖြစ်သည်။
သို့သော် မည်သို့ပင်ဖြစ်စေ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးရာသည် ကြီးမားလှသော စည်းစိမ်ဥစ္စာတစ်ခုဟု သတ်မှတ်နိုင်ပေသည်။
ဟန်ရှန်းကျောင်းတော်သို့ ပြန်ရာလမ်းတွင် ဤမျှများပြားလှသော ငွေကြေးများကို လျိုရွှေအား ပေးအပ်သင့်မသင့် ရှောင်မို တွေးတောနေမိလေ၏။
ဘာပဲဖြစ်ဖြစ် သာမန်အမျိုးသမီးတစ်ယောက်က ဤကဲ့သို့သော ကြီးမားသည့် စည်းစိမ်ကို ပိုင်ဆိုင်ထားကြောင်း တခြားသူများ သိသွားခဲ့လျှင် ၎င်းက သေချာပေါက် သေရာပါနိုင်သော ဘေးဒုက္ခတစ်ခုကို ဆောင်ကြဉ်းလာပေးမည်သာ ဖြစ်လေသည်။
မွန်းလွဲပိုင်းသို့ ရောက်သောအခါ ရှောင်မိုနှင့် ထုရှန်းကျင်းစီတို့သည် ခြံဝင်းဆီသို့ ပြန်ရောက်လာကြလေတော့သည်။