အခန်း ၁၂၇
Vol. 12 Ch. 127
အပိုင်း (၁၂၇) နောက်ဆက်တွဲ အနှောက်အယှက်ကြီး။
"ဒါ... ဒါဒါဒါ ထိပ်ဖြူ ခွေးတူဝက်တူကြီးက ဟုန်ရှောင်ပေါင်နောက်ကို လိုက်ချင်နေတာလား။"
ကျိရှောင်လုက အံ့အားသင့်စွာ ဆို၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ကြည့်ရင်း အနည်းငယ် မယုံကြည်နိုင်သည့် ဟန်ဖြင့် ပြောလိုက်သည်။ "ငါ... ငါ စာချုပ် မချုပ်ဆိုဘဲ ယဉ်ပါးသွားတဲ့ သားရဲကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။"
‘မင်း ဒုတိယအကြိမ် မြင်ဖူးတာလေ...’ ဟုန်ရှောင်ပေါင် စိတ်ထဲတွင် အထင်အမြင်သေးစွာဖြင့် တွေးလိုက်သည်။ ရတနာဝက်ဝံလေးကလည်း စာချုပ် မချုပ်ဘဲ သူ့နောက်ကို အတင်း လိုက်ခဲ့သည် မဟုတ်ပါလား။
"တကယ်ကို ယုံကြည်ဖို့ ခက်ခဲတာပဲ။ ဒါ... ဒါဟာ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို အရှုံးပေးတဲ့အထိ ရိုက်နှက်လိုက်တာပဲ။" ဆရာဦးလေးချင်က အံ့ဩတုန်လှုပ်စွာ ဆို၏။
"စိတ်ဝင်စားစရာပဲ။" ချန်းရှိုမှာလည်း ရယ်မောလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ။ ဖယ်စမ်းပါ... မင်းကို မလိုချင်ဘူးလို့ ပြောပြီးပြီလေ။" ဟုန်ရှောင်ပေါင် ဒေါသတကြီး ဆို၏။ သူက နောက်တစ်ချီ တိုက်ရအုံးမည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်၏။
မင်းရဲ့ ဒီပုံစံက ဘာအဓိပ္ပာယ်လဲ။ စောစောလေးကတင် သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘဲ အရှုံးမပေးတဲ့ ကြမ်းကြုတ်တဲ့ပုံစံကြီး ဖြစ်နေပြီးတော့ အခုကျတော့ ငှက်ကလေးလို လိမ္မာယဉ်ကျေးသွားတယ် ဟုတ်လား။ မဟုတ်သေးဘူး။ လင်းယုန်ကြီးလို လိမ္မာယဉ်ကျေးသွားတာလား။
"အယ်..."
ဟုန်ရှောင်ပေါင် ကြက်သီးတွေပါ ထလာခဲ့၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ခြေဖြင့် ကန်ထုတ်လိုက်သည်။ "ဖယ်စမ်း... ဖယ်စမ်း။"
လူအုပ်ကြီးသည် ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် တုန်လှုပ်သွားကြ၏။ ဟုန်ရှောင်ပေါင်၏ ဤတစ်ချက် ကန်ထုတ်မှုမှာ သာမန်အတိုင်း ထင်ရသော်လည်း ဤမျှလောက် ကြီးမားသည့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို တစ်ချက်တည်းဖြင့် လွင့်တက်သွားစေခဲ့သည်။ ဤနေရာရှိ ဆရာနှစ်ဦးမှလွဲ၍ ကျန်သူများအနက် မည်သူမျှ ဤသို့ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ကိုယ့်ဘာသာ သိရှိနေကြ၏။
"ညီလေးဟုန်ရဲ့ ခွန်အားက တကယ်ကို ပြိုင်ဘက်မရှိတာပဲ။"
ချန်ယုက ချီးကျူးလိုက်သည်။ "တတိယအဆင့် တပည့်တွေထဲမှာတောင် ပြိုင်ဘက် ရှားပါးလိမ့်မယ်။"
"ဟုတ်ပါရဲ့။ မောင်လေးဟုန်ရဲ့ ဒီလောက် ကြီးမားတဲ့ ခွန်အားတွေက ဘယ်လိုများ ကျင့်ကြံထားတာလဲ မသိဘူး..." လွီဆုချင်းကလည်း တိုးညင်းစွာ ရေရွတ်လိုက်၏။
သို့သော်ငြား လူအုပ်ကြီးကို ဆွံ့အသွားစေသည့် အချက်မှာ အနှိမ်ခံလိုက်ရသော ထိပ်ဖြူ ခွေးတူဝက်တူကြီးက အရှက်မရှိစွာဖြင့် နောက်တစ်ကြိမ် ကပ်တွယ်လာပြန်ခြင်းပင်။ ထို့အပြင် အလွန်... အလွန်... အလွန် အရှက်မရှိသည့် ပုံစံဖြင့် ဟုန်ရှောင်ပေါင်၏ ပေါင်တံကြီးကို ဖက်တွယ်ထားလိုက်၏။
လွီဆုချင်း "..."
ဆရာဦးလေးချင် "..."
ချန်ယု "..."
"ဒီလို ဉာဏ်ဆင်တာတွေ လာမလုပ်နဲ့။"
ဟုန်ရှောင်ပေါင်သည်လည်း ဤအကောင်၏ စရိုက်ကို သဘောကျမိပါသည်။ သို့ပေမည့် ဤကောင်ကြီးကို အိမ်ခေါ်သွားပြီး မွေးမည် ဆိုလျှင် ဘယ်လောက်တောင် စားပစ်မည်နည်း။ သူ တကယ် မမွေးနိုင်ချေ။
ယခုအခိုက်အတန့်တွင် ခြေဖြင့် နောက်တစ်ကြိမ် ကန်ထုတ်လိုက်၏။ သို့သော်ငြား ထိပ်ဖြူ ခွေးတူဝက်တူကြီးတွင် တစ်ချက်တည်းဖြင့် ကန်ထုတ်ခံရသည့် အတွေ့အကြုံ ရှိခဲ့ဖူးပြီ ဖြစ်ရာ ဘယ်မှာလွယ်လွယ်နှင့် အခွင့်အရေး ပေးတော့မည်နည်း။ ဟုန်ရှောင်ပေါင်၏ ပေါင်ကိုသာ သေမတတ် ဖက်တွယ်ထားလိုက်တော့သည်။
ကလေးက လူကြီးရဲ့ ပေါင်ကို ဖက်တွယ်ထားတာ မြင်ဖူးကြလား။ လူကြီးက ကလေးရဲ့ ပေါင်ကို ဖက်တွယ် ထားတာရော မြင်ဖူးကြလား။
ဟုန်ရှောင်ပေါင်သည် ယခုအခိုက်အတန့်တွင် ထိုသို့သော အခြေအနေမျိုး ဖြစ်နေခဲ့ခြင်းပင်။
လူအုပ်ကြီးမှာ တစ်ပြိုင်နက်တည်း ဆွံ့အသွားကြပြီး အားလုံး၏ မျက်နှာပေါ်တွင် မည်းမှောင်သော မျဉ်းကြောင်းများ ပြည့်နှက်နေ၏။ ဤမြင်ကွင်းမှာ အလွန်အမင်း ဆန်းကြယ် ထူးခြားလွန်းလှချေသည်။
"အာ... အာ... အာ... မင်း ဒါက အရှက်မရှိတာပဲ။"
ဟုန်ရှောင်ပေါင် ဒေါသတကြီး ဆို၏။ "မင်း စတုတ္ထအဆင့်ကို ရောက်တဲ့အထိ ကျင့်ကြံပြီးရင်တော့ ငါ မင်းကို လက်ခံကောင်း လက်ခံနိုင်လိမ့်မယ်။ ဖယ်စမ်း... ဖယ်စမ်း... ဖယ်စမ်း။"
"ဟိန်း... ဟိန်း ဟိန်း ဟိန်း ဟိန်း..." ကျားဟိန်းသံ၊ ခြင်္သေ့ဟိန်းသံနှင့်တူသည့် ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ အသံထဲတွင် ငိုကြွေးသံ အနည်းငယ် ပါဝင်နေသည့် ခံစားချက်မျိုး ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
"ငါ မင်းရဲ့ ဒီပုံစံကို ဂရုမစိုက်ဘူး။ ဖယ်စမ်း။" ဟုန်ရှောင်ပေါင် ဒေါသတကြီး ဆို၏။ သူ့ထက်ပင် ပိုကြီးမားသည့် ဤအကောင်ကြီးကို ခါချပစ်ရန် ခြေထောက်ကို အစွမ်းကုန် ကန်ကျောက်နေသည်။ သို့သော်လည်း ဤကောင်ကြီးက ဟုန်ရှောင်ပေါင်၏ ပေါင်ကိုသာ သေမတတ် ဖက်တွယ်ထားပြီး မည်သို့ပင်ပြောပြော လွှတ်မပေးတော့ချေ။
ယိစို၊ ဖူယွီနှင့် အခြားသူများမှာ ငိုချင်စိတ်ပင် ပေါက်နေကြချေပြီ။ သူတို့အားလုံး၏ ရင်ထဲတွင် မျက်ရည်တွေ ဖြိုင်ဖြိုင် ကျနေကြ၏။ ဤလောကရှိ နာကျင်မှု ဆယ်ခုအနက် ရှစ်ခု၊ ကိုးခုမှာ နှိုင်းယှဉ်မှုများမှ လာခြင်း ဖြစ်သည်။ ယခုအခိုက်အတန့်က ထိုအတိုင်းပင် ဖြစ်၏။ ဤထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ သူတို့ အိပ်မက်... အိပ်မက်... အိပ်မက်... အိပ်မက်ထဲတွင်ပင် လိုလား တောင့်တခဲ့ရသည့် အထူး … အထူး … နတ်ဘုရား သားရဲကြီးပင် ဖြစ်သည် မဟုတ်ပါလား။ အကယ်၍ သူတို့ကိုသာ ပေးမည်ဆိုလျှင် အိပ်မက်မက်ရင်းပင် ရယ်မော နိုးထလာလောက်သည်။ သို့သော်ငြား ယခုတော့ ထိုအရာက တစ်ဖက်လူကို ဤသို့ ကပ်တွယ်နေပြီး၊ အရေးအကြီးဆုံးမှာ တစ်ဖက်လူက မလိုချင်ဘူး ဆိုပြီး ဖြစ်နေခြင်းပင်။
တရားမျှတမှု ရှိသေးရဲ့လား။ ဥပဒေ ဆိုတာ ရှိသေးရဲ့လား။
"တကယ်ကို... တကယ်ကို..."
တောင်သူလယ်သမား ပုံစံ ဝတ်ဆင်ထားသည့် ဖူယွီမှာ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သူ ဖြစ်၏။ ယခုအခိုက်အတန့်တွင် သူပင် မခံမရပ်နိုင် ဖြစ်လာခဲ့သည်။ "ဒီလို လူချင်း ယှဉ်ရင် တကယ်ကို ဒေါသထွက်ပြီး သေလောက်တယ်။ ဒါသာ ငါ ဆိုရင်... ဟင်း။"
"အစ်မကြီး... ဟုန်ရှောင်ပေါင်ကို ထိပ်ဖြူ ခွေးတူဝက်တူကြီး ကျွန်မဆီ ပေးခိုင်းလို့ ရမလား။" ကျိရှောင်လုက လွီဆုချင်း၏ လက်ကို ကိုင်၍ ဖြည်းညင်းစွာ လှုပ်ယမ်းရင်း မေးလိုက်၏။
"မတွေးနဲ့တော့။ နင်သာ သူ့ကို အရှုံးပေးတဲ့အထိ ရိုက်နိုင်ရင် သူလည်း ဒီလိုပဲ နင့်နောက်ကို လိုက်လိမ့်မယ်။"
လွီဆုချင်းသည် ဟုန်ရှောင်ပေါင်ကို တွယ်ကပ်နေသည့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ကြည့်ရင်း အတော်လေး ဆွံ့အစွာ ပြောလိုက်သည်။ မနာလို ဖြစ်နေလို့ မရဘူး။"
"ဟေး... မင်း ထပ်ပြီး မလွှတ်ရင် ငါ ရိုက်တော့မယ်နော်... ယုံလား။"
ဟုန်ရှောင်ပေါင် ဒေါသထွက်သွားခဲ့၏။ လက်သီးကို မြှောက်ပြလိုက်သည်။ "သဲအိုးလောက် ကြီးတဲ့ လက်သီးကို မြင်ဖူးလား။"
"ဟိန်း... ဟိန်း..." ဤလက်သီးက သဲအိုးလောက် ကြီးသလား၊ မကြီးဘူးလား ဆိုတာ မပြောတတ်သော်လည်း ၎င်း၏ စွမ်းအားကိုတော့ ထိပ်ဖြူ ခွေးတူဝက်တူကြီး ယနေ့ အသေအချာ ခံစားသိရှိခဲ့ပြီး ဖြစ်သည်။ ယခုအခိုက်အတန့်တွင် ဟုန်ရှောင်ပေါင် လက်သီး မြှောက်လိုက်သည်ကို မြင်သည်နှင့် ဦးခေါင်းကို ပေါင်နှစ်ဖက်ကြား၌ ချက်ချင်း ဝှက်ထားလိုက်၏။
"..."
"အယ်..." ချန်းရှိုသည် တစ်ချိန်လုံး ကြည့်နေခဲ့သူ ဖြစ်၏။ ယခုအချိန်တွင်တော့ နောက်ဆုံး၌ မနေနိုင်တော့ဘဲ စကားပြောလိုက်သည်။ "ဒါက... မိတ်ဆွေလေးဟုန်... မင်း သူ့ကို ခေါ်သွားလိုက်ပါတော့။"
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး။ ဒီကောင်ကြီးက နောက်ပိုင်း ကျုပ်ရဲ့ အနှောင့်အယှက်ကြီး ဖြစ်လာလိမ့်မယ်။"
ဟုန်ရှောင်ပေါင်က ချက်ချင်း ခေါင်းခါလိုက်၏။ "ဆရာကြီး... လာပါ၊ ကူညီပြီး သူ့ကို ဆွဲဖယ်ပေးပါအုံး။"
"ထိပ်ဖြူ ခွေးတူဝက်တူကြီးက ငါ့ရဲ့ နောက်ဆက်တွဲ အနှောင့်အယှက်ကြီး ဖြစ်လာစေချင်လိုက်တာ..." ဖူယွီက တိုးညင်းစွာ ရေရွတ်နေမိ၏။
"မဟုတ်ပါဘူး။ ဒီသားရဲက အခု စိတ်က ညွတ်တိမ်းနေပြီ ဖြစ်လို့ နောင်တစ်ချိန် တခြား တပည့်တွေက စာချုပ် ချုပ်ဆိုရင်တောင် စိတ်ရောကိုယ်ပါ လိုက်ပါလာမှာ မဟုတ်ဘူး။ မင်းပဲ ခေါ်သွားလိုက်ပါတော့။"
ချန်းရှိုက သက်ပြင်းချလိုက်၏။ "ခေါင်းလောင်းကို ဖြုတ်ဖို့က ခေါင်းလောင်း ဆွဲတဲ့သူကပဲ လုပ်ရမယ်။ ခေါင်းလောင်းကို မင်းက ဆွဲခဲ့တာ ဆိုတော့ ဖြုတ်တာကိုလည်း သဘာဝကျကျ မင်း ကိုယ်တိုင် လုပ်ရလိမ့်မယ်။"
"….. ."
ဟုန်ရှောင်ပေါင် ချက်ချင်း ဆွံ့အသွားခဲ့၏။ ‘ပြောတာ အရမ်းယုတ္တိတန်တော့ ကျုပ်တောင် ဘာပြန်ပြောရမှန်း မသိတော့ဘူး...’
သို့သော် အိမ်တွင် ဤသို့သော အစားအသောက် ကြီးမားသည့် အပေါက်ကြီး တစ်ပေါက် ထပ်တိုးလာမည် ဆိုလျှင်တော့ တကယ်ကို... ဤသည်က ...
ဟုန်ရှောင်ပေါင် အတော်ကြာအောင် စဉ်းစားပြီးနောက် နောက်ဆုံး၌ လက်ခံလိုက်ရတော့၏။ "ကောင်းပြီလေ... ကျုပ်လက်ခံလိုက်ပါပြီ။"
ထိပ်ဖြူ ခွေးတူဝက်တူကြီးက သူ၏ ပေါင်ကို ဖက်တွယ်ထားဆဲ ဖြစ်သည်ကို ကြည့်ပြီး ဒေါသတကြီး ဆို၏။ "ရပြီ... လွှတ်တော့။ ထပ်မလွှတ်ရင် မင်းကို ပြုတ်စားပစ်မယ်။"
ထိပ်ဖြူ ခွေးတူဝက်တူကြီးက ဤတစ်ခွန်းကိုတော့ နားလည်သွားပုံ ရချေသည်။ လက်ကို ချက်ချင်း လွှတ်ပေးလိုက်၏။ သို့သော်လည်း ဟုန်ရှောင်ပေါင်ကို ကပ်တွယ်ထားဆဲ ဖြစ်ပြီး ခေါင်းကြီးဖြင့် ဟုန်ရှောင်ပေါင်ကို အဆက်မပြတ် ပွတ်သပ်နေဆဲ ဖြစ်သည်။
ချန်းရှိုသည် ဤလူတစ်ယောက်နှင့် သားရဲတစ်ကောင်ကို ကြည့်နေခဲ့၏။ သူသည် သခင်နှင့် ကျွန် အမျိုးမျိုးကို မြင်ဖူးခဲ့သော်လည်း သားရဲက လူ့အနားတွင် အတင်းအကျပ် လိုက်ပါချင်နေသည်ကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။ ဤမျှလောက် အရှက်မရှိ ကပ်တွယ်နေသည်မျိုး ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။
ဗဟုသုတ တိုးသွားပြီဟု စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီးနောက် တံဆိပ်ပြား တစ်ခုကို ဟုန်ရှောင်ပေါင်ထံ ပေးအပ်လိုက်၏။ "ဒီတံဆိပ်ပြားရတာနဲ့ ဝိညာဉ် မှတ်တမ်းတင်ပြီးသား ဖြစ်သွားပြီ။ လက်ထဲ ရောက်တာနဲ့ မင်းက တတိယအဆင့် သားရဲယဉ်ပါးရေး ဆရာ တစ်ယောက် ဖြစ်သွားပြီပဲ။"
"ကျေးဇူးတင်ပါတယ် ဆရာကြီး။" ဟုန်ရှောင်ပေါင်က ရိုသေလေးစားစွာ လက်ခံယူလိုက်သည်။
သူ့ကို အဆက်မပြတ် ပွတ်သပ်နေဆဲဖြစ်သည့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ကြည့်ရင်း စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်၏။
အစားစားမဲ့ ပါးစပ် တစ်ပေါက် ထပ်တိုးလာပြန်ပြီပေါ့။