အခန်း ၁၂၅
Vol. 12 Ch. 125
အပိုင်း (၁၂၅) ကျုပ်အတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်ဘူး။
"မင်း စိတ်ကူးကြည့်စမ်း... ဖယောင်းတိုင်မီးကို လက်သီးနဲ့ ထိုးတာဟာ ထိုးဖောက်နိုင်စွမ်းကို စစ်ဆေးတာပဲ။ ဒါဟာ ခွန်အားကို စုစည်းနိုင်တဲ့ အဆင့်အတန်း ဖြစ်ပြီး ခွန်အား ကြီးခြင်း၊ ငယ်ခြင်းနဲ့ လုံးဝ မသက်ဆိုင်ဘူး။ ခွန်အားကို ပိုစုစည်းနိုင်လေလေ၊ ဖယောင်းတိုင်မီးကို ငြိမ်းသတ်နိုင်တဲ့ အကွာအဝေးက ပိုဝေးလေလေပဲ။"
ယင်းကျိုယိုက ဖြည်းညင်းစွာ ပြောလိုက်၏။ "သိုင်းပညာရှင် တစ်ယောက်က ဘယ်လောက် အားကြီးသလဲ ဆိုတာအပေါ်မှာ မတည်ဘူး။ ခွန်အား ဘယ်လောက်ကို စုစည်းနိုင်သလဲ ဆိုတာအပေါ်မှာပဲ တည်တယ်။ အကယ်၍ ခွန်အားကို လက်မ၊ လက်သစ် အနည်းငယ်အတွင်း စုစည်းနိုင်မယ်ဆိုရင် တစ်ပိဿာလောက်ရှိတဲ့ အားအင်နဲ့လည်း မီတာ တစ်ရာအကွာက ဖယောင်းတိုင်မီးကို ငြိမ်းသတ်နိုင်တယ်။ ဒါပေမဲ့ ကောင်းကောင်း မသုံးတတ်ဘူး ဆိုရင်တော့ ပိဿာသောင်းချီရှိတဲ့ ခွန်အားနဲ့တောင် ခြေဆယ်လှမ်းအကွာက ဖယောင်းတိုင်မီးကို လှုပ်ခါရုံလောက်ပဲ လုပ်နိုင်လိမ့်မယ်။"
"ကျင့်ကြံမှု နက်ရှိုင်းရင် လက်လှမ်းလိုက်တာနဲ့ ငြိမ်းသွားတာပဲ။" ဟုန်ရှောင်ပေါင်က တိုးညင်းစွာ ရေရွတ်လိုက်၏။ တစ်စုံတစ်ခုကို သဘောပေါက် နားလည်သွားပုံ ရချေသည်။
ဝူး …။
ထိပ်ဖြူ ခွေးတူဝက်တူကြီးက နောက်တစ်ကြိမ် ခုန်အုပ်လာပြန်၏။
ဟုန်ရှောင်ပေါင်သည် မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။ မရှောင်မတိမ်းဘဲ တည့်တည့် ရင်ဆိုင်လိုက်၏။ ရုတ်တရက်ဆိုသလို သူတို့နှစ်ဦး၏ လက်သီးလေးလုံးသည် တစ်ခုနှင့်တစ်ခု တည့်တည့် ဝင်ဆောင့်မိ သွားကြတော့သည်။
ဘုန်း …။
ကျယ်လောင်သော အသံကြီးနှင့်အတူ နှစ်ဦးစလုံး တစ်လှမ်းစီ နောက်ဆုတ်သွားခဲ့ရ၏။
ထိပ်ဖြူ ခွေးတူဝက်တူကြီး က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဧရာမ လက်ဖဝါးကြီးကို မြှင့်တင်ကာ နောက်တစ်ကြိမ် ပြင်းထန်စွာ ရိုက်ချလာခဲ့ပြန်သည်။
ဝှီး
ဤတစ်ချက်သာ တည့်တည့် ထိမှန်သွားမည် ဆိုလျှင် ဟုန်ရှောင်ပေါင်ပင် ဖြစ်လင့်ကစား ပြင်းထန်စွာ ဒဏ်ရာရသွားပေလိမ့်မည်။ သို့သော်ငြား ဟုန်ရှောင်ပေါင်က နောက်မဆုတ်၊ မရှောင်တိမ်းဘဲ ညာဘက်လက်သီးကို တည့်တည့် ထိုးချလိုက်၏။
ဘုန်း
ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး လေထုထဲတွင် သေးငယ်သော လှိုင်းဂယက်များ ဖြန့်ကျက်သွားခဲ့သည်။ ထိပ်ဖြူ ခွေးတူဝက်တူကြီးက နာကျင်စွာ ညည်းတွားလိုက်၏။ ၎င်း၏ လက်ပေါ်သို့ တစ်စုံတစ်ခုက စူးဝင်လာသည့်အလား ခံစားလိုက်ရသည်။ ဤစွမ်းအားက အလွန်ကြီးမားလွန်းလှရာ ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားခဲ့ရသည်။
ဟုန်ရှောင်ပေါင်မှာမူ အနည်းငယ်သာ ယိမ်းယိုင်သွားခဲ့ပြီး ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် မြဲမြံစွာ ရပ်တည်နိုင်ခဲ့၏။
"ဟားဟားဟားဟား... မင်း အရှုံးပေးပြီလား၊ မပေးသေးဘူးလား။" ဟုန်ရှောင်ပေါင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ အခြေအနေကို ပြန်လည် အသာစီး ရယူလိုက်ရသည့် ခံစားချက်က အမြဲတမ်း အကောင်းဆုံးပင် ဖြစ်သည်။ အစပိုင်းတွင် ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ အမျိုးမျိုး ရိုက်နှက်မှုကို ခံခဲ့ရရာမှ ယခုအချိန်တွင် ၎င်းကို ပြန်လည် နှိပ်စက်နေရသည့် ဤခံစားချက်ကို စကားလုံးများဖြင့် ဖော်ပြ၍ပင် မရနိုင်ချေ။
သူက ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ခြေဖြင့် နင်းထားလိုက်သည်။ ပြီးနောက် ပျော်ရွှင်စွာဖြင့် မေးလိုက်၏။ “အရှုံးပေးပြီလား။”
"ဝူး .. ဝူး..." ထိပ်ဖြူ ခွေးတူဝက်တူကြီးက ရုန်းကန်နေခဲ့သည်။ သို့သော်လည်း ဟုန်ရှောင်ပေါင် နင်းထားသည့် နေရာမှာ ၎င်း၏ ချိုင်းကြား ဖြစ်နေသောကြောင့် အားအင် အနည်းငယ်မျှပင် မထုတ်ဖော်နိုင်ချေ။ ရုန်းကန်ရုံသာ ရုန်းကန်နိုင်ရှာတော့၏။
"အရှုံးမပေးသေးဘူး မဟုတ်လား။ ဒါဆို ထပ်လာခဲ့။" ဟုန်ရှောင်ပေါင်က ကိုယ်ကို လှည့်၍ ခုန်ထွက်လိုက်သည်။ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို နောက်တစ်ကြိမ် ရန်စလိုက်ပြန်သည်။
ထိပ်ဖြူ ခွေးတူဝက်တူကြီးက နောက်တစ်ကြိမ် ခုန်အုပ်လာခဲ့ပြန်သည်။ သို့သော်ငြား ဟုန်ရှောင်ပေါင်၏ အားထုတ်ဖော်မှုက အခြေခံအဆင့် ရောက်ရှိနေပြီ ဖြစ်ရာ တိုက်ခိုက်လေလေ အားထုတ်ဖော်ရသည်မှာ ပို၍ အဆင်ပြေ ချောမွေ့လေလေ ဖြစ်လာခဲ့၏။ အင်အားချင်း ယှဉ်တိုက်သည့် တိုက်ခိုက်မှုတိုင်းတွင် ထိပ်ဖြူ ခွေးတူဝက်တူကြီး နစ်နာရှုံးနိမ့်ခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့၏။
ဤတစ်ကြိမ်တွင်လည်း ထိုအတိုင်းပင် ဖြစ်၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ လုံးဝ သံသယဖြစ်စရာ မလိုဘဲ မြေကြီးပေါ်သို့ နောက်တစ်ကြိမ် လွယ်လင့်တကူ လဲကျသွားခဲ့ရပြန်သည်။
တစ်ကြိမ်။
နှစ်ကြိမ်။
သုံးကြိမ်။
လူအုပ်ကြီး၏ မှင်တက်နေသော မျက်လုံးများအောက်တွင် ထိပ်ဖြူ ခွေးတူဝက်တူကြီးသည် ဟုန်ရှောင်ပေါင်၏ ရိုက်နှက် ဖြိုလှဲမှုကို တစ်ကြိမ်ပြီးတစ်ကြိမ် ခံနေရ၏။ လဲကျသွားလိုက်၊ ခုန်ထလာလိုက်၊ ပြန်လည် ဖြိုလှဲခံရလိုက် ဖြစ်နေသည်။ သားရဲတိရစ္ဆာန်များ၏ ခန္ဓာကိုယ်မှာ ထွားကျိုင်း သန်စွမ်းလှ၏။ အကယ်၍ နွား၊ မြင်း စသည့် တိရစ္ဆာန်များသာ ဆိုလျှင် ယခုအချိန်တွင် ဟုန်ရှောင်ပေါင်၏ ရိုက်နှက်မှုကြောင့် အရိုးကျိုး၊ အသားကြေ ဖြစ်နေလောက်ချေပြီ။
သို့သော်ငြား ထိပ်ဖြူ ခွေးတူဝက်တူကြီးပင် ဖြစ်လင့်ကစား ဟုန်ရှောင်ပေါင်၏ ဤသို့ တစ်ကြိမ်ပြီးတစ်ကြိမ် မြေကြီးပေါ် ရိုက်ချမှုကို ခံရပြီးသည့်နောက် တစ်ကြိမ် ကုန်ဆုံးသွားတိုင်း ၎င်း၏ အသက်ရှူနှုန်းက တစ်ဆ လျော့ပါးသွားခဲ့ရသည်။
"ဝူး..."
ဟုန်ရှောင်ပေါင်သည် အလွန်အမင်း အားနည်းသွားသော်လည်း ခေါင်းမာနေဆဲဖြစ်သည့် ထိုအသံကို ကြားရသောအခါ အံ့အားသင့်မိနေသည်။ သူသာ ကန့်သတ်ချက် နယ်ပယ်သို့ ရောက်ရှိနေပြီး စိတ်စွမ်းအင်ကို အလိုအလျောက် ဖြည့်တင်းနိုင်စွမ်း မရှိခဲ့လျှင် အမောဖောက်၍ သေဆုံးနေလောက်ချေပြီ။
‘အစ်ကိုကြီး... အကြိမ် တစ်ရာလောက်တောင် ရှိနေပြီ မဟုတ်လား။ ခင်ဗျား မမောသေးဘူးလား။’
သို့သော်ငြား ထိပ်ဖြူ ခွေးတူဝက်တူကြီးက ခေါင်းမာသလို ဟုန်ရှောင်ပေါင်က ပို၍ပင် ဇွဲကောင်းလှ၏။ ယနေ့တွင် ဤအကောင်ကို တကယ်ကြီး အနိုင်ယူရန် ဆုံးဖြတ်ထားပြီး ဖြစ်ရာ ဘယ်လောက်ပဲ လာလာ တစ်ကြိမ်လာလျှင် တစ်ကြိမ် ဖြိုလှဲပစ်မည်သာ ဖြစ်သည်။
ဘုန်း
ဘုန်း
ဘုန်း
ဘယ်နှစ်ကြိမ်မြောက်မှန်းပင် မသိတော့ချေ။ ထိပ်ဖြူ ခွေးတူဝက်တူကြီးနှင့် ဟုန်ရှောင်ပေါင်တို့သည် နောက်တစ်ကြိမ် တည့်တည့် ဝင်ဆောင့်မိကြပြန်၏။
ဘုန်း ဆိုသည့် ပေါက်ကွဲသံကြီးနှင့်အတူ ထိပ်ဖြူ ခွေးတူဝက်တူကြီးသည် အမြင့်သို့ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ကျဆင်းသွားခဲ့သည်။ ၎င်းက တိုးညင်းစွာ ဟစ်ကြွေးလိုက်၏။ သို့သော်လည်း နောက်ဆုံးတွင်တော့ ပြန်လည် လူးလဲထရန် အားအင် မရှိတော့ချေ။ ခန္ဓာကိုယ်ကို အနည်းငယ် ထူမကြည့်ရန် ကြိုးစားသော်ငြား ဘုန်း ဆိုသည့် အသံနှင့်အတူ ပြန်လည် လဲကျသွားခဲ့တော့သည်။
"ဟားဟား... အိုကေသွားပြီ။"
ဟုန်ရှောင်ပေါင်သည် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ချထားလိုက်ရသည့်အလား လက်ခုပ်တီးလိုက်၏။ အပြင်ဘက်ဆီသို့ ပျော်ရွှင်စွာ ကြည့်လိုက်၏။ "အောင်မြင်သွားပြီ မဟုတ်လား။ ဒီလိုဆိုရင် အောင်မြင်တယ်လို့ သတ်မှတ်လို့ ရပြီလား။"
လွီဆုချင်းသည် မြေကြီးပေါ်တွင် လဲလျောင်းနေသည့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ကြည့်နေခဲ့၏။ အစောပိုင်းက အကြိမ် ဆယ်နှင့်ချီ၊ ရာနှင့်ချီသော ဖြိုလှဲမှုများကို သူမ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည် ဆိုသော်ငြား ယခုထက်တိုင် မယုံကြည်နိုင်သေးချေ။ ယခုအခိုက်အတန့်တွင် ဟုန်ရှောင်ပေါင်၏ မေးခွန်းကို ကြားမှသာ ပြောလိုက်သည်။
"အောင်... အာ... အောင်မြင်တယ်လို့ သတ်မှတ်လို့ ရပါပြီ။ ဒါပေမဲ့ နောက်ဆုံး တစ်ဆင့် ကျန်သေးတယ်။ သဘောတူညီချက် စာချုပ် ချုပ်ဆိုရအုံးမယ်။"
"ဂုဏ်ပြုပါတယ် မောင်လေးဟုန်။ ဟီးဟီး... တော်လိုက်တာ၊ အရမ်းတော်တာပဲ။"
ကျိရှောင်လုက ရယ်မော၍ ပြောလိုက်၏။ "ရှင်က သူ့ရဲ့ အားအင်တွေ အားလုံးကို ကုန်ခမ်းသွားစေခဲ့ပြီ။ ဒီစာချုပ် ချုပ်ဆိုတဲ့ အဆင့်ကတော့ ကျွန်မ ကိုယ်တိုင် လုပ်ရင်တောင် အလွန် လွယ်ကူနေလောက်ပြီ။"
ထိုသို့ ပြောရင်း တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ဘေးဘက်ဆီသို့ စောင်းငဲ့ကြည့်လိုက်သည်။ "အို... စောစောလေးကတင် တစ်ယောက်ယောက်က ဆရာကြီးဟုန်ရဲ့ သိုင်းပညာကို ကြည့်ချင်တယ် ဆိုပြီး ပြောနေခဲ့တာ မဟုတ်လား။"
ယွမ်လဲ့ရွှေသည် ထိုစကားကို ကြားသောအခါ မျက်နှာကြီး ချက်ချင်း နီရဲသွားခဲ့၏။ ယခုအခိုက်အတန့်တွင် မြေကြီးမှာ တွင်းတစ်တွင်း ပေါ်လာပြီး ထိုတွင်းထဲသို့ ဝင်ရောက် ပုန်းအောင်းနေချင်စိတ် ပေါက်သွားခဲ့သည်။ သူက စောစောလေးကတင် စကားကို အလွန်အမင်း ကြီးကျယ်စွာ ပြောဆိုခဲ့ခြင်း မဟုတ်ပါလား။ ယခုတော့ သူ၏ မျက်နှာကို ပြန်လည် ရိုက်နှက်ခံလိုက်ရချေပြီ။
"ဟုတ်တယ်။ စာမေးပွဲ အောင်မြင်သွားပါပြီ။" ချန်းရှိုက ခေါင်းညိတ်လိုက်၏။
မြေကြီးပေါ်တွင် လဲလျောင်းနေသည့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို မျက်လုံးဖြင့် အခါခါ အကဲခတ်နေဆဲ ဖြစ်သည်။ "ဒီနောက်ဆုံးတစ်ဆင့်ကတော့ အရမ်းကို လွယ်ကူပါတယ်။ မင်း စာချုပ် ချုပ်ဆိုပြီးတာနဲ့ ထွက်လာခဲ့တော့။ မင်းကို ဂုဏ်ပြုပါတယ်။ ဒီထိပ်ဖြူ ခွေးတူဝက်တူကြီးက မင်းရဲ့ အပိုင် ဖြစ်သွားပါပြီ။ တတိယအဆင့် သားရဲတွေထဲမှာ ဒါဟာ အမြင့်ဆုံး ထိပ်တန်း အဆင့်အတန်းမှာ ရှိတဲ့ သားရဲ တစ်မျိုးပဲ။"
"..." ဟုန်ရှောင်ပေါင် အံ့အားသင့်သွားခဲ့၏။ ဒီစာချုပ် ချုပ်ဆိုတဲ့ နည်းလမ်းကို သူမှ မတတ်တာ။ မူလက ရတနာရှာဝက်ဝံလေးကို ယဉ်ပါးစေစဉ်က အဘိုးက သူ့ကို သင်ပေးရန် ကြံရွယ်ခဲ့သည်။ သို့သော်ငြား ဟုန်ရှောင်ပေါင်သည် စာချုပ် ချုပ်ဆိုပြီးသည်နှင့် သားရဲတိရစ္ဆာန်မှာ သူ၏ အမိန့်ကိုသာ နာခံသည့် စက်ရုပ်ကြီး တစ်ရုပ်အလား ဖြစ်သွားမည်ကို သိရှိပြီးသည့်နောက် ငြင်းဆန်ခဲ့ခြင်း ဖြစ်၏။ ဤတစ်ကြိမ်တွင် စာချုပ် ချုပ်ဆိုသည့် နည်းလမ်းကို အသုံးပြုရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဒါတော့ သခင်လေးလည်း မတတ်ဘူးလေ...။
"ဟင်။" ချန်းရှို အနည်းငယ် အံ့အားသင့်သွားခဲ့၏။ သာမန်အချိန်များတွင်သာ ဆိုလျှင် ဟုန်ရှောင်ပေါင်၌ စာချုပ် ချုပ်ဆိုသည့် နည်းလမ်း မရှိခြင်းကို သူ သတိထားမိကောင်း ထားမိလိမ့်မည်။ သို့သော် ဟုန်ရှောင်ပေါင်တွင် ရွှေဝက်ဝံလေး တစ်ကောင် ရှိနေပြီးဖြစ်ရာ ဤနေရာရှိ သားရဲယဉ်ပါးရေးစံအိမ်မှ လူအပေါင်းက ဟုန်ရှောင်ပေါင်သည် စာချုပ် ချုပ်ဆိုသည့် နည်းလမ်းကို တတ်ကျွမ်းသည်ဟု မသိစိတ်မှ ထင်မှတ်နေခဲ့ကြခြင်း ဖြစ်၏။ ချန်းရှိုသည်လည်း ထိုနည်းတူပင် ဖြစ်သည်။
"အခက်အခဲ ရှိလို့လား။"
"မရှိပါဘူး... မရှိပါဘူး။" ဟုန်ရှောင်ပေါင်က ချက်ချင်း ခေါင်းခါလိုက်၏။ နောက်သို့ လှည့်၍ ထိပ်ဖြူ ခွေးတူဝက်တူကြီး ကို ကြည့်လိုက်သည်။ မျက်မှောင်ကြုတ်ကာ အစွမ်းကုန် စဉ်းစားရင်း မေးလိုက်၏။ "အဘိုး... စာချုပ် ချုပ်ဆိုတဲ့ နည်းလမ်းကို သင်ယူဖို့ ဘယ်လောက်ကြာမလဲ။"
"အမွှေးတိုင် တစ်ဝက်လောက်တော့ ကြာလိမ့်မယ်။ ဒါပေမဲ့ လှုပ်ရှားမှုက အရမ်း သိသာထင်ရှားတယ်။ သူတို့ကို ဖုံးကွယ်ထားလို့ မရနိုင်ဘူး။" ယင်းကျိုယိုက ပြောလိုက်၏။
"ဒါ... ဘယ်လိုလုပ်ရမလဲ။" ဟုန်ရှောင်ပေါင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသာ စာချုပ် ချုပ်ဆိုသည့် နည်းလမ်းကို အသုံးမပြုဘဲ သားရဲကို အပြည့်အဝ ယဉ်ပါးစေနိုင်သည် ဆိုသည့်ကိစ္စမှာ အတော်လေး မယုံကြည်နိုင်စရာ ကောင်းလှ၏။ အကယ်၍ တခြားသူများ... အထူးသဖြင့် သားရဲယဉ်ပါးရေးစံအိမ်မှ လူများသာ သိသွားခဲ့လျှင် မလိုအပ်သော ပြဿနာအချို့ကို ဖိတ်ခေါ်သလို ဖြစ်သွားပေလိမ့်မည်။ န
ောက်ဆုံးတွင်တော့ အတော်ကြာအောင် စဉ်းစားပြီးနောက် ဟုန်ရှောင်ပေါင်တွင် အကြံတစ်ခု ရသွားခဲ့သည်။ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို အကြိမ်ပေါင်းများစွာ ဖြည်းညင်းစွာ ပတ်လျှောက်ကြည့်ပြီးမှ ခေါင်းခါ၍ ပြောလိုက်၏။ "ဟင်း... အနည်းငယ် လိုအပ်နေသေးတယ်။"
အသံက မကျယ်လောင်လှသော်လည်း လိုဏ်ဂူအပြင်ဘက်မှ လူအပေါင်းမှာ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ချန်းရှိုက မျက်မှောင်ကြုတ်လိုက်၏။ "ဘာက လိုအပ်နေသေးတာလဲ။"
"ဒီသားရဲက တတိယအဆင့် သားရဲတွေထဲမှာ မဆိုးဘူး ဆိုပေမဲ့ ခွန်အား၊ ကာကွယ်မှု၊ အမြန်နှုန်း စတာတွေက သင့်တင့်တယ် ဆိုရုံလောက်ပါပဲ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူက လမ်းဆုံးကို ရောက်နေပြီ။ အဆင့်တက်ဖို့ နေရာ သိပ်မကျန်တော့ဘူး။ နောင်တစ်ချိန်မှာ ကျုပ်အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ထပ်မတိုးချင်ဘူး။" ဟုန်ရှောင်ပေါင်က ဖြည်းညင်းစွာ ပြောလိုက်၏။ လက်ကို နောက်ပစ်လျက် နှမြောတသ ဖြစ်နေသည့် အမူအရာကို ဖော်ဆောင်လိုက်သည်။
"ဘာရယ်။"
"ဘာပြောလိုက်တာ။"