← Chapters

အခန်း ၅၃၉

Vol. 54 Ch. 539

အခန်း ၅၃၉

Vol. 54 Ch. 539

အခန်း (၅၃၉)

နောက်တစ်နေ့ စာသင်ဆောင်မှ ကျောင်းဆင်းပြီးနောက် ရှောင်မိုနှင့် ထုရှန်းကျင်းစီတို့သည် ဝိညာဉ်စမ်းသပ်ကျောက်တုံး တစ်တုံးဝယ်ယူရန် ဟန်ရှန်းမြို့သို့ ထွက်ခွာသွားကြလေ၏။

ထို့နောက် ပိုင်ပေါက်ဂေဟာ ပိုင်ရှင်၏ အကြံပြုချက်အရ လူသားမျိုးနွယ်များအတွက် ကျင့်ကြံခြင်းသိုင်းကျမ်းအချို့ကို ဝယ်ယူခဲ့ကြပေသည်။

ပိုင်ပေါက်ဂေဟာ၏ ဆိုင်ရှင်ဖြစ်သူက ထိုသိုင်းကျမ်းများကို မိုးမမီအောင် မြှောက်ပင့်ချီးမွမ်းခဲ့သလို စျေးနှုန်းများကလည်း မသေးလှချေ။

သို့ရာတွင် ထုရှန်းမျိုးနွယ်စု၏ သခင်မလေးကိုယ်တိုင် လာရောက်ဝယ်ယူခြင်းဖြစ်သဖြင့် သူတို့အနေဖြင့် သူမအား အလွယ်တကူ လှည့်စားခေါင်းပုံဖြတ်ရန် မဝံ့ရဲခဲ့ကြပေ။

မျှမျှတတ ပြောရလျှင် ဤသိုင်းကျမ်းများသည် စျေးနှုန်းအနည်းငယ် တင်ထားသော်ငြား အပြည့်အစုံဖြစ်သည့်အပြင် ၎င်းတို့၏ အဆင့်အတန်းကလည်း အမှန်တကယ် နိမ့်ကျမနေခဲ့ချေ။

သို့သော် ဤသိုင်းကျမ်းများကို အသုံးပြု၍ သန္ဓေတည်ဝိညာဉ်အဆင့်အထိ ကျင့်ကြံရန် ရည်ရွယ်ထားလျှင်မူ အနည်းငယ် ခက်ခဲနိုင်ပေသည်။

မည်သို့ပင်ဆိုစေ သန္ဓေတည်ဝိညာဉ်အဆင့်ဆိုသည်မှာ မိမိကိုယ်ပိုင် ဂိုဏ်းတစ်ခုကိုပင် တည်ထောင်နိုင်စွမ်းရှိသော မြေကမ္ဘာမသေမျိုး အဆင့်ဟု လူသိများကြလေ၏။

ကျင့်ကြံသူ အများစုအတွက်မူ အထက်သုံးဆင့် ရှိနေကြောင်းကိုပင် မသိရှိကြဘဲ ကျင့်ကြံခြင်း၏ အဆုံးသတ်မှတ်တိုင်ကို သန္ဓေတည်ဝိညာဉ်အဆင့်ဟုသာ ယုံကြည်ထားကြလေတော့သည်။

ထို့ကြောင့် ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်စွမ်းရှိသော သိုင်းကျမ်းမျိုးကို သာမန်စျေးကွက်များအတွင်း ရှာဖွေတွေ့ရှိရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။

တစ်စုံတစ်ယောက်၏ ကံကြမ္မာသည် ကောင်းကင်ကို အန်တုနိုင်လောက်အောင် ကောင်းမွန်လွန်းနေပြီး သာမန်ဟုထင်ရသော နွားရေပြား၊ လိပ်ခွံ သို့မဟုတ် ရိုးရိုးအရိုးတစ်ခုကို ဝယ်ယူမိရာမှတစ်ဆင့် ၎င်းအတွင်း၌ မဟာတာအိုဆီသို့ တိုက်ရိုက်ဦးတည်နေသော ပြိုင်ဘက်ကင်း သိုင်းကျမ်းတစ်ခု ပုန်းကွယ်နေသည်ကို တွေ့ရှိသွားခြင်းမျိုးမှလွဲ၍ပင်။

ရှောင်မိုနှင့် ထုရှန်းကျင်းစီတို့ မြို့ထဲမှ ခြံဝင်းသို့ ပြန်ရောက်ပြီး မကြာမီမှာပင် ဆေးခန်းမအတွက် ဆေးဖက်ဝင်အပင်များ နေလှန်းခြင်းအလုပ် ပြီးစီးသွားသော လျိုရွှေ ရောက်ရှိလာခဲ့လေ၏။

ရှောင်မိုက ဝိညာဉ်စမ်းသပ်ကျောက်တုံးကို ထုတ်ယူကာ သူမ၏ ဝိညာဉ်အမြစ်ကို စမ်းသပ်ပေးလိုက်သည်။

လျိုရွှေ၏ ဝိညာဉ်အမြစ်မှာ အလွန်တရာ ကောင်းမွန်နေခြင်း မရှိသော်ငြား အတော်အသင့် ကောင်းမွန်သည်ဟု သတ်မှတ်နိုင်ပေသည်။

သူမအနေဖြင့် သေချာစွာ ကျင့်ကြံအားထုတ်မည်ဆိုပါက အနာဂတ်တွင် ရွှေအမြူတေအဆင့်သို့ တက်လှမ်းရန် ပြဿနာမရှိနိုင်ချေ။

တကယ်လို့ သူမက ဒီထက်ပိုပြီး ခရီးဆက်ချင်သေးလျှင်တော့ ပိုမိုများပြားသော အခွင့်အလမ်းများနှင့် အဆင့်မြင့် ကျင့်ကြံခြင်းသိုင်းကျမ်းများ လိုအပ်ပေလိမ့်မည်။

ရှောင်မိုက ကျင့်ကြံခြင်းသိုင်းကျမ်းစာအုပ်များကို လျိုရွှေအား ပေးအပ်လိုက်လေ၏။

လျိုရွှေက စာလုံးများများစားစား မသိသဖြင့် ကျင့်ကြံခြင်း၏ အစောပိုင်းအဆင့်များတွင် လုံးဝကို အရှိုက်ရခက်ကာ နားမလည်နိုင် ဖြစ်နေခဲ့ချေပြီ။

သို့သော် ထုရှန်းကျင်းစီကမူ လျိုရွှေကို အချိန်မရွေး လာရောက်နိုင်ကြောင်း ပြောဆိုခဲ့လေသည်။

ကျင့်ကြံရာတွင် ပြဿနာတစ်စုံတစ်ရာ ရှိလာပါက ရှောင်မိုနှင့် ယွဲ့ရှီ နှစ်ယောက်စလုံးက သူမ၏ မေးခွန်းများကို ဖြေကြားပေးနိုင်ပေသည်။

တကယ်တမ်းဆိုရလျှင် ယွဲ့ရှီက လူသားမိန်းကလေးတစ်ယောက်ကို သင်ကြားပေးရမည်ကို အနည်းငယ် တွန့်ဆုတ်နေခဲ့လေ၏။

သို့ရာတွင် ယွဲ့ရှီက သခင်မလေး၏ အမိန့်ကို မဖီဆန်ဝံ့ချေ။

ရှောင်မို၏ အမြင်အရ ယွဲ့ရှီ၏ မကြာခဏ လမ်းညွှန်ပြသပေးမှုများဖြင့်ဆိုလျှင် လျိုရွှေ၏ ကျင့်ကြံခြင်းက ပိုမို လျင်မြန်လာမည်မှာ အသေအချာပင်။

အဘယ်ကြောင့်ဆိုသော် ယွဲ့ရှီသည် မူလက မည်သည့် သွေးဆက်နွယ်မှု အမွေအနှစ်မျှ မရှိသော သာမန် ကြောင်မိစ္ဆာတစ်ကောင်မျှသာ ဖြစ်သောကြောင့်တည်း။

သူမသည် မိမိကိုယ်ကိုသာ လုံးဝ မှီခိုအားထားကာ တစ်လှမ်းချင်းစီ ကျင့်ကြံအားထုတ်ခဲ့ပြီး နောက်ဆုံးတွင် ဟွမ်သွေးဆက်နွယ်မှု၏ ခြောက်ဆယ်ရာခိုင်နှုန်းအထိ ပြန်လည်ရောက်ရှိသွားကာ ရွှေအမြူတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။

သူမ၏ ခါးသီးခက်ခဲလှသော ကျင့်ကြံခြင်း အတွေ့အကြုံများသည် လူသားမျိုးနွယ်များအတွက်လည်း ထပ်တူထပ်မျှ အဖိုးတန်လှပေသည်။

နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့ချေပြီ။

ဝမ်ကျုံး၏ ကိစ္စရပ် ပြီးဆုံးသွားပြီးနောက် ရှောင်မိုကို မြင်သော စာကြည့်ဆောင်အစေခံများ အားလုံးသည် သူတို့၏ ရင်ထဲတွင် ရွံရှာမုန်းတီးနေဆဲဖြစ်လျှင်တောင် အပြင်သို့ ထုတ်မပြဝံ့ကြတော့သလို သူ့ကို ရန်စရန်ဆိုသည်မှာ ဝေးစွပင်။

ရှောင်မိုသည် ထုရှန်းကျင်းစီနှင့်အတူ နေ့စဉ် အတန်းလိုက်တက်ပေးကာ အတန်းဆင်းပြီးနောက်တွင် မိမိဘာသာ ကျင့်ကြံအားထုတ်မြဲ ဖြစ်လေ၏။

တစ်ရက် နှစ်ရက်ခြားတစ်ခါ လျိုရွှေက ထုရှန်းကျင်းစီ၏ ခြံဝင်းသို့ လာရောက်ကာ စွန်ပလွံသီးမုန့်များ ယူဆောင်လာပေးတတ်ပြီး အိမ်မှုကိစ္စများနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ကူညီလုပ်ကိုင်ပေးလေ့ရှိသည်။

လျိုရွှေက ကျင့်ကြံခြင်းကိစ္စများနှင့် ပတ်သက်၍ ယွဲ့ရှီကို မေးမြန်းသောအခါ ယွဲ့ရှီက မလိုလားသည့်ဟန် ပြသသော်ငြား တကယ်တမ်း သင်ကြားပေးရာတွင်တော့ ထူးထူးခြားခြား လေးနက်တည်ကြည်နေတတ်ပေသည်။

နှစ်လတာ ကုန်လွန်သွားသောအခါ လျိုရွှေသည် ချီသန့်စင်ခြင်း ပထမအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ချေပြီ။

ထိုအချိန်မှစ၍ လျိုရွှေသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းနိုင်ခဲ့ပြီဟု သတ်မှတ်နိုင်ပေသည်။

ထုရှန်းကျင်းစီ အတွက်ကတော့။

နေ့စဉ် စာသင်ခန်းသို့ သွားရောက်ခြင်းအပြင် သူမက စာသင်ဆောင်မှ သူငယ်ချင်း မိန်းကလေးများနှင့်အတူ ဆော့ကစားရန် အပြင်ထွက်လေ့ရှိပြီး ထွက်သွားတိုင်း ရှောင်မိုကို သေချာပေါက် ခေါ်ဆောင်သွားတတ်လေသည်။

ရိုးရိုးသားသား ပြောရလျှင် ရှောင်မိုသည် သခင်မလေး၏ လက်ဖက်ရည်ဝိုင်းများသို့ သိပ်ပြီး မလိုက်ပါချင်လှချေ။

အဘယ်ကြောင့်ဆိုသော် ထိုသူငယ်ချင်း မိန်းကလေးများ၏ စာကြည့်ဆောင်အစေခံ အားလုံးက မိစ္ဆာအမျိုးသမီးများ ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် မိစ္ဆာမျိုးနွယ် ကောင်မလေး တစ်အုပ်ကြီးကြားတွင် ရှောင်မိုက တစ်ဦးတည်းသော ယောကျ်ားလေးအဖြစ် ရပ်နေရပြီး အခြား မိစ္ဆာကောင်မလေးများက သူ့ကို အခါအားလျော်စွာ ခိုးကြည့်နေတတ်ကြသဖြင့် သူ၏ ရင်ထဲတွင် အတော်လေး အနေရခက်စေခဲ့လေ၏။

သို့သော် အချိန်တွေ ကြာလာသည်နှင့်အမျှ ရှောင်မိုလည်း ယင်းအခြေအနေနှင့် အသားကျသွားခဲ့ချေပြီ။

နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်...

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟန်ရှန်းကျောင်းတော်၌ နောက်ထပ် ငါးနှစ်တာ အချိန်ကာလ ကုန်လွန်သွားခဲ့လေတော့သည်။

တစ်ချိန်က ခြံဝင်းထဲရှိ ကျောက်တုံးစားပွဲလောက်သာ အရပ်ရှိခဲ့သော ထုရှန်းကျင်းစီသည် အသက်ဆယ့်နှစ်နှစ်အရွယ်သို့ ရောက်ရှိလာခဲ့ပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာလည်း အဖူးအငုံလေးမှသည် မိုးမခကိုင်းလေးတစ်ခုအလား စတင်ဖွံ့ဖြိုးလာခဲ့လေ၏။

အထူးသဖြင့် အရပ်အမောင်းပိုင်းတွင် ဖြစ်ပေသည်။

ထုရှန်းကျင်းစီသည် သူမမိခင်၏ ရှည်လျားသွယ်လျသော ခြေတံများကို ပြီးပြည့်စုံစွာ အမွေရရှိထားခဲ့လေသည်။

ထို့အပြင် ဆယ့်နှစ်နှစ်အရွယ်ဆိုသည်မှာ မိန်းကလေးတစ်ယောက်အတွက် အမြန်ဆုံး ကြီးထွားဖွံ့ဖြိုးသည့် အဆင့်ပင် ဖြစ်လေ၏။

ထို့ကြောင့် ထုရှန်းကျင်းစီ၏ အရပ်အမောင်းက လစဉ်လတိုင်းလိုလို သိသာစွာ ပြောင်းလဲနေပေသည်။

ထုရှန်းကျင်းစီ အနှစ်သက်ဆုံး အရာများထဲမှ တစ်ခုမှာ ရှောင်မိုနှင့် အရပ်ယှဉ်တိုင်းခြင်းပင်။

အစပိုင်းတွင်တော့ ထုရှန်းကျင်းစီက ရှောင်မိုထက် အနည်းငယ် ပုနေသေးသည်။

သို့သော် နောက်ပိုင်းတွင် သူမက ရှောင်မိုနှင့် အရပ်တူသွားခဲ့ချေပြီ။

တဖြည်းဖြည်းနှင့် သူမက ရှောင်မိုထက် ခေါင်းတစ်ဝက်ခန့် ပိုရှည်လာပြီး နောက်ပိုင်းတွင်တော့ ခေါင်းတစ်လုံးစာခန့် ပိုမို မြင့်မားလာလေတော့သည်။

ဤအချက်က ထုရှန်းကျင်းစီကို အလွန်တရာ ဂုဏ်ယူဝင့်ကြွားစေခဲ့ပေသည်။

ရှောင်မိုကို မြင်တွေ့ရတိုင်း သူမက ခေါင်းကိုမော့ကာ သူ့ကို အပေါ်စီးမှနေ၍ တောက်ပသော အပြုံးဖြင့် ငုံ့ကြည့်တတ်လေ၏။

တစ်နေ့တွင် ရှောင်မိုသည် အိပ်ရာမှနိုးလာပြီး ခြံဝင်းထဲ၌ ပုံမှန်အတိုင်း ကျင့်ကြံအားထုတ်နေလေသည်။

နေမင်းကြီး မြင့်တက်လာချိန်တွင် ထုရှန်းကျင်းစီက သူမ၏အခန်းထဲမှ ပျော်ရွှင်စွာ ခုန်ပေါက်ထွက်လာပြီး ရှောင်မို၏ အနီးသို့ ပြေးသွားကာ မျက်တောင်လေးများ တဖျပ်ဖျပ်ခတ်လျက် သူ့ကို စောင့်ကြည့်နေလေ၏။

သူ၏ ဘေးမှ သင်းပျံ့သော ရနံ့လေးကို ခံစားမိသောအခါ ရှောင်မိုက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်များက အလိုအလျောက် ကွေးညွတ်သွားလေတော့သည်။ "သခင်မလေး စိတ်ထဲမှာ နောက်ထပ် အကြံအစည် တစ်ခုခုများ ရှိနေပြန်ပြီလား"

ထုရှန်းကျင်းစီ ကြီးပြင်းလာသည်နှင့်အမျှ သူမတွင် ထူးဆန်းသော အတွေးအကြံများ ပို၍ပို၍ များပြားလာသည်ကို ရှောင်မို သတိပြုမိလေ၏။

ကျင်းစီ၏ စိတ်ထဲတွင် အတွေးတစ်ခုခု ပေါ်လာတိုင်း သူ့ကို မျက်လုံးမှိတ်ကာ တရားထိုင်နေသည်ကို တွေ့ပါက ဤကဲ့သို့ပင် စိုက်ကြည့်နေတတ်ပေသည်။

သူမက ရှောင်မို၏ ကျင့်ကြံခြင်းကို အနှောင့်အယှက် မပေးချင်သော်ငြား အမြန်ဆုံး ပြောပြချင်နေသောကြောင့် သူ့ဘေးတွင် လိမ္မာရေးခြားရှိစွာ စောင့်ဆိုင်းနေလေ့ရှိသည်။

"ရှောင်မို.. ရှောင်မို.. ငါပြောတာ နားထောင်ဦး" ထုရှန်းကျင်းစီက သူ့ကို ပျော်ရွှင်စွာ ကြည့်ရင်း ဆိုလေ၏။ "ဒီနေ့ကစပြီး ငါ့ကို သခင်မလေးလို့ မခေါ်နဲ့တော့"

"သခင်မလေးလို့ မခေါ်ရဘူး။ ဒါဆို ကျွန်တော်က ဘယ်လို ခေါ်ရမှာလဲ" ရှောင်မိုက နားမလည်နိုင်စွာ မေးလိုက်ပေသည်။

"အစ်မကြီးလို့ ခေါ်ရမှာပေါ့" ထုရှန်းကျင်းစီ၏ မျက်လုံးများက လခြမ်းကွေးလေးများအသွင် ကွေးညွတ်သွားချေပြီ။

"???" ရှောင်မို၏ ခေါင်းထဲတွင် မေးခွန်းသင်္ကေတများ ထွက်ပေါ်လာလေတော့သည်။

"ဒီမှာကြည့်.. ဒီမှာကြည့်" ထုရှန်းကျင်းစီက ရှောင်မို၏ ခေါင်းပေါ်ကို လက်လှမ်းပြလိုက်ပြီးနောက် သူမ၏ ခေါင်းပေါ်ကိုပါ လက်လှမ်းပြလိုက်လေ၏။ "ပြောစမ်း.. ငါက နင့်ထက် ပိုရှည်တယ်မလား"

"ဟုတ်ကဲ့ပါ" ရှောင်မိုက ခေါင်းညိတ်လိုက်သည်။

"တွေ့လား.. ငါက နင့်ထက် အရပ်ပိုရှည်တော့ နင်က ငါ့ကို အစ်မကြီးလို့ မခေါ်သင့်ဘူးလား" ထုရှန်းကျင်းစီက ယင်းမှာ သဘာဝကျသောအရာတစ်ခုအလား ပြောလိုက်ပေသည်။

ရှောင်မိုမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ပြုံးလျက် ဆိုလေ၏။ "ဒါပေမဲ့ သခင်မလေး.. ကျွန်တော်က သခင်မလေးထက် တစ်လ ပိုကြီးတယ်လေ"

"အဲဒီတော့ ဘာဖြစ်လဲ"

ထုရှန်းကျင်းစီက သူမ၏ သွယ်လျသောခါးလေးကို လက်ထောက်ကာ ပါးများကို ဖောင်းလိုက်လေတော့သည်။

"အစ်မကြီးတွေက အမြဲတမ်း မောင်လေးတွေထက် အရပ်ပိုရှည်တာပဲလေ။ ငါက နင့်ထက် အရပ်ပိုရှည်မှတော့ ငါက နင့်ရဲ့ အစ်မကြီးပေါ့။ အသက်အရွယ်နဲ့ ဘာမှမဆိုင်ဘူး။ လာစမ်း.. ငါ့ကို အစ်မကြီးလို့ ခေါ်လိုက်"

ရှောင်မို.. "..."

"နင် ခေါ်မှာလား.. မခေါ်ဘူးလား" ရှောင်မို တိတ်ဆိတ်နေသည်ကို မြင်သောအခါ ထုရှန်းကျင်းစီက အနည်းငယ် မပျော်မရွှင် ဖြစ်လာချေပြီ။

"ဟင့်အင်း" ရှောင်မိုက ခေါင်းခါပြလိုက်၏။

"နင် ခေါ်မှာလား.. မခေါ်ဘူးလားလို့" ထုရှန်းကျင်းစီက ဒေါသထွက်ချင်ယောင် ဆောင်လိုက်ပေသည်။

"မခေါ်ဘူး" ရှောင်မိုက သူ၏ မူဝါဒကို စွဲကိုင်ထားရမည်ဟု ခံစားလိုက်ရလေသည်။

"ရှောင်မို.. ငါ တကယ် စိတ်ဆိုးတော့မှာနော်" ထုရှန်းကျင်းစီ၏ ပါးစပ်လေးက ရှေ့သို့ စူထွက်လာလေ၏။

"စိတ်ဆိုးရင်တောင်မှ မခေါ်နိုင်ပါဘူးဗျာ..."

"ရှောင်မိုရာ.. ငါ့ကို အစ်မကြီးလို့ တစ်ခါလောက်ပဲ.. တစ်ခါလောက်လေးပဲ ခေါ်ပေးပါနော်..."

နောက်ဆုံးတွင် ထုရှန်းကျင်းစီက ရှောင်မို၏ လက်မောင်းကို ဖက်တွယ်ကာ ဆက်တိုက် ချွဲနွဲ့နေပြီး သူမ၏ မျက်တောင်ဖျားများတွင် မျက်ရည်စ ခပ်ဖျော့ဖျော့ ရစ်သိုင်းလာသဖြင့် ရှောင်မိုမှာ ရက်စက်ယုတ်မာသော ရာဇဝတ်မှုကြီးတစ်ခုကို ကျူးလွန်မိထားသကဲ့သို့ ခံစားလာရလေတော့သည်။

မြေခွေးမျိုးနွယ်စုဆိုသည်မှာ တကယ်ကို မြေခွေးမျိုးနွယ်စု ပီသလှသည်ဟုသာ ဆိုရမည်ပင်။ အထူးသဖြင့် အမြီးကိုးချောင်း ကောင်းကင်မြေခွေးမျိုးနွယ်စု ဖြစ်ပေသည်။ ဆယ့်နှစ်နှစ်အရွယ်လောက်၌ပင် သူတို့၏ စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခုစီတိုင်းက အရိုးအထိ စိုက်ဝင်လှီးဖြတ်နိုင်သော ဓားပျော့လေးတစ်လက်အလားပင်။

"ကောင်းပြီလေ.. တစ်ခါတည်းပဲနော်" ရှောင်မိုက သက်ပြင်းချလိုက်ရာ သူ၏ နှလုံးသားက နောက်ဆုံးတွင်တော့ ပျော့ပျောင်းသွားခဲ့ချေပြီ။

"တစ်ခါတည်းဆိုလည်း ရတယ်။ ငါ့ကို အရင်ခေါ်လိုက်။ အနာဂတ်မှာ နင်က ငါ့ထက် အရပ်ပိုရှည်လာရင် ငါက နင့်ကို အစ်ကိုကြီးလို့ ပြန်ခေါ်မယ်" ရှောင်မို အလျှော့ပေးသွားသည်ကို မြင်သောအခါ ထုရှန်းကျင်းစီ၏ မျက်လုံးများက ချက်ချင်းပင် နေရောင်ခြည်နှင့်အတူ ကခုန်သွားသည့်အလား တောက်ပသွားလေတော့သည်။

"အစ်မ..." ရှောင်မိုက အရှက်ကို မြိုသိပ်ကာ တိုးတိတ်စွာ ရေရွတ်လိုက်လေ၏။ "အစ်မကြီး"

ရှောင်မို၏ အသံကို ကြားသောအခါ ထုရှန်းကျင်းစီမှာ ပထမတော့ မှင်တက်သွားပြီးနောက် မသိချင်ယောင်ဆောင်ကာ ဆိုလေသည်။ "ငါ သေချာ မကြားလိုက်ရဘူး။ ရှောင်မို.. နောက်တစ်ခေါက် ပြန်ပြောပါဦး"

"အစ်မကြီး" ရှောင်မို၏ အသံက ပိုမို ကျယ်လောင်လာပေသည်။

"အခုထိ သေချာ မကြားရသေးဘူး။ ရှောင်မိုရယ်.. နည်းနည်းလောက် ပိုကျယ်ကျယ်လေး ပြောပါဦး" ထုရှန်းကျင်းစီက သူမ၏ မျက်လုံးများကို အပြစ်ကင်းစင်စွာ ပေကလပ် ပေကလပ် လုပ်ပြလေ၏။

"သခင်မလေး.. သခင်မလေးက အတော်လေး လွန်လာပြီနော်..." ရှောင်မိုက မျက်လုံးများကို မှိတ်ထားလိုက်လေတော့သည်။

"ဟီးဟီး.. လိမ္မာလိုက်တဲ့ မောင်လေး.. လိမ္မာလိုက်တဲ့ မောင်လေး"

သူမ အလိုကျ ဖြစ်သွားသောကြောင့် ထုရှန်းကျင်းစီ၏ မျက်လုံးများက ကွေးညွတ်သွားကာ ရှောင်မို၏ ခေါင်းကို ပွတ်သပ်ရန် သူမ၏ လက်သေးသေးလေးကို ဆန့်ထုတ်လိုက်လေ၏။

"ဒီနေ့ကစပြီး မောင်လေးက အစ်မကြီးကို နေ့တိုင်း နေ့တိုင်း တစ်ခါလောက် အဲဒီလို ခေါ်ရင်ရော ဘယ်လိုလဲ" ထုရှန်းကျင်းစီက အခွင့်အရေးကို လက်မလွှတ်တမ်း အသုံးချလိုက်လေတော့သည်။

All Chapters