အခန်း ၁၂၆
Vol. 12 Ch. 126
အပိုင်း (၁၂၆) မျိုးဗီဇပြောင်းလဲခြင်း။
"ရူး... ရူးသွားတာလား။"
"ထိပ်ဖြူ ခွေးတူဝက်တူကြီးလေ။ သူ ဘာပြောလိုက်တာလဲ။ မလောက်သေးဘူး ဟုတ်လား။"
ယွမ်လဲ့ရွှေ၊ လွီဆုချင်း စသည့် တပည့်တစ်စုလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။ သူတို့လို အဆင့်ရှိသည့် တပည့်များအတွက်တော့ ထိပ်ဖြူ ခွေးတူဝက်တူကြီး ဆိုသည်မှာ စစ်မှန်သော နတ်ဘုရား သားရဲကြီးပင် ဖြစ်သည် မဟုတ်ပါလား။
ယွမ်လဲ့ရွှေ တစ်ချိန်လုံး မနာလို ဖြစ်နေခဲ့သည့် သားရဲမှာ ဒုတိယအဆင့် သားရဲ ဖြစ်သော ထီရှန်းကျိသားရဲမျှသာ ဖြစ်၏။ ထီရှန်းကျိသားရဲ ဆိုလျှင် လုံးဝ ပုံကြီးချဲ့ ပြောဆိုခြင်း မဟုတ်ဘဲ ဆယ်ကောင် လာလျှင်တောင် ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ပြိုင်ဘက် မဟုတ်ချေ။
သို့ပေမည့် ဟုန်ရှောင်ပေါင်က ဘာပြောလိုက်သနည်း။ သူက ထိပ်ဖြူ ခွေးတူဝက်တူကြီးကို မလုံလောက်သေးဘူး ဆိုပြီး ပြောလိုက်သည်လား။
ဆရာဦးလေးချင်သည်ပင်လျှင် အံအားသင့်နေသည့် အမူအရာ ဖြစ်နေခဲ့၏။ သူ့အတွက်တော့ ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ အနည်းငယ် ညံ့ဖျင်းသည် ဆိုသော်ငြား တကယ်တမ်း သုံးမည်ဆိုလျှင်တော့ မဆိုးလှချေ။ ထို့အပြင် သူက သားရဲယဉ်ပါးရေးစံအိမ်၏ ဆရာတစ်ယောက် ဖြစ်သည် မဟုတ်ပါလား။
ဆရာတစ်ယောက်အတွက်ပင် သင့်တင့်လျောက်ပတ်လှသည့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ဒုတိယအဆင့် တပည့်တစ်ယောက်က အနည်းငယ် လိုအပ်နေသေးတယ် ဆိုသည့် စကားမျိုးကို ပြောထွက်သည်လား။ ဆရာဦးလေးချင်မှာ အတော်ကြာအောင် မှင်တက်နေပြီး ဘာပြောရမှန်းပင် မသိတော့ချေ။ တိုးညင်းစွာ ရေရွတ်လိုက်၏။ "တကယ်ကို... တကယ်ကို... တကယ်ကို နောင်လာနောက်သားတွေက ကြောက်စရာ ကောင်းတာပဲ။"
"ရှင် ရူးသွားပြီလား ဟုန်ရှောင်ပေါင်။"
လွီဆုချင်းက ဒေါသတကြီး ဆို၏။ "ထိပ်ဖြူ ခွေးတူဝက်တူကြီးက ဒုတိယအဆင့်၊ တတိယအဆင့် တပည့်တွေအတွက် သေချာပေါက် အကောင်းဆုံး သားရဲပဲ။ ပြိုင်ဘက် လုံးဝ မရှိဘူး။ ရှေ့တန်းကနေ ကာကွယ်ပေးတဲ့ ဒိုင်းလွှားအဖြစ် သုံးမလား၊ နောက်တန်းကနေ ထိုးဖောက် တိုက်ခိုက်တဲ့ နေရာမှာ သုံးမလား... အားလုံးက ပထမတန်းစား အကူအညီကောင်းတွေချည်းပဲ။ ရှင်က ဘယ်လိုလုပ်ပြီး ဒီသားရဲကို ညံ့တယ်လို့ ပြောထွက်ရတာလဲ။ မြန်မြန်... မြန်မြန် စာချုပ် ချုပ်လိုက်စမ်းပါ။"
"ကျုပ်လည်း စိတ်ကူးရှိပါတယ်..." ဟုန်ရှောင်ပေါင်သည်လည်း အမှန်တကယ်တော့ အရှုံးမပေးဘဲ ဝင်တိုက်တတ်သည့် ဤအကောင်၏ စရိုက်ကို သဘောကျမိသည်။ သို့ပေမည့် ဘာလုပ်လို့ ရမည်နည်း။ ယခုအခိုက်အတန့်တွင် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ဆဲပင် ဖြစ်၏။ တစ်လုံးချင်း တိတိကျကျ ဆိုသည်။ "အနည်းငယ် လိုအပ်နေသေးတယ်။"
"ရှင်..." လွီဆုချင်းသည် ချက်ချင်း ဆွံ့အသွားခဲ့၏။ ဟုန်ရှောင်ပေါင်ကို လက်ညှိုးထိုး၍ ဒေါသထွက်နေသော်လည်း ပြောစရာ စကား တစ်ခွန်းမျှ ရှာမတွေ့တော့ချေ။
"ထိပ်ဖြူ ခွေးတူဝက်တူကြီးက ညံ့တယ် ဟုတ်လား။ ဟားဟားဟားဟား... တကယ်ကို ကမ္ဘာပေါ်မှာ အကြီးဆုံး ဟာသပဲ။"
ယွမ်လဲ့ရွှေသည် ပြန်လည် ထိုးနှက်ရန် အခွင့်အရေး ရသွားပြီဟု ခံစားလိုက်ရသည့်အလား အေးစက်စွာ ရယ်မောလိုက်၏။ "ဒါဆိုရင် မင်း ဘာကြောင့် ဒုတိယအဆင့်ပဲ ရှိသေးတဲ့ ရွှေဝက်ဝံလေး တစ်ကောင်ကို ယဉ်ပါးအောင် လုပ်ခဲ့တာလဲ ဆိုတာ ပြောပြစမ်းပါ။"
"ဟုတ်သားပဲ။ ရွှေဝက်ဝံလေးက ဒုတိယအဆင့်ပဲ ရှိသေးတာလေ။ ရှင်က ဘာဖြစ်လို့ သူ့ကိုကျတော့ မညံ့ဘူးလို့ ထင်ရတာလဲ။" ကျိရှောင်လုကလည်း အံ့ဩသွားပြီး မေးလိုက်၏။
"ယွမ်လဲ့ရွှေ... ခင်ဗျား တကယ်ပဲ တုံးတာလား။" ဟုန်ရှောင်ပေါင်က လှောင်ပြုံး ပြုံး၍ ပြောလိုက်၏။ ယွမ်လဲ့ရွှေကို ကြည့်နေသည့် သူ၏ အကြည့်မှာ အရူးတစ်ယောက်ကို ကြည့်နေသည့်အလားပင်။
"မင်း ဘာပြောလိုက်တာလဲ။" ယွမ်လဲ့ရွှေ ချက်ချင်း ဒေါသထွက်သွားခဲ့၏။
"ခင်ဗျားကို တုံးတယ်လို့ ပြောတာလေ။ မဟုတ်ဘူး... တုံးတယ် ဆိုတာကတောင် ခင်ဗျားကို ဖော်ပြဖို့ မလုံလောက်ဘူး။ ငထူငအ လို့ ပြောရမယ်။"
ဟုန်ရှောင်ပေါင်က အေးစက်စွာ ရယ်မောလိုက်၏။ ရတနာဝက်ဝံလေးကို လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။ "ရွှေဝက်ဝံလေး ဟုတ်လား။ ခေါင်းထိပ်မှာ အမည်းရောင် အမွှေးတစ်စု ပေါက်နေတဲ့ ရွှေဝက်ဝံလေး ကို ခင်ဗျား မြင်ဖူးလို့လား။"
ဟုန်ရှောင်ပေါင်၏ လှောင်ပြုံးကြောင့် ယွမ်လဲ့ရွှေမှာ ဒေါသအိုး ပေါက်ကွဲမတတ် ဖြစ်နေခဲ့သော်လည်း အနည်းငယ် အသက်ရှူ ရပ်တန့်သွားခဲ့၏။ ဟုတ်ပေသည်။ ရွှေဝက်ဝံလေးကို ရွှေဝက်ဝံလေး ဟု ခေါ်ဆိုရခြင်းမှာ တစ်ကိုယ်လုံးတွင် ရွှေရောင်အမွှေးများ ဖုံးလွှမ်းနေသောကြောင့် ဖြစ်သည်။ သို့သော်ငြား ဤတစ်ကောင်၏ ခေါင်းထိပ်တွင်မူ အမည်းရောင် အမွှေးတစ်စု ပေါက်ရောက်နေ၏။ ဤသည်မှာ တစ်စုံတစ်ရာ ထူးခြားချက်များ ရှိနေခြင်း များလား။
ချန်းရှိုနှင့် ဆရာဦးလေးချင်တို့မှာ မျက်မှောင်အနည်းငယ် ကြုတ်သွားကြ၏။ ရုတ်တရက်ဆိုသလို သူတို့နှစ်ဦးစလုံး တစ်စုံတစ်ခုကို သတိထားမိသွားကြသည်။
နောက်တစ်ခဏ၌ တစ်ပြိုင်နက်တည်း အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်ကြ၏။ "မျိုးဗီဇပြောင်းလဲခြင်း။"
"မှန်တယ်။ ဒါဟာ မျိုးဗီဇပြောင်းလဲခြင်းပဲ။"
ဟုန်ရှောင်ပေါင်က အေးစက်စက် ရယ်မောလိုက်၏။ "ရွှေဝက်ဝံလေးက ဒုတိယအဆင့်ပဲ ရှိသေးတယ်လို့ အထင်မသေးနဲ့။ ဒါပေမဲ့ သူက သောင်းဂဏန်းမှာ တစ်ကောင်တောင် မရှိနိုင်တဲ့ မျိုးဗီဇပြောင်း သားရဲပဲ။ သူ့ရဲ့ အလားအလာ ကြီးမားမှုက ဆဋ္ဌမအဆင့် သားရဲတွေတောင် မယှဉ်နိုင်လောက်ဘူး။"
"မင်း... မင်း နောက်နေတာလား။" ယွမ်လဲ့ရွှေက ဒေါသတကြီး ဆို၏။ မျိုးဗီဇပြောင်းလဲခြင်း ဟုတ်လား။ ဤသို့သော ကိစ္စမျိုးကို သဲ့သဲ့မျှ ကြားဖူးသယောင် ရှိခဲ့သည်။ သို့ပေမည့် စွမ်းရည်က တကယ်ကြီး ထိုမျှလောက် များစွာ သန်စွမ်းသွားမည်လား။ ဒုတိယအဆင့် ရွှေဝက်ဝံလေးက ဆဋ္ဌမအဆင့်သို့ တိုက်ရိုက် ပြောင်းလဲသွားသည်တဲ့လား။ ဤသည်က နောက်ပြောင်နေခြင်း မဟုတ်လျှင် ဘာဖြစ်မည်နည်း။
ချန်းရှိုနှင့် ဆရာဦးလေးချင်တို့မှာမူ မျက်မှောင်အနည်းငယ် ကြုတ်နေကြ၏။ ယနေ့တွင် ယွမ်လဲ့ရွှေက အကြိမ်ပေါင်းများစွာ ကြားဝင် နှောင့်ယှက်ခဲ့ပြီး အကြိမ်တိုင်းတွင်လည်း အဆင့်အတန်း နိမ့်ကျသည့် စကားများကိုသာ ပြောဆိုခဲ့သည်။ ဤသည်က သူတို့နှစ်ဦး၏ ယွမ်လဲ့ရွှေအပေါ် အထင်အမြင်ကို ကြီးစွာ ကျဆင်းသွားစေခဲ့၏။
ဆရာဦးလေးချင်သည် ရွှေဝက်ဝံလေးကို သေသေချာချာ အကြိမ်ကြိမ် အကဲခတ်ကြည့်ပြီးမှ သက်ပြင်းချ၍ ပြောလိုက်သည်။ "တကယ်ပဲ မျိုးဗီဇပြောင်းထားတဲ့ ရွှေဝက်ဝံလေး တစ်ကောင် ဖြစ်နေတာပဲ။ ငါ မျိုးဗီဇပြောင်း သားရဲတွေကို မမြင်ဖူးတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ နောင်လာနောက်သားတွေက တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ တကယ်ကို ကြောက်စရာ ကောင်းတယ်။"
"ဆရာဦးလေး... မျိုးဗီဇပြောင်းတာကို ကျွန်မ ကြားဖူးသလို ရှိတယ်။ အရမ်း စွမ်းတာလား။" လွီဆုချင်းက မေးလိုက်၏။
"မျိုးဗီဇပြောင်းလဲခြင်း ဆိုတာ အပြောရခက်ဆုံးပဲ။ အချို့သော သားရဲတွေဟာ မျိုးဗီဇပြောင်းပြီးတဲ့နောက် ခြေထောက်တွေ မလှုပ်နိုင်၊ ပါးစပ်က အစားမစားနိုင်တော့ဘဲ အငတ်ဘေးနဲ့ အသက်ထွက်သွားရတတ်တယ်။ ဒါကို အညံ့စား မျိုးဗီဇပြောင်းခြင်း လို့ ခေါ်တယ်။"
ဆရာဦးလေးချင်က ရွှေဝက်ဝံလေးကို တည့်တည့် စိုက်ကြည့်နေ၏။ သူ၏ မျက်လုံးထဲမှ လိုချင်တပ်မက်မှုများကို နောက်ပေါက် တပည့်များအရှေ့တွင် ဖုံးကွယ်ထားခြင်း မရှိချေ။ "ဒါပေမဲ့ အများစုကတော့ ကောင်းမွန်တဲ့ မျိုးဗီဇ ပြောင်းလဲခြင်းတွေပဲ။ ဒီလို မျိုးဗီဇပြောင်းလဲခြင်းက ခန့်မှန်းရ အခက်ခဲဆုံးပဲ။
မြွေမျိုးနွယ် သားရဲတွေက ထက်မြက်တဲ့ လက်သည်းတွေ ပေါက်လာတာမျိုး၊ လိပ်မျိုးနွယ် သားရဲတွေက အတောင်ပံတွေ ပေါက်လာတာမျိုး၊ ခေါင်းနှစ်လုံး ပေါက်လာတာမျိုးတွေ ရှိတယ်။ မျိုးဗီဇပြောင်း သားရဲ တစ်ကောင်ချင်းစီရဲ့ စွမ်းရည်တွေက အရမ်းကို ဆန်းကြယ် ထူးခြားလွန်းတယ်။ ငါတို့လို လူတွေ ခန့်မှန်းနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။"
သူက တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ထပ်ပြောလိုက်သည်။ "မင်းတို့ သိကြလား... ငါတို့ လေယင်မြို့တော်မှာ အစွမ်းအထက်ဆုံး သားရဲဟာ မျိုးဗီဇပြောင်းထားတဲ့ မိစ္ဆာမြေခွေး တစ်ကောင်ပဲ ဆိုတာကိုလေ။"
"ဘာရယ်။"
အားလုံး အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြ၏။ "အဲဒီ မိစ္ဆာမြေခွေးက မျိုးဗီဇပြောင်းထားတာလား။"
ဟုန်ရှောင်ပေါင်မှာမူ ထိတ်လန့်တုန်လှုပ်နေကြသည့် လူအုပ်ကြီးကို ကြည့်ရင်း စိတ်ထဲတွင် အံ့အားသင့်နေမိ၏။ ရတနာဝက်ဝံလေးကို သူက ခေါ်မလာချင်ခဲ့ချေ။ ၎င်းကသာ သူ့ကို အတင်း ကပ်တွယ်နေခဲ့သောကြောင့် ခေါ်လာခဲ့ရခြင်း ဖြစ်သည်။ ကြွားလုံး တစ်ချက်ကို အလွယ်တကူ ထုတ်လွှင့်လိုက်ရုံဖြင့် ဤလူများက ဤမျှလောက် များပြားလှသော အရာများကို ကိုယ့်ဘာသာ တွေးတော စိတ်ကူးကြည့်ကြလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
ငါက တကယ်ကို ကြွားလုံးထုတ်တဲ့ နေရာမှာ နတ်ဘုရား တစ်ဆူပဲ။
"မိတ်ဆွေလေးမှာ ဒီလောက်တောင် ကြီးမားတဲ့ ရည်မှန်းချက် ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဒီအဘိုးကြီးကို တကယ်ပဲ အထင်ကြီး လေးစားသွားစေပြီ။"
ချန်းရှိုက သက်ပြင်းချလိုက်၏။ "ကောင်းပြီလေ... ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် စာမေးပွဲက ကိုးဆယ့်ကိုး ရာခိုင်နှုန်း အောင်မြင်သွားပြီပဲ။ ဒီနောက်ဆုံး အဆင့် ဖြစ်တဲ့ စာချုပ် ချုပ်ဆိုတာကို ဖျက်သိမ်းလိုက်ကြတာပေါ့။ နောင်တစ်ချိန် မင်း စိတ်ထဲက မညံ့တဲ့ သားရဲကို ရှာတွေ့တဲ့အခါ ဒီအဘိုးကြီးကို ခေါ်လာပြီး ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မျက်စိ ဖွင့်ပေးတာပေါ့။"
ချန်းရှိုက ချီးကျူးလိုက်၏။ "ဂုဏ်ပြုပါတယ်။ မင်း စာမေးပွဲ အောင်မြင်သွားပါပြီ။"
"တော်လိုက်တာ။ ဝေး..." ချန်ယုသည် ဝမ်းသာအားရ အော်ဟစ်လျက် ခုန်ပေါက်ကာ လက်သီးလက်မောင်း တန်းလိုက်၏။
"အရမ်း တော်တာပဲ မောင်လေးဟုန်။"
လွီဆုချင်းကလည်း ချီးကျူးလိုက်သည်။ "ဂုဏ်ပြုပါတယ်။"
ယွမ်လဲ့ရွှေ၏ မျက်နှာမှာ မြောင်းရေကဲ့သို့ မည်းမှောင်နေခဲ့၏။ သို့သော်လည်း စကားပြောသူမှာ ချန်းရှို ဖြစ်နေသောကြောင့် သူ သဘာဝကျကျပင် ပြန်လည် ချေပသည့် စကား တစ်ခွန်းမျှ မပြောရဲချေ။ ခေါင်းကိုသာ ငုံ့ထားလိုက်ရ၏။
"ဒါဆို ဆရာကြီး... တံခါး ဖွင့်ပေးပါအုံး။" ဟုန်ရှောင်ပေါင်က ပြောလိုက်သည်။
ချန်းရှိုသည် စကားအတိုင်း တံခါးကို ဖွင့်ပေးလိုက်သည်။ ဟုန်ရှောင်ပေါင်က တံခါးပေါက်မှ ထွက်မည့်ဆဲဆဲတွင် ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ဝူး … ဝူး ဆိုသည့် အလျင်စလို အသံကို ရုတ်တရက် ကြားလိုက်ရ၏။ ၎င်းက ရုန်းကန်၍ ခုန်ပေါက်ကာ ထပ်မံ ရောက်ရှိလာခဲ့ပြန်၏။
"ဟေး... မင်းက မြင်းရိုင်း စရိုက်မျိုး ရှိတာပဲ။"
ဟုန်ရှောင်ပေါင် ဒေါသထွက်သွားခဲ့သည်။ "ဘာလဲ... မကျေနပ်သေးဘူး မဟုတ်လား။ ကောင်းပြီ... လာခဲ့။ ဒီနေ့ မင်း အရှုံးပေးတဲ့အထိ ငါ မရိုက်နိုင်ရင် ကြိုက်တာပြော။"
ထိုသို့ ပြောရင်း လိုဏ်ဂူတွင်းသို့ ပြန်လှည့်ကာ လက်မောင်းကို ပင့်တင်လိုက်၏။
ထိပ်ဖြူ ခွေးတူဝက်တူကြီးက အရှိန်ဖြင့် ခုန်အုပ်လာခဲ့၏။ ဟုန်ရှောင်ပေါင်က အားကို ဘယ်လို ဖယ်ရှားရမလဲ၊ ဘယ်လို ထုတ်ဖော်ရမလဲ ဆိုပြီး စဉ်းစားနေဆဲတွင်ပင် ဘုန်း ဆိုသည့် အသံနှင့်အတူ ဟုန်ရှောင်ပေါင်၏ အရှေ့သို့ ပြင်းထန်စွာ လူးကျလာခဲ့သည်။ ခြေလေးချောင်းကို ကောင်းကင်ဆီ လှန်၍ ခန္ဓာကိုယ်ကို တွန့်လိမ်နေ၏။ ဗိုက်ပြင်ကြီးကို တည့်တည့် ဖော်ပြထားပြီး ဦးခေါင်းဖြင့်လည်း ဟုန်ရှောင်ပေါင်၏ ခြေထောက်များကို အဆက်မပြတ် ပွတ်သပ်နေသည်။
"ဒါ..." ဟုန်ရှောင်ပေါင် ချက်ချင်း ဆွံ့အသွားခဲ့၏။ ပုံစံကို ကြည့်ရသည်မှာ ဤငတုံးကလည်း ရတနာ ဝက်ဝံလေးလိုပဲ သူ့နောက်ကို လိုက်ချင်နေသည်လား။ သို့ပေမည့် သူက မလိုချင်ပေ။ ရတနာဝက်ဝံလေးက တော်သေးသည်။ သူက အကောင် သေးသေးလေး ဆိုတော့ စားကြွင်းစားကျန်လေးတွေ ကျွေးလိုက်ရုံနှင့် ရ၏။ သို့ပေမည့် ဤအကောင်ကြီးက ဘာကြီးဖြစ်သနည်း။ သူ့ကို မွဲသွားအောင် စားသောက်မည့် အကောင်ကြီးပင်။