အခန်း ၅၃၈
Vol. 54 Ch. 538
အခန်း (၅၃၈)
ခြံဝင်း၏ ကြိမ်တံခါးဝတွင် ခြင်းတောင်းတစ်လုံးကို ပိုက်ကာ ဟိုဟိုဒီဒီ ငေးမောကြည့်ရှုနေသော မိန်းကလေးတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရလေ၏။
ရှောင်မို ပြန်လာသည်ကို မြင်လိုက်ရသောအခါ လျိုရွှေ၏ မျက်လုံးများက ရုတ်တရက် အရောင်လက်သွားပြီး ရှေ့သို့ အလျင်အမြန် တိုးလာကာ အရိုအသေပေးလိုက်ပေသည်။ "ဒီက မိန်းကလေး လျိုရွှေက သခင်မလေးထုရှန်းနဲ့ သခင်လေးရှောင်တို့ကို ဂါရဝပြုပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်က သခင်မလေးထုရှန်းနဲ့ သခင်လေးရှောင်တို့ရဲ့ ကူညီကယ်တင်မှုအတွက် ကျေးဇူးတင်ပါတယ်ရှင်"
"အစ်မလျိုက ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ အစ်မကို ကယ်တင်ခဲ့တာက ရှောင်မိုလေ။ ငါနဲ့ သိပ်ပြီး သက်ဆိုင်တာမှ မဟုတ်တာ" ထုရှန်းကျင်းစီက ပြုံးလျက် ဆိုလေ၏။
"ဘယ်လိုပဲဖြစ်ဖြစ် သခင်မလေးထုရှန်းသာ နောက်ပိုင်းမှာ အချိန်မီ ရောက်မလာခဲ့ဘူးဆိုရင် အဲဒီနေ့က ကိစ္စတွေ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ပြောဖို့ခက်ပါတယ်။ သခင်မလေးရော၊ သခင်လေးရှောင်ရော နှစ်ယောက်စလုံးက ကျွန်မရဲ့ ကျေးဇူးရှင်တွေပါပဲ" လျိုရွှေက အလွန်တရာ ကျေးဇူးတင်လှိုက်လှဲစွာဖြင့် ပြောလိုက်ချေပြီ။
ယခုအချိန်အထိတိုင်အောင် လွန်ခဲ့သော ရက်အနည်းငယ်က အဖြစ်အပျက်များကို ပြန်လည်တွေးတောမိတိုင်း လျိုရွှေ၏ ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ကိန်းအောင်းနေဆဲ ဖြစ်လေသည်။
"တကယ် အဆင်ပြေပါတယ် အစ်မလျိုရဲ့။ ဒါ့အပြင် အရာအားလုံးက ချန်ကျွယ်နဲ့ တခြားလူတွေရဲ့ အမှားတွေချည်းပါပဲ" ထုရှန်းကျင်းစီက ရှေ့သို့တိုးသွားပြီး သူမထက် အသက်ငါးနှစ်ခန့် ကြီးသော ထိုမိန်းကလေးအား တွဲထူပေးလိုက်လေ၏။
လျိုရွှေက သူမရှေ့ရှိ ကြွေရုပ်လေးကဲ့သို့ လှပသော ကောင်မလေးကို ကြည့်ကာ မျက်တောင်ဖျားမှ မျက်ရည်စများကို ဖွဖွလေး သုတ်ဖယ်လိုက်ပြီးနောက် ခြင်းတောင်းကို ဖုံးအုပ်ထားသော အဝတ်စကို ဖယ်ရှားလိုက်ပေသည်။
"ကျွန်မက သခင်မလေးထုရှန်းနဲ့ သခင်လေးရှောင်ဆီကို အမြန်ဆုံး လာလည်ချင်ခဲ့တာပါ။ ဒါပေမဲ့ သခင်မလေးတို့ရဲ့ အဆင့်အတန်းနဲ့ နေထိုင်တဲ့နေရာကို သိရဖို့အတွက် အချိန်အတော်ကြာအောင် လိုက်မေးခဲ့ရလို့ပါ"
"ဒီအထဲမှာ အမေနဲ့ ကျွန်မ ကိုယ်တိုင်လုပ်ထားတဲ့ ဆီးသီးမုန့်တချို့ ပါပါတယ်။ တန်ဖိုးကြီးတဲ့အရာတွေတော့ မဟုတ်ပါဘူး"
"ပြီးတော့ ဒီအိတ်လေးထဲမှာက ကျွန်မတို့မိသားစုရဲ့ ကျေးဇူးဆပ်ချင်တဲ့ စိတ်ဆန္ဒလေးပါ"
ထိုသို့ပြောနေစဉ် လျိုရွှေ၏ ပါးပြင်လေးများက အနည်းငယ် နီမြန်းသွားလေ၏။
သူမက ယဉ်ယဉ်ကျေးကျေး ပြောနေခြင်း သက်သက်မဟုတ်ဘဲ သူမ၏ ဤပစ္စည်းများက အမှန်တကယ်ပင် လူရှေ့သူရှေ့ ထုတ်ပြလောက်စရာ မကောင်းဟု ခံစားနေရသောကြောင့် ဖြစ်ပေသည်။
ထိုအိတ်ငယ်လေးထဲတွင် သူမတို့ မိသားစု၏ စုဆောင်းငွေ အများစု ပါဝင်နေသော်ငြား ဂုဏ်သတင်းကြီးမားလှသော မိသားစုမှ သခင်မလေးတစ်ယောက်အတွက်တော့ ၎င်းက ဘာမှမဟုတ်သည့်အရာ ဖြစ်နေနိုင်လေသည်။
သို့သော် ဤအရာများမှလွဲ၍ သူမတို့မိသားစုတွင် ပေးစရာ အခြားမည်သည့်အရာမျှ မရှိတော့ချေ။
ထုရှန်းကျင်းစီနှင့် ရှောင်မိုတို့ အချင်းချင်း တစ်ချက်ကြည့်လိုက်ကြသည်။ ရှောင်မိုက ခေါင်းညိတ်ပြလိုက်မှသာ ထုရှန်းကျင်းစီက ခြင်းတောင်းကို လှမ်းယူလိုက်လေတော့သည်။
သို့ရာတွင် ထုရှန်းကျင်းစီက ငွေအိတ်ငယ်လေးကို ပြန်ပေးလိုက်ပြီး ချစ်စရာကောင်းသော လေသံဖြင့် ဆိုလေ၏။ "အစ်မလျို.. ငါက ဒီဆီးသီးမုန့်တွေကို စားရတာ အရမ်းကြိုက်တာဆိုတော့ အားမနာဘဲ ယူထားလိုက်ပါ့မယ်။ ဒါပေမဲ့ ဒီအိတ်ထဲက ငွေတွေကိုတော့ ပြန်ယူသွားပေးပါ"
"ဒါက.. သခင်မလေးထုရှန်း.."
"ကဲပါ.. ဆုံးဖြတ်ပြီးသွားပြီလေ။ ငါ တစ်ရေးလောက် သွားအိပ်လိုက်ဦးမယ်။ ရှောင်မို.. နင်က ငါ့ကိုယ်စား အစ်မလျိုကို ကောင်းကောင်းမွန်မွန် ဧည့်ခံပေးလိုက်ဦး"
လျိုရွှေက စကားဆက်ပြောချင်သေးသော်ငြား ထုရှန်းကျင်းစီက သူမ၏ စကတ်အောက်မှ ရှည်လျားသွယ်လျသော ခြေတံလေးများဖြင့် ခြံဝင်းအတွင်းသို့ ပြေးဝင်သွားခဲ့ချေပြီ။
ကောင်မလေး၏ သွယ်လျသော ကျောပြင်လေး ထွက်ခွာသွားသည်ကို ကြည့်ကာ လျိုရွှေက သူမ၏ နှုတ်ခမ်းကိုစေ့လိုက်ပြီး ရင်ထဲမှလှိုက်လှဲစွာဖြင့် မပြောဘဲ မနေနိုင်တော့ချေ။
"သခင်မလေးထုရှန်းက တကယ်ကို တခြားသူတွေနဲ့ မတူဘူးပဲ"
"ကျွန်တော်တို့ရဲ့ သခင်မလေးက တကယ်ကို အတော်လေး ကွဲပြားခြားနားပါတယ်။" ရှောင်မိုက ရယ်မောလိုက်ပြီး သူ၏ဝတ်ရုံထဲမှ ဝိညာဉ်ကျောက်တုံးအိတ် တစ်အိတ်ကို ထုတ်ယူလိုက်လေ၏။ "အစ်မလျို.. ဒါက အစ်မအတွက်ပါ"
"သခင်လေးရှောင်.. ဒါက ဘာလဲဟင်" လျိုရွှေက နားမလည်နိုင်စွာ မေးလိုက်ပေသည်။
"ဒါက အဲဒီ စာကြည့်ဆောင်အစေခံတွေရဲ့ သခင်တွေဆီက ပေးလာတဲ့ လျော်ကြေးတွေပါ။ ဒါပေမဲ့ အဲဒါတွေကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးရာနဲ့ ကျွန်တော် သွားလဲလိုက်တယ်။ အစ်မလျိုက နစ်နာသူဆိုတော့ ဒီဝိညာဉ်ကျောက်တုံးတွေက အစ်မနဲ့ပဲ ထိုက်တန်ပါတယ်" ရှောင်မိုက ရိုးသားစွာ ပြောပြလိုက်လေ၏။
"ရှင်။ ငါး.. ငါးရာ"
လျိုရွှေမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ထိတ်လန့်တကြားဖြင့် နောက်သို့ဆုတ်ကာ လက်များကို ဆက်တိုက် ခါယမ်းပြလေတော့သည်။
"သခင်လေးရှောင်.. ကျွန်မ လက်မခံနိုင်ပါဘူး။ ရှင်သာ ကျွန်မကို မကယ်တင်ခဲ့ရင် ကျွန်မက ဆိုးရွားတဲ့ ကံကြမ္မာနဲ့ ရင်ဆိုင်ခဲ့ရမှာပါ။ ဒီလောက်များပြားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ကျွန်မက ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ လုံးဝ မဖြစ်နိုင်ပါဘူး"
"အကြောင်းရင်းတွေကို အစ်မကို ရှင်းပြဖို့က နည်းနည်း ခက်ခဲပါတယ်။ ဒါပေမဲ့ အဲဒီနေ့က ကိစ္စနဲ့ပတ်သက်ပြီး အစ်မက အပြစ်ကင်းစင်သူပါ။ အစ်မက ကျွန်တော့်ကြောင့်သာ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ပဲ ပြောရမှာပေါ့" ရှောင်မိုက ရိုးရှင်းစွာ ရှင်းပြလိုက်ပေသည်။
"ဒါပေမဲ့ ဒီဝိညာဉ်ကျောက်တုံးအိတ်ကို အစ်မ ဖွက်ထားပြီး ဘယ်သူ့ကိုမှ မပြောပြတာ အကောင်းဆုံးပါပဲ။ တကယ်လို့ ငွေရေးကြေးရေး အခက်အခဲရှိလာရင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူပြီး ဝမ်ပေါက်ဂေဟာမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေနဲ့ သွားလဲလှယ်လို့ ရပါတယ်။ အဲဒါက သိပ်ပြီး ပြဿနာ မရှိနိုင်ပါဘူး"
လျိုရွှေက ရှောင်မို၏ လက်ထဲရှိ ဝိညာဉ်ကျောက်တုံးအိတ်ကို ကြည့်ကာ ဆက်လက်၍ ငြင်းဆန်ခေါင်းခါနေဆဲ ဖြစ်လေ၏။ "ကျွန်မ.. အကြောင်းရင်းတွေနဲ့ သခင်လေး ဘာကိုဆိုလိုချင်လဲဆိုတာကို ကျွန်မ နားမလည်ပေမဲ့ ရှင်က ကျွန်မရဲ့ အသက်ကို ကယ်တင်ခဲ့တယ်ဆိုတာကတော့ အမှန်တရားပါပဲ။ ဒါကြောင့် ကျွန်မ တကယ်ကို လက်မခံနိုင်ပါဘူး"
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီတောင်းပန်တဲ့ လက်ဆောင်တွေထဲမှာ အစ်မလျိုလည်း ဝေစုရသင့်ပါတယ်" ရှောင်မိုက ပြုံးလိုက်ပြီး နောက်ဆက်တွဲ အကျိုးဆက်များကို တမင်တကာ ကြီးကျယ်သွားစေရန် ပုံကြီးချဲ့ပြောလိုက်လေသည်။
"တကယ်လို့ အစ်မလျိုက ဒါကို လုံးဝ လက်မခံဘူးဆိုရင် ကျွန်တော့်ရဲ့ ရင်ထဲမှာ မသက်မသာ ဖြစ်နေလိမ့်မယ်။ ကျွန်တော့်ရဲ့ အတွေးတွေ ပိတ်ဆို့သွားနိုင်ပြီး အဲဒါက ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းကိုတောင် ထိခိုက်လာနိုင်တယ်"
"ဒါက..." လျိုရွှေက သူမ၏ လက်များကို ပွတ်သပ်ချေမွရင်း ဗျာများနေသည့်ဟန် ပေါ်လွင်နေပေသည်။
သို့သော် မကြာမီမှာပင် တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား လျိုရွှေ၏ မျက်လုံးများက ရုတ်တရက် အရောင်လက်လာချေပြီ။ "သခင်လေးရှောင်.. ဒီဝိညာဉ်ကျောက်တုံးတွေကိုတော့ ကျွန်မ တကယ် လက်မခံနိုင်သေးပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်ရင်ရော.. ကျွန်မကို မှော်ပညာရပ် သိုင်းကျမ်းတစ်အုပ်လောက် ပေးနိုင်မလားဟင်"
"မှော်ပညာရပ်" ရှောင်မိုမှာ အံ့အားသင့်သွားလေ၏။
"ဟုတ်ပါတယ်" လျိုရွှေက လေးနက်စွာ ဆိုလေသည်။
"ကျွန်မ ကျင့်ကြံနိုင်မလား၊ မကျင့်ကြံနိုင်ဘူးလားဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ကျွန်မ ကြိုးစားကြည့်ချင်တယ်။ တကယ်လို့ ကျွန်မသာ ကျင့်ကြံနိုင်မယ်ဆိုရင် အနာဂတ်မှာ အနိုင်ကျင့်ခံရတဲ့အခါ ကျွန်မ ထွက်ပြေးနိုင်ကောင်း ထွက်ပြေးနိုင်လိမ့်မယ်။ ပြီးတော့ အမေ့ကိုလည်း ကာကွယ်ပေးနိုင်မယ်လေ။ ဘာပဲဖြစ်ဖြစ် ကျွန်မက သခင်လေးရှောင်လို လူကောင်းတစ်ယောက်နဲ့ အမြဲတမ်း ကံကောင်းပြီး ဆုံတွေ့နိုင်မှာမှ မဟုတ်တာ"
လျိုရွှေ၏ အတွေးများကို ကြားသောအခါ ရှောင်မိုက ခေတ္တမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သဘောတူလိုက်လေ၏။ "အဲဒါလည်း အကြံကောင်းပါပဲ။ ဒီလိုလုပ်ရင်ရော.. အစ်မလျို.. မနက်ဖြန် ညနေကျရင် ဒီကို ထပ်လာခဲ့လေ။ အစ်မအတွက် ဝိညာဉ်အမြစ်ကို ကျွန်တော် စမ်းသပ်ပေးမယ်"
"အင်း.. ဟုတ်ကဲ့ပါ" လျိုရွှေက ပျော်ရွှင်စွာဖြင့် ဦးညွှတ်အရိုအသေပေးလိုက်ပေသည်။ "ကျေးဇူးတင်ပါတယ် သခင်လေးရှောင်။ ဒါဆို ကျွန်မ ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး"
"ဂရုစိုက်သွားပါ အစ်မလျို" ရှောင်မိုက လက်နှစ်ဖက်ကို ယှက်ကာ ရိုသေစွာဖြင့် နှုတ်ဆက်လိုက်လေတော့သည်။
လျိုရွှေ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ရှောင်မိုက ခြံဝင်းအတွင်းသို့ ပြန်ဝင်လာခဲ့လေ၏။
ထုရှန်းကျင်းစီက သူမ၏အခန်းထဲမှ ပျော်ရွှင်စွာ ခုန်ပေါက်ထွက်လာပြီး ရှောင်မို၏ ပခုံးကို ပုတ်လိုက်ပေသည်။ "ရှောင်မို.. အစ်မလျို ပြန်သွားပြီလား"
"ဟုတ်တယ်.. သူ ပြန်သွားပြီ" ရှောင်မိုက ခေါင်းညိတ်လိုက်လေ၏။ "ဒါပေမဲ့ အစ်မလျိုက အဲဒီဝိညာဉ်ကျောက်တုံးတွေကို လက်မခံသွားဘူး။ အဲဒီအစား သူက ကျင့်ကြံချင်တယ်လို့ ပြောသွားတယ်။ မနက်ဖြန် မြို့ထဲကို ထပ်သွားပြီး သူ့အတွက် ဝိညာဉ်စမ်းသပ်ကျောက်တုံး တစ်တုံးရယ်၊ ကျင့်စဉ်သိုင်းကျမ်း တချို့ရယ် သွားဝယ်ဖို့ ကျွန်တော် စီစဉ်ထားတယ်"
"ကောင်းတာပေါ့.. ငါလည်း နင်နဲ့အတူ လိုက်မယ်" ထုရှန်းကျင်းစီက ပျော်ရွှင်စွာဖြင့် ဆိုလေသည်။ "ပြီးတော့ ရှောင်မို.. နင်က အစ်မလျိုကို ဒီကို မကြာခဏ လာခိုင်းလို့ရပါတယ်။ အစ်မယွဲ့ရှီကလည်း သူ့ကို ကျင့်ကြံဖို့ သင်ပေးနိုင်တယ်။ အဲဒီအခါကျရင် အစ်မလျိုလည်း ငါတို့နဲ့ အတူတူ ဆော့လို့ရပြီပေါ့"
ကောင်မလေး၏ ရွှင်လန်းနေသော မျက်နှာကို မြင်သောအခါ ရှောင်မိုက ခေါင်းညိတ်ပြုံးပြလိုက်ပေသည်။ "ကောင်းပါပြီ.. မနက်ဖြန်ကျရင် အစ်မလျိုကို ကျွန်တော် ပြောလိုက်ပါ့မယ်"
ရှောင်မိုက မည်သို့လုပ် မသိဘဲ နေမည်နည်း။ ကျင်းစီက လျိုရွှေကို ဤခြံဝင်းအတွင်းသို့ မကြာခဏ လာခိုင်းခြင်းမှာ သူမက လျိုရွှေနှင့် ဆော့ကစားချင်ရုံ သက်သက်မဟုတ်သလို ယွဲ့ရှီကို သူမ၏ ကျင့်ကြံခြင်းအား လမ်းညွှန်ပြသပေးစေချင်ရုံ သက်သက်လည်း မဟုတ်ချေ။ ယင်းက လျိုရွှေကို ကာကွယ်ပေးရန် နည်းလမ်းတစ်ခုလည်း ဖြစ်ပေ၏။
အနည်းဆုံးတော့ ၎င်းက လျိုရွှေသည် ထုရှန်းမျိုးနွယ်စုနှင့် ဆက်ဆံရေးကောင်းမွန်သည်ဟု အခြားသူများကို ထင်မြင်သွားစေနိုင်လေသည်။
အခြားသူများကလည်း လျိုရွှေကို ပြဿနာသွားရှာဝံ့တော့မည် မဟုတ်ချေ။
ပုံမှန်အားဖြင့် ကျင်းစီက အလွန်တရာ အပြစ်ကင်းစင်သည်ဟု ထင်ရသော်ငြား တကယ်တမ်းတွင်မူ သူမ၏ စိတ်သဘောထားက အလွန်နူးညံ့သိမ်မွေ့ပြီး အကင်းပါးလှပေသည်။
"ကျင်းစီ.. ကျေးဇူးတင်ပါတယ်။ မင်းက တကယ်ကို အံ့ဩစရာကောင်းတဲ့ ကောင်မလေးပဲ" ထုရှန်းကျင်းစီ၏ တောက်ပပြီး အပြစ်ကင်းစင်သော အသွင်အပြင်ကို ကြည့်ကာ ရှောင်မိုက မချီးကျူးဘဲ မနေနိုင်တော့ချေ။
"ရှောင်မို.. ငါက လူကောင်းတစ်ယောက် မဟုတ်ဘူးနော် သိလား" ထုရှန်းကျင်းစီက သူမ၏ ပါးစပ်လေးကို စူကာ လက်သေးသေးလေးများကို ခြစ်ဆိတ်တော့မည့်ဟန်ဖြင့် မြှောက်လိုက်ရာ ခက်ထန်သယောင်နှင့် အလွန်ချစ်စရာကောင်းသော အသွင်ကို ဆောင်နေလေတော့သည်။ "ငါက အရမ်း ရက်စက်တတ်တာနော်"
"အဲဒီလိုလား" ရှောင်မိုက တခစ်ခစ် ရယ်မောလိုက်လေ၏။ "ဒါပေမဲ့ ဘာလို့ ငါ မသိပါလိမ့်"
"ရှောင်မို.. နင်က အရူးလေးပဲ" နေဝင်ဆည်းဆာ အချိန်လေးအောက်တွင် ထုရှန်းကျင်းစီက ခြေဖျားထောက်ကာ ရှေ့သို့ကိုင်းညွတ်လိုက်ပြီး သူမ၏ လက်သေးသေးလေးကို ဆန့်ထုတ်ကာ ရှောင်မို၏ နဖူးကို ဖွဖွလေး တောက်လိုက်လေရာ သူမ၏ မျက်လုံးများက လခြမ်းကွေးလေးများအသွင် ကွေးညွတ်သွားချေပြီ။
"အဲဒါက နင့်အတွက် သီးသန့်မို့လို့ပေါ့"